ကိုယ့်ကိုယ်ကို တွေးပါ

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ကိုယ့်ကိုယ်ကို တွေးကြစမ်းပါလို့ မှာတော်မူတယ်။ ငါသည် ယခုအချိန်အိုနေပြီ၊ ငါသည် မုချ သေရတော့မှာပဲ ဆိုတာ တွေးပါတဲ့။ တွေးလိုက်တဲ့အခါကျတော့ ငါသည် အိုနေပြီ၊ အိုတယ်ဆိုတာ နာတာပဲ၊ နာတယ်ဆိုတာ သေမလို့ပဲလို့ သိလာတယ်။ ပဋိစ္စသမုပ္ပါဒ်ကြည့်လိုက်ရင်လည်း အိုတာ သေတာတွေ့ရတာပဲ။ ဇရာဆိုတာ အိုတာ၊ မရဏဆိုတာက သေတာ။ ဒို့မှာ အိုသေတွေသာ ရှိတယ်၊ အိုသည်၏အခြားမဲ့၌ သေမှာ မလွဲတော့ဘူး။ အိုသေဟာ ဘယ်ကလာပါလိမ့်မလဲလို့ ပဋိစ္စသမုပ္ပါဒ်နဲ့ ကြည့်လိုက်တော့ အိုသေဟာ ဇရာ မရဏပဲ။ ဒါဖြင့် အိုသေဟာ ဇာတိကလာတာပဲဆိုတာ ပေါ်လာတယ်။ ခဏခဏ အို၊ ခဏခဏသေ၊ ဘဝများစွာ အိုရ နာရ သေရ (၄)နံပါတ် ဇရာမရဏအကွက်မှာ တွေ့ရတယ်။ ဒီအိုသေဟာ ဘယ်ကလာပါလိမ့်မလဲဆိုတော့ စက်ဝိုင်းထဲမှာ နောက်ဆုတ်တွေးလိုက်ရင် ဇာတိကလာတာ။ ဇာတိရှိမှတော့ အိုသေဟာ ပြေးလို့မလွတ်တော့ဘူး။ ဒါဟာ ဒုက္ခသစ္စာပဲ။ အိုသေဟာ အကြောင်းမဲ့ပေါ်တာလား၊ အကြောင်းရှိလို့ပေါ်တာလားဆိုတာ တွေးပါလို့ ဘုရားရှင်က မှာတော်မူတယ်။ စက်ဝိုင်း (၄)နံပါတ်ကိုကြည့်လိုက်တော့ ဇာတိကလာတာ ဆိုတာပေါ်လာတယ်။ ဥပပတ္တိဘဝဆိုတာလည်း ဇာတိပါပဲ။ ပဋိသန္ဓေရှိလို့ အိုသေရှိလာတယ်။ ဒီလို တွေးလိုက်တဲ့အခါကျတော့ အကြောင်းပေါ်လာတယ်။ အိုသေဟာ ဇာတိ ပဋိသန္ဓေကလာတယ်ဆိုတာ ပေါ်လာပြီ။ ဒါဖြင့် အိုသေသည် ဒုက္ခသစ္စာ၊ ဇာတိကြောင့် ဖြစ်ရတယ်ဆိုတော့ ဇာတိသည် သမုဒယသစ္စာ။ သူမရှိရင် ဇရာမရဏ ဖြစ်ကိုမဖြစ်ဘူး။ ဇာတိပဋိသန္ဓေနေမိလို့ ဇရာမရဏ တွေ့နေရတာပါ။ ပဋိသန္ဓေက အကြောင်း၊ အိုသေက အကျိုး။ ဒီလိုဝေဖန်လိုက်တော့ ဇရာမရဏက ဒုက္ခသစ္စာ၊ ဇာတိက သမုဒယသစ္စာ ဖြစ်သွားတယ်။ ကိုယ့်ခန္ဓာကို တွေးလိုက်တဲ့အခါကျတော့ သစ္စာနှစ်ပါး သိရပြီ။ အိုသေက ဒုက္ခသစ္စာ၊ ဇာတိက သမုဒယသစ္စာ။ ဒီသစ္စာနှစ်ခုချုပ်သွားမယ်ဆိုရင် နိရောဓသစ္စာ။ ဒီသစ္စာနှစ်ခု ချုပ်ကြောင်းအကျင့် ကျင့်မယ်ဆိုရင် မဂ္ဂသစ္စာ။ သစ္စာလေးပါး ပြည့်သွားပါတယ်။ ဒါ့အပြင် နောက်ဆုတ်တွေးလိုက်မယ်ဆိုရင် အိုသေဟာ ပဋိသန္ဓေနေခဲ့လို့။ ပဋိသန္ဓေ ဘယ်ကလာပါလိမ့်မလဲဆိုရင် ကမ္မဘ၀ အားထုတ်ခဲ့လို့။ ကံတွေ အားထုတ်ခဲ့လို့ ဇာတိ ရလာတာ။ ဒါဖြင့် လူဖြစ်ချင်တဲ့ကံ အားထုတ်ရင် လူဖြစ်မယ်။ နတ်ဖြစ်ချင်တဲ့ကံ အားထုတ်ရင် နတ်ဖြစ်မယ်၊ ဗြဟ္မာဖြစ်ချင်တဲ့ကံ အားထုတ်ရင် ဗြဟ္မာဖြစ်မယ်။ အပါယ်လေးပါး ရောက်စေတဲ့ကံ အားထုတ်ရင် အပါယ်လေးပါး ပဋိသန္ဓေဖြစ်မယ်။ ကမ္မဘဝကြောင့် ဇာတိလာတယ်။ ကမ္မဘဝက အကြောင်း၊ ဇာတိက အကျိုး။ ကမ္မဘဝက သမုဒယသစ္စာ၊ ဇာတိက ဒုက္ခသစ္စာ။ သူတို့ နှစ်ခုချုပ်သွားရင် နိရောဓသစ္စာ၊ သူတို့နှစ်ခု ချုပ်ကြောင်း အကျင့်ကိုကျင့်တာက မဂ္ဂသစ္စာ။ ဝိပဿနာအလုပ်သည် မဂ္ဂသစ္စာ မပါရင် မပြီးဘူး။ ကံတွေကလည်း ကြောက်စရာကောင်းပါတယ်တဲ့။ ဘာလို့ ကြောက်စရာကောင်းတာလဲဆိုရင် ဇာတိလုပ်လို့။ ကံက ဇာတိ ဒုက္ခသစ္စာ လုပ်လိုက်တယ်။ ကံကောင်း မျှော်ရင် ဇာတိဒုက္ခသစ္စာသာ ရမယ်။ ဒါကြောင့် ဘယ်ကံမျိုးမဆို ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကိုယ့်ဒုက္ခပေးမယ့်ကံချည်းပဲလို့ မှတ်ထားရမယ်။ ဘာဒုက္ခပေးမှာလဲဆိုရင်ဖြင့် ဇာတိဒုက္ခပေးမှာ။ ကမ္မဘဝပစ္စယာ ဇာတိ၊ ကံက ဇာတိဒုက္ခပဲ ပေးတယ်။ ဇာတိဒုက္ခဟာ ကံပေးလို့ရတာ။ ဒီကမ္မဘ၀ ဘယ်ကများလာပါလိမ့်မလဲလို့ နောက်ဆုတ် ထပ်တွေးလိုက်ရင် ဥပါဒါန်ကလာတယ်။ စွဲလမ်းမှု ဥပါဒါန်ကလာတယ်ဆိုတာ တွေ့ရတယ်။ စွဲလမ်းမှုကြောင့် ကံဖြစ်ရတယ်။ စွဲနေတာက ဥပါဒါန်၊ လုပ်တာက ကမ္မဘဝ။ ဒါဖြင့် ဘုံဘဝရောက်ကြောင်း ကံတွေဟာ ဒုက္ခသစ္စာ အကျိုးပေးတယ်။ ဘာလို့ကံတွေ အားထုတ်ကြတာလဲဆိုတော့ မရမက စွဲလမ်းလို့ အားထုတ်ခဲ့ကြတာ။ ဥပါဒါနပစ္စယာ ကမ္မဘဝေါ။ ကမ္မဘဝဖြစ်တယ်ဆိုတာ စေတနာကံတွေဖြစ်တာ။ ဒါဖြင့် ဥပါဒါန်က သမုဒယသစ္စာ၊ ကံက ဒုက္ခသစ္စာ၊ နှစ်ခုလုံးချုပ်တာက နိရောဓသစ္စာ၊ ချုပ်အောင် ကျင့်တဲ့အကျင့်က မဂ္ဂသစ္စာ။ ဒီလို သစ္စာလေးပါးစီ သိသိသွားရမယ်။ ဥပါဒါန်ကော ဘယ်ကလာပါလိမ့်မလဲဆိုတော့ တဏှာကလာတယ်။ ခင်မင်မှုတဏှာကြောင့် စွဲလမ်းမှုဥပါဒါန်ဖြစ်ရတယ်။ သားကလေးမွေးလာတယ်၊ ခင်တယ်၊ အနေကြာတော့ စွဲလမ်းလာတယ်။ တဏှာပစ္စယာ ဥပါဒါနံ။ တဏှာက သမုဒယသစ္စာ၊ ဥပါဒါန်က ဒုက္ခသစ္စာ၊ နှစ်ခုလုံးချုပ်တာက နိရောဓသစ္စာ၊ ချုပ်ကြောင်းအကျင့်က မဂ္ဂသစ္စာ။ ဒီတဏှာဘယ်ကလာပါလိမ့်မလဲလို့ နောက်ဆုတ်တွေးတော့ ဝေဒနာက လာတာတွေ့ရတယ်။ ချုပ်ပြောရရင် ဝေဒနာတို့ ဖဿတို့ သဠာယတနတို့ နာမ်ရုပ်တို့ ဝိညာဏ်တို့ဆိုတဲ့ ခန္ဓာငါးပါးက လာတယ်။ တဏှာဘယ်ကလာပါလိမ့်မလဲဆိုရင် ခန္ဓာငါးပါးကလာတယ်။ ပစ္စုပ္ပန်ခန္ဓာငါးပါးကြောင့် တဏှာဖြစ်ရတယ်။ ခန္ဓာငါးပါးစုပေါင်းနေတဲ့အတွက်ကြောင့် တဏှာဖြစ်ရတယ်။ နီးသောအကြောင်းကတော့ ဝေဒနာပေါ့။ ဒါပေမဲ့ ဖဿလည်းအကြောင်းပဲ၊ သဠာယတန၊ နာမ်ရုပ်၊ ဝိညာဏ်လည်း အကြောင်းပါပဲ။ ခန္ဓာငါးပါးရှိလို့ တဏှာလာတယ်လို့သာ မှတ်လိုက်ပါ။ တဏှာဟာ ခန္ဓာငါးပါးက ပေါက်ဖွားလာတာ။ ဒီတဏှာသည် အလိုလိုပေါ်တာမဟုတ်၊ ခန္ဓာထဲက ပေါက်ဖွားလာတာ။ ကိုယ်ခန္ဓာငါးပါးကို ခင်လို့ တဏှာပေါ်လာတာ။ ကိုယ့်ခန္ဓာ ကိုယ်ခင်တဲ့ တဏှာ၊ ကိုယ့်ဘဝလေး ကိုယ်ခင်တဲ့ တဏှာ။ ဒီတဏှာလာရင် ဥပါဒါန်၊ ကမ္မဘဝ၊ ဇာတိ ဇရာ မရဏတွေ မလွတ်တော့ဘူး။ ခန္ဓာငါးပါးကြောင့် တဏှာလာရတယ်ဆိုတာ ရှင်းပါပြီ။ ဘာကြောင့် ခန္ဓာငါးပါးကြောင့် တဏှာလာရပါဘိမ့်မလဲဆိုတော့ မသိလို့လာတာ။ ခန္ဓာငါးပါးကို ခန္ဓာငါးပါးမှန်းမသိဘူး။ မသိတော့ တဏှာ ဥပါဒါန် ကံတွေ ဇာတိ ဇရာမရဏတွေလာတယ်။ ဒါဖြင့် ခန္ဓာငါးပါးသည် တဏှာဖြစ်ကြောင်းဆိုတာ မှတ်ထားလိုက်။ ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက တဏှာသည် ဥပဓိကလာတယ်လို့ ဟောတော်မူတာ။ ဥပဓိဆိုတာ ခန္ဓာငါးပါးပဲ။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး