အလုပ်စဉ် (၅)

အဝိဇ္ဇာက သစ္စာလေးပါးမသိတာ။ လူ နတ် ဗြဟ္မာ ချမ်းသာတယ်ထင်နေတာဟာ သစ္စာမသိလို့ပဲ။ ခန္ဓာရတော့ ခန္ဓာသည် ဒုက္ခသစ္စာ၊ လောင်စာပဲလို့မသိတော့ ဆုတောင်းယူကြတာ။ လောင်စာရှိမှတော့ မီးက လောင်မှာပဲ။ လောင်စာသိမ်း မီးငြိမ်းမှ ဒုက္ခက ငြိမ်းမှာ။ ဒီဒုက္ခတွေက ငြိမ်းတဲ့နေရာဟာ နိဗ္ဗာန်တစ်ခုတည်းပဲ ရှိတယ်။ ဒီနိဗ္ဗာန်ကိုလည်း အဝိဇ္ဇာက မသိတော့ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာလို့ ယူလိုက်တယ်။ ချမ်းသာတယ်ထင်တော့ မရရအောင် တောင်းတယ်။ တောင်းယူတော့ လောင်စာပဲ ပြန်ရ၊ လောင်စာရတော့ မီးက မလောင်ဘဲကို မနေတော့ဘူး။ မသိတဲ့အခါကျတော့ ကုသိုလ်လုပ်ပြီး ဆုတောင်းတာကတစ်မျိုး၊ ဆုမတောင်းဘဲနဲ့လုပ်တာက တစ်မျိုး။ လုပ်ချင်ရာလုပ်ပါ၊ ဒီဘက်က လူနတ်ဗြဟ္မာ ခန္ဓာဒုက္ခသစ္စာ မီးလောင်စာတွေပဲ ပြန်ရတယ်။ အကုသိုလ်လုပ်တော့လည်း အပါယ်ခန္ဓာ ဒုက္ခသစ္စာ လောင်စာပဲ။ လောင်စာလည်း မသိမ်း မီးလည်း မငြိမ်းသရွေ့တော့ ချမ်းသာအစစ်အမှန် မရသေးဘူး။ လောင်စာနဲ့မီးပဲ ပြန်ရနေအောင် အလုပ်ခိုင်းတာ ဘယ်သူလဲလို့ လက်သည်ရှာလိုက်တော့ အဝိဇ္ဇာပဲ တွေ့ရတယ်။ သူကခိုင်းတော့ တဏှာက တောင်းရတယ်။ တောင်းတော့ အနေအသေ မလွတ်တဲ့ ဒုက္ခထဲပြန်ရောက်တယ်။ ဝဋ်ထဲ ပြန်ကျတယ်။ ဘုံဘဝထဲ ပြန်လှည့်နေရတယ်။ သြော်- ဒါတွေအားလုံးဟာ လောင်စာတွေပါလား၊ လောင်စာမှန်သရွေ့ မီးလောင်တော့ အကုန်ပြောင်ရတာချည်းပါလားလို့ မှတ်ရမယ်။ ဒီမီးလောင်ခံဘဝတွေက မလွတ်အောင် လုပ်ထားတာသည် အဝိဇ္ဇာသာဖြစ်တယ်။ အကြီးဆုံးသော ရန်သူပဲ၊ ရန်သူမှ အတွင်းရန်။ အပြင်ရန်ဆိုရင် သေနတ်နဲ့ပစ်၊ တုတ်နဲ့ပေါက်လို့ ရသေးတယ်။ မလာနိုင်အောင် အကာအကွယ်လုပ်ထားလို့ရသေးတယ်။ အခုဟာက အတွင်းကနေနှိပ်စက်နေတာ။ အပြင်လူနှိပ်စက်တော့ ရှောင်လို့ရှားလို့ ရသေးတယ်။ အတွင်းလူနှိပ်စက်တော့ ရှောင်ဖို့မလွယ်ဘူး။ ဒီတော့ အတွင်းလူကို အတွင်းလူချင်း ပြန်သတ်မှ ရလိမ့်မယ်။ အဝိဇ္ဇာကို ဝိဇ္ဇာနဲ့သတ်မှ ရမယ်။ ခန္ဓာရဲ့ ဖြစ်ပျက်မြင်တာ ဝိဇ္ဇာပဲ။ ဝိဇ္ဇာက ဝမ်းထဲရောက်လာတော့ အဝိဇ္ဇာနေခွင့်မရှိတော့ဘူး။ ဒါကြောင့် သူ့ကိုသတ်နိုင်တာကတော့ ဝိဇ္ဇာပဲလို့မှတ်ရမယ်။ ပေါ်တဲ့စိတ်ကလေးတွေ ဖြစ်ပျက်ရှုနေတာဟာ အတွင်းရန် အဝိဇ္ဇာကို သတ်နေတာ၊ မောဟကိုသတ်နေတာပဲ။ သူ့ကို သေစေချင်လို့ ဒါနလုပ်လည်း မသေဘူး၊ သီလစောင့်လည်း မသေဘူး၊ သမထလုပ်လည်း မသေဘူး၊ အပြီးအပိုင်မသေနိုင်ဘူး။ ခန္ဓာဖြစ်ပျက်မြင်မှ ဝိဇ္ဇာဖြစ်တယ်။ ခန္ဓာဒုက္ခသစ္စာ မြင်မှ ဝိဇ္ဇာဖြစ်တယ်။ ဝိဇ္ဇာဖြစ်မှ အဝိဇ္ဇာကသေတာ။ ဒါဟာ အတွင်းရန် သတ်တဲ့နည်းပဲ။ သတ်တဲ့နည်းကို ဘယ်တုန်းကမှ မရခဲ့တဲ့အတွက် သူသတ်လို့သေခဲ့ရတဲ့ ဘဝတွေ မရေတွက်နိုင်ခဲ့ဘူး။ သူများကသတ်လို့သေရတယ်ဆိုရင်တောင်မှ အဝိဇ္ဇာဖုံးလွှမ်းထားလို့ ရ ထားတဲ့ခန္ဓာကြီး။ ဒီခန္ဓာရှိလို့ အသတ်ခံရတာ၊ သေရတာပဲလို့ မှတ်ရမယ်။ ကိုယ့်ရောဂါနဲ့ကိုယ် သေရတာ၊ သေချိန်တန်လို့သေရတာဟာလည်း အဝိဇ္ဇာက အတောင်းခိုင်းလို့ ရတဲ့ခန္ဓာကြီး ရှိလို့သာ သေရတာ။ ဒါဖြင့် သေတာမှန်သမျှ အဝိဇ္ဇာကပဲ သတ်တယ်လို့မှတ်လိုက်။ သူရှိလို့ ဒါတွေဖြစ်ရတာ၊ သူမရှိရင် ဖြစ်စရာမရှိဘူး။ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂)ပါးဟာ သူဦးဆောင်နေတာပဲ။ ဒီအင်္ဂါ(၁၂)ပါးဆိုတာလည်း မိမိတို့ဘဝဖြစ်စဉ်ပဲ။ ဘဝဖြစ်စဉ်ကို ဘယ်သူဦးဆောင်နေလဲဆိုတာကြည့်တော့ အဝိဇ္ဇာ။ အဝိဇ္ဇာဦးဆောင်နေသရွေ့ သေလိုက်နေလိုက် ဖြစ်နေရဦးမှာပဲ။ ဒါဖြင့် အသေကိုမကြောက်ပါနဲ့။ အဝိဇ္ဇာဖြစ်မှာကိုသာ ကြောက်ပါ။ အဝိဇ္ဇာဖြစ်ရင်တော့ အဖန်ဖန် သေရဦးမှာပဲ။ ဝိဇ္ဇာအစစ်ဖြစ်ရင်တော့ မသေရာရောက်ပြီ။ ဒါဖြင့် ခန္ဓာ့လက်သည် အကြီးဆုံးတရားခံဟာ အဝိဇ္ဇာပဲလို့ မှတ်ရမယ်။ ဒီအဝိဇ္ဇာဟာ ခန္ဓာကိုယ်ကြီးထဲမှာရှိတဲ့ ဖြစ်ပျက်ဒုက္ခသစ္စာကိုမြင်လိုက်ရင် မနေနိုင်တော့ဘူး၊ ထွက်ပြေးရတယ်။ ဒုက္ခသစ္စာသိလိုက်တော့ သိတဲ့တရားက မသိတဲ့တရားကို သတ်ပစ်လိုက်တယ်။ ဒီတော့ အဝိဇ္ဇာချုပ်တယ်လို့ဆိုတာပေါ့။ အဝိဇ္ဇာချုပ်ရင် သူကဆက်သွယ်မှ ဖြစ်တဲ့တရားတွေ အကုန်ချုပ်တယ်။ ဒါကြောင့် အဝိဇ္ဇာချုပ်ဖို့ အရေးကြီးတယ်။ အဝိဇ္ဇာကလည်း သူ့ဟာသူ မချုပ်ဘူး။ သူမသိတဲ့သစ္စာ ကိုယ်ကသိရင်တော့ ချုပ်တယ်။ အထူးသဖြင့် သူက ဒုက္ခသစ္စာကို မသိဘူး။ ဒါကြောင့် ကိုယ်က ခန္ဓာမှာရှိတဲ့ဒုက္ခသစ္စာကို ဉာဏ်ဖြင့်သာ မြင်ပါစေ။ မြင်ရင် အဝိဇ္ဇာချုပ်ပြီ။ သူချုပ်လို့ရှိရင် သူလုပ်လိုက်တဲ့ သူဦးဆောင်နေတဲ့ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂)ပါး အကုန်ချုပ်ပြီ။ ဒါကြောင့် ဖြစ်ပျက်ရှု၊ ဒုက္ခသစ္စာသိရင် ဝိဇ္ဇာဖြစ်လို့ အဝိဇ္ဇာ ချုပ်တယ်။ ဝိဇ္ဇာက သိတာ၊ အဝိဇ္ဇာက မသိတာ။ သိတရားပေါ်လာရင် မသိတရား အလိုလိုပြေးတယ်။ အဝိဇ္ဇာချုပ်ဖို့အတွက် ဝိဇ္ဇာဖြစ်ဖို့ အရေးကြီးတယ်။ ဝိဇ္ဇာလည်းဖြစ်ရော သင်္ခါရ မလာနိုင်ဘူး။ အကွက်(၂)က တရား(၅)ပါးလည်းမလာနိုင်၊ အကွက်(၃)က တရား(၃)ပါးလည်းမလာနိုင်၊ အကွက်(၄)က တရား(၂)ပါးလည်းမလာနိုင်ဘဲ ချုပ်ကုန်တယ်။ အဝိဇ္ဇာကြောင့်ဖြစ်ရတဲ့တရားတွေအားလုံး အဝိဇ္ဇာချုပ်တာနဲ့ အကုန်ချုပ်တယ်။ ဒါဖြင့် အဝိဇ္ဇာကိုသတ်လိုက်နိုင်ရင် ဒုက္ခသစ္စာလည်း မရှိ၊ သမုဒယသစ္စာလည်းမရှိတော့ဘူး။ အဝိဇ္ဇာကိုယ်တိုင်က သမုဒယသစ္စာပဲ။ သမုဒယသစ္စာချုပ်ရင် သူ့ကြောင့်ဖြစ်တဲ့ ဒုက္ခသစ္စာလည်း ချုပ်တယ်။ ချုပ်ဖို့အရေးကလည်း အဝိဇ္ဇာမသိတာကို သိအောင်လုပ်လိုက်ရုံပါပဲ။ အဝိဇ္ဇာက ဒုက္ခသစ္စာကိုမသိဘူး။ ဒီတော့ ကိုယ်က ကိုယ့်ခန္ဓာကြည့်လို့ ဖြစ်မှုပျက်မှုလေးတွေတွေ့လိုက်ရင် ဒုက္ခသစ္စာတွေ့တာပဲ။ တွေ့တော့ သိတယ်။ သိတော့ ဝိဇ္ဇာဖြစ်လို့ အဝိဇ္ဇာချုပ်တယ်။ ဒါဟာ သူမသိတာကို ကိုယ်သိအောင်လုပ်လိုက်လို့ သူပြေးရတယ်။ ဒီအလုပ်မှမလုပ်ဘူးဆိုရင် အဖန်ဖန်သေအောင် အဝိဇ္ဇာက ဦးဆောင်ဦးမှာပဲ။ သူ့ကိုသတ်တဲ့နည်းကိုရလျက် မလုပ်ဘဲနေရင် အဖန်ဖန်သေချင်သေးလို့ဆိုတဲ့သဘောသက်ရောက်တယ်။ ဒါကြောင့် သတ်တဲ့နည်း လက်ထဲမှာရှိ၊ သတ်တဲ့လက်နက်လည်း ရ ထားတဲ့အချိန်ကောင်း အခါကောင်းမှာ သူကမဦးခင် ကိုယ်ကဦးအောင် သတ်ရမယ်။ ကိုယ်ရထားတဲ့လက်နက်သည် အဝိဇ္ဇာကို သတ်နိုင်တဲ့လက်နက်၊ ကိုယ့်အဖန်ဖန်သတ်မည့်သူကို သတ်နိုင်တဲ့လက်နက်ပဲ။ ဒါဖြင့် အသေလွတ်တဲ့လက်နက်ပဲလို့ မှတ်ရမယ်။ အသေလွတ်မှတော့ ပဋိသန္ဓေလွတ် အအိုလွတ် အနာလွတ် ဒုက္ခမှန်သမျှ အကုန်လွတ်ပြီ။ ဒါဖြင့် သမုဒယသစ္စာနေရာမှာ မဂ္ဂသစ္စာအစားထိုးတယ်။ မသိတဲ့အဝိဇ္ဇာက သမုဒယသစ္စာ၊ သိတဲ့ဝိဇ္ဇာပေါ်လာတော့ မဂ္ဂသစ္စာ။ သမုဒယပျောက် မဂ္ဂရောက်။ သမုဒယသစ္စာပျောက်တော့ ဟိုဘက်က ဒုက္ခသစ္စာလည်း မလာတော့ဘူး။ အဝိဇ္ဇာကြောင့်ဖြစ်ရတဲ့ ဝိညာဏ် နာမ်ရုပ်ဆိုတဲ့ဒုက္ခသစ္စာမလာတော့ဘဲ အဲဒီနေရာမှာ နိရောဓသစ္စာ အစားထိုးတယ်။ အဝိဇ္ဇာကို ဝိဇ္ဇာဖြစ်အောင်လုပ်နိုင်ရင် သမုဒယသစ္စာက မဂ္ဂသစ္စာပြောင်း၊ ဒုက္ခသစ္စာက နိရောဓသစ္စာပြောင်းသွားတယ်။ ဒီတော့ မဂ္ဂနဲ့ နိရောဓချည်းဖြစ်နေတယ်။ အဝိဇ္ဇာချုပ်လို့ရှိရင် စက်ဝိုင်းမှာ မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာနှစ်ပါးပဲ ကျန်တော့မယ်။ မဂ္ဂနဲ့ နိရောဓချည်းသာ လှည့်နေပြီဆိုရင် အအိုဇာတ် အနာဇာတ် အသေဇာတ် အကုန်သိမ်းတယ်။ သားကျွန် မယားကျွန်ခံမှုဒုက္ခအကုန်သိမ်းတယ်။ အဝိဇ္ဇာချုပ်လို့ ဒုက္ခအကုန်သိမ်းတာ။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး