ပုဂ္ဂိုလ်(၄)မျိုး (၁)

အရှင်သာရိပုတ္တရာမထေရ်ထံမှ အရှင်မဟာမောဂ္ဂလာန်အပါအဝင် ရဟန်းတော်တွေက တရားနာချင်ကြလို့ လျှောက်ထားတော့ မထေရ်မြတ်က ဟောတော်မူတာ။ လောကမှာ လူလေးမျိုးရှိတယ်တဲ့။ ၁။ ကိလေသာ ရှိလျက် ရှိမှန်း မသိတဲ့ ပုဂ္ဂိုလ်။ ၂။ ကိလေသာ ရှိလျက် ရှိမှန်းသိတဲ့ပုဂ္ဂိုလ်။ ၃။ ကိလေသာမရှိဘဲလျက် မရှိမှန်းမသိတဲ့ပုဂ္ဂိုလ်။ ၄။ ကိလေသာအညစ်အကြေးမရှိတာကို မရှိမှန်းသိတဲ့ပုဂ္ဂိုလ်။ ဒီတော့ အရှင်မဟာမောဂ္ဂလာန်က တစ်ယောက်ချင်းရဲ့ အဓိပ္ပါယ်ပြောပါဦးဘုရားလို့ လျှောက်လို့ အရှင်သာရိပုတ္တရာမထေရ်က ရှင်းပြတယ်။ ပထမပုဂ္ဂိုလ်- ကိလေသာအညစ်အကြေး ရှိပါလျက် ရှိမှန်းမသိတဲ့ပုဂ္ဂိုလ်ဟာ ယုတ်တဲ့ ပုဂ္ဂိုလ်ပဲတဲ့။ ဒုတိယပုဂ္ဂိုလ်က ကိလေသာမြူမှေး အညစ်အကြေးတွေ ရှိတာကို ရှိတယ်လို့ သိတဲ့အတွက်ကြောင့် မြတ်တဲ့ပုဂ္ဂိုလ်။ တတိယပုဂ္ဂိုလ်ကတော့ ကိလေသာပါးရှားလို့ မရှိတဲ့ပုဂ္ဂိုလ်ပဲ။ မရှိမှန်းမသိဘဲဖြစ်နေတယ်။ သူလဲ ယုတ်တဲ့ပုဂ္ဂိုလ်ပဲတဲ့။ သူ့မှာ ကိလေသာတော့ နည်းတယ်၊ လုံးဝမရှိအောင် မဂ်နဲ့ပယ်ထားတာမဟုတ်ပေမယ့် ငုတ်နေတယ်။ အနည်းငယ်လောက်သာ ရှိတာကို သူ့ကိုယ်သူမသိဘဲဖြစ်နေတယ်။ စတုတ္ထပုဂ္ဂိုလ်ကတော့ ကိလေသာမရှိတာကို မရှိဘူးလို့သိတဲ့အတွက် မြတ်တဲ့ပုဂ္ဂိုလ်ပဲ။ ဒီလေးယောက်ထဲမှာ ယုတ်တဲ့ပုဂ္ဂိုလ်က နှစ်ယောက်၊ မြတ်တဲ့ပုဂ္ဂိုလ်က နှစ်ယောက်။ ပထမနဲ့ တတိယက အယုတ်ပုဂ္ဂိုလ်၊ ဒုတိယနဲ့ စတုတ္ထက အမြတ်ပုဂ္ဂိုလ်။ ပထမပုဂ္ဂိုလ်က ကိလေသာအညစ်အကြေးရှိပါလျက် ရှိမှန်းမသိတော့ ဆေးချင်ကြောချင်စိတ် သူ့မှာ မပေါ်ဘူး။ ကိလေသာရှိလို့ ရှိမှန်းမသိတော့ သူ့မှာ အညစ်အကြေးတွေချည်းပဲထပ်လုပ်နေတယ်။ လောဘ ဒေါသ မောဟအလုပ်တွေချည်းပဲ လုပ်နေတယ်။ အရင်ကလည်း အညစ်အကြေးရှိ၊ ရှိတာ ရှိမှန်းလည်းမသိတော့ နောက်လုပ်တဲ့အလုပ်တွေကလည်း အညစ်အကြေးတွေချည်းဖြစ်နေတယ်။ အညစ်အကြေးတွေပဲ ထပ်ပေကြံနေအောင် ကြိုးစားနေတယ်။ သူလုပ်နေတာတွေကို မကောင်းမှန်းသူမသိဘူး၊ ညစ်ပတ်တဲ့အလုပ်တွေလုပ်နေပါလျက် သူ့ကိုယ်သူ သူတော်ကောင်းကြီးလို့ ထင်နေတယ်။ ဒီတော့ မကောင်းတာတွေချည်း သူလုပ်တော့မှာပဲ။ ညစ်ရ ပတ်ရ လိမ်ရ ကောက်ရ ကလိန်ကျရမယ့်အလုပ်တွေချည်း လုပ်နေတော့ အညစ်အကြေးအပေါ် အညစ်အကြေးတွေသာ ထပ်နေတော့တယ်။ ဒါကြောင့် သူ့ကို ယုတ်တဲ့ပုဂ္ဂိုလ်ထဲ ထည့်လိုက်။ ဥပမာအားဖြင့် ကြေးညှိတက်နေတဲ့ ကြေးဖလားတစ်ခုဝယ်ခဲ့ပြီး အိမ်ရောက်တော့လည်း မပွတ်ဘဲ အညစ်အကြေးပေါတဲ့နေရာမှာ ထားလိုက်တယ်။ ဒီလိုနဲ့ ဒီကြေးဖလားဟာ ညစ်သထက် ညစ်သွားတော့တယ်။ ဝယ်တုန်းကလည်း ညစ်ပေနေတာ ဝယ်ခဲ့ပြီး အိမ်ရောက်တော့လည်း အသုံးမပြုဘဲ အညစ်အကြေးရှိတဲ့နေရာမှာ ချောင်ထိုးထားလိုက်တော့ သုံးလို့စွဲလို့မရလောက်အောင် ညစ်ပေသွားတယ်။ ဒီအတိုင်းပဲ အညစ်အကြေးရှိတဲ့ပုဂ္ဂိုလ်ဟာ အညစ်အကြေးရှိမှန်းမသိရင် ဝိပဿနာအလုပ် မလုပ်တော့ဘူး။ မိုက်သထက်သာ မိုက်သွားတော့တယ်။ အရင်ကလည်း ပုထုဇဉ်အညစ်အကြေး၊ ကိလေသာအညစ်အကြေးတွေနဲ့။ ကြေးဖလားဝယ်ပြီး မသုံးဘဲ ချေးပေါတဲ့နေရာပစ်ထားလိုက်တော့ သုံးမရအောင် ညစ်ပေသွားသလိုပဲ မိုက်သထက်မိုက်သွားတဲ့ပုဂ္ဂိုလ်ဟာလည်း လူလောကမှာ သုံးမရတော့ဘူး။ ဒါဖြင့် ပုထုဇဉ်မှာ ကိလေသာအညစ်အကြေးတော့ ရှိကြတာပါပဲ။ တရားတည်းဟူသော ဝိပဿနာရေနဲ့ ဆေးကြောမပစ်ကြဘူးဆိုရင်တော့ အညစ်အကြေးထပ်လာမယ်။ အညစ်အကြေးရှိလို့ရှိမှန်းမသိတဲ့သူဟာ အညစ်အကြေးစင်ကြယ်အောင် ကာယကံ ဝစီကံ မနောကံအလုပ်တွေ မလုပ်ဘူးဆိုရင် သေတော့ အပါယ်သွားရတယ်။ တရားအားထုတ်တော့ နဂိုပါလာတဲ့ ကိလေသာ အညစ်အကြေးတွေဟာ ပါးပါး ပါးပါးသွားတယ်။ ကိလေသာအညစ်အကြေး စင်အောင်ဆေးနိုင်တာကတော့ ဝိပဿနာဉာဏ်ကမှ ဆေးနိုင်တာ။ အညစ်အကြေးရှိလျက်ရှိမှန်းမသိတဲ့သူ စင်ကြယ်အောင်လုပ်မယ်ဆိုတဲ့ လုံ့လဝီရိယ ဘယ်တော့မှမလာဘူး။ အညစ်အကြေးပဲ ထပ်ပြီးတင်အောင်လုပ်တာပဲ။ ဒီတော့ ဒီအညစ်အကြေးတွေနဲ့ မကောင်းတဲ့စိတ်ဓာတ်တွေနဲ့ပဲ သေသွားရတယ်။ ဒါကြောင့် ဒီလိုပုဂ္ဂိုလ်မျိုးကို အယုတ်ထဲ ထည့်လိုက်။ (ဆက်လက်ဖော်ပြပါမည်။) Venerable Dr. Ashin Parami See also: http://myakyunthar.blogspot.com/?m=1

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး