ကိစ္စဉာဏ်
သစ္စာလေးပါးရဲ့ ကိစ္စတွေကိုသိတဲ့ဉာဏ်ဟာ ကိစ္စဉာဏ်ပါပဲ။ ဒုက္ခသစ္စာရဲ့ ကိစ္စကိုသိရင် ကိစ္စဉာဏ်။ သမုဒယသစ္စာရဲ့ ကိစ္စကိုသိရင်၊ နိရောဓသစ္စာရဲ့ ကိစ္စကိုသိရင်၊ မဂ္ဂသစ္စာရဲ့ ကိစ္စကိုသိရင် ကိစ္စဉာဏ်။ ကိစ္စဉာဏ်ဟာ သစ္စဉာဏ်ထက် ပိုမို အရေးကြီးတယ်လို့ မှတ်ထားလိုက်။
ဘုရားရှင်က ပေဿဆိုတဲ့ ဒကာတစ်ယောက် ကျောင်းရောက်လာတာနဲ့ တရားဟောတာ ဒါန သီလတွေ ရှေ့ပိုင်းမှာ ဟောပြီးနေပြီ။ ပေယျရဲ့ စိတ်တွေလည်း ဖြူစင်သန့်ရှင်းနေပြီမို့ သစ္စာဟောတဲ့အချိန် ရောက်နေပြီ။ အဲလို ဖြူစင်နေချိန်မှာ ပေဿက စီးပွားရေးလုပ်ငန်းတွေနဲ့ အလွန် အလုပ်များတဲ့သူဖြစ်နေတော့ သူ့အိမ်က အရေးကြီးလို့ဆိုပြီး လာခေါ်လို့ အိမ်ပြန်လိုက်သွားတယ်။ ဖြူစင်နေတဲ့အချိန် သစ္စာသွင်းရမယ့်အချိန်မှာ တရားဆက်မနာဘဲနဲ့ အိမ်လိုက်သွားတယ်။ အဲဒီတော့ ဘုရားရှင်က သူ့အနီးမှာရှိတဲ့ ရဟန်းတွေကို ပေဿတော့ သွားပြီ။ သစ္စာလက်လွတ်သွားပြီ၊ အရိုး (၁၃)မိုင် တက်အောင် သေရလိမ့်ဦးမယ်လို့ မိန့်တော်မူတယ်။ ပေဿဟာ ဝမ်းထဲ ဖြူစင်နေတဲ့အချိန်ရောက်မှ အိမ်ကလာခေါ်လို့ တပည့်တော် အလုပ်ကိစ္စလေးရှိလို့ ပြန်လိုက်ဦးမယ်ဘုရားလို့ လျှောက်ပြီး ပြန်သွားတာ။ ဘုရားက ပေဿ ရှုံးပြီဟေ့လို့ ရဟန်းတွေကို မိန့်တော်မူတယ်။ ငါဘုရားလက်ထက်တော့ မကျွတ်တော့ဘူး၊ နောက်ဘုရားမပွင့်ခင် သူ့အသားအသွေးတွေ မြေကြီးတစ်ယူဇနာတက်တော့မယ်။ အဲဒီတော့မှ ကျွတ်တမ်းဝင်တော့မယ်တဲ့။ သူ ဒါန သီလတရားတွေတော့ နာရပြီး သစ္စာလွတ်သွားလို့ ကျွတ်တမ်းမဝင်လိုက်တာ။ သစ္စာလွတ်သွားတာဟာ ပေဿ သိပ်နစ်နာသွားတယ်။
ဒါကြောင့် သစ္စာတရားဟာ သိပ်အရေးကြီးပါတယ်။ ဒါဖြင့် ကိစ္စဉာဏ်ဘက် ဆက်ကြစို့။ ကိစ္စဉာဏ်ဆိုတာ ကိုယ့်သန္တာန်မှာ နာတာ ကျင်တာ ကိုက်တာ ခဲတာမျိုး ဒုက္ခဝေဒနာပေါ်တယ်ဆိုရင် ဒါ ဝေဒနာက္ခန္ဓာပဲ။ ဒီဝေဒနာက ကိုယ့်စိတ်ကိုလည်း နှိပ်စက်တယ်၊ ရုပ်ကိုလည်း နှိပ်စက်တယ်။ စိတ်ကို နှိပ်စက်တော့ ဒေါမနဿ၊ ရုပ်ကိုနှိပ်စက်တော့ ဒုက္ခ။ အော် ကိုယ့်ဝေဒနာက္ခန္ဓာက ကိုယ့်ခန္ဓာကို နှိပ်စက်နေတာပဲ၊ အခြားသူကလာနှိပ်စက်နေတာမဟုတ်ဘူး။ ဒီခန္ဓာထဲကပေါ်လာပြီး ဒီပေါ်လာတဲ့ခန္ဓာကပဲ ပြန်နှိပ်စက်နေတာ။ ဒီခန္ဓာထဲကပဲ ဝေဒနာလေးပေါ်လာတယ်။ ဒီပေါ်လာတဲ့ခန္ဓာကပဲ ကျန်တဲ့ခန္ဓာတွေကို နှိပ်စက်တယ်။ ဒါဖြင့် ဝေဒနာက္ခန္ဓာမှာ နှိပ်စက်တတ်တဲ့ကိစ္စရှိတယ်ဆိုတာ အဖြေထွက်လာတယ် (ဒုက္ခဿ ပီဠနဋ္ဌော)။ ပီဠနဋ္ဌော- ညှာတာမဖက် အမြဲနှိပ်စက်တတ်တယ်။ မနှိပ်စက်ပါနဲ့ဆိုလို့မရဘူး။ နှိပ်စက်မြဲနှိပ်စက်မှာပဲတဲ့။ ဒါဖြင့် နှိပ်စက်တတ်တဲ့တရားအစစ်ဟာ အခုပေါ်တဲ့ဝေဒနာပဲလို့ ပိုင်ပိုင်နိုင်နိုင်သိတယ်။ သူက ဘာတွေကို နှိပ်စက်တာလဲဆိုတော့ သူနဲ့ အတူဖြစ်တဲ့ သညာတို့ သင်္ခါရတို့ စိတ်တို့ကို အကုန်နှိပ်စက်တယ်။ သူနဲ့အတူဖြစ်တဲ့ နာမက္ခန္ဓာလေးပါးပေါ့။ သူက ဝေဒနာက္ခန္ဓာဖြစ်နေတော့ ကျန်တဲ့ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာတို့ကို နှိပ်စက်တယ်။ ရုပ်ပေါ်မှာပေါ်လာတဲ့ဝေဒနာက ရုပ်ကိုလည်း နီမြန်းလာအောင် ကျင်လာအောင် နှိပ်စက်တယ်။ ရူပက္ခန္ဓာကို နှိပ်စက်တာပေါ့။ ဒါဟာ ကိုယ့်ဝေဒနာက္ခန္ဓာက ကိုယ့်ကို ပြန်နှိပ်စက်နေတာ။ ဒါဖြင့် နှိပ်စက်တတ်တဲ့ကိစ္စ ဝေဒနာက္ခန္ဓာမှာ ရှိတယ်။ ဝေဒနာက္ခန္ဓာဟာ နှိပ်စက်တတ်တဲ့တရားပဲလို့ ဉာဏ်နဲ့ ကြည့်ပေး။ နှိပ်စက်တတ်တဲ့ကိစ္စ သူလုပ်နေတယ်။ ဒါဖြင့် ကိုယ့်သန္တာန်မှာပေါ်တဲ့ ဝေဒနာက္ခန္ဓာသည် ကိုယ့်သန္တာန်မှာပေါ်တဲ့ ကျန်တဲ့ခန္ဓာတွေကို နှိပ်စက်မလို့ ပေါ်လာတာ။ ကျန်တဲ့ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ၊ ရူပက္ခန္ဓာတွေကို နှိပ်စက်မလို့ပေါ်လာတာပဲ။ ကျန်တဲ့ခန္ဓာလေးပါးစလုံးကို နှိပ်စက်နေတာ။ ဒီလိုနှိပ်စက်နေတာကို ဉာဏ်နဲ့ကြည့်လိုက်တော့ ဒါက သူ့ကိစ္စပဲလို့ သိလိုက်ရတယ်။ သူ့ကိစ္စဟာ နှိပ်စက်တတ်တဲ့ကိစ္စ၊ ခန္ဓာရဲ့ ကိစ္စ။ ဝေဒနာနဲ့ပြောနေတော့ ဝေဒနာက္ခန္ဓာရဲ့ ကိစ္စ။ ပေါ်လာရင် ပေါ်တိုင်းပေါ်တိုင်း ပေါ်ခိုက်မှာ သူဘာလုပ်နေတုန်းဆိုတော့ နှိပ်စက်နေတယ်။ ခန္ဓာထဲက ဘယ်ခန္ဓာထူးထူးခြားခြားပေါ်လာပေါ်လာ နှိပ်စက်မလို့ လာတာပဲ။ ဒီလို ဉာဏ်လေးနဲ့ ပေါ်လာတဲ့ခန္ဓာတိုင်းဟာ နှိပ်စက်တတ်တဲ့ကိစ္စမှတစ်ပါး သူ့မှာ အခြားမရှိဘူးလို့ ပိုင်ပိုင်နိုင်နိုင်သိအောင်လုပ်ပါ။ နှိပ်စက်တတ်တာက သူ့ကိစ္စ၊ သူ့ကိစ္စသူလုပ်နေတယ်လို့ သေသေချာချာသိအောင်လုပ်တော့ နှိပ်စက်တာက ကိစ္စ၊ သိတာက ဉာဏ်။ ပေါင်းလိုက်တော့ ကိစ္စဉာဏ်။ ဉာဏ်ကသိနေတော့ သမုဒယသစ္စာက မလာပဲနဲ့ သေတယ်။ ဘာကြောင့်သေလဲဆိုတော့ နှိပ်စက်တတ်တဲ့ကိစ္စကို နှိပ်စက်မှန်းသိတဲ့ဉာဏ် မဂ်ဉာဏ်ဝင်နေလို့။ ဉာဏ်ဝင်ခိုက် ကိလေသာက ကြားခိုလို့မရဘဲ ချုပ်မြဲတိုင်းချုပ်နေတယ်။ ချုပ်တဲ့အခါမှာလည်း လာချုပ်လား မလာချုပ်လာဆိုတော့ မလာချုပ်နဲ့ချုပ်နေတယ်။ အနုပ္ပါဒနိရောဓ- အနုပ္ပါဒ- မဖြစ်ဘဲနဲ့၊ နိရောဓ- ချုပ်နေတယ်။ မလာဘဲနဲ့ ချုပ်အောင်လုပ်နိုင်တာ မဂ္ဂသစ္စာ။ မဂ္ဂသစ္စာက သိခြင်းကိစ္စ။ သိခြင်းကိစ္စက ပယ်ခြင်းကိစ္စကိုပါ သူလုပ်သွားတာ။ သမုဒယသစ္စာ ကြားမထိုးနိုင်တော့ဘူး။ သမုဒယသစ္စာ ကြားမထိုးတော့ တဏှာနိရောဓဖြစ်နေတယ်။
ခန္ဓာရဲ့ နှိပ်စက်တတ်တဲ့ကိစ္စလေးကို အဖန်ဖန်ကြည့်နေတာသည် ဘာဝေတဗ္ဗကိစ္စ။ အဖန်ဖန်ကြည့်ပေးရမှာ။ ဒါက မဂ်အစစ်ပေါ်တာမဟုတ်သေးဘူး။ ဝိပဿနာမဂ်ပဲ ရှိသေးတယ်။ ခန္ဓာပေါ်တိုင်းပေါ်တိုင်း အဖန်ဖန်နှိပ်စက်နေပါလားလို့ သိအောင်လုပ်ပေးလိုက်။ ဝေဒနာက္ခန္ဓာက အဖန်ဖန်နှိပ်စက်နေရင် အဖန်ဖန်နှိပ်စက်သလောက် အကြိမ်ကြိမ်သိပေးရမယ်။ အကြိမ်များစွာနှိပ်စက်နေတာက ဒုက္ခသစ္စာ။ အကြိမ်များစွာ သိနေတာက ဘာဝေတဗ္ဗကိစ္စ။ ဒါဖြင့် မဂ္ဂသစ္စာ ဘာဝေတဗ္ဗကိစ္စ ရှိတယ်။ အကြိမ်များစွာနှိပ်စက်တာက ဒုက္ခသစ္စာ (ဒုက္ခဿ ပီဠနဋ္ဌော)။ အကြိမ်များစွာနှိပ်စက်တယ်လို့ သိတာက မဂ္ဂသစ္စာရဲ့ ဘာဝေတဗ္ဗကိစ္စ။ ဒီလို ဒုက္ခသစ္စာကို မဂ္ဂသစ္စာနဲ့ ပွားများပြီး သိနေတော့ ကိလေသာလည်း အကြိမ်များစွာချုပ်တယ်။ ဘာကြောင့် အကြိမ်များစွာချုပ်ရပါသလဲဆိုရင် အကြိမ်များစွာနှိပ်စက်နေတာကို အကြိမ်များစွာမြင်နေလို့။ မြင်တာများလို့ ချုပ်တာများတာ။ များများနှိပ်စက်လေ များများမြင်အောင်ကြည့်လေ ကိလေသာတွေလည်း များများချုပ်လေပဲ။ အချုပ်များတိုင်း နိရောဓလည်း များတာပဲ။ ဒီလို လေးချက် တစ်ပြိုင်နက်ဖြစ်တဲ့သဘောသည် ကိစ္စဉာဏ်ပဲတဲ့။
ဒီတော့ ဘာဝေတဗ္ဗနဲ့ ပွားများပေး၊ ပွားများသလောက် သမုဒယသစ္စာတွေ ပယ်မယ်။ သမုဒယပယ်သလောက် နိရောဓလည်း ဖြစ်နေမယ်။ ဒါဆို ပေါ်လာတဲ့ ခန္ဓာရဲ့ နှိပ်စက်တဲ့ကိစ္စကလည်း မရေမတွက်နိုင်အောင်ရှိနေမှာပဲ။ မရေတွက်နိုင်အောင်နှိပ်စက်တာဟာ သူ့ကိစ္စပဲ။ ဒါကြောင့် မရေတွက်နိုင်အောင် နှိပ်စက်တာကို မရေတွက်နိုင်အောင် ကြည့်ပေးတော့ ပွားများတဲ့ကိစ္စဖြစ်လာတယ်။ ပွားများတဲ့ကိစ္စများလေ ကိလေသာချုပ်တဲ့ကိစ္စလည်း များလေပဲ။ မဂ်များသလောက် ကိလေသာမလာတဲ့အကြိမ်ကလည်း များမယ်။ ကိလေသာမလာတာကလည်း လာချုပ် မလာချုပ်နှစ်မျိုးမှာ မလာချုပ်လို့မှတ်လိုက်။ ကိလေသာ နဲနဲမှ မလာဘဲနဲ့ ချုပ်သောကြောင့် နိရောဓ။ ကိလေသာ အကြိမ်များများ မလာတာက သမုဒယသစ္စာရဲ့ ပဟာတဗ္ဗကိစ္စ။ မလာဘဲနဲ့ အကြိမ်များစွာ ချုပ်နေတာက နိရောဓသစ္စာရဲ့ နိဿရဏဋ္ဌကိစ္စ။ နိဿရနဋ္ဌော - ထွက်မြောက်ကြောင်းဖြစ်၍ ကျေးဇူးပြုတာ။
ကိုယ့်ခန္ဓာထဲကပေါ်တဲ့ဝေဒနာလေးဟာ ကိုယ့် ဝေဒနာက္ခန္ဓာပဲ။ ကိုယ့်ဝေဒနာက္ခန္ဓာက ကျန်တဲ့ခန္ဓာလေးပါးကို နှိပ်စက်တယ်။ ဒါဆို နှိပ်စက်တတ်သောကြောင့် ဒုက္ခသစ္စာ (ပီဠနဋ္ဌ)။ သူနှိပ်စက်နေတာကို အဖန်ဖန်ကြည့်နေတာက မဂ္ဂသစ္စာ (ဘာဝေတဗ္ဗ)။ နှိပ်စက်နေတာကို မြင်နေသဖြင့် ကိလေသာတွေ မလာဘဲနဲ့ချုပ်နေတာက ပယ်ရမယ့် သမုဒယကို ပယ်နေတာ (ပဟာတဗ္ဗ)။ ပယ်နေတဲ့အချိန် ကိလေသာတွေ ချုပ်နေတာက တဏှာနိရောဓော နိဗ္ဗာနံ ပဲ (နိဿရဏဋ္ဌ)။ ဒီလို တစ်ပြိုင်နက် လေးကိစ္စပေါ်တာကို သိတဲ့ဉာဏ်သည် ကိစ္စဉာဏ်ပဲ။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.