သေလျှင် သပိတ်သွတ်လွတ်အောင်
အရင်နေ့က ဒိဋ္ဌိဝိပ္ပလ္လာသတရားလေးပါးကို ပြောခဲ့ပါ၏။ ဒိဋ္ဌိဝိပ္ပလ္လာသနှင့် သက္ကာယဒိဋ္ဌိသည် အတူတူပင်ဖြစ်၏။ ခန္ဓာငါးပါး ငါထင် သူထင် ယောကျ်ားထင် မိန်းမထင် ပုဂ္ဂိုလ် သတ္တဝါထင်မြင်နေခြင်းပင်ဖြစ်၏။ ရံခါ အတ္တဒိဋ္ဌိဟုလည်း ခေါ်လေ့ရှိ၏။ မိစ္ဆာဒိဋ္ဌိဟုလည်း ရံခါ ပြင်းထန်စွာသုံးလေ့ရှိသေး၏။ စင်စစ်မှာ ဒိဋ္ဌိမှန်သမျှသည် အမှတ်မှား အသိမှား အယူမှားကြောင့်သာ ဖြစ်ရခြင်းဖြစ်၏။
ထိုဒိဋ္ဌိကို ပထမ အသိဖြင့်ဖြုတ်၊ ဒုတိယအပွားဖြင့်ဖြုတ်၊ တတိယအပယ်ဖြင့်ဖြုတ်လိုက်နိုင်လျှင် အပါယ်လေးပါ တံခါးပိတ်ပြီဖြစ်၏။ ပယ်ပြုတ်ပြုတ်လျှင်တော့ “သေတောင် ဆွမ်းမသွပ်နဲ့တော့”ဟု မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်တော်မူ၏။ မှန်ပါ၏။ ဒိဋ္ဌိတန်းလန်းနှင့်သေသွားလျှင် လားရာဂတိ စိတ်မချရသောကြောင့်သာ ဆွမ်းသွတ်ကြရခြင်းဖြစ်၏။ သက်ပျောက်ဆွမ်း၊ ရက်လည် လလည် နှစ်လည်ဆွမ်းများ သွပ်နေကြရခြင်းဖြစ်၏။ ဒိဋ္ဌိပြုတ်လျှင်မူ ဂတိမြဲသွားပြီဖြစ်သဖြင့် ဆွမ်းသွပ်ရန်ပင် မလိုအပ်တော့။
သေခါနီး လားရာဂတိလွဲမှာကြောက်စရာအကောင်းဆုံးဖြစ်၏။ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ်လေးဘုံ ရောက်မည့်ဘေးကြီးသည် အဆိုးဆုံး ဒုဂ္ဂတိဘေးကြီးဖြစ်၏။ ထိုဂတိဆိုးကြီးကလွတ်အောင် သက္ကာယဒိဋ္ဌိကို လျှင်မြန်စွာဖြုတ်ရ၏။ သက္ကာယဒိဋ္ဌိရှိနေလျှင် ဂတိ မမြဲ၊ ရောက်ချင်ရာရောက် ဖြစ်ချင်ရာဖြစ်မည်သာဖြစ်၏။ ထို့ကြောင့် “ပရမ်းပတာကျရတဲ့ဘေး”ဟု မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်လေ့ရှိ၏။ ပရမ်းပတာဘေးကလွတ်ရေး ကျွတ်ရေးအတွက် အဓိကသော့ချက်မှာလည်း ဒိဋ္ဌိပြုတ်ရေးပင် ဖြစ်ပါ၏။ “သက္ကာယဖြစ်တဲ့ခန္ဓာငါးပါးကို ငါ သူတစ်ပါး မဟုတ်ကြောင်း၊ ဖြစ်ပြီးပျက်နေတဲ့ အနိစ္စဖြစ်ကြောင်း၊ ဒါကိုရှင်းရှင်းလင်းလင်းပြောလို့ ခင်ဗျားတို့ကလည်း ရှင်းရှင်းလင်းလင်းသိ၊ ခန္ဓာထဲကြည့်လိုက်ပြန်လည်း ရှင်းရှင်းလင်းလင်းမြင်၊ ဤကဲ့သို့မြင်ရင်ဖြင့် ဒကာဒကာမတို့ မှတ်လိုက်တာပေါ့၊ ဒို့သက္ကာယဒိဋ္ဌိပြုတ်ပြီ (မှန်လှပါဘုရား)။ ရှင်းပလား (ရှင်းပါပြီဘုရား)။ သက္ကာယဒိဋ္ဌိပြုတ်ပြီလို့ စိတ်ထဲမှာ အောက်မေ့ပါ (မှန်ပါ့)။ အဲဒီလိုပြုတ်ပြီးသကာလ နေတဲ့ပုဂ္ဂိုလ်ကျတော့ ငါသေရင် ဆွမ်းမသွတ်နဲ့ဟေ့၊ အပါယ်လေးပါး လွတ်ပြီ (မှန်ပါ့)” မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော်ကောက်နုတ်ချက်ဖြစ်၏။
ခန္ဓာငါးပါးသည် သက္ကာယဖြစ်၏။ ဖြစ်ပျက်အနိစ္စတရားသာ ဖြစ်၏။ ထိုခန္ဓာငါးပါးကို ဖြစ်ပျက်အနိစ္စဟု မမြင်ဘဲ ငါ သူထင်နေခြင်းသည် ဒိဋ္ဌိဖြစ်၏။ သက္ကာယကို စွဲ၍ပေါ်လာသောကြောင့်၊ သက္ကာယကြောင့်ပေါ်လာသောဒိဋ္ဌိဖြစ်သောကြောင့် သက္ကာယဒိဋ္ဌိဟု ဆိုရ၏။ ထိုသို့ ရှင်းလင်းစွာသိထားပြီး ခန္ဓာကိုယ်ကို ဉာဏ်ဖြင့် ကြည့်လိုက်လျှင် ငါလည်းမဟုတ်၊ သူလည်းမဟုတ်၊ ဖြစ်ခြင်းပျက်ခြင်းသာဟုတ်၏ဟု တွေ့ရမည်ဖြစ်၏။ အဟုတ်ရှိကို ဉာဏ်တွင် မိလိုက်လျှင် သက္ကာယဒိဋ္ဌိပြုတ်၏။ သက္ကာယဒိဋ္ဌိက သမ္မာဒိဋ္ဌိအဖြစ်သို့ ပြောင်းသွားတော့၏။ ခန္ဓာငါးပါး ဖြစ်ပျက်မြင်၍ သမ္မာဒိဋ္ဌိအဖြစ် ပြောင်းသွားခြင်းဖြစ်၏။ ဖြစ်ပျက်မြင်ခြင်းဖြင့် မဂ္ဂင်ငါးပါးပေါ်လာတော့၏။ မဂ္ဂင်ငါးပါးပေါ်လာသည်နှင့် မိမိသန္တာန်တွင် တစ်သံသရာလုံးက စိုးမိုးခြယ်လှယ်လာခဲ့သော သက္ကာယဒိဋ္ဌိ နေခွင့်မရှိ။ ထွက်ပြေးရလေတော့၏။ ထို့ကြောင့် သမ္မာဒိဋ္ဌိဖြစ်ရေး မဂ်ပေါ်ရေးအတွက် အနိစ္စကို အနိစ္စဟု မှန်မှန်ကန်ကန်သိဖို့လို၏။ ထို့အတူ ဒုက္ခကို ဒုက္ခ၊ အနတ္တကို အနတ္တ၊ အသုဘကို အသုဘဟု မှန်မှန်ကန်ကန် ဉာဏ်ဖြင့်သိဖို့လို၏။ ထိုအခါ ငါလည်းမဟုတ် သူလည်းမဟုတ် ဖြစ်ပျက်အနိစ္စသာဟုတ်၏ဟု ကိုယ်တိုင်သိမြင်လာမည်ဖြစ်၏။ ထိုအသိသည် သက္ကာယဒိဋ္ဌိကို ပြုတ်စေသော အသိပင်ဖြစ်ပါ၏။ “ထိုကဲ့သို့သိသောကြောင့် ဘုန်းကြီးတို့ ဒကာဒကာမတွေမှာ ငရဲမျိုးစေ့ ဝမ်းထဲမှာမရှိတော့ဘူး၊ (မှန်ပါ့)။ သဘောကျပလား (ကျပါပြီဘုရား)။ ဒါဖြင့် ငရဲမျိုးစေ့မှ ဝမ်းထဲမရှိတဲ့ပုဂ္ဂိုလ်ဟာ ငါသေရင် အပါယ်လေးပါး ငရဲများ သွားရဦးမှာလား-လို့ သံသယရှိဖို့လိုသေးသလား (မလိုပါဘုရား)” ဟု မိုးကုတ်ဆရာတော်ဘုရားကြီး ဟောတော်မူခဲ့၏။
“အပါယ်သွားလေသမျှ သက္ကာယဒိဋ္ဌိက” ဟုပင် မိုးကုတ်ဆရာတော်ဘုရားကြီးက ဆိုရိုးပြုတော်မူခဲ့၏။ သက္ကာယဒိဋ္ဌိရှိနေသမျှ အရာရာ ငါပိုင်စီးချင်စိတ်ပေါ်နေမည်သာဖြစ်၏။ သက္ကာယဒိဋ္ဌိဦးစီးလာပြီဆိုလျှင် ဖခင်ကိုသတ်ဖို့လည်း ဝန်မလေး၊ အဇာတသတ်သည် ထီးနန်းကို ငါပိုင်စီးချင်စိတ်ကြောင့် ဖခင်ရင်းချာကိုပင် မညှာမတာ သတ်ရဲဖြတ်ရဲလုပ်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်၏။ သက္ကာယဒိဋ္ဌိမပြုတ်သရွေ့ ငါကောင်းစားရေးအတွက် ကံကြီးငါးပါး ကျူးလွန်ရသည်ကိုပင် ဝန်မလေးတော့။ တစ်နိုင်ငံလုံးကို ငါ့ဟာဖြစ်ချင်သည်မှာလည်း သက္ကာဒိဋ္ဌိကြောင့်ပင်ဖြစ်သကဲ့သို့ တစ်ကမ္ဘာလုံး ငါ့ဟာဖြစ်ရေးအတွက် စစ်ပွဲတွေ ဆင်နွှဲနေကြသည်မှာလည်း သက္ကာယဒိဋ္ဌိကြောင့်ပင်ဖြစ်၏။ အရှိရုပ်နာမ်ကို ငါထင်လျက် ငါစားဖို့ ငါ့မိသားစုစားဖို့ ငါအဆင်ပြေဖို့ စသည်ဖြင့် ငါကိုရှေ့တန်းတင်လျက် ခိုးသော်လည်းခိုးကြ၏၊ လုသော်လည်း လုကြ၏၊ လိမ်သော်လည်း လိမ်ကြ၏။ သတ်သော်လည်း သတ်ကြ၏။ ငါရှေ့တန်းတင်မှုကြောင့် မကောင်းမှုပေါင်းစုံ လွန်ကျူးလျက်ရှိကြ၏။ ထို့ကြောင့် အကုသိုလ်မှန်သမျှ၊ မတရားမှုမှန်သမျှ၊ မတရားသဖြင့်ရှာမှီးမှု အသက်မွေးမှုမှန်သမျှ သက္ကာယဒိဋ္ဌိကြောင့်သာ ဖြစ်ရ၏။ ထို့ကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက “သူ (သက္ကာယဒိဋ္ဌိ) တစ်ခုရှိရင် မလုပ်နိုင်တဲ့အကုသိုလ်ရယ်လို့မရှိဘူး” ဟုထိမိစွာမိန့်တော်မူခဲ့ပါ၏။ အပါယ်ရောက်ကြောင်းအကုသိုလ် ဟူသရွေ့ သက္ကာယဒိဋ္ဌိကြောင့်သာ ဖြစ်ရ၏။ ထိုသက္ကာယဒိဋ္ဌိကို ဖြုတ်လိုက်လျှင် အပါယ်ရောက်ကြောင်း အကုသိုလ်မှန်သမျှ အကုန်ပြုတ်သွားသဖြင့် အပါယ်ဘေးမှ ကင်းလွတ်ရခြင်းဖြစ်၏။
သက္ကာယဒိဋ္ဌိသည် ခန္ဓာငါးပါးကို အနိစ္စဟု မသိသောကြောင့် ဖြစ်ရ၏။ အနိစ္စဟု သိခြင်းသည် သမ္မာဒိဋ္ဌိဖြစ်၏။ ရုပ်ပေါ်ပေါ်၊ ဝေဒနာပေါ်ပေါ်၊ စိတ်ပေါ်ပေါ် ကြည့်လိုက်၍ ဖြစ်ပျက်မြင်လျှင် အနိစ္စပင်ဖြစ်တော့၏။ ဖြစ်ခြင်းသည်လည်းငါမဟုတ်၊ ပျက်ခြင်းသည်လည်း ငါမဟုတ်၊ အနိစ္စသာဟုတ်၏၊ ဓမ္မသာဟုတ်၏၊ ပုဂ္ဂိုလ်သတ္တဝါမဟုတ်၊ ယောက်ျားမိန်းမ မဟုတ်ဟု အရှုဉာဏ်တွင် မြင်နေလျှင် သမ္မာဒိဋ္ဌိဖြစ်နေ၏။ သမ္မာဒိဋ္ဌိဦးဆောင်သည့် မဂ္ဂင်ငါးပါး ပေါ်နေပါ၏။ ထို့ကြောင့် သမ္မာဒိဋ္ဌိပေါ်ခိုက် သက္ကာယဒိဋ္ဌိ မနေနိုင်။ သက္ကာယဒိဋ္ဌိကင်းလျက် သမ္မာဒိဋ္ဌိဖြင့် သေလျှင် သက္ကာယဒိဋ္ဌိပြုတ်ခိုက်သေခြင်းဖြစ်၍ သမ္မာဒိဋ္ဌိနှင့် သေခြင်းဖြစ်၍ မဂ်နှင့်သေခြင်းဖြစ်၍ ငါသေလျှင် သပိတ်မသွတ်နှင့်ဟု ရဲရဲတင်းတင်းမှာနိုင်ပြီသာ ဖြစ်၏။ သောတာပန်ဖြစ်သည်အထိ အားထုတ်နိုင်လျှင်တော့ သက္ကာယဒိဋ္ဌိသည် ပြန်မပေါ်သောအားဖြင့် ပြုတ်သွားမည်သာဖြစ်ပါ၏။
သက္ကာယဒိဋ္ဌိ ပြန်မပေါ်သောအားဖြင့် ပြုတ်ရေးအတွက် အလုပ်လုပ်နည်းကို မိုးကုတ်ဆရာတော်ဘုရားကြီး သင်ပေးထားသည့်အတိုင်း ပြောပြလိုပါ၏- “ဒီခန္ဓာငါးပါးထဲက တစ်ပါးပါးကို ဝေဒနာကြိုက်ရင် ဝေဒနာရှုပေါ့၊ (မှန်ပါ့)။ စိတ်ကြိုက်ရင် (စိတ်ရှုရမှာပါ)။ ရုပ်ကြိုက်ရင် (ရုပ်ရှုရပါမယ်)။ သစ္စာကြိုက်ရင် (သစ္စာရှုရပါမယ်)။ သစ္စာရှု၊ ရှုတော့ ဖြစ်ပျက်တွေ့ဖို့ပဲ (မှန်ပါ့ဘုရား)။ ကြိုက်တာရှု ဒကာဒကာမတို့ ဘာတွေ့ရမလဲ (ဖြစ်ပျက်တွေ့ရပါမယ်)။ ဖြစ်ပျက်ပဲ တွေ့ရမယ်ဆိုတာ ဧကန်မှတ်ထား (မှန်ပါ့ဘုရား)”။
ယင်းသို့ရှုရင်းမှာပင် ဖြစ်ပျက်တွေမုန်း၊ ကိုယ့်အသေကိုယ် ပြန်ကြည့်နေရတာ မုန်းပြီး ခန္ဓာငါးပါး ဖြစ်ပျက်အားလုံးဆုံးသွားသည့်အခါ ဖြစ်ပျက်အဆုံးမှာ နိဗ္ဗာန်ပေါ်လာတော့၏။ ထိုအခါ ရှုနေသည့်ဉာဏ်သည် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ ပစ္စဝေက္ခဏာဉာဏ်ဖြစ်သွားတော့၏။ မဂ်ဉာဏ်ကလည်း နိဗ္ဗာန်မြင်သကဲ့သို့ ဖိုလ်ဉာဏ်၊ ပစ္စဝေက္ခဏာဉာဏ်တို့သည်လည်း နိဗ္ဗာန်ကိုပင် မြင်သည့်ဉာဏ်များဖြစ်ကြ၏။ နိဗ္ဗာန်မြင်သည်ကိုပင် နိဗ္ဗာန် မျက်မှောက်ပြုသည်ဟု ဆို၏။ ကိုယ်တိုင်ရှုသည့်ဉာဏ်ဖြင့်မြင်၍ ခန္ဓာထဲမှာ ရုပ်လည်းမတွေ့ နာမ်လည်းမတွေ့ ဖြစ်ပျက်အနိစ္စတရားမှန်သမျှ မတွေ့ရတော့ဘဲ ဖြစ်ဒုက္ခ ပျက်ဒုက္ခမှန်သမျှ ဆုံးသွားသည့်အခါ သောတာပန်တည်သည်ဟု ဆိုရ၏။ “ငါအပါယ်သွားမယ် မသွားဘူးဆိုတာ ဒကာဒကာမတို့ ကိုယ့်ဉာဏ်နဲ့ကိုယ် စစ်ကြည့်ပါ (မှန်ပါ့)။ ကိုယ့်ဉာဏ်နဲ့ကိုယ် စစ်ကြည့်တော့ ခန္ဓာကြီး ကြည့်လိုက်ကတည်းက ဖြစ်မှု ပျက်မှုလေးတွေ တွေ့နေပြီး ၎င်းဖြစ်မှုပျက်မှုကလေးတွေတွေ့ မုန်းနေပြီး ဖြစ်မှု ပျက်မှုကလေးတွေပဲ ဆုံးသွားပြီဆိုတော့ ဖြစ်မှုပျက်မှုအဆုံးဟာ နိဗ္ဗာန်ပဲ (မှန်ပါဘုရား)” ဟုဆရာတော်ဘုရားကြီးက နိဗ္ဗာန်မြင်သည့် ဉာဏ်ရရှိပုံကို ရှင်းလင်းစွာ မိန့်တော်မူထားပါ၏။ ထိုဉာဏ်သည်ပင် သောတာပန်တည်သည့်ဉာဏ်ဖြစ်၏။ သောတာပန်သည် နိဗ္ဗာန်ကို တိုက်ရိုက်မြင်ခွင့်ရှိသော ပထမအဆင့်ပုဂ္ဂိုလ် ဖြစ်၏။ အပါယ်သို့ မရောက်နိုင်တော့သောပုဂ္ဂိုလ်ဖြစ်၏။ သေလျှင် သပိတ်သွတ်စရာမလို၊ သုဂတိမြဲသော ပုဂ္ဂိုလ်ဖြစ်၏။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.