သစ္စဉာဏ်

ကိလေသာဖြူစင်နေပါမှ သစ္စာဟောရမယ်ဆိုတာ မနေ့က ရှင်းပြခဲ့တယ်။ သစ္စာအမြင်ရအောင် ခန္ဓာကိုယ်ကို ဘယ်လိုကြည့်မလဲဆိုတာလေး ဆက်ပြောမယ်။ ဒီခန္ဓာကြီးက ပူလိုက် အေးလိုက်၊ ချမ်းသာလိုက် ဆင်းရဲလိုက်၊ ဒါဘာဖြစ်နေတာပါလိမ့်မလဲဆိုရင် ဒုက္ခသစ္စာမို့ ဒုက္ခသစ္စာပြနေတာ။ ဒီခန္ဓာကြီး ပြောင်းရတာ ရွှေ့ရတာ ပြင်ရတာ ဆင်ရတာ အောက်ကပူတော့ ကြွရတာ မ ရတာတွေဟာ ဒုက္ခသစ္စာမို့ ဒုက္ခသဘောပြောနေတာတဲ့။ ဘယ်သူကပြောတာလဲဆိုရင် ခန္ဓာက ပြောနေတာ။ ခန္ဓာရဲ့ပင်ကိုယ်က ဒုက္ခသစ္စာ။ သူက ဒုက္ခသစ္စာမို့ ဒုက္ခပဲပြောမယ်၊ သုခမပြောဘူး။ ညောင်းတော့ ပြောင်းရပြင်ရတယ်၊ ဒုက္ခသစ္စာမို့ ဒုက္ခပြောပြန်ပြီလို့ သိနေရမယ်။ ဒုက္ခအကြောင်းပြောပြန်ပြီ၊ ဒုက္ခသဘောပြောပြန်ပြီလို့ ဉာဏ်နဲ့သာ လိုက်နေ၊ အဲဒါ သစ္စဉာဏ်ပဲ။ သူ့မှာ ဒုက္ခမှတစ်ပါး ပြောစရာလည်း မရှိဘူး။ မရှိတော့ ခန္ဓာက ဒုက္ခပဲ ပြောနေမယ်။ သူပြောတာကို ဒုက္ခလို့ သိနေရင် အဲဒါ သစ္စဉာဏ်။ ဒုက္ခက ဒုက္ခသစ္စာ၊ သိတာက ဉာဏ်။ ဒုက္ခသစ္စာသိတဲ့ဉာဏ်ဆိုတော့ သစ္စဉာဏ်ဖြစ်သွားတယ်။ ခန္ဓာက ပြောတာသိတဲ့ဉာဏ်ဟာ သစ္စဉာဏ်။ ခန္ဓာက ရွှေ့ချင်တယ်၊ ပြောင်းချင်တယ်၊ စောင်းချင်တယ်၊ တည့်ချင်တယ်ဆိုတာတွေဟာ ဘာတွေပြောတာလဲဆိုတော့ ဒုက္ခတွေပြောနေတာ။ အဲဒါလေး သိလိုက်တဲ့ဉာဏ်ကို သစ္စဉာဏ်လို့မှတ်လိုက်။ ခန္ဓာက ဒါတွေပြောနေတာ မပြောပါနဲ့လို့ ဘယ်သူမှတားလို့မရဘူး။ သူကတော့ အမှန်အတိုင်း လုပ်နေမယ်တဲ့။ သစ္စာကိုး။ သစ္စာမှ သမုတိသစ္စာမဟုတ်ဘူး၊ ပရမတ္ထသစ္စာ။ ခန္ဓာက ထွက်လာတာမှန်သရွေ့ ဒုက္ခအမှန်တွေချည်းပြောမှာပဲ။ ခန္ဓာက ဒုက္ခသစ္စာမို့ ဒုက္ခသစ္စာပဲ။ သိနေတာလေးထည့်လိုက်မှ ဉာဏ်ဖြစ်လာတာ။ ဒုက္ခသစ္စာနဲ့ ဉာဏ်နဲ့တွဲလိုက်တော့ သစ္စဉာဏ်ဖြစ်သွားတာ။ ကိုယ့်သန္တာန်မှာ ကိလေသာစင်နေလို့ရှိရင် ဉာဏ်ကလေးဟာ ဟဒယဝတ္ထုပေါ်ရောက်သွားတယ်။ သစ္စဉာဏ် အနုစားလေး ရောက်လာတာ။ ဒီအနုစားဉာဏ်လေးရောက်လာတော့ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ကမ္မဘဝေါ - ပဋိစ္စသမုပ္ပါဒ် မလာတော့ဘူး။ ဒီဉာဏ်လေး ဝင်လိုက်တာနဲ့ ကိလေသာတွေ ပြတ်ပြီ။ သို့သော် ဉာဏ်က နုတဲ့ဉာဏ်ဖြစ်နေတဲ့အတွက် သူရှိနေတုန်းသာ ကိလေသာမလာအောင် တားနိုင်တယ်။ ကိလေသာအမြစ်ပြတ်အောင်တော့ မတားနိုင်ဘူး။ ဘာကြောင့်လဲဆိုရင် ဉာဏ်နုနေသေးတယ်၊ သစ္စဉာဏ်အဆင့်ပဲရှိသေးတယ်။ သစ္စဉာဏ်ဖြစ်နေတော့ ခဏပဲ ပဋိစ္စသမုပ္ပါဒ်ပြတ်မယ်။ အမြစ်ပြတ် သူမတတ်နိုင်သေးဘူး။ ခန္ဓာကြီးက ပြောင်းပြန် ရွှေ့ပြန်၊ ပူပြန် အိုက်ပြန်၊ သစ္စာသဘောပြောနေတာ။ ဒုက္ခသဘောပြောနေတာ။ အမှန်သဘောပြောနေတာပဲ။ ဒုက္ခအမှန်မို့ ပြောင်းချင်တာဖြစ်တော့ ဒုက္ခက ဒုက္ခ၊ အမှန်က သစ္စာ။ ဒါဖြင့် ပြောင်းတိုင်း ပြောင်းတိုင်း ဒုက္ခအမှန်ပဲလို့ သိပေး။ ခန္ဓာက ဒုက္ခအမှန်၊ သိတာက ဉာဏ်။ ဒါဖြင့် သူသည် အမှန်ကို သိတဲ့ဉာဏ်။ အမှန်က သစ္စာ၊ သိတာက ဉာဏ်၊ သစ္စဉာဏ်။ ကိုယ့်ခန္ဓာကိုယ် ခင်တော့ မပြောင်းပေးဘဲ မနေနိုင်ဘူး။ ပြောင်းပေးချင်တဲ့သဘောလေး ဝမ်းထဲလာတော့ ခင်တာက သမုဒယ။ အမှန်က ပြောင်းချင်တာ။ ပြောင်းချင်တဲ့သဘောလေးက သမုဒယအမှန်။ ခန္ဓာက ဒုက္ခအမှန်။ ခန္ဓာခင်လို့ပြောင်းချင်တာဖြစ်တော့ ခင်တာလည်း အမှန်ပဲ။ ခင်တာအမှန်လာလို့ရှိရင် နောက်ဉာဏ်ကလည်း ခင်တာအမှန်ပဲလို့သိပေး။ အဲဒါ သမုဒယသစ္စာကို သိတဲ့ဉာဏ်။ ဆင်းရဲတာအမှန်လည်း သိရမယ်။ ခင်တာအမှန်လည်းသိရမယ်။ ဒီလိုသိတော့ ဒုက္ခသစ္စာကိုလည်း အမှန်သိတယ်၊ သမုဒယသစ္စာကိုလည်း အမှန်သိတယ်။ ဝမ်းထဲမှာ သစ္စဉာဏ် နှစ်ချက်ရောက်သွားပြီ။ ဒုက္ခသိတဲ့ သစ္စဉာဏ်တစ်ချက်၊ သမုဒယသိတဲ့ သစ္စဉာဏ်တစ်ချက်။ ခန္ဓာပေါ်တဲ့အချိန် သိရမယ်။ ခန္ဓာထဲမှာ ကိလေသာ ဖြူစင်နေတဲ့အချိန် သိတဲ့ဉာဏ်မှန်ကလေးသည် ဟဒယဝတ္ထုပေါ်မှာ စွဲသွားတယ်။ ဒီဉာဏ်ကလေးဟာ မဂ်ပေါ်တာပဲ။ ဆင်းရဲတာအမှန်သိတဲ့ ဉာဏ်ကလေး ဟဒယဝတ္တုပေါ် ရောက်တော့ မဂ်ပေါ်လာတယ်။ ပြောင်းချင်တာအမှန်သိတဲ့ ဉာဏ်ကလေး ဟဒယဝတ္ထုပေါ် ရောက်တော့ မဂ်ပေါ်လာတယ်။ ရောက်တဲ့ အမှန်သိကလေးက မဂ္ဂသစ္စာ။ အမှန်ကလေး ရောက်တာကိုလည်း နောက်ဉာဏ်နဲ့ သိပေးရမယ်။ နဂိုက ဟဒယဝတ္ထုပေါ် အမည်းအညစ်အကြေးတွေက အပါယ်ရောက်အောင်လုပ်နေတာ။ အခု အဖြူတွေက နိဗ္ဗာန်ရောက်အောင် ပို့ပေးမှာ။ သမုဒယချုပ်တာလေးကလည်း အခုချိန်မှာ သမုဒယချုပ်နေပါလားဆိုပြီး မဖြစ်ဘဲနဲ့ ချုပ်နေတဲ့သဘောက နိရောဓသစ္စာ။ အဲဒီလို သိလိုက်ပြီဆိုရင် သစ္စာလေးပါးသိတဲ့ သစ္စဉာဏ်။ ဆင်းရဲတာအမှန်ကိုသိရာမှာ ဆင်းရဲတာအမှန်က ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ။ ခင်တာအမှန်ကိုသိရာမှာ ခင်တာအမှန်က သမုဒယသစ္စာ၊ သိတာက မဂ္ဂသစ္စာ။ အရင်က ခင်တာတွေရှိတယ်၊ အခုခင်တာတွေမရှိတော့ဘူး၊ ခင်တာတွေ ချုပ်သွားတာက နိရောဓသစ္စာ။ သိလိုက်တာက မဂ္ဂသစ္စာ။ သစ္စာလေးပါး တစ်ပြိုင်နက်သိသွားတယ်၊ ဉာဏ်ကသိသွားတာ။ သို့သော် ဒါဟာ သစ္စဉာဏ်ဖြစ်နေတော့ ဉာဏ်ဓားတုံးသေးတယ်။ ဉာဏ်ဓားတုံးသေးတော့ အဆုံးထိအောင် သူမဖြတ်နိုင်သေးဘူး။ ပြောင်းတယ်ရွှေ့တယ်ဆိုရင် ဆင်းရဲတာအမှန်ပဲလို့ ပေါ်တုန်းကိုသိလိုက်တော့ ဟုတ်တိုင်းမှန်စွာသိတာ (ယထာဘူတဉာဏ်)။ ပြောင်းချင် ရွှေ့ချင်တာဟာ ကိုယ့်ခန္ဓာကိုယ်ခင်လို့ဆိုတော့ ခင်တာအမှန်က သမုဒယသစ္စာ၊ သိတာက မဂ္ဂသစ္စာ။ သိတဲ့အချိန်မှာ ခင်တတ်တဲ့သဘောလေးဟာ မဂ်ဉာဏ်လာတော့ မရှိတော့ဘူး။ မရှိတော့ ခင်တဲ့သဘောလေး ချုပ်သွားတာကိုလည်း သိရတယ်။ ချုပ်သွားတာက နိရောဓသစ္စာ၊ ချုပ်မှန်းသိတာက မဂ္ဂသစ္စာ။ သစ္စာလေးပါးကို ဒါဆို သစ္စဉာဏ်နဲ့ သိပါပြီ။ သစ္စာဉာဏ်ဟာ အခု ပြောခဲ့တဲ့ ပြောင်းတိုင်း ရွှေ့တိုင်း လေးဉာဏ်ရတယ်။ ဣရိယာပုတ်ပြောင်းတိုင်း လေးဉာဏ် ရ ရမယ်။ အထည်ကြီးက ဒုက္ခသစ္စာ၊ ပြောင်းချင်တဲ့သဘောက သမုဒယသစ္စာ၊ ပြောင်းမှန်းသိတာက