အနိစ္စအယူအဆ
ဗုဒ္ဓဘာသာအယူအဆသည် မတည်မြဲခြင်း အနိစ္စတရားကို အခြေခံထား၏။ အနိစ္စသည် ဘဝမှာ မငြင်းဆန်နိုင် မရှောင်လွှဲနိုင်သော သဘောတရားတစ်ခုဖြစ်၏။ အရာရာတိုင်းသည် ဤအနိစ္စတရားမှ မလွတ်မြောက်နိုင်ချေ။
လူသားတို့ မထိန်းချုပ်နိုင် မပြောင်းလဲနိုင်သောအရာများကို ဗုဒ္ဓဘုရားရှင်က ကြေငြာခဲ့၏။ ၎င်းတို့မှာ လူတစ်ယောက် မွေးဖွားရပြီးသည့်နောက်တွင် အိုရခြင်း၊ နာရခြင်း၊ သေရခြင်းတို့ဖြစ်၏။ ထိုသဘောတရားများကို မည်သည့်တန်ခိုးရှင်မျှ လွန်ဆန်နိုင်လိမ့်မည်မဟုတ်။ သို့သော် ဤတရားများမှ လွတ်မြောက်နိုင်ခွင့်တော့ ရှိ၏။ နိဗ္ဗာန်ရောက်လျှင် လွတ်မြောက်မည်ဖြစ်၏။ နိဗ္ဗာန်ရောက်အောင် ကျင့်ဆောင်ခြင်းဖြင့် လွတ်မြောက်ရေးလမ်းစဉ်ကိုလည်း ဘုရားရှင်က ထုတ်ဖော်ပြသခဲ့၏။
ဟိန္ဒူဝါဒကလည်း ဘဝ၏မတည်မြဲမှုသဘောတရားကို ယုံကြည်လက်ခံပါ၏။ သို့သော် လက်ခံပုံချင်းကတော့ မတူ။ ဟိန္ဒူဝါဒအရ အနိစ္စသဘောတရားကို ကိုယ့်သန္တာန်တွင် ကိန်းဝပ်နေသော ထာဝရအတ္တနှင့် ပေါင်းစည်းခွင့်ရလျှင် လွတ်မြောက်နိုင်သည်ဟု ယူဆ၏။ ယင်းထာဝရအတ္တသည် မည်သည့်အခါမျှ မသေ၊ အစဉ်အမြဲတည်၏၊ အခိုင်အမာ ရှိ၏။ အတ္တသည် သတ္တဝါတိုင်း၏သန္တာန်တွင် တည်ရှိသော အခြေခံ အမှန်တရားဖြစ်၏။ သက်ရှိတိုင်း၏ အခြေခံအကျဆုံးနှင့် အမြင့်မြတ်ဆုံးဖြစ်သော အမှန်တရားကို ဗြဟ္မာကြီးဟု ယုံကြည်၏။ အတ္တကို အသေးစိပ်သိမြင်နားလည်သောသူသည် ဗြဟ္မာကြီးအဖြစ်ကိုရရှိပြီး မသေရာသို့ ရောက်သည်ဟု ယုံကြည်ကြ၏။
ဗုဒ္ဓကမူ ဟိန္ဒူဘာသာ၏ အခြေခံအကျဆုံးဖြစ်သော ဤယုံကြည်မှုကို ဖြောင့်ဖြောင့်ဆန့်ကျင်၏။ ထို့ကြောင့် ဗုဒ္ဓဘာသာတို့သည် ဗုဒ္ဓ၏ ဟောကြားမှုအတိုင်းပင် လိုက်နာကျင့်သုံးကြသူများဖြစ်သဖြင့် (God, Soul) ဟုခေါ်ဆိုကြသော အခိုင်အမာ သတ်မှတ်ထားသည့် အမှန်တရားအတ္တကြီး တည်ရှိမှုကို ယုံကြည်လက်ခံခြင်းမရှိ။ ဗုဒ္ဓဘာသာဝင်တို့ လက်ခံထားသည်မှာ အရာရာတိုင်းသည် စဉ်ဆက်မပြတ်ပြောင်းလဲ ဖြစ်ပျက်နေခြင်းသာဖြစ်သည်ဟူ၍ ဖြစ်၏။ လောက၌ တည်မြဲသောအရာဟူ၍ ဘာမျှမရှိ။ အရာရာတိုင်းသည် ပြောင်းလဲဖြစ်စဉ်ကို ငြင်းဆန်ကာကွယ်၍မရ။ သင်္ခါရတရားမှန်သမျှ ပျက်စီးရမည်သာဖြစ်ကြောင်းကိုလည်း ဗုဒ္ဓက ဟောမိန့်တော်မူခဲ့၏။ ဗုဒ္ဓ၏တပည့်သာဝကများကလည်း ဘဝသည် ရေအလျဉ်ကဲ့သို့ တစ်ဖျပ်ဖျပ် ဖြစ်ပျက်ပြောင်းလဲနေသည်ဟု လက်ခံယုံကြည်ကြ၏။
ဗုဒ္ဓဒေသနာတော်အရ ဘဝကို မြစ်ကြီးတစ်စင်းနှင့် တင်စားနိုင်ပါ၏။ ရုပ်နာမ်တို့သည် အရှိန်အဟုန်ပြင်းထန်စွာ ဖြစ်ပျက်နေကြပြီး ရုပ်နာမ်ဟုထင်သာ မြင်သာသော ရေစီးကြောင်းကြီးဖြစ်ပေါ်လာအောင် စက္ကန့်မလပ် ဖြစ်ခြင်းပျက်ခြင်း အထပ်ထပ်တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသောအရာကို ဘဝဟု ခေါ်ဆိုကြ၏။ အကြောင်းတစ်ခုမှ အကျိုးတစ်ခုဖြစ်ပေါ်နေခြင်းဖြစ်ပြီး အကြောင်းပေါင်းများစွာပေါင်းစပ်ဖွဲ့စည်းထားမှုကြောင့် အကျိုးပေါင်းများစွာပေါ်ပေါက်နေသဖြင့် ယခုမြင်တွေ့နေရသော ရုပ်နာမ်အစု ဘဝတစ်ခုအဖြစ်ပုံပေါ်နေခြင်းမျှသာဖြစ်၏။ တကယ်အရှိတရားသည် ဘဝလည်းမဟုတ်၊ ရုပ်နာမ်လည်းမဟုတ်၊ ဖြစ်ခြင်းနှင့် ပျက်ခြင်းသဘောသက်သက်မျှသာဖြစ်၏။ အကြောင်းမှ အကျိုးသို့၊ တစ်ခဏမှ တစ်ခဏသို့ပြောင်းလဲနေသကဲ့သို့ တစ်ဘဝမှ တစ်ဘဝသို့လည်း ပြောင်းလဲနေသည်သာဖြစ်၏။ မနေ့က မြစ်ထဲမှာ ရှိနေသောရေသည် ယနေ့မြင်တွေ့နေရသော ရေမဟုတ်၊ ယခုအချိန်တွေ့မြင်နေရသောရေသည် နောက်တစ်ချိန်တွင် တွေ့မြင်နိုင်တော့လိမ့်မည်မဟုတ်။ ဘဝသည်လည်း ဤနည်းအတိုင်းပင်ဖြစ်၏။ အမြဲမပြတ် ပြောင်းလဲနေ၏။ တစ်ခဏပြီး တစ်ခဏ တစ်ခုပြီးတစ်ခု ထပ်ပြန်တစ်လဲလဲ ဖြစ်နေသည်သာဖြစ်၏။ ဖြစ်နေသောတရားတို့သည်လည်း မတည်မြဲဘဲ ထပ်ပြန်တစ်လဲလဲ ပျက်နေသည်သာဖြစ်၏။
ပုဂ္ဂိုလ်တစ်ယောက်ကို ဥပမာအားဖြင့် ကြည့်ပါ။ ဘဝတစ်လျှောက်လုံးပင် ဤပုဂ္ဂိုလ်သာ ဖြစ်သည်ဟု ယုံကြည်ယူဆနေကြ၏။ စင်စစ်မှာ ခဏတိုင်း ဖြစ်ပျက်ပြောင်းလဲနေသည်သာ ဖြစ်၏။ သူသည် ခဏတိုင်းဖြစ်၍ ခဏတိုင်း ပျက်နေပါ၏။ မွေးလိုက်သေလိုက်ဖြစ်နေသည်ဟုဆိုနိုင်၏။ ယခုဖြစ်နေခိုက်ရုပ်နာမ်တို့သည် နောက်တစ်ခဏတွင် ရှိတော့သည်မဟုတ်။ ဖြစ်နေသောတရားတို့ မပျက်စီးခင်အခိုက်အတန့်မျှသာ အသက်ရှင်နေရခြင်းဖြစ်ပါ၏။ ယနေ့ဖြစ်နေသော ရုပ်နာမ်သည် မနေ့က ရုပ်နာမ်မဟုတ်တော့။ နက်ဖြန်ဖြစ်မည့်ရုပ်နာမ်သည်လည်း ယနေ့ရုပ်နာမ်တို့ မဟုတ်။ ဖြစ်ဆဲအခိုက်အတန့်မျှသာ သက်တမ်းရှိ၏။ သို့ဖြစ်မူ မွေးစက ရုပ်နာမ်သည် ဘယ်မှာလျှင် ယခုအချိန် ရှိပါတော့မည်နည်း။ သို့သော် ဝိပ္ပလ္လာသတို့ ဖုံးလွှမ်းထားမှု၊ အထင်မှား အသိမှား အယူအဆမှားတို့ ကာဆီးထားမှုကြောင့်သာ မနေ့ကတွေ့ခဲ့ရသောသူကို ယနေ့တွေ့လိုက်တော့ “သူပဲ၊ မနေ့ကတွေ့ခဲ့တာ ဒီလူပါပဲ”လို့ တစ်ထပ်တည်း ယူဆလိုက်ကြ၏။ မနေ့ကတွေ့ခဲ့ရသော ရုပ်နာမ်သည် တွေ့သည့်နေရာတွင် ဖြစ်ပျက်ပျောက်ဆုံးသွားပြီဖြစ်၏။ ယနေ့အထိ လိုက်မလာနိုင်ကြတော့။ ဖြစ်သည့်ရုပ်နာမ်ကဖြစ်နေခိုက် ပျက်သည့်ရုပ်နာမ်တို့ကလည်း ပျက်နေကြသဖြင့် ဖြစ်ခြင်း ပျက်ခြင်းတို့ ပေါင်းစုထပ်ပုံနေ၍သာ “ဒီပုဂ္ဂိုလ်ဟာ မနေ့ကတွေ့တဲ့သူပဲ”ဟု ထင်စရာဖြစ်နေခြင်းဖြစ်၏။ ဤသည်မှာ ပရမတ္ထသစ္စာနယ်ပယ်မှ ရှုမြင်ပုံကို ပြောပြခြင်းဖြစ်ပါ၏။ သမုတိနယ်ပယ်မှာမူ သူ့နာမည်နှင့်သူ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ယောက်ျား၊ မိန်းမ ခေါ်ဆိုသတ်မှတ် ပြောစမှတ်ပြုကြရမည်သာဖြစ်၏။ ပရမတ်ကို သမုတိက ဖုံးအုပ်ထားသဖြင့် အမှန်ရှိတရားတို့သည် သမုတိအောက်တွင် ပျောက်ကွယ်လျက် သမုတိကိုပင် အမှန်ပရမတ်ဟု ထင်မြင်ယူဆနေပါမူ ဗုဒ္ဓဟောကြားသော နိဗ္ဗာန်နှင့် ဖီလာကန့်လန့် ဖြစ်နေမည်သာဖြစ်၏။
တစ်လောကလုံးတွင် ဖြစ်ခြင်း ပျက်ခြင်းသဘောတရားများသာ ရှိသည်ဟူသော ဓမ္မသဘာဝသည် သိပ္ပံရှုထောင့်မှကြည့်မည်ဆိုလျှင်လည်း မှန်ကန်သည်ကိုတွေ့ရမည်ဖြစ်၏။ သတ္တဝါတို့၏ သန္တာန်တွင် ဆဲလ်များ (cell divisions) စဉ်ဆက်မပြတ် ဖြစ်ပွားနေကြ၏။ ဆဲလ်အဟောင်း ပျက်၍ ဆဲလ်အသစ် အစားထိုးနေသောကြောင့်သာ လူပုံ၊ ခွေးပုံ စသည့်အသွင်သဏ္ဍာန် ပုံဟန်နိမိတ်တို့ ထင်ရှားနေခြင်းဖြစ်၏။ ပင်လယ်ထဲရှိ လှိုင်းများကဲ့သို့ တစ်ရိပ်ရိပ် စက္ကန့်နှင့်အမျှ ပြောင်းလဲ လှုပ်ရှားနေ၏။ ထို့အတူပင် ပုဂ္ဂိုလ်တစ်ယောက်၏သန္တာန်တွင် ရုပ်တရားများစွာ ဖြစ်လိုက်ပျက်လိုက်၊ နာမ်တရားများစွာလည်း ဖြစ်လိုက်ပျက်လိုက် ဖြစ်ပေါ်နေကြ၏။ ရုပ်ပိုင်းဆိုင်ရာအရရော နာမ်ပိုင်းဆိုင်ရာအရပါ ပုဂ္ဂိုလ်တစ်ယောက်ကို ဘယ်တော့မှ တစ်ထပ်တည်း ထပ်တူ တွေ့မြင်ရမည်မဟုတ် (never the same all the time)။ သိပ္ပံနည်းကျပြောရမည်ဆိုလျှင် မည်သည့်ပုဂ္ဂိုလ်မျှ တူညီသောစွမ်းအင်ဖြင့် ဖွဲ့စည်းထားသည်မဟုတ်ပါ။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာမှန်သမျှ အချိန်တိုင်း ရွေ့လျားပြောင်းလဲနေကြသည်သာဖြစ်သည်။ ရုပ်နာမ်မှန်သမျှ ပြောင်းလဲနေမည်သာဖြစ်ပြီး ပြောင်းလဲမှုများဖြင့် ရွေ့လျားနေရ၏။
အနိစ္စဟုခေါ်ဆိုရသော မတည်မမြဲ ပြောင်းလဲခြင်းသည် ဘဝ၏ မငြင်းဆန်နိုင်သော အမှန်တရားဖြစ်၏။ အမှန်တရားဟုခေါ်ဆိုသော သစ္စာသည် ယခုလက်ရှိအချိန်တွင်သာ ရှိ၏။ ပစ္စုပ္ပန်အချိန်တွင် ဖြစ်တည်မှုသည် အတိတ်အကြောင်းတရားတို့၏ ရလဒ်သာဖြစ်၏။ မသိမှု အဝိဇ္ဇာ ပိတ်ကာဖုံးနေခြင်းကြောင့်သာ ပုဂ္ဂိုလ် သတ္တဝါ ထင်မြင်ယူဆနေကြခြင်းဖြစ်၏။ စင်စစ်မှာ ပုဂ္ဂိုလ် သတ္တဝါမရှိဘဲ ဖြစ်ပျက်ပြောင်းလဲမှုသဘောတရားအစုသာ ရှိ၏။
လူသားတစ်ယောက်၏ဘ၀ အဆင့်အသီးသီးသတ်မှတ်ကြည့်လျှင် ကလေးဘဝ၊ လူကြီးဘဝ၊ လူအိုဘဝတွေမှာထပ်တူ ”သူပဲ၊ ဒီပုဂ္ဂိုလ်ပဲ”လို့ ထင်ရစေကာမူ ဖြစ်သဘော ပျက်သဘောတို့အရ တူညီမှုလုံးဝမရှိတော့ပါ။ သူကြီးလာချိန်တွင် ကလေးဘဝက ရုပ်နာမ်မရှိတော့။ အိုလာချိန်တွင် လူကြီးဘဝက ရုပ်နာမ်တို့ မရှိတော့။ ဥပမာအားဖြင့် မျိုးစေ့သည် အပင်မဟုတ်၊ မျိုးစေ့ကြောင့် အပင်ပေါက်ရခြင်းသာဖြစ်၏။ အသီးသည်လည်း အပင်မဟုတ်၊ အပင်ကြောင့် သီးရခြင်းသာဖြစ်၏။
အနိစ္စ မတည်မြဲခြင်းအယူအဆသည် ဗုဒ္ဓဘာသာ၏ ဗဟိုမဏ္ဍိုင်တရားသဘောဖြစ်၏။ သတိထား၍ စောင့်ကြည့်ခြင်းဖြင့် ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်ဖြင့် ဖောက်ထွင်းမြင်နိုင်လျှင် လူသားဘဝဒုက္ခ၏ သောကအပူတွေကို လွန်မြောက်နိုင်သောနည်းလမ်းကို တွေ့ရှိမည်ဖြစ်၏။ အနိစ္စ- ရုပ်နာမ်ဖြစ်ပျက်ကို မြင်သော ဝိပဿနာဉာဏ်ဖြင့် စောင့်ကြည့်သည့်အလုပ်ကို လုပ်မည်ဆိုပါက ဖြစ်ပျက်မုန်း၍ ဖြစ်ပျက်ဆုံးသည်ကို တွေ့လိုက်ရခိုက်တွင် အနိစ္စဒဏ်ချက်၊ အနိစ္စလက်တွင်းမှ လွတ်မြောက်ခြင်းရှိရာ နိဗ္ဗာန်ကို မြင်နိုင်မည်ဖြစ်၏။ နိဗ္ဗာန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့်မြင်လိုက်ရသည်ကို နိဗ္ဗာန်မျက်မှောက်ပြုသည်ဟု ဆို၏။ မျက်မှောက်ပြုနိုင်ပြီဆိုလျှင် ဆိုက်ရောက်တော့သည်သာ ဖြစ်ပါ၏။
ဒေါက်တာအရှင်ပါရမီ
See also: http://myakyunthar.blogspot.com/?m=1
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.