ဝိသာခနှင့် ဓမ္မဒိန္နာ (၂)

ထိုအခြေအနေကို ဓမ္မဒိန္နာ အကဲခတ်ရခက်နေရှာ၏။ သူ့အပေါ် အလိုမကျ၍ဟုထင်မြင်နေရှာ၏။ သို့မဟုတ် သူတစ်ပါးအပေါ် အလိုမကျဖြစ်ခဲ့သည်လားဟု သံသယဝင်နေရှာ၏။ အလိုမကျဖြစ်မည်ဆိုလျှင်လည်း တစ်ရက်နှစ်ရက်ကြာလျှင် စိတ်ပြန်လည်ပြောင်းသွားမည်ဟု မျှော်လင့်လျက် နေရှာ၏။ သို့သော် ရက်တွေကြာညောင်းသော်လည်း သူ့အမူအရာများမှာ ဘာတစ်ခုမျှ ပြောင်းလဲမလာခဲ့။ စင်စစ်မှာ ဓမ္မဒိန္နာ ထင်ထားသကဲ့သို့မဟုတ်၊ အနာဂါမ်တည်ပြီးသည့် ပုဂ္ဂိုလ်တို့၏ အမူအရာပင်ဖြစ်၏။ သောတာပန်အဆင့် သကဒါဂါမ်အဆင့်မျှသည် ကာမာရာဂါနုသယကို အမြစ်ပြတ်မပယ်သတ်နိုင်သေးသဖြင့် ငါးပါးအာရုံ ကာမဂုဏ်တောတွင် ပျော်ရွှင်ရိုးရှိသည်သာ ဖြစ်၏။ ထို့ကြောင့် သာားသမီး ဇနီးမယားတို့နှင့် အတူတကွ နေထိုင်လျက်ရှိကြသေးသည်သာဖြစ်၏။ အနာဂါမ်တည်ပြီးလျှင်မူ ငါးပါးအာရုံ ကာမဂုဏ်တို့ကို ခုံမင်တပ်မက်မှု အလျဉ်းမရှိတော့။ တရား၏တန်ခိုး စွမ်းရည်သတ္တိကြောင့် ကိလေသာ ပါးသွားခြင်းဖြစ်၏။ အနာဂါမ်ဖြစ်က လူ့ပြည်၊ နတ်ပြည်ရှိ ကိလေသာမှန်သမျှ အလုံးစုံ ကုန်သွားခြင်းဖြစ်၏။ ဓမ္မဒိန္နာသည် သူ့မောင်တော် ဝိသာခ အမူအရာ ပြန်လည်ပြောင်းလဲလာလိမ့်နိုးနှင့် နှစ်ရက် သုံးရက် စောင့်ဆိုင်းခဲ့သော်လည်း ဘာတစ်ခုမှ ထူးခြားမလာခဲ့။ ဘာကြောင့် ဤသို့ဖြစ်နေသည်ကို မသိသဖြင့် တအုံနွေးနွေးနှင့် ရတက်မအေးဖြစ်နေရှာလေ၏။ သုံးရက်မြောက်သည့်နေ့တွင် မအောင့်နိုင်တော့သဖြင့် ဝိသာခတစ်ယောက်ထည်း အိပ်သည့်အခန်းတွင်းသို့ တံခါးဖွင့်ဝင်လိုက်၏။ ပိုဆိုးသည်မှာ ဝိသာခက “ဓမ္မဒိန္နာ ဒီအချိန်ကြီး အခန်းထဲဝင်လာတာ ဘာသဘောလဲ”ဟု သူစိမ်းဆန်ဆန် အမေးခံလိုက်ရခြင်းပင်ဖြစ်၏။ ဓမ္မဒိန္နာသည် ဝမ်းနဲကြေကွဲသည့်စိတ်ကို မျိုသိပ်လျက် “မေးစရာရှိလို့ ဝင်လာတာပါ မောင်တော်”ဟု လေသံယဲ့ယဲ့လေးဖြင့် အဖြေပေးလိုက်၏။ “ဒါဆိုလည်း မေးပါ နှမတော်”။ “မောင်တော်ဟာ အရင်ကနဲ့ မတူ၊ အမူအရာတွေက သိပ်သူစိမ်းဆန်လွန်းအားကြီးနေတယ်။ နှမတော်ကို ရှိတယ်လို့တောင် မမှတ်တော့ဘူး။ အရင်ဆို ကောင်းတိုင်ပင် ဆိုးတိုင်ပင် နေလာခဲ့ကြတာလေ။ အခု ဒီလို သူစိမ်းတရံ ဆန်နေတာတွေက နှမတော်အပေါ် မကျေနပ်လို့လား၊ ဒါမှမဟုတ် အခြားသူအပေါ် မကျေနပ်လို့လား။ ဒါမှမဟုတ် နှမတော်ထက် ချစ်စရာ အသစ်တစ်ယောက်ယောက်များ တွေ့ထားလို့လား” ဟု စိတ်ထဲရှိသမျှ အကုန်ဖွင့်ဟမေးလိုက်လေတော့၏။ အမှန်အတိုင်း မဖြေရင်လည်း ဓမ္မဒိန္နာ ရင်ကွဲနာကျ သေမှာကို သိနေသဖြင့် မပြောမဖြစ် ပြောမှသာ ