ဝိသာခနှင့် ဓမ္မဒိန္နာ (နိဂုံး)
(ဝိသာခဒါယကာသည် ဝေဒနာအကြောင်း ဆက်လက်မေးမြန်းသဖြင့် အရှင်မ ဓမ္မဒိန္နာ၏ ဖြေကြားချက်များသာ ဖြစ်ပါ၏။)
“အရှင်မ ဝေဒနာဘယ်နှစ်မျိုးရှိသလဲ”
“သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာလို့ ဝေဒနာ သုံးမျိုးရှိပါတယ်”
“ဒီဝေဒနာသုံးမျိုးကို ဘယ်လိုရှုရမလဲ”
“သုခဝေဒနာက ဖြစ်တုန်းချမ်းသာသလိုနဲ့ ပျက်သွားတော့ ဒုက္ခပါပဲ။ ဒုက္ခဝေဒနာက ဖြစ်တုန်း ဆင်းရဲသလိုနဲ့ ပျက်သွားတော့ ချမ်းသာတယ်။ ဥပေက္ခာဝေဒနာက သုခဝေဒနာ သဘောဆောင်တယ်”
“ဒီဝေဒနာတွေရှုတော့ ဘယ်အနုသယတွေ သေပါသလဲ”
“သုခဝေဒနာရှုရင် ကာမရာဂါနုသယ (လောဘ) သေတယ်။ ဒုက္ခဝေဒနာရှုရင် ပဋိဃာနုသယ (ဒေါသ) သေတယ်၊ ဥပေက္ခာဝေဒနာရှုရင် အဝိဇ္ဇာနုသယ (မောဟ) သေတယ်”
ထုံးစံအရ ခန္ဓာထဲမှာ ဝေဒနာသုံးမျိုး တစ်မျိုးမျိုးတော့ အလှည့်ကျ ပေါ်နေမည်သာဖြစ်၏။ သုခပေါ်ခိုက် ဒုက္ခ ဥပေက္ခာမရှိ၊ ဒုက္ခပေါ်ခိုက် သုခ ဥပေက္ခာမရှိ၊ ဥပေက္ခာပေါ်ခိုက် သုခ ဒုက္ခမရှိ။ သို့သော် ဝေဒနာ တစ်ခုခုတော့ အလှည့်ကျ ရှိနေမည်သာဖြစ်ပါ၏။ ထိုသို့ အလှည့်ကျ ပေါ်နေရသည်ဆိုကတည်းက မခိုင်မမြဲ၍သာ အလှည့်အပြောင်းဖြင့် ပေါ်နေရသည်ဟု ဉာဏ်တွင် ရှင်းလင်းနေရန်လိုအပ်ပါ၏။ ယင်းအလှည့်ကျပေါ်နေသော ဝေဒနာလေးကိုပင် ဖြစ်ပျက်မြင်အောင်ကြည့်နိုင်လျှင် ဝေဒနာနှင့် ငါ မရောယှက်နိုင်တော့ပြီဖြစ်၏။ ပေါ်သည့်အခိုက်လည်း ငါ့သဘော တစ်ခုမှမပါသကဲ့သို့ ပျက်သွားသည့်အခိုက်တွင်လည်း ငါ့သဘော တစ်ခုမှမပါ။ သူ့အလိုလိုပေါ်၍ သူ့အလိုလို ပျက်သွားခြင်းသာဖြစ်နေတော့၏။ လူတိုင်း ချမ်းသာချင်သော်လည်း မည်သူမျှ ဆင်းရဲဒုက္ခ မရောက်ချင်ကြသည်မှာ လူ့လောက ဓမ္မတာပင်ဖြစ်၏။ သို့သော် ဆင်းရဲဒုက္ခကို မလိုချင်သော်လည်း ဆင်းရဲဒုက္ခသည် မခေါ်ဘဲနှင့် သူ့အလိုလိုဝင်လာသည်သာဖြစ်၏။ ငါပိုင်ငါဆိုင်ဖြစ်မူ ဆင်းရဲဒုက္ခဝေဒနာကို မလာပါနှင့် ဟု အမိန့်ပေးတားမြစ်ထား၍ ရနိုင်ပါ၏။ သို့သော် ထိုသို့ ပြုလုပ်၍ မရ။ သုခချမ်းသာ အမြဲနေပေးပါဟု သုခဝေဒနာကို အမြဲ တမ်းတသော်လည်း သူ့သဘောအတိုင်း ဖြစ်၍ သူ့သဘောအတိုင်း ပျက်သွားမည်သာဖြစ်၏။ တားဆီး၍လည်းမရသကဲ့သို့ ဖိတ်ခေါ်၍လည်း မရ။ ထိုသို့ ဉာဏ်ရှင်းလာလျှင် ငါမပိုင် ငါမဆိုင်သည့် အနတ္တဉာဏ် ရလာမည်သာဖြစ်ပါ၏။
အကယ်၍သာ မရှုမမှတ်နေမည်ဆိုပါက သုခဝေဒနာပစ္စယာ တဏှာ၊ ဒုက္ခဝေဒနာပစ္စယာ ဒေါသော၊ ဥပေက္ခာဝေဒနာပစ္စယာ မောဟော ဖြစ်လေ့ရှိ၏။ သုခတွေ့သုခရှု၊ ဒုက္ခတွေ့ ဒုက္ခရှု၊ ဥပေက္ခာတွေ့ ဥပေက္ခာရှုလိုက်လျှင် ဖြစ်ပျက်ချည်း မြင်နေသည့်အတွက် လောဘ၊ ဒေါသ၊ မောဟသုံးခုလုံး မလာနိုင်တော့။ မလာနိုင်လျှင် အတွင်းရန်သူဖြစ်သည့် လောဘ ဒေါသ မောဟ ချုပ်ငြိမ်းရုပ်သိမ်းရာ နိဗ္ဗာန် ရောက်ဖို့သာ ရှိတော့၏။ ထို့ကြောင့် ဝေဒနာပေါ်တိုင်းရှုမှတ်နေလျှင် အတွင်းရန်သူများကို သတ်နေသည်ဟု နားလည်ရ၏။ သုခဝေဒနာရှုလိုက်လျှင် လောဘအတွင်းရန်သေ၏။ ဒုက္ခဝေဒနာရှုလိုက်လျှင် ဒေါသအတွင်းရန်သေ၏။ ဥပေက္ခာဝေဒနာရှုလိုက်လျှင် မောဟအတွင်းရန်သေ၏။ အတွင်းရန်သူခေါင်းဆောင်သုံးယောက်သေသွားသောအခါ နောက်လိုက်နောက်ပါ ထောင့်ငါးရာ ကိလေသာတို့လည်း မည်သို့မျှ ခေါင်းမထောင်နိုင်ကြတော့။ ခေါင်းဆောင် သေသောအခါ နောက်လိုက်များလည်း ဗိုင်းဗိုင်းလဲ သေကြရတော့သည်သာဖြစ်၏။
ထို့ကြောင့် ဝေဒနာဖြစ်ပျက်ကို မြင်အောင်လိုက်ခြင်းဖြင့် ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံးလျှင် ဝေဒနာဖြစ်ပျက်က ဒုက္ခသစ္စာ၊ ဖြစ်ပျက်အဆုံးတွေ့လိုက်သည်က နိရောဓသစ္စာဖြစ်၏။ ဖြစ်ပျက် ဒုက္ခသစ္စာသည် သူဆုံးချင်၍ ဆုံးရသည်မဟုတ်၊ သက္ကာယဖြစ်ကြောင်း သမုဒယသစ္စာ ချုပ်၍ ဆုံးရခြင်းဖြစ်၏။ သမုဒယမချုပ်သရွေ့ ဖြစ်ပျက်ချုပ်ရိုးထုံးစံမရှိ။ ထို့ကြောင့် သမုဒယနှင့် ဒုက္ခသည် အတွဲလိုက်ချုပ်ရသည်ဟု နားလည်ရ၏။ သူတို့ အတွဲလိုက်ချုပ်သွားသောအခါ သက္ကာယ ချုပ်သည့် နေရာ နိရောဓနိဗ္ဗာန်နှင့် သမုဒယချုပ်သည့်နေရာ နိဗ္ဗာန်မြင်သည့်မဂ်တို့သာ ကျန်ခဲ့တော့၏။ သက္ကာယသည် ခန္ဓာငါးပါးပင်ဖြစ်၏။ ဖြစ်ပျက်ဒုက္ခသစ္စာပင်ဖြစ်၏။ ထို့ကြောင့် သက္ကာယချုပ်သည့်နေရာ ဟုပြောရခြင်းဖြစ်၏။ ဝေဒနာဖြစ်ပျက်အဆုံးကို ကိုယ်ပိုင်ဉာဏ်ဖြင့်တွေ့ပြီဆိုလျှင် မဂ်အစစ်ပေါ်ပြီဖြစ်၏။ မဂ်ပြီးလျှင် ဖိုလ်မလာပါနှင့်ဟု ဆို၍မရ။ ဖိုလ်သည် နှစ်ကြိမ်သုံးကြိမ်လာရ၏။ ဖိုလ်လာပြီးပါက သောတာပန်တည်သည်ပင်ဖြစ်၏။ သောတာပန်ဖြစ်ရုံမျှဖြင့် အားမရသေးပါက ဖြစ်ပျက်ကပင် ပြန်စ၍ အဆုံးကို ထပ်မြင်ပြန်လျှင် သကဒါဂါမ်တည်၏။ နောက်တစ်ခါ ဖြစ်ပျက်က ထပ်၍ စမည်ဆိုလျှင် အဆုံးမြင်သည်နှင့် အနာဂါမ်တည်မည်ဖြစ်၏။ ထိုမျှဖြင့် အားမရသေးဘဲ ဖြစ်ပျက်က ပြန်စပြန်လျှင် အဆုံးဉာဏ်ပေါ်သည်နှင့် ရဟန္တာဖြစ်ရ၏။ မဂ်လေးဆင့်လုံး ဖြစ်ပျက်က စမှသာလျှင် အဆုံးတွေ့မည်ဖြစ်၏။ ထို့ကြောင့် ဖြစ်ပျက်က စ၍ မြင်အောင်လိုက်နေမည်ဆိုပါက တစ်နေ့နေ့တစ်ချိန်ချိန်တွင် ထိုဖြစ်ပျက် ဒုက္ခသစ္စာ သက္ကာယတရားစုတို့အပေါ် မုန်းတီးစက်ဆုပ် မလိုချင် မစွဲလန်းသည့် ဉာဏ်လာမည်သာဖြစ်၏ (နိဗ္ဗိန္ဒဉာဏ်)။ မုန်းဉာဏ်ဝင်သည်နှင့်တစ်ပြိုင်နက် ဆုံးဉာဏ်သည် မကြာမတင်အချိန်တွင် လာတော့မည်ဟု နားလည်ထားရမည်ဖြစ်၏။ ဆုံးဉာဏ်ဝင်ခြင်းသည် မဂ်ဉာဏ်အစစ်ပင်ဖြစ်တော့၏။ ပထမအကြိမ်မြင်ခြင်းဖြင့် သောတာပတ္တိမဂ်၊ ဒုတိယ သကဒါဂါမိမဂ်၊ တတိယ အနာဂါမိမဂ်၊ စတုတ္ထ အရဟတ္တမဂ်ဉာဏ်တို့သည် ဖြစ်ပျက်ကစမှသာလျှင် ရနိုင် ပေါ်လာနိုင်သည်ဟု မှတ်သားထားရမည်ဖြစ်၏။ ထို့ကြောင့် ဖြစ်ပျက်လမ်းမှန် သမ္မာဒိဋ္ဌိဖြင့်သာလျှင် သွားနေမည်ဆိုပါက မဂ်ဉာဏ်ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်သည် ဆုတောင်းနေရန်မလို၊ ရောက်ကိုရောက်ရမည်ဟု ယုံကြည်လျက် ပွားများအားထုတ်ရန်သာ အရေးကြီးပါ၏။
ဝိသာခသူဋ္ဌေးသည် အရှင်မဓမ္မဒိန္နာက ဝေဒနာရှုပုံရှုနည်း ရှင်းပြလိုက်သောအခါတွင်မူ လူထွက်လို၍ ပြန်လာသည်ဟုထင်ထားသော သံသယများ အားလုံး ရှင်းသွားလေပြီဖြစ်၏။ သူကအနာဂါမ်၊ အခု သူမသိသည်များကိုပင် ပိုင်ပိုင်နိုင်နိုင်ဖြေပြနိုင်သောအားဖြင့် သူ့ထက်ပင် တစ်ဆင့်မြင့်လို့ ရဟန္တာမ ဖြစ်နေသည်ကိုပင် ရိပ်မိလေတော့၏။ ရိပ်မိပြီး “အရှင်မ ဓမ္မဒိန္နာ၊ အလွန်ကျေးဇူးများလှပါတယ်ဘုရား”လို့လျှောက်ပြီး လက်ယာရစ်လှည့် ဦးသုံးကြိမ်ချပြီး သူနှင့်အတူ လိုက်လာသော ဥပါသကာ ငါးရာနှင့်အတူ ဘုရားထံ သွားကြလေ၏။ ဘုရားရှင်ထံ ဓမ္မဒိန္နာနှင့် အမေးအဖြေလုပ်ခဲ့သည်များကို ပြန်လည်လျှောက်ထားလေ၏။ ဘုရားရှင်ကလည်း “ငါ၏ချစ်သမီး ဖြေတာတွေဟာ အကုန်မှန်တယ်၊ ငါဘုရားကိုလာမေးရင်လည်း ဒီအတိုင်းပဲဖြေမှာပဲ”ဟု ထောက်ခံချက်ပေးလိုက်၏။ ထို့ကြောင့် ဓမ္မဒိန္နာဖြေသမျှသည် ဘုရားဟောသကဲ့သို့ပင် ဖြစ်သည်ဟု နားလည်ရ၏။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.