နှလုံးသွင်းမှန်
”ယောနိသောမနသိကာရ” ကို နှလုံးသွင်းမှန်ဟု ဘာသာပြန်ဆိုရ၏။ ဝိပဿနာနယ်ပယ်တွင် ခန္ဓာသည် ဖြစ်ပြီး ပျက်တတ်သောကြောင့် အနိစ္စခန္ဓာကိုယ်ဟု နှလုံးသွင်းလိုက်လျှင် နှလုံးသွင်းမှန်ပင် ဖြစ်တော့၏။ မိမိခန္ဓာကိုယ်ကို မျက်လုံးမှိတ်၍ ကြည့်လိုက်ပါက ဥပမာ နာကျင်ကိုက်ခဲ စသည့် ဝေဒနာပေါ်လာ၍ မှိတ်ထားသောမျက်စိတွင် ပေါ်နေသော ဉာဏ်ဖြင့် ကြည့်လိုက်ပါက ဝေဒနာသည် ပေါ်သည့်နေရာတွင်သာ ပျက်သွားသည်ကို တွေ့လိုက်ရ၏။ “ဒီနေရာပေါ် ဒီနေရာပျက်” ဟု မိုးကုတ်ဆရာတော်ဘုရားကြီးက မိန့်တော်မူ၏။ စိတ်ပေါ်သည်ဖြစ်စေ၊ ရုပ်ပေါ်သည်ဖြစ်စေ၊ ဝေဒနာပေါ်သည်ဖြစ်စေ ဉာဏ်ဖြင့်သာကြည့်လိုက်ပါက ပေါ်သည့်နေရာတွင် ပျောက်သွားသည်ကို တွေ့မြင်ရပါ၏။ ထိုသို့ တွေ့သိနေသောအခါ ဤခန္ဓာတွင် ငါ လည်းမတွေ့၊ သူလည်းမတွေ့၊ ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ရာ ရှာဖွေ၍မတွေ့။ ပျောက်ပျက်သွားသည်ကိုသာလျှင် တွေ့နေရတော့၏။ အနိစ္စကို တွေ့လိုက်ခြင်းပင်ဖြစ်၏။ ထို့ကြောင့် ဘုရားရှင်က “သဗ္ဗေ သင်္ခါရာ အနိစ္စာ”ဟု ဟောတော်မူခြင်းဖြစ်ပါ၏။ နှလုံးသွင်းမှန်သောကြောင့်သာ အနိစ္စကို တွေ့သိရခြင်းဖြစ်၏။ ငါ့စိတ် ငါ့ကိုယ် ငါ့လက် ငါ့ခြေ ငါနာ ငါကျင် ငါမြင် ငါတွေ့ စသည်ဖြင့် ခန္ဓာကိုယ်ကို ငါစွဲထားစဉ်ကမူ နှလုံးသွင်းမှန်ကန်မှုမရှိသေး။ နှလုံးသွင်းမှားဟု ဆိုရ၏။ နှလုံးသွင်းမှားလျှင် ဒိဋ္ဌိကပ်၏။ ငါဟူသည် ဒိဋ္ဌိ၊ ဒိဋ္ဌိနောက်က ဥပါဒါန် ကံတို့လိုက်လာမြဲသာ ဖြစ်၏။ “ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ ဆိုပြီးသကာလ လိုက်လာတော့ ကမ္မဘဝပစ္စယာ အပါယ်ဇာတိ” ဟုမိုးကုတ်ဆရာတော်ဘုရားကြီးက မိန့်တော်မူ၏။ ဤသည်မှာ နှလုံးသွင်းမှားခြင်း၏ အကျိုးဆက်ပင်ဖြစ်ပါ၏။
နမူနာပြရလျှင် အနိစ္စ ဒုက္ခ အနတ္တ ခန္ဓာငါးပါးကို သမီးလေး ဟုနှလုံးသွင်းလိုက်သည့်အတွက်ကြောင့် သမီးနှင့် စပ်သမျှ ပူစရာအနန္တဝင်ရောက်လာရတော့၏။ စိတ်မချရခြင်း ဒေါသ၊ စိုးရိမ်ရခြင်း သောက၊ ပူပင်ရမှု မျက်ရည်ကြီးငယ်ကျရမှု ပရိဒေဝ၊ ကိုယ်ဆင်းရဲခြင်း ဒုက္ခ၊ စိတ်ဆင်းရဲခြင်း ဒေါမနဿ၊ အိပ်၍မရအောင် ပူလောင်ရခြင်း ဥပါယာသမီးတွေ တောက်လောင်ရတော့၏။ စင်စစ်မှာ သမီးလေးသည်လည်း အနိစ္စ ဒုက္ခ အနတ္တတရားအစုသာဖြစ်၏။ အရှိတရားကို ကျော်လွန်၍ သမီးလေးဟု နှလုံးသွင်းထားမိသောကြောင့် ဒုက္ခအစုအဝေးကြီးက နောက်က လိုက်လာခြင်းသာ ဖြစ်၏။ မသိ၍ နှလုံးသွင်းမှားခြင်းကြောင့် အဝိဇ္ဇာကလည်း တွဲလျက်ပါနေ၏။ ထိုအခါ အဝိဇ္ဇာပစ္စယာ သင်္ခါရာ သင်္ခါရပစ္စယာ ဝိညာဏံ-ဟု ပဋိသန္ဓေဝိညာဏ်ဘက်အထိ ပဋိစ္စသမုပ္ပါဒ်စက်လည်သွားတော့မည်သာဖြစ်၏။ ထိုသို့ပင် နှလုံးသွင်းမှားဖြင့် ဘဝနစ်မွန်းနေလေ့ရှိကြသဖြင့် သားအတွက်လည်း ရတက်မအေး၊ သမီးအတွက်၊ ဇနီးအတွက်၊ ခင်ပွန်းအတွက်လည်း ရတက်မအေး၊ ဆက်စပ် သက်ဆိုင်ရာပုဂ္ဂိုလ်တို့အတွက်ပင် ရတက်မအေး ဖြစ်နေကြရသည်မှာ လောကဓမ္မတာကဲ့သို့ ဖြစ်နေတော့၏။ နှလုံးသွင်းမှန် ဉာဏ်ဖြင့် ဆင်ခြင်ကြည့်လိုက်ပါက အနိစ္စ ဒုက္ခ အနတ္တတရားစုတို့သာဖြစ်၏။ ဖြစ်ပြီး ပျက်ကြရမြဲသာဖြစ်၏။ ယင်းသို့ အမှန်အကန် နှလုံးသွင်းလိုက်ပြန်တော့လည်း ရက်စက်ရာကျသည်ဟု ထင်မြင်နေလေ့ရှိကြ၏။ ထို့ကြောင့် အမှန်အကန် နှလုံးသွင်းနည်းကို သိပင်သိသော်လည်း နှလုံးမသွင်းရက်အောင် ဖြစ်နေကြပါ၏။ စင်စစ်မှာ အနိစ္စ သင်္ခါရတရားတို့သဘောအလိုက် ဖြစ်ချိန်တန်ဖြစ်၍ ပျက်ချိန်တန်ပျက်ရသည်ကိုသာ နှလုံးသွင်းထားနိုင်အောင် ကြိုးစားရခြင်း ဖြစ်ပါ၏။ သားသမီး ဇနီးမယားတို့ကို စွန့်ပယ်ပစ်ရသည်မျိုးမဟုတ်။ စောင့်ရှောက်ရမည့်တာဝန်အရ စောင့်ရှောက်ရမည်သာဖြစ်၏။ တရားအသိဖြင့် စောင့်ရှောက်နိုင်ဖို့သာလို၏။ ပြုစုရမည့်တာဝန်အရ ပြုစုရမည်သာဖြစ်၏။ တရားအသိဖြင့် ပြုစုပေးနိုင်ဖို့သာလို၏။ လူတန်းစေ့နေနိုင် စားနိုင် ဝတ်နိုင်အောင် ရှာဖွေပေးရမည့်တာဝန်အရ ရှာဖွေပေးရမည်သာဖြစ်၏။ တရားအသိဖြင့် ရှာဖွေပေးနိုင်ဖို့သာလို၏။ ထိုကဲ့သို့ တာဝန်ကျေအောင် ပြုစုစောင့်ရှောက်ပေးနေသည့်ကြားမှ၊ ရှာဖွေကျွေးမွေးနေသည့်ကြားမှ မထင်မှတ်သည့် ကံကြမ္မာဆိုးတို့ ဝင်ရောက်မွှေနှောက်လာ၍ မကယ်နိုင်မဆယ်နိုင်ဖြစ်လာသည့်အခါမျိုးတွင် နှလုံးသွင်းမှန်အောင် ကြိုးစား၍ နေထိုင်လိုက်ပါက ယူကျုံးမရဖြစ်ရပ်များမှ သက်သာရာရမည်ဖြစ်၏။ ဝမ်းနဲပက်လက် မျက်ရည်စက်စက်ကျရသည့် အဖြစ်ဆိုးမှ ကိုယ့်ကိုယ်ကို သက်သာရာ ရအောင် အေးချမ်းစွာ နေနိုင်မည်ဖြစ်၏။ ယင်းသို့ တရားဖြင့် အသိဉာဏ်ဦးစီးလျက် အနိစ္စသဘောတရားများသာဖြစ်သည်ဟု နှလုံးသွင်းလိုက်ပါက မိမိသန္တာန်တွင် အပါယ်သို့ရောက်စေနိုင်သည့် သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသမီးတို့ လောင်မြိုက်ခြင်းမှ ကင်းဝေးသက်သာရာရမည်ဖြစ်၏။ သို့မဟုတ်လျှင် ထိုအပူမီးတို့ အလောင်ခံရသည့်ဒဏ်ချက်က မသက်သာ။ ပြင်းထန်လှ၏။ ပြင်းထန်စွာပူလောင်ရုံမျှမက ထို့ထက်ပြင်းထန်စွာအပူလောင်ခံရမည့် အပါယ်သို့ တွန်းပို့ပေးမည့် မီးများပင် ဖြစ်၏။ မီးသည် မီးရှိရာသို့သာ တွန်းပို့ပေးမည်ဖြစ်ပါ၏။
ထို့အပြင် ကိုယ်ပိုင်ဆိုင်သည့် စည်းပွားဥစ္စာတို့ကိုလည်း “ငါမပိုင် ငါမဆိုင်၊ သုံးချင်သူသုံးပါစေ”ဟု တံခါးမပိတ် သော့မခတ်ဘဲ ထားရသည်မျိုးမဟုတ်။ လောကတွင် ပိုင်ဆိုင်မှုဟူသည် လောကသဘောအရ ရှိရမည်သာဖြစ်၏။ ပညတ်နယ် သမုတိသစ္စာနယ်တွင် ဝိပဿနာဉာဏ်သွင်း၍ နေနိုင်ရန်သာ လိုအပ်ပါ၏။ တရားသဘောအရ “ငါမပိုင် ငါမဆိုင် ငါမဟုတ် သူမဟုတ် နာမ်နှင့် ရုပ်”ဟုဆိုရငြားသော်လည်း “ငါမဟုတ်အတူတူ ငါ ဘာမှမလုပ်တော့ဘူး” ဟု အမြင်လွဲသွားမည်ကိုလည်း စိုးရိမ်ရ၏။ တရားအသိ အခြေခံလျက် လောကကြီးပွားရေးကိုလည်း လုပ်ကြရမည်သာဖြစ်၏။ အသိပညာ၊ အတတ်ပညာတိုးတက်မြင့်မားရေးကိုလည်း လုပ်ကြရမည်သာဖြစ်၏။ တရားအလုပ်ကလွဲလျှင် ဘာမှလုပ်စရာမလိုဟု အတွေးအထင်များ စိမ့်ဝင်လာမည့် အန္တရာယ်ကြောင့် ပြောရခြင်းဖြစ်ပါ၏။ နိဗ္ဗာန်ရရေးအလုပ်စစ်စစ်မှာ မဂ္ဂင်အလုပ် ဝိပဿနာအလုပ်တစ်ခုတည်းသာရှိသည် မှန်သော်လည်း ယင်းအလုပ်တစ်ခုတည်းကိုသာ လုပ်ရမည်ဟု ဘုရားရှင်လည်း မဟောကြားခဲ့။ ဆိုလိုသည်မှာ စားရေးအတွက်လည်း အလုပ်လုပ်ကြရမည်သာဖြစ်၏။ ဝတ်ရေးအတွက်လည်း လုပ်ကြရမည်သာဖြစ်၏။ နေထိုင်ရေး ကျန်းမာရေးအတွက်လည်း အလုပ်လုပ်ကြရမည်သာဖြစ်၏။ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အလုပ်လုပ်ကြရမည်သာ ဖြစ်၏။ နှလုံးသွင်းမှန်ဖြင့် လုပ်ကိုင်တတ်ဖို့သာ အရေးကြီးပါ၏။ ကံကြောင့် နိဗ္ဗာန်မရောက်၊ ဉာဏ်ဖြင့်သာ နိဗ္ဗာန်ရောက်သည်မှာ မှန်ပါ၏။ သို့သော် ကံလုပ်ငန်းများကိုလည်း လျစ်လျူရှုထား၍ မဖြစ်။ လောကကြီးပွားရေး သာယာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများသည် ကံလုပ်ငန်းများသာ ဖြစ်ပါ၏။ သို့သော်လည်း ထိုကံလုပ်ငန်းများက ကျေးဇူးပြုလိုက်သောကြောင့်သာ ဉာဏ်လမ်း ဉာဏ်စခန်းသို့ တက်လှမ်းရခြင်းဖြစ်သည်ကို ငြင်းပယ်၍မရ။ ဘုရားရှင်သည်ပင် ဘုရားဖြစ်နိုင်သည့်ဉာဏ်ကို ရရှိရေးအတွက် ကံလုပ်ငန်းများဖြင့် ဘဝအသင်္ချေအနန္တ စတေးခဲ့ရခြင်းဖြစ်ပါ၏။ စင်စစ် ဘုရားဖြစ်သည်မှာ ဉာဏ်ကြောင့်ဟုဆိုရသော်လည်း ထိုဉာဏ်ကို ရရှိရေးအတွက် ပြုပြုခဲ့သမျှသော ကံတို့က ထောက်ပံ့ပေးလိုက်ခြင်းအကြောင်းရင်းကလည်း မကင်း။
ပြောင်းမရသော အယူအဆတစ်ရပ် ခိုင်မြဲသွားလျှင် ကြောက်စရာကောင်းလှ၏။ ဝိပဿနာလုပ်ချိန် ဝိပဿနာကို မှန်မှန်ကန်ကန် လုပ်တတ်ဖို့ အရေးကြီး၏။ ဝိပဿနာလုပ်ချိန်တွင် ဝိပဿနာကို ထိထိမိမိလုပ်၍ ပညာရေး စီးပွားရေး ကြီးပွားရေးလုပ်ချိန်တွင်လည်း တရားသောနည်းဖြင့် ကြိုးစား၍ လုပ်ကြရမည်သာ ဖြစ်၏။ စီးပွားရေး ကြီးပွားရေးလုပ်ငန်းများသည် ပဋိစ္စသမုပ္ပါဒ်လည်သည့်လမ်းပင်ဖြစ်သော်လည်း လျစ်လျူရှုထား၍ မဖြစ်သည်မှာ လောကမျက်မြင်ဖြစ်ပါ၏။ အချို့ဖြစ်နေကြသည်မှာ ဝိပဿနာတရားအလုပ် အားထုတ်ပြီးသည့်နောက်ပိုင်းတွင် ဝိပဿနာလုပ်ငန်းမှတစ်ပါး မည်သည့်လုပ်ငန်းကိုမှ စိတ်မဝင်စားကြတော့ခြင်းဖြစ်၏။ စီးပွားရေးကိုလည်း တစ်ဘ၀ တစ်နပ်စာဟု ထင်မြင်လာတော့၏။ ပညာရေးကိုလည်း နိဗ္ဗာန်ရဖို့အတွက် စာတတ်စရာမလိုဟုပင် ထင်မြင်လာကြ၏။ တရားထိုင်နေသော ယောဂီများက ရဟန်းတော်များ စာသင်စာချလုပ်နေသည်ကိုပင် အနှစ်မပါ အကာသက်သက်လုပ်နေကြသည်ဟု ထင်မြင်နေသည်ကို များစွာတွေ့ဖူး၏။ ဤအရှင်၏ဆွေမျိုးတော်စပ်သူ ဒကာကြီးတစ်ယောက်က “စာတွေချည်း သင်နေလို့ ဘာအကျိုးရှိမှာလဲ၊ တရားထိုင်တာလဲ လုပ်ဦးမှပေါ့”ဟု အပြာခံခဲ့ရဖူး၏။ ”စာတွေချည်းသင်လို့ ဘာအကျိုးရှိမှာလဲ” ဆိုပြီး ပြောလိုက်ခြင်းသည် တရားထိုင်ယောဂီဖြစ်စေလို့၍ ပြောခြင်းကို နားလည်ပေးနိုင်ပါ၏။ သို့သော် စာသင်နေသည့်အလုပ်ကို သူနှစ်သက်ဟန်မရှိ၊ ထို့ထက်ဆိုးသည်မှာ အကျိုးမရှိသောအလုပ်များဟု ထင်မြင်ယူဆချက်ဖြစ်၏။ ထိုထင်မြင်ချက်များသည် လောကအလှတရားလည်းပျက်၊ သာသနာလည်းပျက်မည့် ထင်မြင်ချက်များပင်ဖြစ်၏။ သာသနာကို ပရိယတ္တိစာပေသင်ကြားခြင်းဖြင့် ထိန်းသိမ်းခဲ့၍သာ ယနေ့ထိတိုင် မကွယ်မပျောက် တည်ရှိနေနိုင်ခြင်းဖြစ်၏။ ပရိယတ္တိကိုစွန့်လွှတ်၍ ရဟန်းတော်တိုင်း ဝိပဿနာအလုပ် တစ်ခုတည်းသာ ဇောင်းပေးလုပ်လိုက်မည်ဆိုပါက ဝိပဿနာသည် မည်သို့လျှင် သာသနာကို ထိန်းသိမ်းနိုင်ပါမည်နည်း။ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ဟောလာခဲ့၍ မှားယွင်းလာပါက ပြုပြင်ထိန်းသိမ်းပေးရန်မှာ ပရိယတ္တိစာတတ် ပေတတ် ရဟန်းတို့၏ တာဝန်သာဖြစ်လာရလေ၏။ ပရိယတ္တိ စာတတ်ပေတတ်ရဟန်းတော်များ ဆိတ်သုဉ်းသွားလျှင် ဝိပဿနာဟောတရားများသည်လည်း တဖြည်းဖြည်း အမှားပေါ် အမှားများ ထပ်ကာထပ်ကာဖြင့် နောက်ပိုင်းတွင် ထင်ရာမြင်ရာဝိပဿနာသာ ဖြစ်သွားနိုင်ပါ၏။ ထို့ကြောင့် သူ့အကန့်နှင့်သူ သူ့တာဝန်နှင့်သူ ကျေပွန်အောင် ထမ်းဆောင်နိုင်ဖို့သည်သာ ပဓာနကျပါ၏။ ဘုရားရှင်ကလည်း ဂန္ထဓူရ၊ ဝိပဿနာဓူရဟု ဓူရနှစ်ဖြာ ခွဲခြားလမ်းညွှန်သွန်သင်ထားခဲ့ပါ၏။ ဂန္ထဓူရ- စာပေသင်ကြားသည့်ဘက်ကလည်း စာပေသင်ကြားပို့ချသည့်အလုပ်ကို တာဝန်ကျေအောင် ထမ်းဆောင်ရမည်သာဖြစ်၏။ မထမ်းဆောင်၍ ဖြစ်ကိုမဖြစ်။ ဝိပဿနာလုပ်သူများဘက်ကလည်း ကိုယ်လုပ်သည့် ဝိပဿနာကို မှန်ကန်အောင် လုပ်ရမည်သာဖြစ်ပါ၏။ သို့မှသာ ရေနှင့်ကြာ ပဏာတင့်သကဲ့သို့ သာသနာလည်း အရှည်အခန့် တင့်တင့်တယ်တယ် စည်ပင်တိုးတက်မည်သာ ဖြစ်၏။ ဘယ်ဘက်ကိုမှ စောင်းနင်း၍ မဖြစ်။ ထိုသို့ မှန်ကန်စွာ နှလုံးသွင်းသည်မှာလည်း ယောနိသောမနသိကာရပင်ဖြစ်ပါ၏။ သို့သော် ဝိပဿနာနယ်ပယ်အတွက်တော့ မဟုတ်။ လောကီနယ်ပယ်အတွက်သာ ဖြစ်၏။ လောကီနယ်ပယ်ကို ကျောခိုင်းသည့် အမြင်မျိုးများ စူးဝင်သွားမည်ကို စိုးရိမ်သောကြောင့် ထည့်သွင်းဖော်ပြရခြင်းဖြစ်၏။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.