အလုပ်စဉ် (၇)

နိဗ္ဗာန်ကို တားမြစ်တတ်တဲ့တရားဟာ ဒိဋ္ဌိပါပဲ။ ဒိဋ္ဌိရှိနေရင် ဘယ်တော့မှ နိဗ္ဗာန်မရဘူး။ ဒိဋ္ဌိ ဘယ်ကြောင့် ရှိနေတာလဲဆိုရင် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်နားမလည်လို့၊ ခန္ဓာ့ဖြစ်စဉ် နားမလည်လို့ ရှိနေတာ။ အနိစ္စ ဒုက္ခ အနတ္တတွေ ဘယ်လိုပင်အားထုတ်သော်လည်း ဒိဋ္ဌိမကွာရင်တော့ နိဗ္ဗာန်မရဘူး။ အနိစ္စ ဒုက္ခ အနတ္တတွေ ဖြစ်ပျက်တွေ မြင်နေစေကာမူ အသိဉာဏ်နဲ့မှ ဒိဋ္ဌိ မကွာရင်တော့ မရဘူး။ ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက “ဒိဋ္ဌိဖြုတ်မှုကို ရှေ့ထားပြီးမှ ဝိပဿနာအားထုတ်ပါ”လို့ မိန့်တော်မူတာ။ ဉာတပရိညာ- သိမှုရှိမှ တီရဏပရိညာ- ပွါးများလို့ရတာ။ ပွါးများမှ ဒိဋ္ဌိ ဝိစိကိစ္ဆာတွေ ပယ်မှုလာမယ်။ သိမှုမရှိလို့ရှိရင် ပွားမှုတွေ ခရီးမရောက်ဘူးလို့သာ မှတ်လိုက်ပါ။ ဆန္နမထေရ် နှစ်ပေါင်း (၄၀)ကျော် အနိစ္စ ဒုက္ခ အနတ္တတွေ ပွားနေတယ်။ ဉာတပရိညာ မစင်ကြယ်တော့ ဒိဋ္ဌိမကွာတဲ့အတွက် နိဗ္ဗာန်မရဘူး။ နောက်ပိုင်း အရှင်အာနန္ဒာက ဒိဋ္ဌိခွါတဲ့နည်းကို ပေးပြီး ဖြစ်ပျက်ရှုခိုင်းလိုက်တော့မှ နိဗ္ဗာန်ရတယ်။ ဒါကြောင့် ဒိဋ္ဌိခွါမှုကိုရှေ့ထားရမယ်။ ဒိဋ္ဌိခွါမှုကိုရှေ့ထားပြီးတော့မှ အနိစ္စ ဒုက္ခ အနတ္တရှုမှုကို နောက်ထားလိုက်ရင်တော့ လမ်းစဉ်မှန်ပြီလို့မှတ်လိုက်ပါ။ ရှေ့နောက်လွဲနေရင် မောရုံပဲ ရှိမယ်။ မဂ်ဖိုလ်နိဗ္ဗာန်မရဘူး။ ဒိဋ္ဌိဘာကြောင့်မကွာသလဲဆိုရင် ပဋိစ္စသမုပ္ပါဒ်နားမလည်လို့၊ ခန္ဓာ့ဖြစ်စဉ် အကြောင်းအကျိုးနားမလည်လို့ပဲ။ ခန္ဓာ့ဖြစ်စဉ် အကြောင်းအကျိုး နားမလည်လို့ရှိရင် ဒိဋ္ဌိဖြစ်တယ်။ ဘုရားရှင်လက်ထက်တော်က သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ ဘုရားရှင်နှင့် ရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးတို့ သီတင်းသုံးနေတော်မူတယ်။ ယမကဆိုတဲ့ ရဟန်းက ပဋိစ္စသမုပ္ပါဒ်နားမလည်ဘူး၊ သစ္စာလည်း မသိဘူး။ ပဋိစ္စသမုပ္ပါဒ်နားမလည်တော့ အကြောင်းအကျိုးဆက်တာလည်း မသိသဖြင့် ဒိဋ္ဌိဖြစ်ရတယ်။ ပဋိစ္စသမုပ္ပါဒ်နားမလည်သဖြင့် တစ်ခုလုံး ဒုက္ခသစ္စာလို့ မသိသောကြောင့်လည်း ပုဂ္ဂိုလ် သတ္တဝါ ဖြစ်နေတယ်။ ယမကရဟန်းက ဘုရားဟောတာ သူသိတယ်၊ ရဟန္တာသေရင် ဘာမှ မဖြစ်တော့ဘူးလို့ သူယူလိုက်တယ်။ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံတော့ ဘာမှမဖြစ်တော့ဘူးလို့ ယူလိုက်တော့ ရဟန္တာဟာ သေပြီးနောက် ဘာမှအဓိပ္ပါယ်မရှိဘူးဆိုတဲ့ အဓိပ္ပါယ် ဝင်လာတယ်။ ဒါမျိုးကို ဥစ္ဆေဒဒိဋ္ဌိဘက်ရောက်သွားတယ်လို့ ဆိုတယ်။ ရဟန္တာသေရင် ဘာမှမဖြစ်တော့ဘူးလို့ယူလိုက်တာဟာ ပြတ်သွားတယ်လို့ ယူဆတာဖြစ်လို့ ဥစ္ဆေဒဒိဋ္ဌိဖြစ်တယ်။ ဥစ္ဆေဒဒိဋ္ဌိဖြစ်ပုံကို ရှင်းပေးရမယ်ဆိုရင် ရဟန္တာမှာလည်း ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဆိုတဲ့ ခန္ဓာငါးပါးရှိတယ်။ ရဟန္တာဖြစ်ချင်ရင် ဝိပဿနာဉာဏ်နဲ့ ဒီဟာတွေကို ရှုရတာပဲ။ (၂)အကွက်မှာပါတဲ့ ခန္ဓာငါးပါးတွေကို သူလည်း ရှုရတာပဲ။ ရှုတော့ အနိစ္စ ဒုက္ခ အနတ္တတွေ မြင်မှာပဲ။ ဘာနဲ့မြင်တာလဲဆိုရင် မဂ်နဲ့မြင်တာ။ မဂ်နဲ့မြင်တော့ ဒီဒုက္ခသစ္စာတွေ တစ်ခါဆုံးသွားရင် တစ်မဂ်ရ၊ လေးခါအထိ ဆုံးသွားတော့ ရဟန္တာဖြစ်တာပဲ။ ရဟန္တာဖြစ်သွားတော့ သူရှုတဲ့ဉာဏ်သည် ဒုက္ခရှုစရာမရှိဘူး၊ ဒုက္ခဆုံးသွားတယ်။ ဝေဒနာနိရောဓာ တဏှနိရောဓော၊ တဏှာနိရောဓော နိဗ္ဗာနံဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ထွက်လမ်းရောက်သွားတယ်။ ဝေဒနာချုပ်လို့ တဏှာချုပ်သွားတော့ နိဗ္ဗာန်ဟာ ပေါ်လာတာပဲ။ ဒုက္ခရှုစရာမရှိတော့ သူဘာတွေ မြင်နေမလဲဆိုရင် နိဗ္ဗာန်မြင်နေမယ်။ ဒါဖြင့် ဒုက္ခချုပ်လို့ရှိရင် နိဗ္ဗာန်ပေါ်တယ်။ ရှုလို့မဂ်ပေါ်လာတဲ့အခါ ဒုက္ခမရှိတော့ဘူး။ မရှိတော့ ဒီဉာဏ်ဟာ နိရောဓသစ္စာဘက်ကိုလှည့်သွားတာ။ ဒါဖြင့် ဒုက္ခချုပ်အောင်ရှုနိုင်တဲ့ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်တွေ့တာပဲ။ နိဗ္ဗာန်ရှိလို့ တွေ့တာ၊ မရှိရင် မတွေ့ဘူး။ ဒီပုဂ္ဂိုလ် မဂ်လေးပါးရပြီး ရဟန္တာဖြစ်လို့ ပရိနိဗ္ဗာန်စံတဲ့အခါကျတော့ နိဗ္ဗာန်ရောက်တာပေါ့။ ရှိတဲ့နိဗ္ဗာန်ကိုရောက်တာ။ မသေခင်ကတော့ အမြင်နဲ့ရောက်တယ်။ သေပြီးနောက် နိဗ္ဗာန်ကို သူကိုယ်တိုင် သန္တိသုခ- သဘောရသွားတယ်။ ဒါဖြင့် ရဟန္တာသေရင် ဘာမှမဖြစ်ဘူးဆိုတဲ့အယူဟာ ဥစ္ဆေဒဒိဋ္ဌိအယူပဲ။ ဘာကြောင့်လဲဆိုတော့ ပဋိစ္စသမုပ္ပါဒ် ဝဋ်ဒုက္ခ ချုပ်သွား ပြတ်သွားရင် နိဗ္ဗာန်ပဲဆိုတာကို သူမသိဘူး။ ပဋိစ္စသမုပ္ပါဒ်တစ်ခုလုံးက ဒုက္ခသစ္စာ (ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ)။ အဲဒီဒုက္ခတွေ ဆုံးအောင်ရှုနိုင်ရင်၊ အကွက်နံပါတ်(၂)ကို ဆုံးအောင်ရှုနိုင်ရင် ဉာဏ်ဟာ နိဗ္ဗာန်ကို အာရုံပြု ရောက်သွားတယ်။ ဒီလို လေးခါဆုံးအောင်ရှုလိုက်တော့ ရဟန္တာဖြစ်တယ်။ ရဟန္တာဖြစ်သွားရင် နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် မြင်နေရပြီ။ ဒုက္ခမဆုံးသေးတဲ့ပုဂ္ဂိုလ်ကတော့ မတွေ့သေးဘူး၊ ဒုက္ခလည်းဆုံးရော နိဗ္ဗာန်လည်းတွေ့ရော။ ဒီတော့ ရဟန္တာသေရင် ဘာမှမဖြစ်ဘူးလို့ယူဆတာဟာ နိဗ္ဗာန်မရှိဘူးလို့ ယူဆတာနဲ့ အတူတူပဲ။ ဒါကြောင့် ဥစ္ဆေဒဒိဋ္ဌိဖြစ်တယ်။ ယမကရဟန်း နိဗ္ဗာန်မရတာ သူယူထားတဲ့ ဒီ ဥစ္ဆေဒဒိဋ္ဌိက တားထားလို့မရတာ။ ဒါကြောင့် ဒိဋ္ဌိအရင်ခွါပြီးမှ ဝိပဿနာရှုပါ။ ယမကရဟန်းမှာ ဝိပဿနာတော့ ရှုပါတယ်၊ ဒိဋ္ဌိကမကွာတော့ နိဗ္ဗာန်မရရှာဘူး။ ဒိဋ္ဌိကလည်း ပဋိစ္စသမုပ္ပါဒ်နားလည်မှ ကွာမှာဖြစ်တော့ အတိတ်က အဝိဇ္ဇာ သင်္ခါရသမားဟာ သေပြီးနောက် နိဗ္ဗာန်မရသေးတော့ ဒီဘက် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဆိုတဲ့ ဒုတိယဘ၀ ပေါ်လာတယ်။ ဒါကို ပစ္စုပ္ပန်အကျိုးတစ်လွှာလို့ ခေါ်တယ်။ ပစ္စုပ္ပန်ခန္ဓာကြီး ပေါ်လာတာ။ ဘာကြောင့်ပေါ်ရပါသလဲဆိုတော့ အတိတ်အကြောင်းကြောင့် ပေါ်ရတယ်။ မပြတ်ဘူး။ အကြောင်းရှိလို့ အကျိုးပေါ်တာ။ အကြောင်းအကျိုးတော့ ဆက်နေတယ်။ ပြတ်တယ်လို့ယူလိုက်ရင် ဥစ္ဆေဒဒိဋ္ဌိဖြစ်သွားတယ်။ ဝိပဿနာအားမထုတ်ရင် ပစ္စုပ္ပန်ဘဝမှာလည်း တဏှာ ဥပါဒါန် ကံတွေ ပြန်ပေါ်တယ်။ ပေါ်တော့ ဇာတိ ဇရာမရဏ အနာဂတ်နဲ့ဆက်သွားတယ်။ စက်ဝိုင်းမှာ အစပ်ကလေးတွေ ဆက်စပ်ပြထားတာဟာ ဥစ္ဆေဒဒိဋ္ဌိမဖြစ်အောင်လို့ ဆက်စပ်ပြထားတာ။ အကြောင်းအကျိုးတော့ ဆက်နေတယ်ဆိုတာ ပြထားတာ။ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ကြီးဟာ ဒီလိုပါလားလို့ သိလိုက်ရင် ဥစ္ဆေဒဒိဋ္ဌိစင်တယ်။ ဒါကို ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်နားလည်လို့ စင်တယ်လို့မှတ်ရမယ်။ အတိတ်က ခန္ဓာကိုယ်ထဲမှာ အဝိဇ္ဇာ သင်္ခါရတွေ ပြုလုပ်ခဲ့တယ်။ ဒီဘက်မှာ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတွေသာ ပါလာတယ်။ အဝိဇ္ဇာသင်္ခါရတွေ ပါမလာဘူး။ ဟိုဘက်ကတရားက ဟိုဘက်မှာပဲ နေခဲ့တယ်။ ဒီဘက်ဘဝကို လိုက်မလာဘူး။ ဟိုဘက်ကတရားတွေ လိုက်လာတယ်ဆိုရင် သဿတဒိဋ္ဌိဖြစ်တယ်။ တရားကတော့ မလိုက်ဘူး၊ အကြောင်းအကျိုးတော့ ဆက်တယ်။ ဟိုဘက်ကတရား ဒီဘက်မလိုက်ဘူးလို့ ယူဆလိုက်တော့ သဿတဒိဋ္ဌိစင်တယ်။ ဘဝသုံးပါးအစပ်တွေကြည့်လိုက်ပြန်တော့ ဥစ္ဆေဒဒိဋ္ဌိစင်တယ်။ ဟိုဘက်ကတရားတွေ ဒီဘက်ဘ၀ လိုက်မလာဘူးလို့သိလိုက်တော့ သဿတဒိဋ္ဌိစင်တယ်။ အဲဒီတရားတွေက ဒီဘက်လိုက်လာတယ်ဆိုရင် ခိုင်တယ် မြဲတယ် မပျက်စီးဘူးဆိုတဲ့သဘောသက်ရောက်သွားမှာပေါ့။ ဒါတွေမသိဘဲနဲ့ အားထုတ်မယ်ဆိုရင် ဒိဋ္ဌိမကွာလို့ နိဗ္ဗာန်မရဘူး။ ရှင်ယမကမှာ ဥစ္ဆေဒဒိဋ္ဌိရှိတာနဲ့ သူနိဗ္ဗာန်မရတာ၊ ရှင်ဆန္နမှာ သဿတဒိဋ္ဌိရှိနေတာနဲ့ နိဗ္ဗာန်မရတာ။ တစ်စုံတစ်ခုသောသင်္ခါရတရားကို နိစ္စလို့ယူနေရင်၊ သဿတဒိဋ္ဌိရှိနေရင် သောတာပတ္တမဂ်မပြောပါနဲ့၊ သစ္စာနုလောမိကဉာဏ်တောင်မရဘူးတဲ့ (ကိဉ္ဒိ သင်္ခါရံ နိစ္စတော ပဿတော့ အနုလောမခန္တိယာ သမန္နာဂတော ဘဝိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ)။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး