ကိစ္စဉာဏ် (သန္တာပဋ္ဌော)
ဒါဖြင့် ကိစ္စဉာဏ်ရဲ့ သင်္ခတဋ္ဌောတော့ နားလည်လောက်ပြီ။ အခု သန္တာပဋ္ဌော- သွားကြစို့။ သန္တာပဋ္ဌောဆိုတာ ပူလောင်တာ၊ ဒုက္ခသစ္စာကြီးရှိနေရင် အမြဲပူလောင်နေတာပဲ။ ကိလေသာမီးက ခန္ဓာကြီးကိုလောင်တာ။ ကိလေသာမီးလောင်တော့ အိပ်လို့မပျော် စားလို့်မဝင် တွေးလုံးတွေ၊ ဆွေးလုံးတွေနဲ့။ ဒီလို ကိလေသာမီးလောင်လို့ အပူဓာတ်တွေလောင်လို့ ဒီခန္ဓာကြီးက ဖောက်ပြန်နေတာ။ ဒါကြောင့် သန္တာပဋ္ဌော- ကလေသာမီး ဒုက္ခမီးတို့ဖြင့် ညီးညီးတောက်ပြောင် အမြဲလောင်ကျွမ်း၍ နေတာကိုလည်း မြင်ရမယ်။ ကိလေသာမီးကလည်း ဒီခန္ဓာကိုပဲ လောင်တယ်။ ကာယိကဒုက္ခ စေတသိကဒုက္ခမီးတွေကလည်း ဒီခန္ဓာကိုပဲ လောင်နေတာ။ ဉာဏ်မျက်လုံးတပ်ပြီးကြည့်လိုက်တော့ ဟိုနေရာက နာ၊ ဒီနေရာကနာတာလည်း ဒုက္ခမီးလောင်တာပဲ။ တစ်ခုခုပြောမယ်ကြံနေရင် မေ့နေလို့ ပြောမထွက်တာလည်း ကိလေသာမီးလောင်နေတာ။ အဝိဇ္ဇာကိလေသာမီးက ပြောမယ့်စကားလေး လောင်ပစ်လိုက်တော့ ပြောမယ့်ဟာ ထွက်မလာတော့ဘူး။ စိတ်လောင်တော့လည်း ရုပ်ပါလောင်တာပဲ။ စိတ်နဲ့ရုပ်ဟာ တွဲလျက်ပဲ။ ဒါဖြင့် ကိလေသာမီးက စိတ်ကိုလည်း လောင်တယ်၊ ရုပ်ကိုလည်း လောင်တယ်။ ရုပ်ကိုလောင်တယ်ဆိုတာ သိသာပါတယ်။ အရှေ့သွားမယ့်ဟာ မေ့ပြီး အနောက်ဘက်လျှောက်ချင်လျှောက်သွားမိတယ်။ လောင်ပစ်လိုက်တာ ပြောင်းပြန်သွားတဲ့ရုပ်ဖြစ်သွားတယ်။ ဒါကြောင့်သန္တာပဋ္ဌော - ကိလေသာမီး ဒုက္ခမီးတို့ဖြင့် ညီးညီးတောက်ပြောင် အမြဲအလောင်ခံနေရတဲ့ ခန္ဓာကြီးပါပဲ။ ဒုက္ခမီးဆိုပေမယ့် သုခမီးကလည်း လောင်တာပဲ။ သုခကိုယ်တိုင်က ပျက်သွားတော့ ဒုက္ခလေ။ ဒါကြောင့် သုခမီးကလည်း အေးအေးနဲ့ လောင်တယ်။ ဒုက္ခမီးကတော့ ပူပူနဲ့လောင်တယ်။ မောဟမီးကတော့ အားလုံးကို အကုန်မေ့သွားအောင် သတိမရအောင်လောင်ပစ်တယ်။ ဒါဖြင့် ခန္ဓာကြီးဟာ မီးလောင်ခြင်းကိစ္စရှိတယ်။ ဒါကြောင့် ဒုက္ခသစ္စာပဲ။
ကိလေသာမီးလောင်တဲ့အခါ ဟိုပြေးရမလို ဒီပြေးရမလို၊ ဟိုလည်းစိတ်မချ ဒီလည်းစိတ်မချနဲ့ ပျာယာခတ်နေတာ၊ ယောက်ယက်ခတ်နေတာ။ အိပ်လို့လည်းမပျော် စားလို့ကလည်း မဝင်နဲ့ ကိလေသာမီးလောင်ခံရတဲ့ကိစ္စဟာ အင်မတန်အရုပ်ဆိုးပါတယ်။ ဘာပြောလိုက်ရကောင်းမလဲ၊ ဘယ်လိုလုပ်လိုက်ရကောင်းမလဲ၊ ဖုန်းဆက်လိုက်ရကောင်းမလား၊ သွားတွေ့လိုက်တာပဲ ကောင်းမလား နဲ့ ဂဏာမငြိမ်တော့တာ ကိလေသာမီးတွေလောင်နေတာ။ ဒါဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်ထဲမှာ အလောင်ခံခြင်းကိစ္စရှိတယ်။ အလောင်ခံခြင်းကိစ္စရှိတာကို ဝိပဿနာရှုလိုက်တော့ စိတ်ကလေးတစ်ခု ပျောက်သွားရင် လောင်လို့ပျောက်သွားတယ်၊ ရုပ်ကလေးတစ်ခုပျောက်သွားရင်လည်း လောင်လို့ပျောက်သွားတယ်၊ ပျောက်တိုင်းပျောက်တိုင်း လောင်ခြင်းကိစ္စကြောင့် လောင်လို့ပျောက်သွားပြီလို့သာ ရှုလိုက်ပါ။ ကိစ္စဉာဏ်ပဲ။
ကိစ္စဉာဏ်မပါဘဲ ကတဉာဏ်အဆင့်ကိုမရောက်နိုင်ဘူး။ မီးလောင်ခံနေရတဲ့ကိစ္စကြီးကို ဉာဏ်နဲ့ မှန်မှန်သိမှ မီးလောင်တာသည် ဒုက္ခအစစ်ပဲလို့ ပိုင်ပိုင်နိုင်နိုင်သိတော့ တကယ့်အဆိုးဆုံးဒုက္ခပဲလို့ဉာဏ်ထဲမှာ ရင့်လာရင် မီးလောင်တဲ့ကိစ္စ ရုပ်သိမ်းသွားတယ်။ ရုပ်သိမ်းသွားတော့ လောင်စာသိမ်း မီးလည်း ငြိမ်းတာ မြင်သွားတယ်။ ကိုယ့်ခန္ဓာမှာ လောင်စာလည်းသိမ်း မီးလည်းငြိမ်းတာကို သွားမြင်တယ်။ လောင်စာသိမ်းတာက ရုပ်ရှုရင် ရုပ်ချုပ်တာ၊ နာမ်ရှုရင် နာမ်ချုပ်တာ။ မီးသိမ်းတာက နောက်ကမဂ္ဂသစ္စာ၊ ဒိဋ္ဌိ ဝိစိကိစ္ဆာဆိုတဲ့ မီးတွေ သိမ်းပစ်တာ။ ရှေ့မှာ ဖြစ်ပျက်ဒုက္ခတွေ မတွေ့တာက လောင်စာသိမ်းတာ။ နောက်က တဏှာဒိဋ္ဌိမလာတာက ကိလေသာငြိမ်းတာ။ မီးသိမ်းတာ၊ မီးငြိမ်းတာ။ ဘယ်ဉာဏ်ရောက်မှ လောင်စာသိမ်း၍ မီးငြိမ်းပါမလဲဆိုရင် ကတဉာဏ်ရောက်မှ။ လောင်စာနဲ့ မီး လောင်နေတာကို မြင်တဲ့ဉာဏ်က ကိစ္စဉာဏ်။ သို့သော်လည်း သူသည် တဏှာ ဒိဋ္ဌိတွေကိုတော့ သတ်ပါတယ်။ သူရင့်လာလို့ရှိရင် ဒီအဖြစ်မျိုး မကြုံချင်တဲ့အဆင့်အထိရင့်ကျက်လာလို့ရှိရင် ကိစ္စဉာဏ်ရင့်လာတာ။ ရင့်လည်းရင့် ရှုဖန်လည်းများလာရင်တော့ ဖြစ်ပျက် လောင်စာလည်း ရှာမတွေ့၊ နောက်က ဒိဋ္ဌိ ဝိစိကိစ္ဆာလည်း ငြိမ်းသွားတယ်။ ဒီအချိန်မှာ ကိုယ့်သန္တာန်မှာ လောင်စာသိမ်း၍ ကိုယ့်ကိလေသာမီးလည်း ငြိမ်းသွားတယ်။ ကတဉာဏ်ကနေ ဖြတ်လိုက်တာ။ ရှေ့ပိုင်းက လောင်စာလည်း သိမ်း၊ နောက်ပိုင်းက မီးလည်း ငြိမ်း၊ ကိန်းရာဌာန နိဗ္ဗာန်ကြီးကိုလည်း မြင်ရတယ်။ နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်မလဲဆိုရင် လောင်စာသိမ်း၍ မီးငြိမ်းတာ။
ဒါဖြင့် ဒီနိဗ္ဗာန်ကိုလည်း ကိစ္စဉာဏ်မှမရဘဲနဲ့ လိုချင်လို့ မရဘူး။ ဒီတော့ ဖြစ်ပျက်ရှုနေတာဟာ ကိစ္စဉာဏ်လုပ်နေတာလို့ မှတ်ထားလိုက်။ တစ်နေ့လည်း ဖြစ်ပျက်၊ တစ်နေ့လည်း ဖြစ်ပျက်နဲ့ ဖြစ်ပျက်ပဲ မြင်နေတာပဲ။ ဒီဖြစ်ပျက်ကလည်း ဉာဏ်အောက်က မပျောက်သေးဘူးဆိုရင်တော့ ကိစ္စဉာဏ်မရင့်သေးဘူး။ မြင်ဖန်များလာရင် လောင်စာသိမ်း မီးငြိမ်းချင်တဲ့စိတ်ဟာ ပေါ်လာတယ်။ လောင်စာနဲ့ မီး ငြိမ်းချင်တဲ့သဘောလေးလည်း ပေါ်လာရော၊ ဖျပ်ဆို ဖြစ်ပျက် ချုပ်တာပဲ။ ဖြစ်ပျက်ချုပ်သွားတာကို သူမြင်လိုက်တယ်။ ရှုတဲ့ဉာဏ်က အစဉ်အတိုင်းမြင်တယ်။ အဲဒီမြင်တဲ့ဉာဏ်က ကတဉာဏ်။ မီးလောင်နေတာမြင်တဲ့ဉာဏ်က ကိစ္စဉာဏ်။ လောင်စာသိမ်း၍ မီးငြိမ်းတာမြင်တဲ့ဉာဏ်က ကတဉာဏ်။ ဒါဖြင့် ဖြစ်ပျက်မြင်တာသည် ကိစ္စဉာဏ်၊ ဖြစ်ပျက်ဆုံးသွားတာ မြင်တာသည် ကတဉာဏ်။ ကိစ္စဉာဏ် ရှေ့သွားရှိမှ ကတဉာဏ် နောက်က လိုက်မယ်။ ကိစ္စဉာဏ်ရရင် ကတဉာဏ်နဲ့ မြင်ရတဲ့ နိဗ္ဗာန်သည် အနီးကလေးပဲတဲ့။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.