ဝိသာခနှင့် ဓမ္မဒိန္နာ (၁)

ဘုရားရှင် ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတွင် သီတင်းသုံးနေစဉ်က ဖြစ်ရပ်တစ်ခုဖြစ်၏။ ထိုစဉ်က ဝိသာခနှင့် ဓမ္မဒိန္နာတို့ဇနီးမောင်နှံ ရှိခဲ့၏။ ဘုရားရှင် ရာဇဂြိုဟ်ပြည် ကြွလာချိန်တွင် ဘုရားရှင် ဟောကြားတော်မူသောတရားတော်များကို နာကြားရ၍ ဗိမ္ဗိသာရမင်းကြီးနှင့်တကွ ဝိသာခသူဋ္ဌေးအပါအဝင် များစွာသောပရိသတ်တို့ သောတာပန်တည်ခဲ့ကြလေ၏။ ဝိသာခသူဋ္ဌေးသည် လူသားဘဝဖြင့်ပင် သောတာပန်တည်ခဲ့သူဖြစ်၏။ ရာဇဂြိုဟ်မြို့တွင် နေထိုင်လျက်ရှိပြီး ဘုရားရှင်ကလည်း တရားဓမ္မများကို နေ့စဉ်ဟောကြားပေးလျက်ရှိရာ တရားနာရင်းဖြင့်ပင် နောက်ရက် သကဒါဂါမ်တည်၊ နောက် တစ်ရက်တွင် အနာဂါမ်တည်ခဲ့လေ၏။ အနာဂါမ်တို့မည်သည် လူ့ပြည်၊ နတ်ပြည်၌ရှိသော အာရုံတို့ကို ခုံမင်နှစ်သက်မှုမရှိ၊ မဂ်နှင့်ပယ်ပြီးဖြစ်တော့၏။ ကာမရာဂါနုသယကို အမြစ်ပြတ်ပယ်သတ်ပြီးဖြစ်သဖြင့် ရူပဘုံ အရူပဘုံခင်တွယ်သည့် ဘဝရာဂါနုသယလောက်သာ ကျန်တော့၏။ ကာမဘုံတွင် မည်သည့်အာရုံမျိုးနှင့်တွေ့ကြုံစေကာမူ သာယာစုံမက်မှုမရှိတော့။ မည်မျှအဖိုးတန်ပစ္စည်းကိုပင် တွေ့မြင်ရသည်ဖြစ်စေ၊ မည်မျှပင် ချောမောလှပသူကိုပင် တွေ့မြင်ရသည်ဖြစ်စေ ကာမအာရုံမှန်သမျှ ဥပေက္ခာထားနိုင်ပြီဖြစ်၏။ လိုချင်တပ်မက်မှု ကင်းစင်နေပြီဖြစ်၏။ ကာမဘုံ ကာမအာရုံနှင့်မထိုက်တန်တော့သော မဂ်ကိုရထားသောကြောင့်ဟု ဆိုနိုင်၏။ ကာမဘုံ ကာမအာရုံတို့ကို စွန့်ပယ်ပြီးဖြစ်နေပြီဖြစ်၏။ ကာမဘုံသို့လည်း ပြန်မလာတော့သကဲ့သို့ ကာမအာရုံကိုလည်း တွယ်တာမက်မောမှုမရှိတော့သဖြင့် နောက်ဘ၀ ဗြဟ္မာ့ပြည်သာ လားရာရှိတော့၏။ သောတာပတ္တိမဂ်က အပါယ်ဘုံကို ရုပ်သိမ်းပေးလိုက်၏။ သကဒါဂါမိမဂ်ကမူ မည်သည့်ဘုံကိုမျှ ရုပ်သိမ်းမပေးနိုင်ခဲ့။ အနာဂါမိမဂ်က ကာမဘုံအားလုံးကို ရုပ်သိမ်းပေးလိုက်တော့၏။ နောက်ဆုံး အရဟတ္တမဂ်ကမူ ကျန်သည့် ရူပ အရူပဗြဟ္မာ့ဘုံများ အားလုံးကို ရုပ်သိမ်းပေးလိုက်နိုင်၏။ သို့ဖြင့် ရဟန္တာပုဂ္ဂိုလ်သည် သုံးဆယ့်တစ်ဘုံလုံး အကုန်သိမ်းလိုက်ပြီဖြစ်၍ ဘုံဘဝမှလွတ်မြောက်ကာ ဘုံဘဝကင်းမဲ့ရာ ခန္ဓာချုပ်ငြိမ်းရုပ်သိမ်းရာ နိဗ္ဗာန်သာ လားရာရှိတော့၏။ ဝိသာခဒါယကာသည် အရဟတ္တမဂ်ကို မရသေး၊ အနာဂါမိမဂ်ကိုသာ ရရှိထားသူဖြစ်၍ အနာဂါမ်ပုဂ္ဂိုလ်အဆင့်မျှသာ ရှိသေး၏။ အနာဂါမ်ဖြစ်ပြီးသည့်နေ့တွင် အိမ်သို့ပြန်လာသောအခါ ဣန္ဒြေသိက္ခာ အပြည့်ဖြင့် တည်ကြည်ငြိမ်သက်စွာ ပြန်လာခဲ့၏။ သောတာပန်အဖြစ်ဖြင့် အိမ်ပြန်လာစဉ်ကမူ ဇနီးဖြစ်သူက အပြုံးဖြင့် ဆီးကြိုနှုတ်ဆက်၊ လက်ချင်းယှက်ကာ အိမ်ပေါ်သို့ တက်ရိုးရှိခဲ့၏။ သကဒါဂါမ်တည်စဉ်ကလည်း ထိုသဘောများကို မစွန့်သေး။ အနာဂါမ်တည်ပြီး ပြန်လာသည့်နေ့တွင်မူ အရင်နေ့များနှင့်မတူ၊ တမူထူးခြားနေသည်ကို ဓမ္မဒိန္နာ သတိထားလိုက်မိ၏။ အနာဂါမ်ဖြစ်လာသည်ကိုမူ ဓမ္မဒိန္နာက မသိ၊ အမူအရာ ထူးခြားနေသည်ကိုသာ သိရှာ၏။ ကြိုဆိုရမည့်ဝတ္တရားအတိုင်း ဆီးကြိုနှုတ်ဆက်လေ၏။ လက်ချင်းယှက်ဖို့ လက်ကို ကမ်းလင့်သော်လည်း ဝိသာခက အတွဲမခံ၊ ရုန်းဆန်လိုက်၏။ စကားလည်း မပြော။ ထိုအခါ “ဒီနေ့ သူ ဘာဖြစ်လာပါလိမ့်မလဲ”ဟု ဓမ္မဒိန္နာ တွေးမိလေတော့၏။ သို့သော် ဓမ္မဒိန္နာက အိမ်ပေါ်ရောက်အောင် လိုက်ခဲ့ရှာလေ၏။ “ထမင်းစားရင်တော့ အရင်လို စကားပြောမှာပါ”ဟု ထင်ထား၏။ သို့သော် ဝိသာခသူဋ္ဌေးသည် ထမင်းစားသည့်အခါတွင်လည်း စကားမပြော၊ သူတစ်ယောက်ထည်းသာ စားလေ၏။ အရင်လို ဇနီးမောင်နှံနှစ်ယောက် လက်ဆုံမစားတော့။ အိပ်သည့်အခါမှာလည်း ဇနီးမောင်နှံ နှစ်ယောက်အတူ မအိပ်တော့၊ သူတစ်ယောက်ထည်း လွတ်လပ်သည့်နေရာတွင် အဝတ်ဖြူခင်းပြီး သန့်ရှင်းစွာ အိပ်လေ၏။ (ဆက်လက်ဖော်ပြပါမည်။)

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး