ကာမဘုံသို့ မပြန် အနာဂါမ်
နိဗ္ဗာန်မြင်ချင်ရင် ဝိပဿနာ ရှေ့သွားရှိမှ ရမယ်လို့ အရင်နေ့က ပြောခဲ့တယ်။ နိဗ္ဗာန်ကို သောတာပန်ဖြစ်ရင်လည်း မြင်တာပဲ၊ သကဒါဂါမ်ဖြစ်ရင်လည်း မြင်တာပဲ၊ အနာဂါမ်ဖြစ်ရင်လည်း မြင်တာပဲ၊ ရဟန္တာဖြစ်မယ်ဆိုရင်တော့ အစွမ်းကုန်မြင်ပြီပေါ့။ နိဗ္ဗာန်မြင်တာချင်းတော့တူတယ်။ ဒါပေမဲ့ မြင်ပုံ၊ ရှင်းရှင်းလင်းလင်းမြင်ပုံ ဒီဂရီလေးတွေ ကွာခြားသွားတာ၊ တစ်ဆင့်ထက်တစ်ဆင့် နိဗ္ဗာန်အမြင်ဟာ ပိုပိုပြီးတော့ ကြည်လင်ပြတ်သားလာတာ။ ကိလေသာပါးလေ နိဗ္ဗာန်မြင်အားကောင်းလေလို့သာ မှတ်လိုက်ပါ။ ကိလေသာလုံးဝမရှိတဲ့ ရဟန္တာတွေကတော့ နိဗ္ဗာန်ကို အကြည်လင် အပြတ်သားဆုံး မြင်ပြီပေါ့။ ဒီလို မြင်ရတဲ့ နိဗ္ဗာန်ဟာ ဘယ်ကာလမှာမှ မဟုတ်ဘူးတဲ့၊ ဒါကြောင့် ကာလဝိမုတ်။ ဒါဖြင့် နိဗ္ဗာန် မရှိဘူးလားဆိုတော့လည်း ရှိတယ်။ ဘယ်လိုပုဂ္ဂိုလ်မှာရှိမလဲဆိုရင် ခန္ဓာနဲ့ ဉာဏ်နဲ့တိုက်တဲ့ပုဂ္ဂိုလ်မှာ ရှိမယ်။ ဝိပဿနာအလုပ်လုပ်တဲ့ ပုဂ္ဂိုလ်မှာ နိဗ္ဗာန်ရှိတယ်။ လုပ်ဖန်များလာတော့ ခန္ဓာစွန့်ပြီး နိဗ္ဗာန်ဘက်ကို ဉာဏ်က ပြေးတယ်။ ဉာဏ်ဟာ အရင်ကတော့ ခန္ဓာဘက်ချည်း လှည့်နေတယ်။ လုပ်ဖန်များလာတော့ ဉာဏ်က ခန္ဓာစွန့်ပြီး ခန္ဓာမရှိတဲ့ နိဗ္ဗာန်ဘက်ပြေးတယ်။
ဒီနိဗ္ဗာန်လိုချင်ရင် ဝိပဿနာရှေ့ထားရမယ်ဆိုတာလေးကိုတော့ မမေ့လိုက်ပါနဲ့။ ဝိပဿနာမဂ် ရှေ့သွားရှိမှ လောကုတ္တရာမဂ် နောက်ကလိုက်မယ်။ ဝိပဿနာရှေ့သွားရှိတဲ့ပုဂ္ဂိုလ်မှာ မဂ်ဉာဏ်နောက်က လာပါတယ်။ ဒီတော့ ခန္ဓာနဲ့ ဉာဏ်ကို လုံ့လဝီရိယနဲ့ အားစိုက်ပြီး တိုက်ပေးလို့ရှိရင် နိဗ္ဗာန်တည်းဟူသောမီးသည် အလိုလိုထွက်လာမယ်။ ဥပမာပြရမယ်ဆိုရင် မိလက္ခတိဿဆိုတဲ့ ပုဂ္ဂိုလ်ဟာ တစ်သက်လုံး မုဆိုးလုပ်လာတာ။ သူဟာ ရဟန္တာတစ်ပါးသီတင်းသုံးနေတဲ့ တောကျောင်းတစ်ကျောင်း ရောက်သွားတယ်။ ရေငတ်လို့ ရေသောက်ဖို့ သောက်ရေအိုးထဲက ရေခပ်လိုက်တာ ရေမရှိဘူးတဲ့။ တကယ်တော့ ရေက အပြည့်ရှိတယ်။ သူ့အကုသိုလ်ကံကြောင့် ရေတွေ ပျောက်သွားတယ်။ ရေမတွေ့တော့ ဒီကျောင်းနေတဲ့ရဟန်းတွေ တော်တော်ပျင်းတယ်၊ သောက်ရေအိုးတောင် ရေမလောင်းကြဘူးဆိုပြီး ရဟန်းတွေကို ကဲ့ရဲ့လို့ ရဟန္တာက ထ ကြည့်တော့ ရေအပြည့်ရှိတာကို တွေ့ရတယ်။ ရဟန်းက ကြည့်တော့ ရေရှိတယ်၊ မုဆိုးက ကြည့်တော့ ရေမရှိဘူး။ ဒါဟာ အကုသိုလ်ကံ ပထမဇောတွေက အကျိုးပေးနေတာ။ သူ့မှာလည်း တစ်သက်လုံး အကုသိုလ်ပဲ များတာကိုး။ ဒါတောင်မှ ရဟန်းတွေက သောက်ရေအိုးလေးမှ ရေဖြည့်ဖော်မရဘူး၊ စားပြီး အိပ်နေတယ်လို့ ကဲ့ရဲ့သေးတယ်။ ဒီမှာ ရဟန္တာက ထ ကြည့်တော့ ရေအပြည့်ရှိနေတာနဲ့ သူခပ်တဲ့ခွက်နဲ့ပဲ သူခပ်တဲ့အိုးက ရေတွေ အပြည့်ခပ်ပြီး တိုက်လိုက်တော့မှ သူ့ခမျာ ရေဝအောင် သောက်ရရှာတယ်။ အဲဒီမှာ သူဟာ လူစင်စစ်က ပြိတ္တာဖြစ်နေပါပေ့ါလားဆိုပြီး သံဝေဂရသွားတယ်။ ဝဋ်တွေ ဒီလောက်ဆိုးဝါးနေမှတော့ သေလည်း ဒီပုဂ္ဂိုလ် အဝီစိမှတစ်ပါး အခြားသွားစရာမရှိတော့ဘူး။ ပစ္စုပ္ပန်မှာတောင် ရေပျောက်နေပြီ။ တပည့်တော်ကို ဒီဝဋ်ဆိုးတွေက ကယ်မယ့်တရားများ ရှိသေးသလားဘုရားလို့ လျှောက်တော့ ဝိပဿနာရှေ့သွားရှိရင် မဂ်ရတယ်လို့ မိန့်တော်မူတယ်။
ဒီမှာတင် သူ့မှာ ကယ်မယ့်တရားရှိသေးပါလားဆိုပြီး အိမ်မပြန်တော့ဘဲ သူ့မှာပါတဲ့ လေးမြားတွေ အကုန်စွန့်ပြီး ကိုရင်ကြီးဝတ်လိုက်တယ်။ တပည့်တော်အကြောင်း တပည့်တော် ကောင်းကောင်းသိပါပြီ၊ အရှင်ဘုရားကလည်း ကယ်မယ့်တရားရှိတယ်ပြောတယ်၊ တပည့်တော်ကြိုးစားပါတော့မယ်ဆိုပြီး ကြိုးစားလိုက်တာ။ ကြိုးစားရင်းနဲ့ အကုသိုလ်တွေချည်း သူ့စိတ်ထဲမှာပေါ်နေတယ်။ ကုက္ကုစ္စတွေချည်း ဝင်နေတယ်။ ဒီတော့ အရှင်ဘုရား တပည့်တော် အပြစ်နဲ့ တပည့်တော် ရှိပါစေတော့ဘုရား၊ တရားအားထုတ်တာ တရားမမြင်ဘဲ တပည့်တော် သတ်ခဲ့ ဖြတ်ခဲ့တာတွေပဲ လာလာပေါ်နေတယ်ဘုရား။ ဒါကြောင့် တပည့်တော်လူထွက်ပါတော့မယ်လို့ လျှောက်တယ်။ မထေရ်က မထွက်နဲ့ဦးဆိုပြီး သဖန်းသားတွေ လှည်းသုံးစည်းတိုက်လောက် အခုတ်ခိုင်းပြီးပုံ။ အစိုတွေကို မီးအရှို့ခိုင်းတယ်။ မီးက မလောင်ဘူး။ မလောင်တော့ ရဟန္တာကို မလောင်ကြောင်းသွားလျှောက်တော့ ရဟန္တာက သူ့နောက် လိုက်သွားပြီး တန်ခိုးနဲ့ မြေကြီးနှစ်ခြမ်းခွဲပြီးတော့ အဝီစိငရဲကို ပြပေးလိုက်တယ်။ လူထွက်ချင်တဲ့ ကိုရင်ကြီး ကြည့်စမ်းဆိုတော့ မုန်ညင်းစေ့များစီထည့်ထားသလို စိနေအောင် ငရဲဒုက္ခခံနေရတဲ့ သတ္တဝါတွေကို တွေ့ရတယ်။ အဲဒီမှာ ရဟန္တာက တန်ခိုးနဲ့ ငရဲမီး ပိုးစုန်းကြူးလောက် ယူပြီး ခုနက ထင်းပုံထဲထည့်လိုက်တာ အကုန်ပြာကျသွားတယ်။ ငရဲမီး ပိုးစုန်းကြူးလောက်က လှည်းသုံးစီးတိုက်သဖန်းသားအစိုတွေကို တစ်ခဏချင်း ပြာဖြစ်သွားတယ် အကုန်ပြောင်အောင် လောင်သွားတယ်ဆိုတာ တွေ့လိုက်ရတော့ အဝီစိလည်းမြင်ရ၊ ငရဲမီးပြင်းအားကိုလည်းတွေ့ရသဖြင့် အလွန်ကြောက်လန့်သွားတယ်။ ဒီလိုဆိုရင် တပည့်တော် မထွက်တော့ဘူးဘုရား၊ ကယ်နိုင်မယ်ဆိုရင် ကယ်တော်မူပါဆိုတော့မှ ဖြစ်ပျက်နဲ့ မဂ်ကိုက်တဲ့ ဝိပဿနာရှေ့သွား အလုပ်ခိုင်းတယ်။
သူ့စိတ်ထဲမှာ အဝီစိမြင်လို့ကြောက်စိတ်ဝင်၊ ငရဲမီးမြင်လို့လန့်နေတာနဲ့ ခြေထောက်တွေ အေးနေမှ မငိုက်မှာပဲဆိုပြီး အဝတ်ရေဆွတ် ခြေထောက်တွေပတ်၊ ခေါင်းပေါ်က အေးနေရင်လည်း မငိုက်ဘူးဆိုပြီး အဝတ်ရေဆွတ် ခေါင်းပေါ်တင်ပြီးတော့ လုပ်လိုက်တော့ အိပ်ချင်စိတ်တွေ အကုန်ပျောက်ပြီး ဝိပဿနာနဲ့ မဂ်ချည်းတိုက်ပေးနေတယ်။ တစ်ညအားထုတ်လိုက်တာ နံနက်လည်းလင်းရော အနာဂါမ်တည်သွားတယ်။ ဝိပဿနာရှေ့သွားနဲ့ မဂ်သုံးတန်ပေါ်လာလို့ အနာဂါမ်တည်သွားတော့ သူရောက်ဖို့ အသေအချာဖြစ်နေတဲ့ အဝီစိလည်း မရောက်တော့ဘူး။ သုံးမဂ်က များသေးတယ်၊ တစ်မဂ်တည်းပေါ်တောင်မှ မရောက်ရတော့ပါဘူးတဲ့။ ဝိပဿနာမဂ်က ကယ်လိုက်တာ။ သူဟာ အဝီစိကျမယ့်သူ အသေအချာဖြစ်ပါလျက် မဂ်သုံးဆင့်ဝင်လိုက်တာနဲ့ ဒုဂ္ဂတိဘုံ၊ ကာမသုဂတိဘုံတွေကိုတောင်မှ ပြန်မလာတဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်၊ အနာဂါမ်ဖြစ်သွားတာ။ ဒါကြောင့် ဝိပဿနာသာ လုပ်နေပါ၊ မဂ်တည်းဟူသောနေ ထွက်ပါစေလို့ ဆုတောင်းနေလို့ မရပါဘူး။ ဉာဏ်နဲ့လုပ်မှသာ ရပါတယ်။ ခန္ဓာနဲ့ဉာဏ်တိုက်တဲ့အလုပ်သာ အဖန်ဖန်လုပ်နေပါ။ တိုက်ဖန်များလို့ ရင့်ကျက်လာရင် မဂ်တည်းဟူသောနေဟာ အလိုလိုထွက်ပြူလာပါလိမ့်မယ်။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.