ဝေဒနာရှုသော်လည်း ဖြစ်ပျက်သာတွေ့ရ

ဝေဒနာသည် ကိုယ်ပေါ်၌ နှစ်မျိုး ဝမ်းထဲ၌ သုံးမျိုးပေါ်နိုင်သည်ကို အရင်နေ့က ပြောပြခဲ့ပါ၏။ သူပေါ်သည့်နေရာသိမှ သူပျက်သည့်နေရာကို သိမည်ဖြစ်၏။ ဝေဒနာတစ်မျိုးမျိုးပေါ်လျှင် ပေါ်သည့်နေရာ၌ စူးစူးစိုက်စိုက် ရှုနိုင်ရန်အတွက် ပေါ်ရာဌာနတို့ကို ပြောပြရခြင်းဖြစ်၏။ “တစ်ခြားမရွှေ့နဲ့၊ ဝိပဿနာရှုတော့ ဒီနေရာ စိုက်ကနဲ့ စိုက်နဲ့ သွားအောင်လုပ်ရမယ်” ဟု မိုးကုတ်ဆရာတော်ဘုရားကြီးမိန့်တော်မူ၏။ ပေါ်သည့်နေရာတွင် ဉာဏ်စိုက်ရမည်ဖြစ်၏။ ပေါ်ရာဌာနကိုသိမှ စောင့်ပြီး မိအောင် ဖမ်းနိုင်မည်ဖြစ်၏။ မျက်စိက မြင်ရုံသာမြင်နိုင်၏။ သဘောကျသည်က ဝမ်းထဲက ဖြစ်၏။ သဘောမကျသည်ကလည်း ဝမ်းထဲကသာ ဖြစ်၏။ လျစ်လျူရှုသည်ကလည်း ဝမ်းထဲကသာ ဖြစ်၏။ မျက်စိက မြင်ကာမတ္တ မြင်စိတ်ကလေးကို ဥပေက္ခာဝေဒနာဟု ဆိုရ၏။ ထို့အတူ ကြားစိတ်၊ နံစိတ်၊ စားစိတ်လျက်စိတ်တို့သည် ဥပေက္ခာဝေဒနာပင်ဖြစ်၏။ ထို မျက်စိ နား နှာခေါင်း လျှာ လေးမျိုးကို ဥပေက္ခာသာ ပေါ်နိုင်သည့် လေးဌာနဟုမှတ်လိုက်ပါ။ မျက်လုံးတွင် ပေါ်သည့် ဥပေက္ခာဝေဒနာသည် ဘယ်မှမရွှေ့ဘဲ မျက်လုံးတွင်သာ ပျက်ရ၏။ ထို့အတူ နားတွင်၊ နှာခေါင်းတွင်၊ လျှာတွင်ပေါ်သည့်ဥပေက္ခာဝေဒနာတို့သည်လည်း သူတို့ပေါ်သည့်နေရာတွင်သာ ပျက်ရမြဲဖြစ်၏။ “ဒီနေရာပေါ် ဒီနေရာပျက်”ဟု မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်တော်မူ၏။ ဝေဒနာပေါ်ရာဌာနသက်သက်ကို ပေါင်းလိုက်ရင် ဥပေက္ခာသာပေါ်နိုင်ရာလေးဌာန၊ ကိုယ်ပေါ် နှစ်ဌာန၊ ဝမ်းထဲ သုံးဌာနအားဖြင့် (၉)ဌာနသာရှိ၏။ ပေါ်ရာဌာနနှင့် ပျက်ရာဌာနကိုမသိလျှင် ရှုသော်လည်း ပေါ်သည့်နေရာနှင့် တည့်လိမ့်မည်မဟုတ်။ ပျက်သည့်နေရာနှင့်လည်း တည့်လိမ့်မည်မဟုတ်။ ထို့ကြောင့် မရှုခင် ကြိုတင်သိနားလည်ထားဖို့ အရေးကြီးလှ၏။ ထို(၉)ဌာနတွင်ပေါ်သည့်ဝေဒနာတို့ကို တူရာတူရာ ပေါင်းလိုက်ပါက ဝေဒနာ (၃)ပါးသာရှိတော့၏။ သုခ သုခချင်း၊ ဒုက္ခ ဒုက္ခချင်း၊ ဥပေက္ခာ ဥပေက္ခာချင်းပေါင်းလိုက်ရမည်ဖြစ်၏။ ပေါ်ရာဌာနနှင့် ပျက်ရာဌာသည် အတူတူသာဖြစ်၏။ ထို့ကြောင့် “ဒီနေရာပေါ် ဒီနေရာပျက်” ဆို၏။ ပေါ်ရာသိမှ ပျက်ရာသိနိုင်၏။ ထိုသို့သိမှ ဖြစ်ပျက်ကို မြင်နိုင်ပါ၏။ ထိုသို့မဟုတ်ဘဲ မှန်းရှု ရမ်းရှုဖြစ်ပျက်လုပ်နေလျှင် အလိုလိုဖြစ်၍ အလိုလိုပျက်သည်ဟု သဘောသက်ရောက်နေသဖြင့် အကြောင်းကင်းမဲ့သည့် အဟေတုကဒိဋ္ဌိဖြစ်လာရ၏။ ရှုရင်းဖြင့် ဒိဋ္ဌိဝင်နေခြင်းဖြစ်ပါ၏။ ထို့ကြောင့် ပေါ်ရာဌာန (၉)ဌာနကို မမေ့မပျောက်အောင် မှတ်ထားဖို့လို၏ (ဝေဒနာသုံးမျိုးကိုမူတည်၍ (၉)ဌာန၊ ဝေဒနာငါးမျိုးကိုမူတည်စဉ်က (၁၂)ဌာနဟုပြောခဲ့၏၊ သဘောချင်းအတူတူသာဟု နားလည်ရမည်၊ အားလုံးပင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ မူသာဖြစ်ပါ၏)။ ထိုပေါ်ရာဌာနတို့ကို သိမှ ပေါ်လျှင် ဘယ်မှာပေါ်သည်ဟုသိနိုင်၏။ ထိုသို့မသိဘဲ ဖြစ်ပျက်ရှုနေပါက “ရမ်းပြီးအော်နေသလိုဖြစ်မှာပေါ့” မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်တော်မူ၏။ ပေါ်ရာဌာန(၉)မျိုးရှိသော်လည်း ရှုရမှာက သုခဝေဒနာ ဒုက္ခဝေဒနာ ဥပေက္ခာဝေဒနာအားဖြင့် သုံးမျိုးသာရှိ၏။ သုံးမျိုးပင်ရှိသော်လည်း ကိုယ်တိုင် သေသေချာချာရှုကြည့်၍ ခရီးပေါက်လာသည့်အခါ တစ်မျိုးတည်းသာတွေ့ရမည်ဖြစ်၏။ သုခလည်းမတွေ့၊ ဒုက္ခလည်းမတွေ့၊ ဥပေက္ခာလည်းမတွေ့ဘဲ ဖြစ်ပျက်တစ်မျိုးတည်းသာတွေ့ရမည်ဖြစ်၏။ ဝေဒနာတွေ့ခြင်းနှင့် ဖြစ်ပျက်တွေ့ခြင်းသည် ခြားနားပါ၏။ ဝေဒနာတွေ့ခြင်းသည် ဝေဒနာနာမ်ဓမ္မကိုတွေ့ခြင်းဖြစ်၍ နာမပရိစ္ဆေဒဉာဏ်ဖြစ်၏။ ဖြစ်ပျက်တွေ့ခြင်းသည် ဥဒယဗ္ဗာဉာဏ်သို့ရောက်လာခြင်းဖြစ်၏။ ထိုသို့ခြားနားပါ၏။ ဝေဒနာတွေ့ရုံအဆင့်မျှသည် ဝိပဿနာမဆိုက်သေး၊ နာမပရိစ္ဆေဒဉာဏ်အဆင့်မျှသာရှိသေး၏။ ဉာဏ်(၁၀)ပါးတွင် အောက်ဆုံးဉာဏ်ရလိုက်ခြင်းဖြစ်ပါ၏။ သုခဝေဒနာဟု ရှုလိုက်သော်လည်း ဖြစ်ပြီးပျက်သွား၊ ဒုက္ခဝေဒနာဟု ရှုလိုက်သော်လည်း ဖြစ်ပြီးပျက်သွား၊ ဥပေက္ခာဝေဒနာဟု ရှုလိုက်သော်လည်း ဖြစ်ပြီး ပျက်သွားသည်ကိုသာ တွေ့လိုက်ရလျှင် ဖြစ်ပျက်တွေ့နေပြီဖြစ်၏။ ဉာဏ်တက်လာတော့၏။ ယင်းကို ဥဒယဗ္ဗဉာဏ်ဟုဆိုရ၏။ ဒုတိယမြောက်ဉာဏ်ဖြစ်ပါ၏။ ဝေဒနာသုံးမျိုးပင်ရှိသော်လည်း ရှိဆဲက တစ်မျိုးတည်းသာဖြစ်၏။ သခုပေါ်ခိုက် ကျန်သည့်ဝေဒနာများမပေါ်နိုင်သကဲ့သို့ ဒုက္ခပေါ်ခိုက်၊ ဥပေက္ခာပေါ်ခိုက်တွင်လည်း ကျန်ဝေဒနာများပေါ်နိုလိမ့်မည်မဟုတ်။ ထို့ကြောင့် “ရှိထိုက်တာက သုံးမျိုး၊ ရှိဆဲက တစ်မျိုး” ဟု မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်တော်မူ၏။ ဝေဒနာတွေ့မှလည်း ဝေဒနာ၏ဖြစ်ပျက်ကို အမှန်အကန် တွေ့နိုင်မည်ဖြစ်၍ ဝေဒနာပေါ်ရာဌာနတို့ကို ပြောပြရခြင်းဖြစ်၏။ ဝေဒနာတွေ့ပြီးမှ ဝေဒနာ၏ ဖြစ်ပျက်ကို တွေ့ရမည်သာ ဖြစ်၏။ ဖြစ်ပျက်တွေ့ပြီဆိုလျှင် ဝေဒနာသုံးမျိုးရှိသော်လည်း တစ်မျိုးတည်းသဘောဆိုက်သွားပြီဖြစ်၏။ ဝေဒနာသုံးမျိုးကို တကယ်ရှုလိုက်လျှင် ဖြစ်ပျက်တစ်မျိုးတည်းကိုသာ တွေ့ရမည်ဖြစ်၏။ သုခဝေဒနာပစ္စယာ တဏှာ၊ ဒုက္ခဝေဒနာပစ္စယာ ဒေါသော၊ ဥပေက္ခာဝေဒနာပစ္စယာ မောဟော- သုခဝေဒနာနောက်က မရှုဘဲနေလျှင် တဏှာလိုက်၏၊ ဒုက္ခဝေဒနာနောက်က ဒေါသလိုက်၏၊ ဥပေက္ခာဝေဒနာနောက်က မောဟလိုက်၏။ သုခဝေဒနာနောက်က တဏှာလိုက်လျှင် နိဗ္ဗာန်ရောက်လိမ့်မည်မဟုတ်၊ ဒုက္ခဝေဒနာနောက်က ဒေါသလိုက်လျှင်လည်း နိဗ္ဗာန်ရောက်မည်မဟုတ်၊ ဥပေက္ခာဝေဒနာနောက်က မောဟလိုက်လျှင်လည်း နိဗ္ဗာန်မရောက်။ နိဗ္ဗာန်ရောက်လိမ့်မည်ဟု ဘုရားရှင်ဟောတော်မမူ။ သို့ဖြစ်လျှင် သုခဝေဒနာနောက်က တဏှာစွန့်လျှင်၊ ဒုက္ခဝေဒနာနောက်က ဒေါသစွန့်လျှင်၊ ဥပေက္ခာဝေဒနာနောက်က မောဟစွန့်လျှင် နိဗ္ဗာန်ရောက်မည်သာဖြစ်တော့၏။ သုခဝေဒနာနောက်က တဏှာလိုက်မည့်အစား မဂ်လိုက်နိုင်အောင် အားထုတ်ရ၏။ မဂ်လိုက်လျှင် နိဗ္ဗာန်ရောက်မည့်လမ်းပေါ်ရောက်နေပြီဖြစ်၏။ ထို့အတူ ဒုက္ခ၊ ဥပေက္ခာဝေဒနာတို့၏နောက်ကလည်း မဂ်လိုက်အောင် ကြိုးစားရမည်သာဖြစ်ပါ၏။ သုခဝေဒနာမရှုေတော့ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ ဘက်လည်သွား၏။ ဒုက္ခဝေဒနာမရှုလျှင် ဒေါသ သောက စသည် ပဋိစ္စသမုပ္ပါဒ်အဆုံးကနေပြန်ပတ်၏။ ထိုသောက ပရိဒေဝတို့သည် မသိမှုအဝိဇ္ဇာအာသဝေါတရားကြောင့်ဖြစ်သဖြင့် အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံဘက် ပြန်လှည့်၏။ ဥပေက္ခာမရှုလျှင် မောဟ၊ မောဟသည် အဝိဇ္ဇာဖြစ်ခြင်းကြောင့် အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံဘက် ပြန်လှည့်၏။ ထိုဝေဒနာသုံးမျိးကို ပေါင်းလိုက်တော့ (ဖြစ်ပျက်) ဒုက္ခသစ္စာတစ်မျိုးတည်းသာ ရှိတော့၏ (ယံကိဉ္စိ ဝေဒယိတံ ဓမ္မံ၊ သဗ္ဗံ တံ ဒုက္ခံ)။ ထို့ကြောင့် ဝေဒနာသုံးပါးသည် ဒုက္ခသစ္စာသာဖြစ်၏ဟု နားလည်ထားရမည်။ ပင်ကိုသဘောကို မစွန့်သောဝေဒနာဟူ၍ မရှိ။ ဒုက္ခဝေဒနာသည် ပျက်သွားလျှင် နာကျင်ကိုက်ခဲသည့် ပင်ကိုသဘောကို စွန့်သွားတော့၏။ ပင်ကိုသဘောစွန့်သွားခြင်းသည် ဖောက်ပြန်သွားခြင်းပင်ဖြစ်၏။ ဖောက်ပြန်ခြင်းသည် ဒုက္ခသစ္စာပင် ဖြစ်တော့၏။ ထို့ကြောင့် ဒုက္ခသစ္စာတစ်လုံးတည်းသာ ရှုရမည်ဟု မိုးကုတ်ဆရာတော်ဘုရားကြီးက သင်ပေးလေ့ရှိ၏ “သုခလဲ မရှုနဲ့တော့၊ ဒုက္ခလဲ မရှုနဲ့တော့၊ (ဥပေက္ခာလဲ မရှုနဲ့တော့)၊ ဝိပရိဏာမ- ဖောက်ပြန်တာလေး၊ သြော်- မရှိဘူး မရှိဘူးဆိုတာ တစ်လုံးတည်းရှုတော့”။ ဝေဒနာက ပင်ကိုသဘော စွန့်မစွန့်ကိုသာ စောင့်ကြည့်ရမည်ဖြစ်၏။ နာကျင်မှုကိုကြည့်ရင်းဖြင့် ပျောက်ပျက်သွားသည့်အခါ နာကျင်မှုသဘောစွန့်သွားသဖြင့် ဝေဒနာအဖြစ်မရှိတော့။ အနိစ္စအဖြစ်ဖြင့်သော်လည်း တွေ့ရမည်ဖြစ်၏၊ ဝိပရိဏာမဒုက္ခအဖြစ်ဖြင့်သော်လည်း တွေ့ရမည်ဖြစ်၏၊ အနတ္တအဖြစ်ဖြင့် သော်လည်းတွေ့ရမည်ဖြစ်၏။ မည်သို့ပင်တွေ့စေကာမူ ဝိပရိဏာမသဘောကိုသာ အာရုံစိုက်ရှုလိုက်က ပြီးတော့သည်သာဖြစ်၏။ ဒုက္ခဝေဒနာက ဒုက္ခသဘောကိုစွန့်သွားလျှင် ဒုက္ခကို ရှာတွေ့တော့မည်မဟုတ်။ “ဒုက္ခဝေဒနာဟာ နာတယ် ကျင်တယ် ကိုက်တယ် ခဲတယ် ထားကြစမ်း ဒကာ ဒကာမတို့ ... ၊ အဲဒါကို စိုက်ရှု”၊ မိုးကုတ်ဆရာတော်ဘုရားကြီး၏ အဆုံးအမဖြစ်ပါ၏။ စိုက်ရှုလိုက်သည့်အခါ ဒုက္ခဝေဒနာကိုမတွေ့ရတော့ဘဲ သူ့သဘောကလေး စွန့်သွားတာကိုသာ တွေ့ရတော့၏။ ဒုက္ခဝေဒနာကိုရှုလိုက်သော်လည်း ရှုရင်းဖြင့် ဒုက္ခဝေဒနာကို မတွေ့တော့ဘဲ ဒုက္ခဝေဒနာ မရှိသည်ကိုသာ တွေ့လိုက်ရ၏။ ယင်းမရှိသည်ကိုပင် အနိစ္စဟု ဆိုရ၏။ ဖြစ်ပြီးပျက်သွားသဖြင့် ဒုက္ခဟုဆိုရ၏။ တားမရ ဆီးမရသဖြင့်လည်း အနတ္တဟုဆိုရ၏။ ပင်ကိုသဘောစွန့်သွားသဖြင့်လည်း ဝိပရိဏာမသဘောပင်ဖြစ်တော့၏။ ဝေဒနာနှင့် ဉာဏ်တည့်နေ၍သာ ပင်ကိုသဘောစွန့်သည်ကို သိမြင်နိုင်ခြင်းဖြစ်၏။ ထို့ကြောင့် ဝေဒနာပေါ်ရာကိုသာ ဉာဏ်ဦးတည်ဖို့ လိုအပ်ပါ၏။ “ဒီနေရာမွေး၊ ဒီနေရာသေတာကို တစ်ခါတည်း ရှင်းနေအောင် မြင်ရမယ်”ဟု မိုးကုတ်ဆရာတော်မိန့်တော်မူ၏။ ရှင်းရှင်း မြင်အောင်ကြည့်မှ ဝေဒနာမြဲ မမြဲကို သိရ၏။ မမြဲသည်ကိုသိလိုက်ရမှ “သြော်- အနိစ္စဆိုတာ ဒါကိုးလို့ ခင်ဗျားတို့က ဆုံးဖြတ်ချက်ချရမှာ”ဟု မိန့်တော်မူ၏။ ဝေဒနာမမြဲခြင်းသည် ဝေဒနာ၏ ဖြစ်ပျက်ပင် ဖြစ်တော့၏။ ဝေဒနာက ဖြစ်ပျက်၊ နောက်က ရှုသည့်ဉာဏ်က မဂ်၊ ဉာဏ်တည့်သွားအောင်သာ လုပ်ရ၏။ ဝေဒနာဟူသမျှ ဖြစ်ပျက်တွင်သာ လမ်းဆုံးရမြဲဖြစ်၏။ ရှေ့က ဖြစ်ပျက်ပေါ်တိုင်း နောက်က ဉာဏ်လိုက်ပေးရ၏။ နောက်က ဖြစ်ပျက်ကို သိခြင်းသည် မဂ္ဂင်ငါးပါးဖြင့်သိခြင်းပင် ဖြစ်ပါ၏။ ထိုသို့ ဝေဒနာပေါ်တိုင်း ဖြစ်ပျက်မဂ်ကိုက်နေလျှင် ပဋိစ္စသမုပ္ပါဒ်ပြတ်တော့၏။ ဝေဒနာနောက်က ပုံမှန်လာမြဲဖြစ်သည့် လောဘ(တဏှာ)၊ ဒေါသ၊ မောဟတို့ မလာနိုင်တော့။ လည်မည့်တရားများမလာနိုင်သဖြင့် ပဋိစ္စသမုပ္ပါဒ်ပြတ်ရခြင်းဖြစ်၏။ မဂ်က ဖြတ်တရားဖြစ်၏။ ကိလေသာလာမည့်နေရာတွင် မဂ်အစားထိုးလိုက်ခြင်းဖြစ်ပါ၏။ ဖြစ်ပျက်ပင် မြင်သော်လည်း ဖြစ်ပျက်မြင်ရုံမျှဖြင့်တော့ မပြီးဆုံးသေး။ သို့သော် မြင်ပြီဆိုလျှင်ပင် အတော်ဉာဏ်တက်လာပြီဖြစ်၏။ မှန်မှန်ကန်ကန်မြင်ဖို့ကိုပင် မလွယ်ကူလှ။ မြင်ပြီဆိုလျှင် မုန်းအောင် ဆက်လက်ရှုရဦးမည်ဖြစ်၏။ ဖြစ်ပျက် မြင်စဉ်ကလည်း မဂ္ဂင်ငါးပါး၊ မုန်းဉာဏ်ဝင်စဉ်မှာလည်း မဂ္ဂင်ငါးပါးသာ ရှိသေး၏။ ရှစ်ပါးမပြည့်သေး။ ဖြစ်ခြင်းသည် ပျက်စီးဖို့သာ ဖြစ်၏။ ထို့ကြောင့် အဖြစ်လည်း ဒုက္ခ အပျက်လည်း ဒုက္ခပင်ဖြစ်တော့၏။ ဖြစ်ခြင်းသည် ပျက်မှာသေချာသောကြောင့် ဒုက္ခဖြစ်ရ၏။ ပျက်ခြင်းသည် ဖြစ်ခြင်းဆုံးသွားသောကြောင့် ဒုက္ခဖြစ်ရ၏။ ဖြစ်ပျက် ဒုက္ခဟု ဉာဏ်တွင် အမှန်မြင်နေသဖြင့် ဖြစ်ပျက် ဒုက္ခကို ကြိုက်နှစ်သက်မှုကင်းလာမည်ဖြစ်၏။ ထိုသို့ မကြိုက်မနှစ်သက်သည့် ဉာဏ်တက်လာသည်ကို မုန်းဉာဏ်ဟုဆိုရ၏။ မဂ္ဂင်ငါးပါးပင် ဖြစ်၏။ သို့သော် ထိုမဂ္ဂင်ငါးပါးအောက်တွင် အနုသယကိလေသာ ကိန်းနေလျက်ရှိသေး၏။ အဖြစ်လည်း ဒုက္ခ အပျက်လည်း ဒုက္ခ၊ ထိုဒုက္ခနှစ်ခုကို ပိုင်းခြားနိုင်လာပြီဆိုလျှင် အဖြစ်လည်း ကြိုက်တော့မည်မဟုတ်၊ အပျက်လည်း ကြိုက်တော့မည်မဟုတ်။ ဖြစ်ဒုက္ခနှင့် ပျက်ဒုက္ခ ဘယ်ဟာကိုမျှ ကြိုက်စရာမရှိ။ ခန္ဓာကိုယ်တွင်လည်း ထိုဖြစ်ဒုက္ခနှင့် ပျက်ဒုက္ခမှတစ်ပါး ဘာမျှမရှိ။ (၃၁)ဘုံ အကုန်လုံး ဖြစ်ဒုက္ခနှင့် ပျက်ဒုက္ခသာရှိ၏ဟု ဆုံးဖြတ်ချက်ချနိုင်လာမည်ဖြစ်၏။ ကိုယ်ပိုင်မြင်သည့်ဉာဏ်ဖြင့် ဆုံးဖြတ်ချက်ချနိုင်လာလျှင် ဤဒုက္ခမျိုးတော့ဖြင့် မလိုချင်တော့ပါဟု ဉာဏ်တက်လာမည်ဖြစ်၏။ ရှုရင်းဖြင့် မလိုချင်တော့သည့် ဉာဏ်တက်လာလျှင် မဂ္ဂင်သုံးပါး တိုးလာတော့၏။ သုံးပါးတိုးသည်နှင့်တစ်ပြိုင်နက် မဂ္ဂင်အောက်က ကိန်းနေသည့် အောက်ခံ အနုသယကိလေသာက ပြုတ်ထွက်သွားတော့၏။ မဂ္ဂင်သုံးပါးတိုးသည်နှင့် မဂ္ဂင်ရှစ်ပါး ပြည့်သွားတော့၏။ မဂ္ဂင်ရှစ်ပါးပြည့်သည်နှင့် သောတာပန်အစစ် မဟာသောတာပန်ဟု နာမပညတ် ပြောင်းလဲလာတော့၏။ အပါယ်လေးပါး တံခါးသော့ခတ်ပိတ်လိုနိုင်ပြီဖြစ်၏။ အတိတ်ကပြုခဲ့သမျှ အပါယ်ရောက်ကြောင်း အကုသိုလ်ကံမှန်သမျှ အကုန်ပြုတ်ထွက်သွားတော့၏။ ထို့ကြောင့် ဖြစ်ဒုက္ခနှင့် ပျက်ဒုက္ခကို ပိုင်းခြားနိုင်အောင် ရှုဖို့သည်သာ အရေးအကြီးဆုံးဖြစ်၏။ ဉာဏ်သည် ရှုရင်းဖြင့် တက်လာမည်သာဖြစ်၏။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး