အလုပ်စဉ် (၂)

ကိုယ်ပေါ်မှာ ကောင်းတဲ့စိတ်၊ ချမ်းသာတဲ့စိတ်ကလေးပေါ်လို့ရှိရင်လည်း သဘောကျလိုက်တာလို့ သာယာလိုက်တာနဲ့ တဏှာ ဥပါဒါန် ကံတွေ လာတော့မယ်။ ဒီအနာဂတ်အကြောင်းတွေ မလာအောင် ချမ်းသာတဲ့သုခစိတ်ပေါ်ရင်လည်း ဖြစ်ပျက်ရှုပေးရတယ်။ ဒီလိုမလာလို့ သံသရာပြတ်သွားရင် သမုဒယသစ္စာချုပ်သွားတာပဲ။ သူကလုပ်မှဖြစ်တဲ့ ဇာတိ ဇရာ မရဏ ဒုက္ခသစ္စာလည်း မပေါ်တော့ဘူး။ သမုဒယနဲ့ ဒုက္ခ ဒီသစ္စာနှစ်ခုကို ဖြတ်ပေးတဲ့အလုပ်ပါပဲ။ တဏှာ ဥပါဒါန် ကံက သမုဒယသစ္စာ။ နောက်က ဇာတိ ဇရာ မရဏက ဒုက္ခသစ္စာ။ အခုတွေ့နေတာတွေကို မရှုရင် နောက်ဆက်တွဲလာမှာက ဒုက္ခသစ္စာ ဇာတိ ဇရာမရဏတွေပဲ။ အခုပေါ်တာမရှုတော့ တဏှာ ဥပါဒါန် ကံလာမယ်၊ ဒါက သမုဒယသစ္စာ၊ ဒုက္ခဖြစ်ကြောင်းသုံးခုပဲ။ သေသည်၏အခြားမဲ့၌ ဇာတိ ဇရာမရဏလာမယ်၊ ဒါက ဒုက္ခသစ္စာ၊ ဒုက္ခဖြစ်ကျိုးသုံးခု။ ဒါဖြင့် ဝိပဿနာမရှုတဲ့သူမှာ သမုဒယနဲ့ ဒုက္ခသာ ဖြစ်နေတယ်။ ဒုက္ခဖြစ်ကြောင်းသုံးခုနဲ့ ဖြစ်ကျိုးသုံးခုသာ လှည့်နေတယ်။ ဝိပဿနာရှုတဲ့သူမှာ ဒီသစ္စာနှစ်ပါး ပြတ်တယ်။ ဖြစ်ကြောင်းပြတ်၍ ဖြစ်ကျိုးလည်း မလာတော့ဘူး။ အခု ပြောခဲ့တဲ့ စိတ်ခြောက်မျိုး ပေါင်းလိုက်ရင် (၆)စိတ်ပြည့်သွားပြီ၊ ဒီ(၆)စိတ်ကို အပြင်ဧည့်သည်စိတ်တွေလို့ မှတ်ထားလိုက်ပါ။ အတွင်းဧည့်သည်က (၅)ခုရှိတယ်။ အဲဒီအထဲက လောဘဟာ အများဆုံးပေါ်တတ်တာပဲ။ လောဘလေးပေါ်လာရင်လည်း ဖြစ်ပျက်ရှုလိုက်တော့ လောဘဟာ လောဘအတိုင်းချုပ်သွားတယ်။ တဏှာချုပ်တော့ ဥပါဒါန် ကံ အနာဂတ်အကြောင်းတွေလည်း ချုပ်တယ်။ အနာဂတ်အကြောင်းချုပ်တော့ အနာဂတ်အကျိုးတွေလည်း မလာနိုင်တော့ဘူး။ အကြောင်းတစ်ခုခုကြောင့် ဒေါသစိတ်ကလေးပေါ်လာရင်လည်း အဲဒီဒေါသစိတ်ကလေးကို စိုက်ပြီး ဖြစ်ပျက်ရှုလိုက်။ စိုက်ပြီးရှုလိုက်တော့ ဒေါသက ဒေါသမဟုတ်ဘဲ ဖြစ်ပျက် ဖြစ်သွားတယ်။ ရှုတာက မဂ်။ ဒီလိုရှုတော့ နောက်က ပရိဒေဝလည်း ချုပ်သွားတယ်။ နောက်ဘဝဆိုတဲ့ အဝိဇ္ဇာင်္သခါရလည်း မပေါ်တော့ဘူး။ သတ္တဝါတွေဟာ ကံပစ်ချလိုက်တဲ့အတိုင်း တဏှာရေထဲမျောနေကြရတယ်။ တဏှာခိုင်းတဲ့အတိုင်း လုပ်နေကြရတယ်။ ကံက တဏှာရေထဲ ပစ်ချလိုက်တာ။ ပစ်ချလိုက်တော့ တောင်သွား မြောက်သွား သွားလာမျောပါးနေရတယ်။ ဘာကြောင့်သွားလာ လုပ်ကိုင် လှုပ်ရှားနေကြရတာလဲဆိုတော့ လိုချင်ရချင်လို့။ အရှေ့သွား အနောက်သွား သွားနေကြတာလည်း လိုချင်ရချင်လို့။ ကားနဲ့တစ်မျိုး လေယျာဉ်နဲ့တစ်မျိုး မနေမနား သွားနေကြတာလည်း လိုချင်ရချင်လို့။ အော် တဏှာရေထဲ မျောနေကြရတယ်။ ကံပစ်ချလိုက်တဲ့အတိုင်း တဏှာရေထဲမျောနေကြရတော့ တဏှာဆိုတာ ကာမောဃ။ သြဃဆိုတာ ဝဲပဲ။ တဏှာရေက လည်ဖန်များတော့ နောက်ဆုံး မြုပ်သွားရတယ်။ ကာမောဃ၊ ကာမဝဲထဲ မြုပ်သွားကြရတယ်။ သေသည်၏အခြားမဲ့၌ တဏှာရေထဲမျောနေတဲ့ပုဂ္ဂိုလ်၊ လုပ်ရင်းကိုင်ရင်းသေတဲ့ပုဂ္ဂိုလ်ဟာ မြုပ်ဖို့ရာအကြောင်း သေချာတယ်။ အသက်ရှင်တုန်း လူကမျောနေတာ၊ သေတော့ မြုပ်ပြီပေါ့။ ဒီလို မျောခြင်း မြုပ်ခြင်းဘေးမှ ကယ်မယ့်ဆယ်မယ့်တရားသည် ဟောဒီဝိပဿနာရှုတဲ့မဂ်ပဲ ရှိတယ်။ ကံကပစ်ချလိုက်တော့ လုပ်စားရမယ့်ဘဝ၊ ရှာစားရမယ့်ဘဝထဲရောက်နေကြတယ်။ တဏှာရေထဲလည်နေကြရတယ်။ သူလည်သလောက်သာ လိုက်နေရာင် မြုပ်ပါလိမ့်မယ်။ ဒါကြောင့် ကယ်မယ့်ယူမဲ့တရားသည် ကိုယ်ရှုတဲ့ မဂ်တရား။ မဂ္ဂင်ငါးပါး၊ မဂ္ဂင်ရှစ်ပါးသည် ကိုယ့်ကို ကယ်ဆယ်မယ့်တရားပဲ။ မဂ္ဂင်က ယခုလည်နေတဲ့ ဝဲသြဃကြီးထဲကို လာခွင့်မပေးတော့ဘူး။ တဏှာလာခွင့်မပေးတော့ဘူး။ ဝဲသဩဃမလည်အောင်လည်း လုပ်နေတယ်။ သေသည်၏အခြားမဲ့၌ မြုပ်ဖို့ရာလည်း ခွင့်မပေးဘူး၊ ကန့်ကွက်တယ်။ ဒါကြောင့် အားကိုးရာအစစ်ဟာ မဂ္ဂင်ပဲလို့ မှတ်ထားလိုက်ပါ။ ဒါဖြင့် ဒေါသလာလည်း ဖြစ်ပျက်ရှု။ ဘုရား တရား သံဃာအပေါ် ဟုတ်မှဟုတ်ရဲ့လားဆိုတဲ့ သံသယဝိစိကိစ္ဆာလာရင်လည်း ဖြစ်ပျက်ရှု။ မရှုလို့ရှိရင် သံသယဝိစိကိစ္ဆာဆိုတာ အဝိဇ္ဇာပဲ။ ဒီတော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ- ဒုတိယဘဝဘက် ကူးသွားတယ်။ ဒါကြောင့် ဝိစိကိစ္ဆာ၊ မောဟလာရင်လည်း ဖြစ်ပျက်ရှု။ ပျံ့လွင့်တဲ့စိတ်ကလေးလာရင်လည်း အနိစ္စပဲလို့ ဖြစ်ပျက်ရှု။ အလောဘဆိုတဲ့ မလိုချင်တဲ့စိတ်ပေါ်လာရင်လည်း မလိုချင်ရုံနဲ့ ရပ်မနေပါနဲ့။ ဖြစ်ပျက်ရှု။ မေတ္တာပို့တဲ့ အဒေါသစိတ်လာရင်လည်း ဖြစ်ပျက်ရှု။ ကိုယ့်သန္တာန်မှာ ပေါ်ရာစိတ်ကိုပဲ ဖြစ်ပျက်ရှုရပါလိမ့်မယ်။ ဘာစိတ်မှမပေါ်ဘူးဆိုရင်တော့ သက်စောင့်စိတ်ကလေး ရှိတယ်လို့ မှတ်လိုက်ပါ။ လေကို အပြင်ထုတ်တဲ့စိတ်၊ လေကို အတွင်းသွင်းတဲ့စိတ်။ ဒီနှစ်စိတ်ကို သက်စောင့်စိတ်၊ အိမ်သည်စိတ်လို့မှတ်ထားလိုက်။ လေကိုထုတ်တဲ့စိတ်ပေါ်လာရင်လည်း အဲဒီထုတ်တဲ့စိတ်ကလေးကို မှန်းပြီးတော့ ထွက်စိတ်ပေါ်လို့ လေထွက်တာပဲဆိုပြီး သူ့ကိုမှန်းပြီးတော့ ဖြစ်ပျက်ရှုပါ။ ရှုပေးလိုက်တော့ ထွက်စိတ်က ဖြစ်ပျက်၊ ရှုတာက မဂ်။ ဝင်စိတ်ကလေးလာပြန်တော့လည်း ဒီအတိုင်းမထားနဲ့၊ ဖြစ်ပျက်ရှု၊ ဝင်စိတ်ကဖြစ်ပျက်၊ ရှုတာကမဂ်ဆိုတော့ ပဋိစ္စသမုပ္ပါဒ်မလည်တော့ဘူး။ ကိုယ့်သန္တာန်မှာ ပေါ်ရာစိတ်ကို အကုန်သာ ဖြစ်ပျက်ရှုပါတော့။ စိတ်မှန်သမျှ အနိစ္စတရား၊ ဖြစ်ပျက်တွေချည်းပဲ။ အနိစ္စတရားလို့ သိလိုက်တော့ နိစ္စဒိဋ္ဌိဆိုတာ ကွာသွားတယ်။ နိစ္စဒိဋ္ဌိကွာမှတော့ အတ္တဒိဋ္ဌိလည်း ကွာသွားတယ်။ ငါ ငါ့ဥစ္စာမထင်တော့ဘူး။ ဒီနိစ္စဒိဋ္ဌိ၊ အတ္တဒိဋ္ဌိတွေ အမြစ်ပြတ်ပြုတ်လို့ရှိရင် သောတာပန်တည်တယ်။ သောတာပန်တည်ချင်ရင်လည်း ဒိဋ္ဌိ အရင်ဖြုတ်။ စိတ်မှာ ဒိဋ္ဌိစွဲနေတာပြုတ်သွားရင် သောတာပန်တည်နိုင်တယ်။ ဒါကြောင့် သောတာပန် အမြန်တည်ချင်ရင် ဒိဋ္ဌိဖြုတ်၊ စိတ္တာနုပဿနာရှုရပါလိမ့်မယ်။ ရှင်သာရိပုတ္တရာမထေရ်က သူတစ်ပါးစိတ်ကို အကဲခတ်ရတာ အင်မတန်ခက်တယ်။ ကိုယ့်စိတ်ကိုယ် အကဲခတ်ပါလို့ ဟောတော်မူတယ်။ သူများစိတ်အကဲခတ်ရတာ မှန်ဖို့ မလွယ်ဘူး။ ဒါကြောင့် ကိုယ့်စိတ်ကိုယ် အကဲခတ်ပါ။ စိတ္တာနုပဿနာဆိုတာ ကိုယ့်စိတ်ကိုယ် အကဲခတ်တာပါပဲ။ ကိုယ့်စိတ်ကိုယ် အကဲခတ်ရင် မလွဲနိုင်တော့ဘူး။ လိုချင်တဲ့စိတ်ကလေးလာတယ်ဆိုရင် လိုချင်တဲ့စိတ်ကလေး ရှိ မရှိ အကဲခတ်။ အကဲခတ်တော့ မရှိတာ တွေ့ပါလိမ့်မယ်။ မရှိတာက အနိစ္စ၊ အကဲခတ်တာက မဂ္ဂပဲ။ စားချင်တဲ့စိတ်၊ ထမင်းဆာတဲ့စိတ်ကလေးပေါ်လာတယ်ဆိုရင်လည်း ဒီစိတ်ကလေးကိုပဲ အကဲခတ်လိုက်စမ်းပါ။ သူက ရှိပြမှာလား မရှိ ပြမှာလား။ မရှိတော့ မရှိတာ အနိစ္စ၊ အကဲခတ်တာ မဂ္ဂ။ အကဲခတ်ခံရတာက အနိစ္စ၊ အကဲခတ်တဲ့ဉာဏ်က မဂ္ဂ။ မူလပေါ်တာက ရှေ့စိတ်၊ အကဲခတ်တာက နောက်စိတ်။ စိတ်ဟာ နှစ်စိတ်ပြိုင်မပေါ်ကောင်းတော့ တစ်စိတ်ချုပ်ပြီးမှ တစ်စိတ်ဖြစ်ရတယ်။ ရှေ့ပေါ်တာကလည်း စိတ်၊ နောက်ကအကဲခတ်တဲ့ ဉာဏ်ကလည်း စိတ်ပဲ။ ဒါပေမဲ့ သူတို့တစ်ခုချုပ်မှ တစ်ခုပေါ်ရတယ်။ ဒါဖြင့် ရှေ့စိတ်က အနိစ္စ၊ နောက်စိတ်က မဂ္ဂ။ ရှေ့စိတ်ကို နောက်စိတ်နဲ့ အကဲခတ်။ ရှေ့စိတ်က (၁)ဆိုရင် နောက်စိတ်က (၂)။ ဒါဖြင့် (၁)ကို (၂)နဲ့ အကဲခတ်။ ဒါတွေက ရှင်းရှင်းနားလည်အောင် ထပ်ပြောပြနေတာ။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး