ဝိသာခနှင့် ဓမ္မဒိန္နာ (၆)
ဝိသာခဒါယကာသည် ဓမ္မဒိန္နာ တရားထူး တကယ် ရမရ သိလိုရေးဖြင့် မေးခွန်းများကို ဆက်လက်မေးမြန်းနေပါ၏။ ဝိသာခသည် အနာဂါမ်၊ ဓမ္မဒိန္နာသည် ရဟန္တာဖြစ်၏။ အနာဂါမ်ကမေး၍ ရဟန္တာက ဖြေကြားပေးချက်များသာ ဖြစ်ပါ၏။
“အရှင်မ ဓမ္မဒိန္နာ- သက္ကာယဒိဋ္ဌိချုပ်အောင်ဘာနဲ့ကျင့်ရမှာလဲ”
“မဂ္ဂင်ရှစ်ပါးနဲ့ကျင့်ရပါမယ်”
“မဂ္ဂင်ရှစ်ပါးကို ဘယ်လိုဝေဖန်ရမလဲ”
“သီလမဂ္ဂင်သုံးပါး၊ သမာဓိမဂ္ဂင်သုံးပါး၊ ပညာမဂ္ဂင်နှစ်ပါး”
သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝတို့သည် သီလမဂ္ဂင်သုံးပါးဖြစ်၏။ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိတို့သည် သမာဓိမဂ္ဂင်သုံးပါးဖြစ်၏။
“ဘာကြောင့် သမာဓိမဂ္ဂင်သုံးခုခွဲထားရတာလဲ”
“တစ်ခုတည်းနဲ့ ကိစ္စပြီးအောင်မလုပ်နိုင်လို့ပါ”
သမာဓိတည်ရန် ဝီရိယလည်း ပါရ၏။ သတိလည်းပါရ၏။ သမာဓိတည်သည်ဟုဆိုသော်လည်း ဝီရိယနှင့် သတိမပါလျှင် မတည်နိုင်။ ထို့ကြောင့် ဝီရိယနှင့် သတိသည် သမာဓိအားဖြည့်တရားနှစ်ပါးဖြစ်ပါ၏။ သမာဓိသည် ဖြစ်ပျက်ရှိရာသို့ “စိုက်ကနဲ့ စိုက်ကနဲ့” သွားနိုင်ဖို့အတွက် သတိလည်း အားကောင်းဖို့လို၏၊ ဝီရိယလည်း အားကောင်းဖို့လို၏။ ထိုတရားသုံးပါးစုံမှသာလျှင် မိမိရှုလိုသော ဖြစ်ပျက်ဆီသို့ သမာဓိက ဦးတည်သွားနိုင်၏။ မစုံလျှင် ဖြစ်ပျက်ဆီသို့မရောက်ဘဲ ဝေဝေဝါးဝါး ဖြစ်နေမည်သာဖြစ်၏။ သမာဓိသည် ဖြစ်ပျက်ရှိရာကိုသာ တည့်ပေးနိုင်၏။ မြင်သည့်အလုပ်ကိုမူ သူမလုပ်နိုင်။ မြင်ခြင်းကိစ္စသည် ဉာဏ်၏အလုပ်သာဖြစ်၏။ သတိ ဝီရိယ သမာဓိတို့သည် သုံးခုပေါင်းပြီး ဖြစ်ပျက်ရှိရာသို့ ဦးတည့်ပေးခြင်းသာ တတ်နိုင်၏။ အာရုံ၏ အဖြစ်အပျက်ကို သူတို့က မသိနိုင်ကြ။ ထို့ကြောင့် သမာဓိမဂ္ဂင်သုံးပါးသည် ပညာမဂ္ဂင်၏ အကူအညီတရားသုံးခုဟု မှတ်ရမည်ဖြစ်၏။
သမာဓိကို ဧကဂ္ဂတာဟုလည်း ဆို၏။ တစ်ခုတည်းသောအာရုံကိုသာ ယူသည်ဟု အဓိပ္ပါယ်ရ၏။ သို့ဖြစ်၍ ဝိပဿနာရှုရာတွင် ဝေဒနာရှုသူက ဝေဒနာကိုသာ တစ်ခုတည်းသောအာရုံအဖြစ်ဖြင့် ရှုရ၏။ စိတ်ရှုသူက စိတ်ကိုသာ တစ်ခုတည်းသော အာရုံအဖြစ်ဖြင့် ရှုရ၏။ ရုပ်ရှုသူက ရုပ်ကိုသာ တစ်ခုတည်းသောအာရုံအဖြစ်ဖြင့် ရှုရ၏။ ယင်းသို့ အာရုံတစ်ခုတည်းကိုသာ ယူ၍ အရှုဉာဏ်က အရှုခံအာရုံပေါ်သို့ တည့်နေပြီဆိုလျှင် ဧကဂ္ဂတာကျသည်ဟု ပြောရိုးရှိ၏။ ထို့ကြောင့် သမာဓိဟူသည် ဧကဂ္ဂတာစေတသိက်ပင်ဖြစ်၏။ သမာဓိနိမိတ်ဟူသည်လည်း ရှိသေး၏။ သတိပဋ္ဌာန်လေးပါးပင်ဖြစ်၏။ ကာယာနုပဿနာသတိပဋ္ဌာန်၊ ဝေဒနာနုပဿနာသတိပဋ္ဌာန်၊ စိတ္တာနုပဿနာသတိပဋ္ဌာန်၊ ဓမ္မာနုပဿနာသတိပဋ္ဌာန် အားဖြင့် လေးပါးရှိ၏။ သတိပဋ္ဌာန်ဟူသည်မှာ သတိရှေ့ဆောင်ရာသို့ သမာဓိကလိုက်ရခြင်းဖြစ်၏။ ဝေဒနာကို သတိထားလျှင် ဧကဂ္ဂတာ (သမာဓိ)ကလည်း ဝေဒနာပေါ်သို့ ကျရ၏။ ဝေဒနာပေါ်သို့ ကျနေပြီဆိုလျှင် ဝေဒနာအကြောင်း ကောင်းကောင်း သိလာရ၏။ စိတ်ကို သတိထားလျှင် စိတ်ပေါ်သို့ ကျရ၏။ စိတ်ပေါ်သို့ ကျနေပြီဆိုလျှင်လည်း စိတ်အကြောင်း ကောင်းကောင်း သိနိုင်မည်သာဖြစ်၏။ သတိထား သမာဓိစိုက်နေချိန်တွင် ခန္ဓာအထည်မတွေ့ရဘဲ ဝေဒနာကိုသာ တွေ့နေပြီ၊ စိတ်ကိုသာ တွေ့နေပြီဆိုလျှင် သတိပဋ္ဌာန်နိမိတ်ဖြစ်နေပြီဖြစ်၏။ သတိပဋ္ဌာန်၏ အခြံအရံ ဝီရိယစိုက်ပေးလိုက်မည်ဆိုပါက သတိပညာဖြင့် ခန္ဓာ၏ နိစ္စနိမိတ်ပျောက်ပြီး အနိစ္စနိမိတ်ပေါ်လာမည်ဖြစ်၏။ ထို ဝီရိယ၊ သတိ၊ သမာဓိသုံးမျိုးကို သမာဓိမဂ္ဂင်ဟု ပြောခဲ့ပါ၏။ ဖြစ်ပျက်မြင်လျှင် တစ်ပြိုင်နက်ဝင်လာမည့်တရားများဖြစ်၏။ ဧကဂ္ဂတာကို သမာဓိဟုဆို၏။ သတိပဋ္ဌာန်သည် သတိပင်ဖြစ်ပါ၏။ သမ္မပ္ပဓာန်သည် ဝီရိယ၏အမည်တစ်မျိုးဖြစ်၏။
ထိုမျှဖြင့် မပြည့်စုံသေး၊ ပွါးများမှုလိုသေး၏။ ဝေဒနာ၏ ပြောင်းလဲပုံ၊ စိတ်၏ပြောင်းလဲပုံ အနိစ္စနိမိတ်ထင်အောင် ကြည့်ပေးရမည်ဖြစ်၏။ နိစ္စနိမိတ်ပျောက်ပြီး အနိစ္စနိမိတ်ထင်အောင် ကြည့်ရခြင်းဖြစ်၏။ ခိုင်မြဲသည်ဟူသောအမြင်ပျောက်ပြီး မခိုင်မမြဲဟူသော အမြင်ရောက်အောင် ကြည့်ရခြင်းပင် ဖြစ်၏။ ယင်းကို ပွါးများသည်ဟုဆိုရ၏။ တစ်ကြိမ်တစ်ခါ ကြည့်ရုံနှင့် မရ၊ အကြိမ်ကြိမ်အဖန်ဖန် ပွါးများးပေးရ၏ (ဘာဝိတာ ဗဟုလီကတာ)။ ယင်းကို ဘာဝေတဗ္ဗကိစ္စဟုဆိုရ၏။ ဝိပဿနာမဂ်အတွက် ဘာဝေတဗ္ဗကိစ္စလိုအပ်၏၊ လောကုတ္တရာမဂ်အတွက်တော့ မလိုအပ်။ မဂ်စိတ်သည် တစ်ကြိမ်သာ ပေါ်ပြီး ပျက်သွားသောကြောင့် ဖြစ်၏။ လောကုတ္တရာမဂ်သည် တစ်ကြိမ်ဖြင့် ကိစ္စပြီး၏။ ပွားချိန်ပင် မရ။ ထို့ကြောင့် လောကီဝိပဿနာမဂ်အတွက်သာ အကြိမ်ကြိမ် ထပ်ကာ ထပ်ကာ ပွါးများပေးရမည်ဖြစ်ပါ၏။ လောကုတ္တရာမဂ်ကိုမူ ပွားစရာမလို၊ ပွား၍လည်း မဖြစ်။ ထို့ကြောင့် လောကုတ္တရာမဂ်ကို ဝိပဿနာမရှုရ။ သို့သော် လောကုတ္တရာမဂ်သည် တစ်ကြိမ်တည်းသာ ဖြစ်သော်လည်း အလွန်အစွမ်းထက်၏။ အလွန်ကျေးဇူးများ၏။ ဥပမာအားဖြင့် လှေသမားတစ်ယောက်သည် လှေတွင် ကုန်တင်၍ ကမ်းတစ်ဖက်သို့ ကူးသွားလျှင် ဤဘက်ကမ်းမှခွါခြင်း၊ ကုန်များကိုတင်ဆောင်သွားခြင်း၊ ရေကိုဖြတ်ကူးခြင်း၊ ဟိုဘက်ကမ်းသို့ ရောက်ခြင်း လေးကိစ္စလုံးသည် လှေ၏ အလုပ်သာဖြစ်သကဲ့သို့ တစ်ကြိမ်သာပေါ်သောမဂ်စိတ်သည်လည်း ဤဘက်ကမ်းနှင့်တူသော သက္ကာယဒိဋ္ဌိနယ်မှ ခွါမှု၊ ရေနှင့်တူသော ကိလေသာတို့ကိုသတ်မှု၊ ဟိုဘက်ကမ်းနှင့်တူသော နိဗ္ဗာန်အရောက်ပို့မှု၊ ခန္ဓာဝန်တည်းဟူသော ကုန်စည်များကို နိဗ္ဗာန်ရှိရာသို့ ဆောင်မှုကိစ္စလေးမျိုး တစ်ပြိုင်နက်ပြီးလေ၏။ သက္ကာယနယ်မှခွါခြင်းဟူသည် မဂ်စိတ်ပေါ်သည့်အချိန်တွင် ဖြစ်ပျက် မမြင်တော့ခြင်းပင် ဖြစ်၏။ ဖြစ်ပျက်ကိုပင် သက္ကာယဟုဆိုရ၏။ ခန္ဓာပင် ဖြစ်ပါ၏။ ဒုက္ခသစ္စာသာ ဖြစ်၏။ ယင်း ဒုက္ခသစ္စာကို ပရိညေယျဖြင့် ပိုင်းခြားထားခဲ့ခြင်း ဖြစ်၏။ သက္ကာယဒိဋ္ဌိချုပ်သည့် နိဗ္ဗာန်ကိုလည်း အာရုံပြုနိုင်လေတော့၏။ ထို့ကြောင့် မဂ်အစစ်သည် တစ်ကြိမ်သာဖြစ်သော်လည်း အလွန်ကျေးဇူးများလှ၏။
အချုပ်အားဖြင့် ဝိပဿနာလုပ်ရာတွင် ဧကဂ္ဂတာလည်း အရေးကြီး၏၊ သတိပဋ္ဌာန်နိမိတ်လည်း အရေးကြီး၏၊ သတိပဋ္ဌာန်၏ အကူအညီ ဝီရိယလည်း အရေးကြီး၏။ ဧကဂ္ဂတာလည်း အကြိမ်ကြိမ်ဖြစ်အောင် ပွါးများရန်လိုအပ်၏။ သတိပဋ္ဌာန်နိမိတ်လည်း အကြိမ်ကြိမ်မြင်အောင် ကြည့်ပေးရန်လိုအပ်၏။ ဝီရိယတွန်းအားလည်း အကြိမ်ကြိမ်ဖြစ်ရန်လိုအပ်၏။ ယင်းကို ဘဝေတဗ္ဗကိစ္စဟု ဆိုရ၏။
(ဆက်လက်ဖော်ပြပါမည်။)
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.