သုညတဆိုက်မှ

မိုးကုတ်ဆရာတော်ဘုရားကြီးက “ခန္ဓာထဲ ရှိကောင်းတဲ့တရားက သမ္မာဒိဋ္ဌိ၊ ခန္ဓာထဲ မရှိကောင်းတဲ့တရားက မိစ္ဆာဒိဋ္ဌိ”ဟု မိန့်တော်မူ၏။ သို့ဖြစ်၍ ခန္ဓာထဲတွင် သမ္မာဒိဋ္ဌိ များများရှိအောင်ကြိုးစားရမည်ဖြစ်၏။ မိစ္ဆာဒိဋ္ဌိ နည်းနိုင်သမျှ နည်းအောင်၊ ပါးနိုင်သမျှ ပါးအောင်၊ နောက်ဆုံး အမြစ်ပြတ်ပယ်သတ်နိုင်အောင် ကြိုးစားရမည်ဖြစ်၏။ သံသရာမှာ အိုလိုက် နာလိုက် သေလိုက် ထပ်ပြီးလည်နေရသည်မှာ ခန္ဓာထဲ မရှိကောင်းသော တရားရှိနေ၍သာ ဖြစ်၏။ ရှိကောင်းသော သမ္မာဒိဋ္ဌိသာ ရှိနေမည်ဆိုလျှင် အိုသေဇာတ်သိမ်းနိုင်မည်ဖြစ်၏။ ခန္ဓာထဲ ရှိကောင်းသောတရားကိုလည်းမသိ၊ မရှိကောင်းသောတရားကိုလည်း မသိသောကြောင့်သာလျှင် အိုသေဇာတ်မကင်းနိုင်ဘဲ သံသရာရှည်နေကြရခြင်းဖြစ်၏။ ခန္ဓာထဲတွင် အရှိတရားသည် ဖြစ်လိုက် ပျက်လိုက်ဖြစ်နေသည့် အနိစ္စ၊ ဒုက္ခ၊ အနတ္တဟုဆိုရသည့် ဖြစ်ပျက်သာ ရှိ၏ (သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာ၊ သဗ္ဗေ ဓမ္မာ အနတ္တာ)။ ရုပ်နာမ် ဓမ္မသဘာဝတို့သာ ရှိနေခြင်းဖြစ်ပါ၏။ ယင်းရုပ်နာမ်ဓမ္မတို့ကို “ငါ သူ ယောက်ျား မိန်းမ”ထင်မှတ်နေခြင်းမှာ မရှိကောင်းသောတရား ဝင်နေခြင်းသာဖြစ်ပါ၏။ ဖောက်ပြန်မှားယွင်းပြီး သိနေသော အသိသာ ဖြစ်ပါ၏။ ယင်းကို မိစ္ဆာဒိဋ္ဌိဟု ဆိုလိုက ဆိုနိုင်ပါ၏။ ထို့ထက် ခပ်လျှော့လျှော့ ပြောရပါမူ သက္ကာယဒိဋ္ဌိပင် ဖြစ်ပါ၏။ မည်သည့်ဒိဋ္ဌိမဆို ဒိဋ္ဌိမှန်လျှင် မရှိကောင်းသောတရားပင်ဖြစ်တော့၏။ ဒိဋ္ဌိဝင်လာလျှင် ဒိဋ္ဌုပါဒါန်လိုက်လာတော့၏။ ဒိဋ္ဌိအုပ်ချုပ်သည့်ကံကလည်း လိုက်လာတော့၏။ ကံလာပြီဆိုလျှင် ဇာတိဒုက္ခသစ္စာလည်း လာတော့မည်သာဖြစ်၏။ ဒိဋ္ဌိမရှိရေးအတွက် သုညတတရားကို နာကြားရမည်ဖြစ်၏။ ခန္ဓာ အာယတန ဓာတ် သစ္စာဆိုက်သည့်တရား၊ ပဋိစ္စသမုပ္ပါဒ်တရားမျိုးကို သုညတတရားဟုဆိုရ၏။ ရှင်းလင်းချက်ထုတ်ရမည်ဆိုလျှင် ရူပက္ခန္ဓာသည် ပုဂ္ဂိုလ် သတ္တဝါမှ ဆိတ်သုဉ်းသောကြောင့် သုညတသာဖြစ်၏။ ထို့အတူ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့ကိုလည်း နားလည်ရမည်ဖြစ်၏။ အာယတနသည်လည်း ပုဂ္ဂိုလ် သတ္တဝါ မဟုတ်သဖြင့် သုညတဟုဆိုရ၏။ ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ်တို့သည်လည်း ထို့အတူပင်ဖြစ်၏။ ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ်တရားမျိုးကို မနာရလျှင် နားမလည်လျှင် ဒိဋ္ဌိသည် ပြုတ်ရိုးထုံးစံမဟုတ်။ ထို့ကြောင့် သုညတတရားကို နာရဖို့ နားလည်ဖို့သည် အရေးကြီးပါ၏။ ငါ ငါ့ဥစ္စာ ဆိတ်သုဉ်းသည့်တရားမျိုးကို သုညတတရားဟု ရှင်းလင်းစွာ နားလည်ထားရမည်ဖြစ်၏။ သုညတတရား မနာရလျှင် နားမလည်လျှင် အပါယ်ကျစေတတ်သည့် ဒိဋ္ဌိသည် မပြုတ်။ ဒိဋ္ဌိမပြုတ်လျှင် သုဂတိတက်လိုက် ဒုဂ္ဂတိ ဆင်းလိုက် လည်နေရမည်သာဖြစ်၏။ နိဗ္ဗာန်မရောက်။ မည်သူသည် သီလတစ်ကြိမ် ဆောက်တည်ကာမျှဖြင့် လူ့ပြည် နတ်ပြည် အကြိမ်ကြိမ်ခံစားပြီး နောက်ဆုံးဘဝတွင် နိဗ္ဗာန်ဝင်သွားသည် စသည်ဖြင့် ဘုရားရှင်ဟောတော်မူချက်များလည်း ရှိပါ၏။ ဤသည်မှာ သမုတိသစ္စာနည်းဖြင့် ဟောထားခြင်းသာ ဖြစ်၏။ ဤပုဂ္ဂိုလ်သည်ပင် လူ့ပြည် နတ်ပြည်ရောက်၊ ဤပုဂ္ဂိုလ်သည်ပင် နိဗ္ဗာန်ရောက်သည်ဟု ယူဆထားလျှင် သုညတ ဆိုက်လိမ့်မည်မဟုတ်။ သမုတိသစ္စာနည်းဖြင့် ဟောကြားထားသည်ဟု နားလည်ပြီး ပရမတ္ထသစ္စာရှုထောင့်မှ သုညတဆိုက်အောင် ဆင်ခြင်ကြည့်ရမည်သာ ဖြစ်၏။ ယင်းသို့ မကြည့်တတ်လျှင် ပုဂ္ဂိုလ်စွဲ ဝင်လာသဖြင့် ဒိဋ္ဌိကပ်မြဲတိုင်း ကပ်နေမည်သာဖြစ်၏။ သုညတနားမလည်လျှင် သက္ကာယဒိဋ္ဌိမပြုတ်ဟုသာ မှတ်ရမည်ဖြစ်၏။ ဥပမာ- ဇာဏုပေါသထလုလင်သည် ဥပုသ်တစ်ကြိမ်စောင့်ခြင်းကြောင့် နတ်ရွာသုဂတိ အကြိမ်ကြိမ်ခံစားရ၏။ နောက်ဆုံး ရဟန္တာဖြစ်သွား၏။ သုညတဆိုက်အောင် နားမလည်ပါက ပုဂ္ဂိုလ်တစ်ယောက်တည်း ကူးဆက်သွားသည်ဟု ထင်မြင်နေသောကြောင့် သဿတဒိဋ္ဌိဖြစ်ရ၏။ ”ဥပုသ်စောင့်တာလဲ သူပဲ၊ နတ်ပြေရောက်သွားတာလဲ သူပဲ၊ နိဗ္ဗာန်ရောက်သွားတာလည်း သူပဲ”ဟု ပုဂ္ဂိုလ် သတ္တဝါ အထင်ရောက်နေမည်ဆိုပါက ဒိဋ္ဌိသာဖြစ်တော့၏။ စင်စစ်မှာ သမုတိသစ္စာနည်းဖြင့် ဟောခြင်းသာဖြစ်၏၊ အရှိက ပုဂ္ဂိုလ် သတ္တဝါမဟုတ်၊ အနိစ္စ ဒုက္ခ အနတ္တ ရုပ်နာမ် ဖြစ်ပျက်သာရှိ၏ဟု သုညတဆိုက်အောင် နားလည်မှ ပရမတ္ထသစ္စာဆိုက်မည်ဖြစ်၏။ သုညတမဆိုက်ဘဲ သက္ကာယဒိဋ္ဌိ မပြုတ်၊ သက္ကာယဒိဋ္ဌိမပြုတ်ဘဲ နိဗ္ဗာန်မရောက်၊ သက္ကာယဒိဋ္ဌိသည် မဂ်တား ဖိုလ်တားတရားဟုမှတ်ရမည်ဖြစ်၏။ ဖားနတ်သားနမူနာပြရမည်ဆိုလျှင် တိရစ္ဆာန်ဘဝကလည်းဖား၊ နတ်သားဖြစ်သွားတော့လည်း ဖားဟုထင်မြင်ယူဆမိပါက သဿတဒိဋ္ဌိပင်ဖြစ်တော့၏။ တိရစ္ဆာန်ဖားဘဝက ရုပ်နာမ်သည် တိရစ္ဆာန်ဘဝမှာပင် ချုပ်ပျောက်ခဲ့ပြီဖြစ်၏။ နတ်ပြည်ရောက်သွားသောအခါ နတ်ရုပ်နာမ်အသစ်ပေါ်ခြင်းသာဖြစ်၏။ နတ်သည် တိရစ္ဆာန်မဟုတ်။ ထိုသို့ ရုပ်နာမ်အထိ ထိုးဖောက်မြင်နိုင်ရမည်ဖြစ်ပြီး ၎င်းရုပ်နာမ်သည်လည်း အနိစ္စ ဒုက္ခ အနတ္တ ဖြစ်ခြင်း ပျက်ခြင်းသဘောများပင်ဖြစ်သည်ဟု နားလည်ရမည်ဖြစ်၏။ သို့မှသာလျှင် ပုဂ္ဂိုလ်သတ္တဝါပျောက်၍ သုညတသဘော ဆိုက်ရောက်မည်ဖြစ်၏။ ခန္ဓာထဲတွင် မရှိကောင်းသည့် ဒိဋ္ဌိပျောက်၍ ခန္ဓာထဲတွင် ရှိကောင်းသည့် သမ္မာဒိဋ္ဌိ ဝင်ရောက်လာမည်ဖြစ်၏။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး