ဝိသာခနှင့် ဓမ္မဒိန္နာ (၃)
ဓမ္မဒိန္နာသည် ဘိက္ခုနီ ဝတ်ပြီးလျှင် ဘိက္ခုနီတို့ကျောင်းတွင် တရားဓမ္မ ကျင့်ကြံအားထုတ်နေလေ၏။ အရှင်မသည် ဆွေကြီးမျိုးကြီးဖြစ်သကဲ့သို့ သူဋ္ဌေးကတော်လည်းဖြစ်၊ ရုပ်ရည်ကလည်း ကြည်ညိုဖွယ်ရာဖြစ်၊ ရှေးဘုန်းရှေးကံကလည်း ကြီးမားသူဖြစ်သဖြင့် အသိမိတ်ဆွေ ကြည်ညိုသူ အလွန်များပြားလှ၏။ ဆွမ်းခံသွားစဉ်လည်း မအား၊ ကျောင်းတွင် နေစဉ်မှာလည်း ဧည့်ကမပြတ်။ လာရောက်ဖူးမြော်ကြ၊ လှူကြတန်းကြ၊ ပင့်ကြဖိတ်ကြတာတွေ များနေသဖြင့် လူသူလေးပါး ဧည့်ခံစကားပြောနေရသည်နှင့် အချိန်ကုန်နေလေ၏။ တရားအားထုတ်ရန် အချိန်မရှိသလောက်ဖြစ်နေလေ၏။ ဘုန်းကြီးသည့်ဒဏ် (ဘုန်းဒဏ်)ခံနေရခြင်းဖြစ်ပါ၏။ စင်စစ် တရားဓမ္မလိုလား၍ ဘိက္ခုနီဝတ်လာသူဖြစ်သဖြင့် ဘုန်းကြီးသည်ကို သာယာမက်မောမှုမရှိ၊ အန္တရာယ်အဖြစ်မြင်နေလေ၏။ ထို့ကြောင့် ထိုဘုန်းဒဏ်မှ ကင်းဝေးစေရန်အတွက် ဆရာဘိက္ခုနီထံမှ တရားကျင့်ကြံအားထုတ်နည်းများ တောင်းပြီး ဝေးလံခေါင်သီသည့် တောအုပ်တစ်ခုသို့ အဖော်ဘိက္ခုနီတို့နှင့်အတူ တရားအားထုတ်ရန် ထွက်ခွါခဲ့လေတော့၏။ တောအရပ်ဒေသတွင် အေးချမ်းဆိတ်ငြိမ်စွာ တရားအားထုတ်နိုင်ရန်ဖြစ်ပါ၏။ အရှင်မသည် ပါရမီရင့်သန်သူလည်းဖြစ်၊ တရားရလိုသည့်ဆန္ဒကလည်း ပြင်းထန်လှသဖြင့် ခုနှစ်ရက် အားထုတ်လိုက်ကာမျှဖြင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာအထိ ဖြစ်သွားလေ၏။ ရဟန္တာမှ သာမန်ရဟန္တာ မဟုတ်၊ ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်၏။ ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်လျှင် စာပေမသင်ရသော်လည်း အလိုလို တတ်ကျွမ်းပြီးသား ဖြစ်နေလေ၏။ သို့ဖြင့် ရဟန်းကိစ္စ ပြီးမြောက်အောင်မြင်ပြီးနောက်တွင် ရာဇဂြိုဟ်ပြည်သို့ ပြန်ကြွလာခဲ့လေ၏။
ဝိသာခသူဋ္ဌေးသည် ဓမ္မဒိန္နာဘိက္ခုနီမ တောသို့ကြွ၍ တရားအားထုတ်သည်မှာ မကြာသေး၊ အခု ပြန်ရောက်လာကြောင်း ကြားသိသဖြင့် လူထွက်လို၍ ပြန်လာခဲ့ခြင်းဖြစ်မည်ကို စိုးရိမ်စိတ်ဝင်နေလေ၏။ ဘိက္ခုနီဝတ်သွားသည်ကို ဘုရင်ကိုယ်တိုင်က သိထားပြီးဖြစ်သဖြင့် လူပြန်ထွက်လာလျှင် ကျော်မကောင်း ကြားမကောင်း ရှက်စရာဖြစ်တော့မည်။ လူပြန်ထွက်လာပါက စောင့်ရှောက်ရမည့် ဝတ္တရားက ရှိနေသဖြင့် လူထွက်မှာကိုပင် ဝိသာခသူဋ္ဌေးက ပူပင်ကြောင့်ကြနေလေ၏။ တရားထူးရ၊ ရဟန္တာဖြစ်၍ ပြန်လာသည်ကို သူမသိ။ သို့ဖြင့် ကျောင်းသို့ သွားရောက်တွေ့ဆုံပြီး “လူထွက်ချင်လို့ ပြန်လာတာလား” ဟုမေးလျှင်လည်း ရိုင်းရာကျမည်ဖြစ်၍ “တရားထူး ရ မရ သိရအောင် ပုစ္ဆာမေးတာပဲ ကောင်းတယ်၊ သူဖြေတဲ့အဖြေထဲကပဲ သူ တရား တကယ်ရ မရ အကဲခတ်တော့မယ်”လို့ ဆုံးဖြတ်ပြီး ပုစ္ဆာများ တစ်ခုပြီး တစ်ခုမေးလေ၏။
“အရှင်မ ဓမ္မဒိန္နာ၊ သက္ကာယဆိုတာ ဘာလဲ”။
“ဒါယကာ ဝိသာခ၊ သက္ကာယဆိုတာ ပဉ္စုပါဒါနက္ခန္ဓာငါးပါးကို ခေါ်ပါတယ်။ လောကီခန္ဓာငါးပါးပဲ”
ဤအဖြေအရ လောကီခန္ဓာငါးပါးကို သက္ကာယဟု မှတ်ထားလိုက်ပါ။ ထင်ရှားရှိနေသော ခန္ဓာငါးပါးပင်ဖြစ်၏။ စင်စစ်မှာ ရုပ်နာမ်သည်ပင် သက္ကာယဖြစ်၏။ ထို့ကြောင့် မည်သူ၏ခန္ဓာပင်ဖြစ်စေ ရုပ်နာမ်သာဖြစ်၏။ ထိုရုပ်နာမ်ကိုပင် သက္ကာယဟု တစ်နည်းအားဖြင့် ခေါ်ဆိုရခြင်းဖြစ်၏။ သက္ကာယကြောင့် အပြစ်တစ်စုံတစ်ရာမရှိ၊ ထိုသက္ကာယအပေါ်၌ ငါစွဲစွဲနေသော ဒိဋ္ဌိကြောင့်သာ အပြစ်ဖြစ်ရ၏။ သက္ကာယအပေါ်တွင် အမြင်မှားခြင်း၊ အယူမှားခြင်းကြောင့် ဒိဋ္ဌိဖြစ်ရ၏။ ရုပ်သက်သက်သည် အပြစ်မရှိ၊ ရုပ်ကို ငါထင်ခြင်းကြောင့်သာ အပြစ်ဖြစ်ရ၏။ ထို့အတူ နာမ်သက်သက်သည်လည်း အပြစ်မရှိ၊ ထိုနာမ်ကိုပင် ငါထင်ခြင်းကြောင့် အပြစ်ဖြစ်ရ၏။ ဒိဋ္ဌိဖြစ်ရ၏။ ရုပ်နာမ် ခန္ဓာငါးပါးသည် သက္ကာယ၊ ငါထင်ခြင်းက ဒိဋ္ဌိ၊ ပေါင်းလိုက်လျှင် သက္ကာယဒိဋ္ဌိဖြစ်လာ၏။ သက္ကာယက အပါယ်ပို့ခြင်းမဟုတ်၊ သက္ကာယအပေါ်၌ အထင်မှား အမြင်မှား အယူမှားဒိဋ္ဌိက အပါယ်ပို့ခြင်းဖြစ်၏။ ထို့ကြောင့် သက္ကာယသည် ကြောက်စရာတရားမဟုတ်၊ ဒိဋ္ဌိသည်သာ ကြောက်စရာတရားဖြစ်၏။ ဒိဋ္ဌိသည် ခန္ဓာငါးပါး သက္ကာယတရားထဲက ရုပ်ကို ငါထင်၊ ဝေဒနာကို ငါထင်၊ သညာငါထင်၊ သင်္ခါရငါထင်၊ ဝိညာဏ်ငါထင်ခြင်းပင်ဖြစ်၏။ သက္ကာယနှင့် ဒိဋ္ဌိရောသွားခြင်းဖြစ်၏။ ထို့ကြောင့် သက္ကာယနှင့် ဒိဋ္ဌိ မရောမိဖို့ အရေးကြီး၏။ သက္ကာယက ခန္ဓာငါးပါး၊ ဒိဋ္ဌိက အရှုပ်တရား၊ ခန္ဓာငါးပါးကို ဒိဋ္ဌိ ငါစွဲဝင်ရှုပ်လိုက်လျှင် ခန္ဓာငါးပါးပျောက်ပြီး ငါဖြစ်သွားရလေတော့၏။ “ငါသွားတယ်၊ ငါလာတယ်၊ ငါလုပ်တယ်” စသည် အပြောသက်သက်မျှဖြင့် အပြစ်မရှိ၊ ပြောကောင်းပါ၏။ ဘုရားရှင်သည်ပင် “ငါဘုရား၊ ငါ့သပိတ်၊ ငါ့သင်္ကန်း”စသည်ဖြင့် ပြောဆိုသည်သာဖြစ်ပါ၏။ သို့သော် အပြောသာ ရှိ၏၊ အထင်မရှိဟုမှတ်ပါ။ ထင်သည့်အတိုင်းပြောနေ၍ အထင်နှင့် အပြော တစ်သားတည်းကျနေမှ၊ ထပ်နေမှသာ သက္ကာယဒိဋ္ဌိဖြစ်၏။ သက္ကာယနှင့် ဒိဋ္ဌိ ရောသွားခြင်းဖြစ်၏။ မရောအောင် ထားတတ်လျှင် အပါယ်ဒုက္ခမှလည်း လွတ်၏၊ ပစ္စုပ္ပန်တွင်လည်း ချမ်းသာရာရ၏။
ကိုယ့်ခန္ဓာသက္ကာယနှင့် ဒိဋ္ဌိမရောမိစေရန်သာမက သူများခန္ဓာသက္ကာယအပေါ်တွင်လည်း ကိုယ့်ဒိဋ္ဌိက မရောမိစေဖို့ အရေးကြီး၏။ ရောနေလျှင် ဥပမာ- သားသမီး သက္ကာယအပေါ်မှာ အမေ အဖေဒိဋ္ဌိကပ်နေလျှင်၊ အမေအဖေသက္ကာယအပေါ်မှာ သားသမီးဒိဋ္ဌိကပ်နေလျှင် သက္ကယဒိဋ္ဌိပင် ဖြစ်ရ၏။ အမေအဖေသည် ခန္ဓာငါးပါး သက္ကာယတရားသာဖြစ်၏။ သို့သော် ငါ့အမေ ငါ့အဖေဟု ဒိဋ္ဌိဖြင့် ကပ်ငြိလေ့ရှိကြ၏။ သားသမီးသည်လည်း ခန္ဓာငါးပါး သက္ကာယတရားသာ ဖြစ်၏။ သို့သော် ငါ့သား ငါ့သမီးဟု ဒိဋ္ဌိဖြင့် ရောနှောလေ့ရှိကြ၏။ ထို့ကြောင့် တစ်ယောက်ဒုက္ခရောက်လျှင် တစ်ယောက်က ပူပန်ရမြဲဖြစ်၏။ လောင်ကျွမ်းရမြဲဖြစ်၏။ ထိုသို့ သောကပရိဒေဝဒုက္ခဒေါမနဿတို့ ပေါက်ဖွားလာရခြင်းမှာ သက္ကာယခန္ဓာငါးပါးကို ဒိဋ္ဌိအမြင်ရောလျက် ငါပိုင်ငါဆိုင် သတ်မှတ်ထားမိသောကြောင့်သာ ဖြစ်ရ၏။ ငါပိုင်ငါဆိုင်ထင်မှတ်မှု မရှိလျှင် စိတ်ဆင်းရဲမှု ကင်းငြိမ်းသက်သာအောင် နေတတ်ထိုင်တတ်လာမည်ဖြစ်၏။ ကူညီစရာရှိလျှင် ကူညီ၊ လုပ်ပေးစရာရှိလျှင် လုပ်ပေးပြီး ကိုယ်မပိုင်ဆိုင်သော သက္ကာယခန္ဓာတို့ကြောင့် ပူဆွေးသောက မရောက်အောင် နေတတ်ထိုင်တတ်လာမည်ဖြစ်၏။ အဆင်ပြေ၍လည်း အလွန်အကြူး ဝမ်းမမြောက်သကဲ့သို့ အဆင်မပြေ၍လည်း အလွန်အကျွန်ဝမ်းမနည်းအောင် နေထိုင်တတ်လာမည်ဖြစ်၏။
စင်စစ်မှာ ခန္ဓာငါးပါး ပေါ်သည့်အချိန်တွင် မသိသောကြောင့် သက္ကာယဒိဋ္ဌိဖြစ်ရ၏။ ဥပမာ- ခန္ဓာကိုယ်ထဲမှာ “တောင့်တယ်၊ တင်းတယ်” ပေါ်လာလျှင် သူတော်ကောင်းတရားလည်းမနာရ၊ အကြားအမြင်လည်းမရှိတော့ “ငါတောင့်တယ်၊ ငါတင်းတယ်”ဆိုပြီး ဝါယောဓာတ်ကိုပင် ငါလုပ်ပစ်လိုက်ခြင်းကြောင့် သက္ကာယဒိဋ္ဌိဖြစ်ရ၏။ သူတော်ကောင်းတရားနာရသူဖြစ်လျှင် ဝါယောဓာတ်ဖောက်ပြန်ခြင်းဟုသာ သိနေမည်ဖြစ်၍ ငါနှင့်မရောနှောတော့သောကြောင့် သက္ကာယဒိဋ္ဌိမဖြစ်တော့။ အလားတူ ပူလာအေးလာလျှင်လည်း “ငါပူတယ်၊ ငါအေးတယ်”စသည်ဖြင့် တေဇောဓာတ်ကိုပင် ငါထင်လိုက်၏။ “ငါ အသားတွေလှုပ်လာတယ်၊ လေဖြတ်ချင်လို့လားမသိဘူး”စသည်ဖြင့် ဝါယောဓာတ်ကိုလည်း ငါစွဲနေကြပြန်၏။ “ငါဆီးချုပ်တယ်၊ ငါ ဆီးအသွားများနေတယ်၊ ငါချွေးအထွက်များနေတယ်”ဟု အာပေါဓာတ်ကိုပင် ငါထင်နေလေ့ရှိကြ၏။ ထိုသို့ ရုပ်ကို ငါထင်နေခြင်းဖြင့် သက္ကာယဒိဋ္ဌိဖြစ်ရ၏။ ဝေဒနာပေါ်လို့ပေါ်မှန်းမသိဘဲ “ငါယားတယ်၊ ငါနာတယ်၊ ငါအောင့်တယ်”ဟု ဝေဒနာကိုလည်း ငါလုပ်လိုက်သဖြင့် သက္ကာယဒိဋ္ဌိဖြစ်ရ၏။ သညာပေါ်မှန်းမသိဘဲ “ငါမှတ်ထားတာ၊ ငါမေ့တတ်တယ်”ဟု သညာကိုလည်း ငါလုပ်လိုက်တော့၏။ သင်္ခါရက္ခန္ဓာပေါ်မှန်းမသိဘဲ “ငါ အိပ်ချင်လိုက်တာ၊ ငါ ငိုက်လိုက်တာ”ဟု ထိနမိဒ္ဓကို ငါလုပ်လိုက်တော့၏။ သင်္ခါရက္ခန္ဓာပင်ဖြစ်၏။ ဝိညာဏက္ခန္ဓာပေါ်မှန်းမသိဘဲ “ငါ့စိတ်လာမစမ်းနဲ့”စသည်ဖြင့် ဝိညာဏ်ကို ငါလုပ်လိုက်တော့၏။ သူတော်ကောင်းတရား မနာမကြားရလျှင် ပရမတ်တရားတွေ ပေါ်တိုင်းပေါ်တိုင်း ထိုကဲ့သို့ ငါစွဲ သက္ကာယဒိဋ္ဌိသာ ဖြစ်ရ၏။
သက္ကာယဒိဋ္ဌိပြုတ်ရေးအတွက် “ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ငါမပိုင် ငါမဆိုင်၊ ငါ့အလိုမလိုက်၊ ငါ့အကြိုက်မပါ၊ သူ့သဘောနှင့်သူ သဘောဖြစ်၍ သဘောပျက်နေခြင်းမျှသာ”ဟု ဉာဏ်တွင် ရှင်းလင်းစွာ မြင်ထားရမည်ဖြစ်၏။ ဥပမာ- “တောင့်တယ် တင်းတယ်” ဝါယောဓာတ် ရုပ်ပေါ်လာလျှင် “နေတံ မမ၊ နေသောဟမသ္မိ၊ နမေသော အတ္တာ- ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာမဟုတ်”ဟု ယူဆလိုက်ပါက သက္ကာယဒိဋ္ဌိပြုတ်သွားတော့၏။ ဝေဒနာပေါ်လာလျှင်လည်း “ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာမဟုတ်”ဟု ယူဆနိုင်ရမည်ဖြစ်၏။ စေတနာပေါ်လာသည်ဖြစ်စေ၊ ထိနမိဒ္ဓပေါ်လာသည်ဖြစ်စေ၊ စိတ်တစ်မျိုးမျိုးပေါ်လာသည်ဖြစ်စေ “ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာမဟုတ်”ဟုသာ ထင်မြင်ယူဆနိုင်အောင်ကြိုးစားရမည်ဖြစ်၏။ အနိစ္စ ဒုက္ခ အနတ္တအဖြစ်ဖြင့်သာ မြင်အောင်ကြည့်ပေးရမည်ဖြစ်၏။ အကျဉ်းချုပ်အဓိပ္ပါယ်မှာ ဖြစ်ပျက်ပင်ဖြစ်၏။ ဖြစ်ပျက်မြင်အောင်ကြည့်နိုင်ခြင်းဖြင့် ငါစွဲ သက္ကာယဒိဋ္ဌိသည် ပြုတ်သွားတော့၏။ “ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာမဟုတ်၊ ဓမ္မဖြစ်၍ ဓမ္မပျက်နေတာပဲ”ဟု နှလုံးသွင်းနိုင်ရန်လိုအပ်၏။ သို့မှသာ သက္ကာယဒိဋ္ဌိ ပြုတ်မည်ဖြစ်၏။
(ဆက်လက်ဖော်ပြပါမည်။)
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.