သစ္စာသိနည်း လမ်းညွှန်
Type here.
သစ္စာလို့ ခဏခဏ ပြောနေတော့ သစ္စာက ဘာပါလိမ့်မလဲလို့ တွေးမနေပါနဲ့၊ ခန္ဓာငါးပါး တစ်ပါးပါးသည် သစ္စာပဲ။ အဲဒါ ဒုက္ခသစ္စာ။ ခန္ဓာငါးပါး တစ်ပါးပါးကို ပိုင်ပိုင်နိုင်နိုင်သိလို့ရှိရင်၊ ခန္ဓာအကြောင်း ကောင်းကောင်းသိလို့ ရှိရင်၊ ခန္ဓာ့ဖြစ်ပုံ ကောင်းကောင်းသိလို့ရှိရင်၊ ခန္ဓအနေအထားကို ကောင်းကောင်းသိလို့ရှိရင် သစ္စာသိတာပါပဲ။ ယားတယ်ဆိုလို့ရှိရင် ယားလိုက်တာလို့သိတာက ဒုက္ခသစ္စာသိတာမဟုတ်ဘူး။ သိတော့လည်း ယားလိုက်တာ စိတ်ပျက်တာပဲဆိုတော့ ဒေါမနဿလိုက်နေတယ်။ ယားလို့ စိတ်ပျက်တာ။ ကိုယ့်ဆွေမျိုး ပေါက်ဖော်တွေကို သနားလို့ရှိရင် အခြားအမွေမပေးနဲ့၊ သစ္စာသိဖို့ အမွေကလေး တစ်လုံးသာပေးလိုက်၊ ဒါဆို သူတို့ ဒုက္ခကျွတ်သွားလိမ့်မယ်တဲ့၊ အရှင်အာနန္ဒာက မှာတော်မူတယ်။
သစ္စာရှာရတာကတော့ လွယ်ပါတယ်။ ဒါပေမဲ့ စာကရေးတဲ့သစ္စာကို မလိုချင်ပါနဲ့၊ ခန္ဓာက အခုပေါ် အခုပြောတဲ့သစ္စာကိုသာလိုချင်ပါ။ စာမှာပါသားပဲဆိုရုံနဲ့ နိဗ္ဗာန်မရောက်ဘူး။ စာသိက သညာ၊ ကိုယ့်ခန္ဓာကိုယ်ထဲမှာ သိတာကမှ ပညာ။ သညာနဲ့ ပညာ ကွာခြားပါတယ်။ သညာက ပဋိစ္စသမုပ္ပါဒ်မပြတ်ဘူး၊ ပညာကမှ ပြတ်တယ်။ သညာက ဒုက္ခကိုမဖြတ်နိုင်ဘူး၊ ပညာကမှ ဖြတ်နိုင်တယ်။ ပဋိစ္စသမုပ္ပါဒ်ဆိုတာ ဒုက္ခပဲ။ စာကို တော်တော်မွှေနှောက်ထားတယ်လို့ ပြောသော်လည်း ခန္ဓာမှာ မွှေနှောက်တာမဟုတ်လို့ မှတ်တမ်းထဲမှာပဲ ရှာနေတယ်လို့မှတ်လိုက်ပါ။ မှတ်တမ်းထဲ ရှာလို့ရှိရင်ဖြင့် စာရင်းစာအုပ်ထဲမှာ ငွေမရှိသလိုပဲ၊ မတွေ့ဘူး။ ဒါကြောင့် စာသမားကိုလည်း အားကိုးလို့ မရသေးဘူး၊ ခန္ဓာဉာဏ်ရောက်ဖို့လိုသေးတယ်။ ခန္ဓာထဲမှာရှာမှ သစ္စာတွေ့မယ်။
နားထဲမှာ ကြားစိတ်ကလေးပေါ်တယ်။ ဒီကြားစိတ်ကလေးကို သိပြီး ကြည့်လိုက်ပါ။ ကြားစိတ်ကလေးကို ကိုယ့်ခန္ဓာပဲလို့မှတ်လိုက်၊ ဝိညာဏက္ခန္ဓာပဲ။ ကြားတိုင်းကြားတိုင်း ကြားစိတ်ကလေးဟာ နားထဲမှာပေါ်တယ်။ ပေါ်တိုင်း ပေါ်တိုင်း ဝိညာဏက္ခန္ဓာလို့မှတ်။ ဒီဝိညာဏက္ခန္ဓာက အခုကြားတဲ့ပုဂ္ဂိုလ်သန္တာန်မှာ ပေါ်တဲ့ ခန္ဓာ၊ အခြားပုဂ္ဂိုလ်သန္တာန်မှာ ပေါ်တာမဟုတ်ဘူး။ ဒီတော့ ဒီခန္ဓာလေးဟာ ကြားတဲ့ပုဂ္ဂိုလ်ရဲ့ ခန္ဓာပဲလို့ မှတ်လိုက်။ ဒီခန္ဓာ ဒုက္ခသစ္စာ။ ဒါဖြင့် ငါ့သန္တာန် ဒုက္ခသစ္စာလေး ပေါ်ပြီလို့ ဒီက စ သိလိုက်ပါ။ ဒီလိုပြောလိုက်တော့လည်း သစ္စာဆိုတာ အခုကြားတဲ့စိတ်ကလေး ခေါ်တာပါလားဆိုတာ လွယ်လွယ်နဲ့သိလိုက်ရတယ်။ ကြားတဲ့စိတ်လေးဟာ ကြားပြီးတော့ ချုပ်သွားတယ်။ သားလေးရဲ့ ခေါ်သံကြားလိုက်တော့ နောက်ထပ် ကြားစိတ်လေး ပြန်ပေါ်တယ်။ သူချုပ်သွားပြီးနောက် သားလေး ငိုသံကြားတော့ နောက်ကြားစိတ်တစ်ခု ပေါ်ပြန်တယ်။ ငိုသံကြားတော့ ကိုယ့်သားလေးငိုသံမို့ သားလေးခင်တဲ့စိတ်နဲ့ သွားချင်စိတ် ပေါ်လာတယ်။ ကြားစိတ်လေးမရှိတော့ဘူး၊ ခင်စိတ်လေး ဖြစ်လာတယ်။ ဒီခင်စိတ်လေးကလည်း ဘာသစ္စာတုန်းဆိုတော့ ဒုက္ခသစ္စာပဲ။ သူလည်း ကိုယ့်သန္တာန်မှာပေါ်တဲ့ ဝိညာဏက္ခန္ဓာပဲ။ ဒုက္ခသစ္စာ။ ကြားနေတာလေးက ကြားရုံသက်သက်လေးလား စွဲစွဲလမ်းလမ်းလားဆိုတော့ စွဲစွဲလမ်းလမ်းဆိုတာ ဖြစ်လာတယ်။ တဏှာချုပ်ပြီး ဥပါဒါန် ရောက်တယ်။ သူလည်း ဒုက္ခသစ္စာပဲ။ ခင်တဲ့စိတ်ကလည်း ဒုက္ခသစ္စာ၊ စွဲလမ်းတဲ့စိတ်ကလည်း ဒုက္ခသစ္စာပဲ။ ဒါဖြင့် သွားဦးမှပဲဆိုပြီး နှုတ်ကပြောလိုက်တော့ စေတနာနဲ့ပြောလိုက်လို့ ဝစီကံ ကမ္မဘဝဖြစ်လာတယ်။ သူလည်း ဒုက္ခသစ္စာပဲ။ ဒုက္ခသစ္စာတွေချည်း တန်းနေတယ်ဆိုတာ သေချာနေပြီ။ ကြားစိတ်ကလည်း ဒုက္ခသစ္စာ။ ကြားလို့ခင်တာ၊ စွဲလမ်းတာ၊ နှုတ်နဲ့ပြောဆိုတာတွေကလည်း ဒုက္ခသစ္စာ။ ပဋိစ္စသမုပ္ပါဒ် နောက်ဆုံးသွားကြည့်လိုက်တော့ ဒုက္ခက္ခန္ဓဿ- ဒုက္ခအစုကြီးတဲ့။ ရှေ့ကဖြစ်ခဲ့တာတွေမှန်သမျှ ဒုက္ခအစုအဝေးကြီးပဲ။ ဒါတွေဟာ ဘုရားဟောလို့ သိရတယ်။ ရှိတာကတော့ ဒုက္ခသစ္စာပဲ။ ဘုရားက ဖော်ပြတာ၊ ရှိတာက ကိုယ့်သန္တာန်မှာ ရှိတာ။ ဘုရားက ဒုက္ခသစ္စာတွေ တစ်ပုံကြီးပဲလို့ ပြောပြတာ။ ဒါဖြင့် ဒုက္ခသစ္စာတွေဟာ ရှားရှားပါးပါး ရှိတာမဟုတ်ဘူး၊ အများအပြား တစ်ပုံတစ်ပင်ကြီး ရှိနေတာလို့ သဘောကျ။ ဒုက္ခသစ္စာတွေ ပေါများပြီးနေသော်လည်း မသိဘဲဖြစ်နေတယ်။ ခန္ဓာထဲမှာ သစ္စာတွေကတော့ အများကြီးရှိပါတယ်။ သစ္စာသိတဲ့ဉာဏ်ကနောက်က မလိုက်နိုင်တော့ တန်ဖိုးမရှိဘဲဖြစ်နေတာ။ ဒါဖြင့် သူ့ဟာသူ ဖြစ်နေတဲ့ ဒုက္ခသစ္စာတွေသာဖြစ်တယ်။ ကိုယ့်ဉာဏ်ဝရောက်တဲ့ ဒုက္ခသစ္စာ မဟုတ်ဘူး။
ရှေးက ဒုက္ခသစ္စာ သိခဲ့ဘူးသလားဆိုရင် မသိခဲ့ဘူးပါဘူး။ ခွေးကိုက်ခံရရင် နာတာသိတယ်၊ စားမကောင်းတာ သိတယ်၊ ဒါက ဒေါသသိသိတာ။ ဉာဏ်သိမဟုတ်ဘူး။ ဉာဏ်သိသိဖို့က အရေးကြီးတယ်။ ဉာဏ်သိကမှ ပဋိစ္စသမုပ္ပါဒ် ဖြတ်မှာ၊ ဒုက္ခဖြတ်မှာ။ ဒါဖြင့် ဉာဏ်သိနဲ့ ဒုက္ခဖြတ်နည်းပြောရမယ်ဆိုရင် သားလေးငိုသံကြားလိုက်တယ်ဆိုပါစို့။ ဒါဒုက္ခသစ္စာပဲ။ ကြားစိတ်ပေါ်ရင် ဒုက္ခသစ္စာလေးပေါ်တယ်လို့ နောက်က သိပေး။ ဒီကြားစိတ်လေးက အာရုံ ဒွါရတိုက်ဆိုင်လို့ ပေါ်တာ။ သူဟာ ပေါ်ပြီးတော့ ပျက်တာပဲ၊ မွေးပြီးတော့ သေတာပဲ၊ အသုဘပေါ်လာတယ်။ ဒုက္ခသစ္စာပဲ။ အစပျောက်သေသွားတဲ့ ကြားစိတ်လေး အသုဘ ဒုက္ခသစ္စာလို့မှတ်လိုက်။ ဒီတော့ ကြားစိတ်ပေါ်ရင် ဒုက္ခသစ္စာလေးပေါ်တာပဲလို့ နောက်က ဉာဏ်နဲ့သိပေး။ သူများကြားစိတ် သေတာမဟုတ်ဘူး၊ ကိုယ့်ကြားစိတ် ကိုယ့်ခန္ဓာ သေနေတာ။ ကိုယ့်ခန္ဓာ ဒုက္ခရောက်တာ။ ဘာခန္ဓာလည်းဆိုရင် ဝိညာဏက္ခန္ဓာလေး။ အသေကိုသိတော့ အသုဘကိုသိတယ်၊ ဒုက္ခသစ္စာလို့လည်း သိတယ်။ နှစ်ချက်သိနဲ့ သိတယ်။ ကိုယ့်သန္တာန်မှာ ကြားစိတ်လေးသည် ဒုက္ခသစ္စာပဲလို့ နောက်ကနေ သိလိုက်။ သိသည်နှင့် တစ်ပြိုင်နက် ကြားလို့ခင်တာ မလာတော့ဘူး။ ခင်လို့စွဲလမ်းတာလည်း မလိုက်တော့ဘူး။ စွဲလမ်းလို့ ပြောမယ်ဆိုမယ် လုပ်မယ်ကိုင်မယ်ဆိုတဲ့ ကံတွေလည်း မလိုက်တော့ဘူး။ ဒါဖြင့် ကမ္မဘဝမှ မလိုက်ဘဲနဲ့ သေသည်၏အခြားမဲ့၌ ကမ္မဘဝပစ္စယာ ဇာတိလည်း မလိုက်နိုင်၊ ဇရာမရဏလည်း မလိုက်နိုင်၊ သောက ပရိဒေဝလည်း မလိုက်နိုင်တော့ဘူး။ ဒါဖြင့် ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ- ဒုက္ခအစုအပုံကြီး ချုပ်ပြီ။ မဂ်ဝင်ပြီး ကြားစိတ် ဒုက္ခသစ္စာလို့ သိတာလေးက လာမယ့်ဒုက္ခတွေ အကုန်ချုပ်အောင်လုပ်တယ်။ ဒါဟာ သစ္စာသိလိုက်လို့ ချုပ်သွားတာ။ သစ္စာမသိရင်တော့ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ- ဒုက္ခတွေ စုပြုံလာမယ်။
အခုတော့ ကြားစိတ်ဒုက္ခသစ္စာလို့ နောက်က အသိလိုက်လိုက်တော့ ဒုက္ခတွေ အကုန်ချုပ်တယ်။ ဒါကို ဓမ္မာနုပဿနာသတိပဋ္ဌာန်လို့ခေါ်တယ်။ ဓမ္မာနုပဿနာ သတိပဋ္ဌာန်လို့ဆိုသော်လည်း ဖြစ်ပျက်ပါပဲ။ ကြားစိတ်လေးဟာ ဖြစ်ပြီး ပျက်သွားတယ်လို့သိလိုက်တာ ဖြစ်ဒုက္ခ ပျက်ဒုက္ခပဲ။ ဖြစ်လည်း ဒုက္ခ၊ ပျက်လည်း ဒုက္ခ (သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ)။ ကိုယ့်သန္တာန်မှာ ဘယ်ခန္ဓာပေါ်ပေါ် ဒုက္ခသစ္စာတဲ့။ ပေါ်လည်း ဒုက္ခသစ္စာ၊ ပျက်လည်း ဒုက္ခသစ္စာ။ ကြားစိတ်လေးပေါ်တဲ့အခါ ပေါ်သည်နှင့်တစ်ပြိုင်နက် ဒုက္ခသစ္စာပဲလို့ ဉာဏ်နဲ့ လှမ်းပြီးရှုလိုက်ပါ။ ရှုလိုက်တော့ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ- ဖြစ်သွားတယ်။ ဒါဆို ကိုယ့်ဒုက္ခ ကိုယ် သိမ်းတတ်ပြီပေါ့။ ကြားစိတ်လေး ဒုက္ခသစ္စာလို့ သိလိုက်တော့ ကြားစိတ်က ဒုက္ခသစ္စာ၊ သိတာက ဝိဇ္ဇာ ဥဒပါဒိ၊ ဝိဇ္ဇာဖြစ်သွားပြီ။ အာလောကော ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ ဖြစ်သွားပြီ။ ဝိဇ္ဇာဉာဏ် ရသွားတာ။ ဝိဇ္ဇာဉာဏ်ရသွားတော့ ကြားစိတ် ဖြစ်ပျက်လေးက ဒုက္ခသစ္စာ၊ သိလိုက်တာလေးက မဂ္ဂသစ္စာ၊ ဝိဇ္ဇာမဂ္ဂသစ္စာလေး ဖြစ်သွားတော့ လာမယ့် ဇာတိ ဇရာမရဏ သောကပရိဒေ၀ အကုန်ဖြတ်ပစ်လိုက်တယ်။ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ- ဖြစ်သွားရောတဲ့။ ကြားစိတ်ဒုက္ခသစ္စာလေးကို သိတော့ သိတာလေးက ဝိဇ္ဇာမဂ္ဂဖြစ်သွားပြီး လာမယ့် ဒုက္ခတွေ အကုန်ချုပ်တယ်။
ဒေါက်တာအရှင်ပါရမီ
See also: http://myakyunthar.blogspot.com/?m=1
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.