မဂ္ဂသစ္စာ၊ ပြောင်းမှန်းသိလို့ သမုဒယချုပ်သွားတာက နိရောဓသစ္စာ။ ဒီလိုသိပေးလို့ရှိရင် အသိလေးချက်ဟာ ဟဒယဝတ္ထုပေါ်မှာ စွဲသွားတယ်။ ဘဝင်စိတ်ပေါ်မှာ မဂ္ဂသစ္စာ စွဲသွားတာ။ ဘဝင်စိတ်မှာ ပင်ကိုက ဖြူစင်နေတယ်။ ဘဝင်စိတ်ဆိုတာ အိပ်တဲ့စိတ်ကိုပြောတာ။ အိပ်ပျော်နေတဲ့ ဘဝင်စိတ်ဟာ ရှူမှု ရှိုက်မှုပဲလုပ်တော့ စားချင်တာတွေ သွားချင်တာတွေ ငဲ့ချင်တာတွေ စောင်းချင်တာတွေ မရှိဘူး။ အဲဒီ ရှူတဲ့ ရှိုက်တဲ့စိတ်ဟာ အိပ်တဲ့ဘဝင်စိတ်ကလုပ်နေတော့ လောဘ ဒေါသ မောဟ အညစ်အကြေး ကင်းစင်နေတယ်၊ ဖြူစင်နေတယ်။ ဒီလိုဖြူစင်နေတဲ့အချိန်မှာ သစ္စာဉာဏ်သွင်းလိုက်။ ထမင်းဆာတယ်ဆိုပါစို့။ ဒုက္ခလေးပေါ်လာတာ။ ဒါဟာ ခန္ဓာကိုယ်ထဲက ဒုက္ခသစ္စာပြတာ။ ဆာတော့ ဒုက္ခသစ္စာပြပြန်ပြီလို့ ဉာဏ်လေးက နောက်ကလိုက်။ ဆာတဲ့ရုပ်ဟာ ညှိုးနွမ်းသွားတယ်။ ဒီညှိုးနွမ်းတဲ့ရုပ်လေးဟာလည်း ဒုက္ခသစ္စာ။ ရုပ်က ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ။ ဆာတော့ စားဦးမှပဲ ဆိုတာ ခန္ဓာခင်လို့ဆိုတော့ သမုဒယသစ္စာ၊ ဒါလဲ သိအောင်လုပ်။ သမုဒယသစ္စာလာပြန်ပြီလို့ မဂ်ကသိပေး။ သိနေတဲ့အချိန်မှာ ဆာလောင်မွတ်သိပ်တဲ့စိတ် မရှိတော့ဘူး။ အဲဒီမရှိတော့တာလေးက နိရောဓသစ္စာ၊ ဆာလောင်မွတ်သိပ်တဲ့စိတ် ချုပ်သွားပြီလို့ မဂ်နဲ့ သိပေး။ ဣရိယာပုတ်လေးခု တစ်ခုခု ပေါ်တိုင်း သိပေးနေရင်လည်း သစ္စာလေးချက် ပေါ်တိုင်းသိတယ်။ ပေါ်တိုင်းသိတော့ သစ္စာကို သိနေသောကြောင့် သစ္စဉာဏ်ဖြစ်တယ်။ ဒါဖြင့် ကိုယ့်ခန္ဓာထဲမှာ ပေါ်တိုင်းပေါ်တိုင်း သိပေးနေလို့ရှိရင် သစ္စဉာဏ် ဧကန်ရတယ်လို့ မှတ်ပါ။ ဉာဏ်ကတော့ မဂ္ဂသစ္စာပဲ။ ဒုက္ခသစ္စာပေါ်တိုင်းသိတာလည်း ဉာဏ်၊ သမုဒယသစ္စာပေါ်တိုင်းသိတာလည်း ဉာဏ်၊ သမုဒယသစ္စာချုပ်တိုင်းသိတာလည်း ဉာဏ်။ ဒီလိုသိတဲ့ဉာဏ်ကို သစ္စဉာဏ်လို့ခေါ်တယ်။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး