ဉာဏ်သုံးဉာဏ်

ဉာဏ်သုံးဉာဏ်ဆိုတာ သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ်တို့ပါပဲ။ အရင်ကလည်း ပြောပြီးပါပြီ။ ဒီတစ်ခါ အကျယ်ထပ်ပြောမယ်။ သစ္စဉာဏ်ဆိုတာ အောက်တန်းဉာဏ်။ ကိစ္စဉာဏ်ဆိုတာ အလတ်စားဉာဏ်။ ကတဉာဏ်ဆိုတာ မြတ်ဆုံးဉာဏ်လို့ မှတ်ရမယ်။ သစ္စဉာဏ်ဆိုတာ သစ္စာသိဖို့ဉာဏ်။ ကိစ္စဉာဏ်ဆိုတာက သူ့ကိုပိုင်းခြားသိရမယ်၊ သူ့ကိုပယ်ရမယ်၊ သူ့ကို မျက်မှောက်ပြုရမယ်၊ သူ့ကိုပွားများရမယ်လို့ သိတဲ့ဉာဏ်။ ကတဉာဏ်ဆိုတာက ပိုင်းခြား၍လည်း သိပြီးပြီ၊ ပယ်လည်းပယ်ပြီးပြီ၊ မျက်မှောက်လည်း ပြုပြီးပြီ၊ ပွါးလည်းပွားပြီးပြီလို့ သိတဲ့ဉာဏ်။ ပိုနားလည်အောင်ပြောရမယ်ဆိုရင် သစ္စဉာဏ်ဆိုတာ ခန္ဓာကိုယ် ဉာဏ်စိုက်ကြည့်လိုက်တဲ့အခါ ရုပ်တွေ ဝေဒနာတွေ စိတ်တွေ ပေါ်တာ တွေ့ရမယ်။ ဒီပေါ်တဲ့အထဲ လောဘမှတစ်ပါး ဘယ်စိတ်ပေါ်နေနေ ပေါ်သရွေ့သည် ဒုက္ခသစ္စာပဲလို့ သိနေရမယ်။ ဒါဟာ သစ္စာသိတာပဲ။ ကိစ္စဉာဏ်နဲ့ သစ္စာသိတာမဟုတ်သေးဘူး၊ သစ္စဉာဏ်နဲ့ သစ္စာသိတာပဲ ရှိသေးတယ်။ သစ္စဉာဏ်နဲ့ အသိလေးချက်ပြည့်အောင် သိရမှာ။ ဥပမာ ခန္ဓာထဲမှာ ရုပ်တွေပေါ်တယ်။ ပူတဲ့အေးတဲ့ရုပ်တွေ၊ တောင့်တဲ့တင်းတဲ့ရုပ်တွေ၊ လှုပ်တဲ့ငြိမ်တဲ့ရုပ်တွေပေါ်ရင် ဒုက္ခသစ္စာပဲလို့သိရမယ်။ အိပ်ချင်တဲ့စိတ်၊ သွားချင်လာချင်တဲ့စိတ်၊ ပြောချင်ဆိုချင်တဲ့စိတ်တွေပေါ်ရင်လည်း ဒုက္ခသစ္စာပဲလို့ သိပေးရမယ်။ အဖြစ် အပျက်တွေ မထည့်နဲ့ဦး။ ဒုက္ခသစ္စာတွေပဲလို့ ပေါ်တိုင်းပေါ်တိုင်း သိနေရင် ဒုက္ခသစ္စာသိတဲ့ သစ္စဉာဏ်ပဲ။ ထမင်းဆာတယ်၊ ရေဆာတယ်ဆိုပါစို့၊ စားချင်တဲ့ တဏှာ၊ သောက်ချင်တဲ့ တဏှာလေး လာတယ်။ သူလာလို့ရှိရင်လည်း သမုဒယသစ္စာလေးပေါ်လာတယ်လို့ ဖမ်းယူလိုက်။ သူလာတုန်းသိလိုက်တာ သစ္စဉာဏ်ပဲ။ သမုဒယသစ္စာသိတဲ့ သစ္စဉာဏ်။ အမြဲလာနေတာမဟုတ်ဘူး၊ ရံခါ အကြောင်းတိုက်ဆိုင်မှလာတာ။ လာရင် လာတုန်းသိအောင်လုပ် မိအောင်ဖမ်း။ သမုဒယသစ္စာသိမယ်။ သမုဒယသစ္စာဟာလည်း ချုပ်သွားတော့ တဏှာနိရောဓော နိဗ္ဗာနံ- တဏှာချုပ်ရင်နိဗ္ဗာန်ပဲ။ တဏှာလေးမရှိတာ မရှိမှန်းသိလိုက်တဲ့အခါကျတော့ တဏှာချုပ်တာ နိဗ္ဗာန်ပဲလို့ နိရောဓသစ္စာသိလိုက်တယ်။ တကယ်ပွားမြားမှုနဲ့ သိတာမဟုတ်သေးဘူး၊ သစ္စဉာဏ်နဲ့သိတာ။ တဏှာလေးချုပ်သွားတော့ ခန္ဓာထဲ တဏှာလောဘလေး အခုမရှိတော့ဘူးလို့ သိတဲ့ဉာဏ်လေးဟာ နိရောဓသစ္စာသိတဲ့ ဉာဏ်။ ရုပ်နာမ်ဓမ္မတွေအပေါ်မှာ ကြံလုံး စည်လုံး မြင်လုံးလေးတွေရလာတော့ အခုပေါ်တဲ့ ဉာဏ်လေးတွေဟာ မဂ္ဂသစ္စာပဲ၊ ဉာဏ်လေး ပေါ်လာတိုင်း ပေါ်လာတိုင်း ဒါမဂ္ဂသစ္စာပဲလို့ သိပေးတာဟာ မဂ္ဂသစ္စာသိတဲ့ သစ္စဉာဏ်။ အသိလေးချက်ပြည့်သွားပြီ။ ဒါဟာ သာမညသိပဲ။ ဒုက္ခပေါ်လို့ ဒုက္ခသိ၊ သမုဒယပေါ်လို့ သမုဒယသိ၊ သမုဒယချုပ်လို့ နိရောဓသိ၊ သမုဒယ ချုပ်ကြောင်းဉာဏ်ပေါ်လို့ သိ။ နည်းရလို့ ရှုလိုက်ရင် ဉာဏ်ကလေးပေါ်လာတော့ ဒီဉာဏ်လေးဟာ မဂ္ဂသစ္စာလေးပေါ်တာပဲလို့ ကိုယ်တိုင်သိလိုက်တော့ မဂ္ဂသစ္စာသိတဲ့ သစ္စဉာဏ်ဖြစ်တယ် (ဧတ္ထ ဣဒံ ဒုက္ခံ၊ ဣဒံ ဒုက္ခသမုဒယံ၊ ဣဒံ ဒုက္ခနိရောဓံ၊ ဣဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ဉာဏံ သစ္စဉာဏံနာမ - ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ)။ လေးပါးစလုံး အလှည့်ကျနဲ့ ပေါ်လာတာ။ ဒါက ဒုက္ခ၊ ဒါက အခုပေါ်တဲ့ သမုဒယ၊ အခုချုပ်သွားတာက နိရောဓ၊ ဒါကလေး သိလိုက်တာက မဂ္ဂ။ ဒါဟာ သိတဲ့ ဉာဏ်ပဲရှိသေးတယ်။ ပေါ်တိုင်းပေါ်တိုင်း သိလိုက်တဲ့ဉာဏ်ကလေးဖြစ်လို့ သစ္စဉာဏ်လို့ခေါ်တယ်။ ပေါ်တိုင်းပေါ်တိုင်း ဒုက္ခတွေပေါ်လာလည်း ဒုက္ခတွေပဲလို့ သိလိုက်တယ်။ သမုဒယပေါ်လည်း သမုဒယသစ္စာပဲလို့ သိလိုက်တယ်။ သမုဒယလေးချုပ်သွားတော့လည်း ဒါ နိရောဓပဲလို့သိလိုက်တယ်။ နိဗ္ဗာန်ဆိုတဲ့ နိရောဓဟာ သမုဒယတဏှာ လောဘလေး ချုပ်သွားတာပဲလို့ သိလိုက်တဲ့ အသိလေးကျတော့ မဂ္ဂသစ္စာကို သိလိုက်တယ်။ ဒီလို လေးပါးလုံးကို သိတဲ့အခါကျရင် ဒီလိုသိတဲ့ဉာဏ်ကို သစ္စဉာဏ်လို့ခေါ်တယ်။ ဒါဟာ သစ္စဉာဏ်ရဲ့ အစိတ်အစိတ် သိပုံပဲ။ အရင်က အပေါင်းသိပုံလောက်ပဲ ပြောခဲ့တယ်။ ခန္ဓာထဲမှာ ရုပ်ပေါ်လာလာ နာမ်ပေါ်လာလာ ဒုက္ခသစ္စာပေါ်လာတယ်လို့ နှလုံးသွင်းလိုက်။ လောဘတဏှာပေါ်လာရင်တော့ သမုဒယသစ္စာပေါ်လာတယ်လို့ နှလုံးသွင်းလိုက်။ လောဘလေး ချုပ်သွားပြန်တော့လည်း ဒါနိရောဓသစ္စာပေါ်လာတာပဲလို့ နှလုံးသွင်းလိုက်။ ချုပ်သွားတာကို သိတာလေးက မဂ္ဂသစ္စာလေး ပေါ်တာပဲလို့နှလုံးသွင်းလိုက်။ ဒါဖြင့် ခန္ဓာထဲ ပေါ်တိုင်းပေါ်တိုင်း ဤကား ဒုက္ခ၊ ဤကား သမုဒယ၊ ဤကား နိရောဓ၊ ဤကား မဂ္ဂလို့ သိတာသည် သစ္စဉာဏ်ပဲ။ ဒီဉာဏ်သည် အောက်တန်းဉာဏ်ပဲရှိသေးတယ်။ ဖြစ်ပျက်ရှုတော့ ဖြစ်ပျက်တာလေး မြင်ရင် ဖြစ်ပျက်က ဒုက္ခသစ္စာ၊ မြင်တာက မဂ္ဂသစ္စာ၊ မဂ္ဂသစ္စာလာလို့ သေသွားတဲ့တဏှာက သမုဒယသစ္စာ၊ သူသေတဲ့အခါကျတော့ နောက်ဒုက္ခခန္ဓာတွေမလာတာက နိရောဓသစ္စာ။ ဒီလိုလေးသိတဲ့ ဉာဏ်ဟာ သစ္စဉာဏ်ပဲ။ အာဠာရတို့ ဥဒကတို့မှာ ဒီသစ္စဉာဏ်လေးတောင် ရမသွားကြရှာဘူး။ ကမ္ဘာရှစ်သောင်း လေးထောင် ဒုက္ခသစ္စာနဲ့ နေသွားကြရရှာတယ်။ ဘုရားရှင်က ဟောလိုက်ရင် တစ်ချက်တည်းနဲ့ သိနိုင်တဲ့ တိဟိတ်ဈာန်ရပုဂ္ဂိုလ်တွေပဲ။ အသေဦးသွားလို့ သစ္စဉာဏ်လောက်တောင် ရမသွားကြဘဲ အရှုံးကြီး ရှုံးသွားကြရှာတယ်။ မရေတွက်နိုင်လောက်အောင် နစ်နာသွားကြရှာတယ်။ ကမ္ဘာရှစ်သောင်းလေးထောင်ပြီးရင်လည်း သူတို့ ရောက်ချင်ရာရောက်ဦးမယ်။ နောက်ဘုရားတွေ ပွင့်သော်လည်း သူတို့က အပါယ်ဘုံမှာ ဖြစ်နေမယ်။ တိရစ္ဆာန်ဖြစ်နေမယ်။ ပစ္စန္တရာဇ်ရောက်နေမယ်ဆိုရင် ဘုရားနဲ့ မတွေ့နိုင်တော့ဘူး။ လွဲဖို့ရာနဲ့ ကြုံဖို့ရာ လွဲဖို့ရာကပဲ များနေတယ်။ လွဲဖို့များနေတော့ ဒုက္ခဝဋ်က ကျွတ်ဖို့ မလွယ်တော့ဘူး။ ဒါဖြင့် ဒီလိုမလွဲရအောင် ခန္ဓာထဲမှာပေါ်လာသရွေ့ လောဘမှတစ်ပါး ကျန်တဲ့ရုပ်တွေ ဝေဒနာတွေ သညာတွေ စိတ်တွေ ပေါ်လာရင် ဒုက္ခသစ္စာလို့နှလုံးသွင်းလိုက်။ ဒုက္ခသစ္စာပေါ်လို့ ဒုက္ခသစ္စာသိတာ သစ္စဉာဏ်ပဲ။ စားချင်သောက်ချင်စိတ် စသည့်တဏှာလောဘလေးပေါ်လာတော့ သမုဒယသစ္စာလေး ပေါ်တယ်လို့နှလုံးသွင်းလိုက်၊ သမုဒယသစ္စာပေါ်လို့ သမုဒယသစ္စာသိတာ သစ္စဉာဏ်ပဲ။ ဝိပဿနာရှုတဲ့အဆင့်မဟုတ်သေးဘူး။ ပေါ်လို့ သိနေတာပဲရှိသေးတာ။ လောဘလေးချုပ်သွားတော့ လောဘတဏှာချုပ်တာ နိဗ္ဗာန်ခေါ်တဲ့ နိရောဓသစ္စာပေါ်တာပဲလို့ နှလုံးသွင်းလိုက်။ နိရောဓသစ္စာပေါ်လို့ နိရောဓသစ္စာသိတာ သစ္စဉာဏ်ပဲ။ မှန်းဆပြီးသိတာပဲ ရှိသေးတာ။ တကယ်မြင်တဲ့အဆင့်မရောက်သေးဘူး။ တကယ်မြင်တဲ့အဆင့်က ကတဉာဏ်ကျမှ ရောက်မှာ။ ပေါ်တိုင်းပေါ်တိုင်း ဒုက္ခပေါ်လည်းသိ၊ သမုဒယပေါ်လည်းသိ၊ ဒုက္ခချုပ်သွားတာလည်းသိ၊ ဒီလိုသိတဲ့ သိဉာဏ်လေးက မဂ္ဂသစ္စာပဲလို့ နှလုံးသွင်းလိုက်။ မဂ္ဂသစ္စာပေါ်လို့ မဂ္ဂသစ္စာသိတာ သစ္စဉာဏ်ပဲ။ လေးခုစလုံးပေါ်တိုင်း သိနေတာကို သစ္စဉာဏ်လို့ခေါ်တယ်။ အရှင်ကောဏ္ဍညဟာ ဒီလို ထူးထူးခြားခြားသိတာ။ ပေါ်တိုင်းပေါ်တိုင်း ဒုက္ခပေါ် ဒုက္ခသိ၊ သမုဒယပေါ် သမုဒယသိ၊ သမုဒယချုပ်ရင် ချုပ်တယ်လို့သိ၊ သိလုံးလေးကိုတော့ မဂ္ဂသစ္စာလို့သိ။ ဒီလိုသိတဲ့ဉာဏ်ကို သစ္စဉာဏ်လို့ မှတ်လိုက်ပါ။ ဒီလိုသိတဲ့ဉာဏ်လေးမှ မပေါ်ဘဲနဲ့သေသွားရင်တော့ သစ္စာမသိဘဲနဲ့ သေသွားတာပဲ။ သစ္စာမသိဘဲနဲ့ သေသွားတော့ အဝိဇ္ဇာ ဒုက္ခေ အဉာဏံ- အဝိဇ္ဇာနဲ့ သေသွားတာ။ အဝိဇ္ဇာနဲ့သေသွားရင် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ- သူ့လမ်းအတိုင်းသွားလိမ့်မယ်။ သွားတော့ အဆုံးမှာ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ- ဒုက္ခတုံးဒုက္ခခဲကြီးနဲ့ တွေ့ရတော့မယ်။ ဒါဟာ သစ္စာမသိဘဲသေတဲ့သူရဲ့ ကိုယ်ပိုင်ပစ္စည်းတွေ ဖြစ်သွားတယ်။ သစ္စာမသိတော့ ကန်းတာပဲ။ ဒါဖြင့် အကန်းသေ သေသွားတာ။ ဒါကြောင့် ဘုရားရှင်က မဟာဇာနိယောဝတ- ရှုံးပြီလို့ ညည်းတော်မူတာ။ သေလည်းသေရသေး ကန်းလည်းကန်း ရှုံးလည်းရှုံးရရှာတယ်။ ဒီလို သစ္စာမသိဘဲ သေရတဲ့အဖြစ်ဟာ တော်တော်နစ်နာတယ်ဆိုတာ ပေါ်လောက်ပါပြီ။ ပေါ်တိုင်း ပေါ်တိုင်း တရားတွေကို သစ္စာအဖြစ် သိတဲ့ဉာဏ်ကို သစ္စဉာဏ်လို့မှတ်လိုက်ပါ။ ကိစ္စဉာဏ်ဆိုတာ ခန္ဓာထဲမှာ ရုပ်ကလေးတစ်ခုဖြစ်စေ၊ စိတ်ကလေးတစ်ခုဖြစ်စေ ပေါ်လာတယ်။ ပေါ်လာတဲ့အခါ ဒီတရားလေးဟာ ဖြစ်လည်းဖြစ်တယ်၊ ပျက်လည်းပျက်တယ်လို့ နှစ်ခုသိရမယ်။ ဖြစ်လည်းဖြစ်တယ်၊ ပျက်လည်းပျက်တယ်လို့သိတော့ အဖြစ်အပျက်မှတစ်ပါး ဒုက္ခမရှိပါလားဆိုတာပေါ်လာတယ်။ ဖြစ်ပျက်ကို ပိုင်ပိုင်နိုင်နိုင် ဒုက္ခပဲလို့သိတာကို ကိစ္စဉာဏ်လို့ခေါ်တယ်။ ဖြစ်ပျက်ဟာ ဘာမှမရောဘူး၊ ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲ။ ဘယ်တရားလာလာ ဒုက္ခဖြစ်၍ ဒုက္ခပျက်တာပဲလို့ ပိုင်ပိုင်နိုင်နိုင်သိတာသည် ပရိညေယျနဲ့သိတာ၊ ပိုင်းခြားသိတာ။ ဒါဖြင့် ခန္ဓာမှာ ဝေဒနာလေးပေါ်တော့ ဖြစ်တာလည်း ဒုက္ခ၊ ပျက်တာလည်း ဒုက္ခ။ ဒုက္ခမှတစ်ပါး ခန္ဓာထဲ ပေါ်စရာမရှိပါလားလို့ သိတာဟာ ကိစ္စဉာဏ်ပါပဲ။ ခန္ဓာမှာ ဒုက္ခကိစ္စပဲရှိတာမို့ ဒုက္ခကိစ္စ အကုန်သိတာ။ ခန္ဓာက ဒုက္ခကိစ္စကို ပြတယ်၊ ဓမ္မကပြတာ။ ဒီကိစ္စရှိတာကို ဒီကိစ္စရှိတယ်လို့ သိလိုက်တဲ့ဉာဏ်က ကိစ္စဉာဏ်။ ဒါဖြင့် ကိစ္စကတစ်ခြား၊ သိတဲ့ဉာဏ်က တစ်ခြား။ ဖြစ်မှုကိစ္စ ပျက်မှုကိစ္စက ဒုက္ခသစ္စာ။ ဒီကိစ္စမှတစ်ပါး ဘာကိစ္စမှမရှိဘူးလို့ သိတာက ဉာဏ်။ ဖြစ်မှုကိစ္စ ပျက်မှုကိစ္စက ရှုစရာ အာရုံ၊ အရှုခံပဲ။ အဲဒီကိစ္စကို ဉာဏ်နဲ့ဝေဖန်လိုက်တဲ့အခါ ဒီကိစ္စနှစ်ခုမှတစ်ပါး ဘာမှမရှိဘူးလို့ ပိုင်ပိုင်နိုင်နိုင်သိတာက ကိစ္စဉာဏ်ပါပဲ။ ကိစ္စဉာဏ်ဟာ အလုပ်စခန်းလို့လည်း မှတ်ထားလိုက်ပါ။ သစ္စဉာဏ်က သညာသိ။ ကိစ္စဉာဏ်က ပိုင်ပိုင်နိုင်နိုင်သိ၊ ပိုင်းပိုင်းခြားခြားသိတာ။ ခန္ဓာမှာ ဘာလေး ပေါ်လာပေါ်လာ ဖြစ်တာလည်း ဒုက္ခ၊ ပျက်တာလည်း ဒုက္ခ။ ခန္ဓာထဲပေါ်သရွေ့ ဒုက္ခမှတစ်ပါး အခြားမပေါ်ဘူးလို့ ဉာဏ်ထဲမှာ ဆုံးဖြတ်ချက်ချလိုက်တာ ကိစ္စဉာဏ်။ ဒုက္ခချည်းပေါ်တယ်လို့ပြောတော့ ခန္ဓာက ဒုက္ခ။ ခန္ဓာက သူ့ကိစ္စသူပြောနေတာ။ ရှုပွားလိုက်တော့ ခန္ဓာ့ကိစ္စက ဒါပဲလို့ဆိုတဲ့အသိဝင်လာတယ်။ ခန္ဓာမှာရှိတာက ကိစ္စ၊ အဲဒီအရှိကိုသိတာက ဉာဏ်။ ပေါင်းလိုက်တော့ ကိစ္စဉာဏ်။ ဝိပဿနာရှုနေတယ်ဆိုတာ ကိစ္စဉာဏ်တွေလုပ်နေတယ်လို့ နားလည်လိုက်ပါ။ ဝေဒနာပေါ်ရင် ဒုက္ခကိစ္စ၊ သညာပေါ်ရင် ဒုက္ခကိစ္စ၊ စိတ်ကလေးပေါ်ရင် ဒုက္ခကိစ္စ။ ဒါဖြင့် ဒုက္ခရောက်ဖို့ကိစ္စက သူ့အလုပ်ပဲ။ ဒုက္ခရောက်တဲ့ကိစ္စကို ဉာဏ်လှည့်လိုက်မိတဲ့အခါကျတော့ ကိစ္စနဲ့ဉာဏ်နဲ့ပေါင်း၊ ကိစ္စဉာဏ်ဖြစ်သွားတယ်။ ခန္ဓာက သူ့ကိစ္စသူဆောင်ရွက်နေတာပဲ၊ ဒါပေမဲ့ ကိုယ်က ဉာဏ်မလှည့်မိလို့ရှိရင် ဉာဏ်နဲ့မတွဲမိလို့ရှိရင် ကိစ္စသာဖြစ်၍ ဉာဏ်မရလိုက်ဘူး။ ဒါဖြင့် ကိစ္စနဲ့ဉာဏ်နဲ့မခွဲဘဲ တွဲဖြစ်အောင် ကြိုးစားလိုက်ပါ။ ကိစ္စဉာဏ်ရပါလိမ့်မယ်။ ခန္ဓာရဲ့ပင်ကိုယ်က သစ္စဉာဏ်နဲ့ ဒုက္ခတွေချည်းပဲလို့သိထားတယ်။ သူကထွက်လာတဲ့ကိစ္စကလည်း ဒုက္ခကိစ္စတွေပဲ လာမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။ ဒုက္ခသစ္စာထဲက ပေါ်လာတာမှန်သမျှ ဒုက္ခပဲ ဖြစ်မှာပဲ။ ဒုက္ခက ဒုက္ခကိစ္စပြတယ်၊ သူ့ဘက် ဉာဏ်လှည့်လိုက်တော့ သူ့ကိစ္စကို ကိုယ်တိုင်သိတယ်။ ပေါင်းလိုက်ရင် ကိစ္စဉာဏ်ပေါ့။ ဒါဖြင့် ဝိပဿနာလုပ်တယ်ဆိုတာ ဟောဒီ ကိစ္စဉာဏ်ဖြစ်အောင်လုပ်နေတာပါပဲ။ ကိစ္စဉာဏ်ကိုသာ ပွါးများအားထုတ်ပါ၊ ကတဉာဏ်ဆိုတာ အလိုလိုပေါ်လာလိမ့်မယ်။ ကတဉာဏ်ပေါ်ရင် မဂ္ဂင်ရှစ်ပါးပြည့်လို့ မဂ်အစစ်ဖြစ်သွားပြီလို့သာမှတ်လိုက်တော့။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး