အနတ္တအယူအဆ

ဘာသာအမျိုးမျိုး၌ အတ္တကို ပုံစံအမျိုးမျိုးဖြင့် ယူဆလေ့ရှိကြ၏။ အချို့က ထာဝရအတ္တအဖြစ်ယူဆကြ၏။ အချို့က မာနအခြေခံသော အတ္တအမြင်ဖြစ်၏။ အချို့က ပညတ်အဖြစ်ဖြင့် ငါ ဆိုသောအယူအဆမျိုးဖြစ်၏။ ငါလို့ ပြောရုံမျှသည် အတ္တ၊ မာနတို့နှင့်မသက်ဆိုင်ပါ။ ဘုရား ရဟန္တာတို့သည်ပင် ငါဘုရား စသည်ဖြင့် ပြောဆိုသုံးစွဲရိုး ဧကန်ရှိ၏။ သုံးစွဲရုံမျှဖြင့် အတ္တမဖြစ်၊ အထင်အမြင်အယူအဆကိုက ငါ၊ ငါ့လိပ်ပြာဟု စွဲယူထားမှသာ အတ္တဟုဆိုရ၏။ ဗုဒ္ဓဘာသာ၏ အခြားဘာသာတို့နှင့် လုံးဝမတူအောင် ကွဲပြားချက်မှာ အနတ္တအယူအဆပင်ဖြစ်၏။ အခြားဘာသာများက အတ္တကို အခြေခံထား၏။ ဗုဒ္ဓဝါဒက အနတ္တကို ဗဟိုပြု၏။ ထို့ကြောင့် ဖြောင့်ဖြောင့်ဆန့်ကျင်လျက်ရှိ၏။ ဗုဒ္ဓဘာသာသည် အခြားဘာသာတို့ အားကိုးအားထားပြုသော ထာဝရအတ္တအယူအဆကို လက်မခံပေ။ ထို့ကြောင့် ဘဝမှာ တည်မြဲသောအရာဟူ၍ ဘာတစ်ခုမျှမရှိ။ အရာရာတိုင်းသည် ပျောက်ကွယ်ပျက်စီးခြင်းတွင် လမ်းဆုံးလျက်ရှိ၏။ လက်တွေ့ကျကျ တွေ့သိခံစားနိုင်မှုမရှိသောအရာများကို မှန်းဆမျှော်ခေါ်နေရမည့်အစား ပစ္စုပ္ပန်တည့်တည့်တွင် အမှန်တရားကို ရှာရ၏။ မျှော်ခေါ်တွေးဆနေခြင်းဖြင့် စစ်မှန်သော သစ္စာ- အမှန်တရားကို တွေ့လိမ့်မည်မဟုတ်။ ဘုရားရှင်ကလည်း အတ္တ သို့မဟုတ် ထာဝရဘုရားရှိသည်ကို လက်မခံပေ။ လူသားတို့၏သန္တာန်တွင် ထိုကဲ့သို့သောအရာ မရှိပေ။ လောကကြီးတစ်ခုလုံး အတ္တမှ ဆိတ်သုဉ်း၏။ အရာရာတိုင်းသည် ဖြစ်ပြီးသည်နှင့် ပျက်စီးရမြဲဓမ္မတာဖြစ်သောကြောင့် သတ္တဝါ၏သန္တာန်တွင် မပျက်မစီး အမြဲတည်ကိန်းနေသော အတ္တရှိသည်ဟုပင် ထောက်ပြစရာမလိုပါ။ ထို့ကြောင့် ဘုရားရှင်က တဏှာပြတ်စဲရေး၊ ဒုက္ခချုပ်ငြိမ်းရေး၊ ဖြစ်ခြင်း ပျက်ခြင်းမှ ကင်းဝေးရေးတရားဒေသနာတော်များကို ပဉ္စဝဂ္ဂီငါးဦးအား ရှေးဦးစွာ ဟောကြားခဲ့ခြင်းဖြစ်၏။ အို ရဟန်းတို့၊ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့အပေါ်၌ ငြီးငွေ့ခြင်းဖြင့် တဏှာ ချုပ်ငြိမ်း၏။ တဏှာချုပ်ငြိမ်းခြင်းဖြင့် လွတ်မြောက်မှုကို ရရှိနိုင်၏။ လွတ်မြောက်မှုရရှိသည်ကိုလည်း သိ၏။ ပဋိသန္ဓေ ကုန်ပြီ၊ မြတ်သော ဗြဟ္မစရိယကို ကျင့်သုံးနေပြီ၊ ပြုဖွယ်ကိစ္စမှန်သမျှ ပြုလုပ်ပြီးပြီ၊ နောင်အခါ ပဋိသန္ဓေနေခြင်းမရှိတော့ပြီဟု လွတ်မြောက်သူကိုယ်တိုင် သိရှိလေတော့၏ (သံယုတ္တနိကာယ်)။ ဗုဒ္ဓဝါဒကို လေ့လာသုံးသပ်လျှင် ပုဂ္ဂိုလ်၊ သတ္တဝါဟု ခေါ်ဆိုနေကြသော အရာများကို ခန္ဓာငါးပါးဖြင့် ပိုင်းခြားစိတ်ဖြာကြည့်ရမည်ဖြစ်၏။ ယင်းသို့ ပိုင်းခြားစိတ်ဖြာကြည့်လိုက်သောအခါ တည်မြဲသောအရာ ဘာတစ်ခုမျှ တွေ့ရတော့မည်မဟုတ်။ လူလည်းမဟုတ်၊ နတ်လည်းမဟုတ်၊ ခန္ဓာငါးပါး အစုမျှသည်သာတွေ့ရမည်ဖြစ်၏။ ခန္ဓာငါးပါးသည်လည်း မတည်မြဲ၊ ဖြစ်ပျက်ပြောင်းလဲနေခြင်း သဘောမျှသာဖြစ်၏။ ခန္ဓာငါးပါးထဲတွင်လည်း တည်မြဲသောအတ္တဟူ၍ ရှာတွေ့လိမ့်မည်မဟုတ်တော့ပေ။ ထို့ကြောင့် အတ္တအယူအဆသည် လှည့်စားမှုတစ်မျိုးသာဖြစ်၏။ ဝိပ္ပလ္လာသဟု ပါဠိလိုဆို၏။ ယင်းဝိပ္ပလ္လာသသည် သစ္စာသိမြင်ရေးအတွက် အဟန့်အတားသာ ဖြစ်၏။ ဗုဒ္ဓအလိုကျဆိုရမူ ခန္ဓာငါးပါးသည် အကျဉ်းချုပ်အားဖြင့် နာမ်နှင့် ရုပ်သာဖြစ်၏။ တကယ်တမ်း ဉာဏ်ဖြင့် ဖောက်ထွင်း၍ မြင်အောင်ကြည့်သောအခါတွင်မူ နာမ်၊ ရုပ်ဟူ၍ပင် အမည်နာမများမတွေ့ရတော့ဘဲ အမြဲမပြတ် ဖြစ်ပျက်ပြောင်းလဲနေသည်ကိုသာ မြင်အောင် သတိထား၍ ကြည့်ရမည်ဖြစ်၏။ ယင်းသို့ကြည့်ခြင်းဖြင့် နာမ်ရုပ်အပေါ်တွင် တွယ်ငြိမှုကင်းမဲ့သွားမည်ဖြစ်၏။ နာမ်ရုပ်ကြောင့် ပေါ်ပေါက်လာရသော သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿမီးများလည်း ငြိမ်းအေးသွားမည်ဖြစ်၏။ မြစ်တစ်စင်းကို ကမ်းပေါ်မှ ထိုင်ကြည့်နေသောအခါ သာမန်မျှ ကြည့်လျှင် ရေသည် မပြောင်းမလဲ အမြဲတမ်း ဤသို့ စီးဆင်းနေသည်ဟု မြင်ရ၏။ သေသေချာချာ ဆင်ခြင်ကြည့်လိုက်လျှင်မူ ရှေ့ရှေ့ရေသည် အောက်အောက်သို့ စီးဆင်းသွားပြီး နောက်နောက် ရေအလျဉ်က မပြတ်အောင် အစားထိုးနေသည်ကို တွေ့ရမည်ဖြစ်၏။ ဒီနေ့ စီးနေသောရေသည် မနေ့ကရေမဟုတ်တော့ပါ။ ရေအသစ်အသစ်တို့သာ ဖြစ်နေသည်။ လူဟုခေါ်ဆိုနေသော ရုပ်နာမ်အစုသည်လည်း မြစ်ရေစီးကြောလိုပင် အချိန်နှင့်အမျှ ပြောင်းလဲနေသည်ကို သိမြင်လာသောအခါ ဆုံးရှုံးနစ်နာမှုများအတွက်ရော မရရှိလိုက်သောအရာများအတွက်ပါ သောက ရတက်ပွေစရာမရှိတော့ပါ။ ဗုဒ္ဓဝါဒက အတ္တကူးပြောင်းခြင်း (reincarnation) အယူအဆကိုလည်း လက်မခံပါ။ ခန္ဓာတွင် မပျက်မစီး တည်မြဲနေသောအတ္တလေးသည် ဤခန္ဓာပျက်သုဉ်းသော် နောက်ခန္ဓာအိမ်အသစ်သို့ ကူးပြောင်းသွားသည်ဟူသော အယူအဆကို ဗုဒ္ဓဝါဒက ဆန့်ကျင်သည်။ ရုပ်နာမ်အရှိကိုသာ လက်ခံ၏။ ယင်းရုပ်နာမ်တို့သည်လည်း ဖြစ်ခြင်း ပျက်ခြင်းတွင် လမ်းဆုံးနေကြသည်သာဖြစ်၏။ တစ်စက္ကန့်မျှပင် တည်မြဲနေသည်ဟူ၍ မရှိ။ ထို ဖြစ်ပျက်နေခြင်းကို ဒုက္ခအစစ်ဟုဆိုရ၏။ ထိုဒုက္ခအစစ်ကို တွေ့သိခံစားနိုင်မှ ဒုက္ခမှ လွတ်မြောက်လိုစိတ်ပေါ်ပေါက်လာမည်ဖြစ်၏။ လွတ်မြောက်လိုစိတ်ပေါ်လာမှ ဒုက္ခလွတ်ကြောင်း အလုပ်ကို စွမ်းစွမ်းတမန် အားထုတ်လုပ်ကိုင်မည်ဖြစ်၏။ အလုပ်ပင်ပန်း၍ဆင်းရဲခြင်း၊ ကျန်းမာရေးမကောင်း၍ဆင်းရဲခြင်း၊ စည်းပွားရေး အဆင်မပြေ၍ ဆင်းရဲခြင်း၊ အိုရ နာရ သေရ၍ ဆင်းရဲခြင်းတို့သည် သာမန်ဒုက္ခအဆင့်မျှသာ ဖြစ်သည်။ သစ္စာဆိုက်သော ဒုက္ခအစစ်မဟုတ်သေး။ ရုပ်နာမ်တို့၏ တရွေ့ရွေ့ တရိပ်ရိပ် ဖြစ်ချည် ပျက်ချည်၊ ပေါ်လိုက် ပျောက်လိုက် တစ်ဖျပ်ဖျပ် တစ်လပ်လပ် လှုပ်ခတ်မှုကို တည်ကြည်သောသမာဓိ၊ ထက်မြက်သော ဉာဏ်မျက်စိဖြင့် မြင်အောင်ကြည့်ရှုမှသာလျှင် ဒုက္ခအစစ်ကို တွေ့မြင်မည်ဖြစ်ပြီး ဒုက္ခသစ္စာအဖြစ် ကိုယ်တိုင် အတည်ပြုလက်ခံနိုင်မည်ဖြစ်၏။ ယင်းသို့ ကိုယ်ပိုင်ဉာဏ်ဖြင့် ကိုယ်တိုင်အတည်ပြုလက်ခံလိုက်သည့် ဒုက္ခသည် သစ္စာဟူသော အမှန်တရားအစစ်ဖြစ်လာလေတော့၏။ ထို့ကြောင့် ဒုက္ခသစ္စာကို အတ္တတွင် ရှာဖွေရမည်မဟုတ်၊ ရုပ်နာမ်တွင်သာ ရှာဖွေရမည်ဖြစ်၏။ ရုပ်နာမ်သည်လည်း ဖြစ်ပျက်ပင် ဖြစ်၏။ ဉာဏ်မျက်စိဖြင့်ကြည့်မှ မြင်ရသောအရာဖြစ်၏။ ပကတိမျက်စိဖြင့် မြင်ရသောအရာမဟုတ်။ ကြည့်၍ မြင်နေရသော ယင်းဖြစ်ပျက်သည်ပင် ဒုက္ခသစ္စာ ဖြစ်တော့၏။ မြင်နေရသော ဉာဏ်သည် မဂ္ဂသစ္စာဖြစ်၏။ ဉာဏ်ဖြင့် မြင်နေခိုက်တွင် မပေါ်သောအားဖြင့် ချုပ်ပျောက်နေသော တဏှာ ဥပါဒါန် စသည့်ကိလေသာတို့သည် သမုဒယသစ္စာဖြစ်၏။ ဉာဏ်ပေါ်ခိုက်တွင် ကိလေသာပေါ်ခွင့်မရှိ။ ဉာဏ်သည် မည်သည့်ကိလေသာနှင့်မျှ ရောယှက်ခြင်းမရှိ။ ကိလေသာပေါ်လျှင်လည်း ဉာဏ်သည် ပေါ်ရိုးထုံးစံမရှိ။ ဉာဏ်ဟူသည်မှာ ဖြစ်ပျက်ကို မြင်သောဉာဏ်သာဖြစ်၏။ အများနားလည်သော သညာဆိုင်ရာ မှတ်ဉာဏ်၊ အသိဉာဏ်မျိုးကို ဆိုလိုသည်မဟုတ်။ အကြောင်းသမုဒယသစ္စာကြောင့် အကျိုးဒုက္ခသစ္စာဖြစ်သည့် ရုပ်နာမ်တို့ ဖြစ်ပေါ်လာရခြင်းဖြစ်လေရာ အကြောင်း သမုဒယသစ္စာချုပ်ပျောက်ခိုက်တွင် အကျိုးဒုက္ခသစ္စာလည်း ပေါ်ပေါက်ခွင့်ရုပ်သိမ်းပြီးဖြစ်နေတော့၏။ ဉာဏ်တစ်ကြိမ်ပေါ်လျှင် အကြောင်းသမုဒယတစ်ကြိမ်ချုပ်မည်သာဖြစ်။ အကြောင်းတစ်ကြိမ်ချုပ်လျှင် အကျိုးလည်း တစ်ကြိမ်ချုပ်မည်မှာ ငြင်းဖွယ်ရာမရှိ။ ယင်းသို့ နောင်ခန္ဓာရုပ်နာမ်ဖြစ်ကြောင်းချုပ်၍ နောင်ခန္ဓာရုပ်နာမ်ဖြစ်ကျိုးတို့ ပေါ်ပေါက်ခွင့်မရှိသည်ကို နိရောဓသစ္စာဟုဆိုရ၏။ ဖြစ်ပျက်တစ်ကြိမ်မြင်ကာမျှဖြင့် သစ္စာလေးပါး တစ်ပြိုင်နက်ပေါ်၏။ ထို့ကြောင့် တစ်ကြိမ်မြင်လျှင် ကိလေသာတစ်ခါသေ၊ နှစ်ကြိမ်မြင်လျှင် နှစ်ခါသေ စသည်ဖြင့် နားလည်ထားရမည်ဖြစ်၏။ ကိလေသာတစ်ခါသတ်နိုင်လျှင် နောင်ခန္ဓာတစ်ကြိမ်လျော့၊ နှစ်ခါသတ်နိုင်လျှင် နှစ်ကြိမ်လျော့မည်သာဖြစ်၏။ လောကီအဆင့်မျှသာ ပြောခြင်းဖြစ်၏။ ယင်းသို့ ရုပ်နာမ်ဖြစ်ပျက်ကို မြင်အောင်ကြည့်ပြီး ကိလေသာတွေ သတ်နေသည်ကို ဝိပဿနာဟုဆိုရ၏။ လောကီဝိပဿာနာပင်ဖြစ်၏။ လောကီဝိပဿနာသည်လည်း ကိလေသာကို သတ်သည်သာဖြစ်၏။ အမြစ်ပြတ်မသတ်နိုင်စေကာမူ တဒင်္ဂအဖြစ်တော့ သတ်နေပါ၏။ တဒင်္ဂသတ်နည်းကို ကိုယ်တိုင်လုပ်ကြည့်၍ ကိုယ်တိုင်သိလိုက်လျှင် အမြင်မှန်လမ်းမှန်ပေါ်ရောက်တော့၏။ သမ္မာဒိဋ္ဌိဟုဆိုရ၏။ တဒင်္ဂသတ်နည်းအတိုင်း မလျှော့သောဇွဲဖြင့် ကြိုးစား၍ သတ်သွားမည်ဆိုပါက တစ်နေ့နေ့တွင် ထာဝရသတ်နည်းကို တွေ့ရမည်သာဖြစ်၏။ ထာဝရသတ်နည်းဖြင့် နောင်အခါ ပြန်ပေါ်မလာတော့အောင် သတ်နိုင်လိုက်ပြီဆိုလျှင်တော့ ငါအောင်ပြီဟု ဟစ်အော်ကြွေးကြော်လိုက်ပါတော့။ သတ်ပြီးသော ကိလေသာများလည်း ပြန်လည်ပေါ်လာမည်မဟုတ်တော့သလို ကိလေသာကြောင့်ဖြစ်ရသော နောင်ဘ၀ ရုပ်နာမ်အစုလည်း ပြန်ဖြစ်တော့မည်မဟုတ်။ ရုပ်နာမ်ခန္ဓာဆိုသော လောင်စာလည်း သိမ်း၍ ကိလေသာအပူမီးလည်း ငြိမ်းလေတော့၏။ လောင်စာသိမ်း၍ မီးငြိမ်းသည်ကို နိရောဓသစ္စာဆိုက်သည်ဟု ဆိုရ၏။ နိဗ္ဗာန်ဟူသည်မှာလည်း နိရောဓသစ္စာပင်ဖြစ်ပါ၏။ ရုပ်နာမ်သည် ဖြစ်ပျက်၊ ဖြစ်ပျက်သည် ဒုက္ခ။ နိဗ္ဗာန်ကိုမြင်သောဉာဏ်၌ ရုပ်နာမ်ကိုလည်း တွေ့မည်မဟုတ်၊ ဖြစ်ပျက်လည်း တွေ့မည်မဟုတ်၊ ဒုက္ခလည်းတွေ့မည်မဟုတ်။ ရုပ်နာမ်ချုပ်၍ ငြိမ်သက်နေသည်ကိုသာ တွေ့ရမည်ဖြစ်၏။ ငြိမ်းအေးနေသည်ကိုသာတွေ့ရမည်ဖြစ်၏။ ချမ်းသာနေသည်ကိုသာ တွေ့ရမည်ဖြစ်၏။ ဖြစ်ပျက် ရုပ်နာမ်မရှိ၍ ငြိမ်သက်နေတော့လေ၏။ ဒုက္ခမတွေ့ရတော့ဘဲ သုခကိုသာတွေ့ရသဖြင့် ငြိမ်းနေလေတော့၏။ နိဗ္ဗာန်ကို မြင်လိုက်ရသဖြင့် ငြိမ်းနေခြင်းဖြစ်ပါ၏။ ကိလေသာအပူဓာတ်များမရှိတော့သဖြင့်လည်း ရင်ထဲတွင် အေးနေလေတော့၏။ အမြင်မှာ ငြိမ်း၊ အနေမှာ အေးနေသည်ဟု ခံစားရ၏။ နောင် လူခန္ဓာ နတ်ခန္ဓာ ဗြဟ္မာခန္ဓာ အပါယ်ခန္ဓာ ဘယ်ခန္ဓာမှမလာတော့ဘဲ ခန္ဓာမှန်သမျှ ချုပ်ငြိမ်းရုပ်သိမ်းသွားပြီသဖြင့်လည်း ချမ်းသာနေလေတော့၏။ ထိုကဲ့သို့ ခန္ဓာတွင် ဒုက္ခသစ္စာမြင်အောင် ရှာဖွေနိုင်လျှင် တစ်သံသရာလုံးက အထင်အမြင်လွဲမှားခဲ့သော အတ္တအယူဝါဒသည် အလိုလို ဆိတ်သုဉ်းသွားမည်သာဖြစ်၏။ မည်သူဖျက်လို့မှမရသောအတ္တ၊ မည်သူသတ်လို့မှ မသေသောအတ္တ၊ လူသေသော်လည်း အတ္တကတော့ မသေဘဲ အခြားခန္ဓာသို့ ပြောင်းဝင်သည်ဟုယူဆထားကြသောအတ္တကို ဉာဏ်ဖြင့်ရှာဖွေသော်လည်း တွေ့ရမည်မဟုတ်။ မတည်မမြဲ ပြောင်းလဲဖြစ်ပျက်နေခြင်းကိုသာ တွေ့ရမည်ဖြစ်၏။ ထိုပြောင်းလဲဖြစ်ပျက်ခြင်းသည်လည်း အဆုံးမဲ့ ဖြစ်ပျက်နေခြင်းမျိုးကား မဟုတ်။ ဉာဏ်ဖြင့်မြင်အောင်ကြည့်လျှင် မြင်ရမည်ဖြစ်၏။ ဆက်လက်ကြည့်နေ၍ မြင်ဖန်များလျှင် ဖြစ်ပျက်ဒုက္ခတွေ နှိပ်စက်ခံနေရသည်ဟု ဉာဏ်ဖြင့်ဆုံးဖြတ်ချက်ချလျက် ဖြစ်ပျက်ကိုကြည့်ရသည်ပင် ငြီးငွေ့စိတ်ပျက်ဖွယ်ရာဖြစ်လာတော့၏။ ငြီးငွေ့သော်လည်း မရပ်မနားဘဲ ဆက်လက်၍ ရှုမြဲတိုင်းရှုနေမည်ဆိုပါက ရှုနေဆဲဉာဏ်အောက်မှာပင် ဖြစ်ခြင်းပျက်ခြင်းတို့ ပျောက်၊ နိဗ္ဗာန်အငြိမ်းဓာတ်ရောက်လာမည်ဖြစ်၏။ ထိုအဆင့်ကိုပင် ဖြစ်ပျက်ဆုံးသည်ဟုဆိုရ၏။ ထို့ကြောင့် ဖြစ်ပျက်သည်လည်း အဆုံးရှိ၏။ အဆုံးမဲ့ကား မဟုတ်ပါ။ ဖြစ်ပျက်ဆုံးခြင်းသည် ခန္ဓာဆုံးခြင်းဖြစ်၏။ ခန္ဓာဆုံးခြင်းသည် ရုပ်နာမ်ဆုံးခြင်းဖြစ်၏။ ရုပ်နာမ်ဆုံးခြင်းသည် ဒုက္ခဆုံးခြင်းဖြစ်၏။ ဒုက္ခဆုံးခြင်းသည်ပင် နိဗ္ဗာန်ဖြစ်တော့၏။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး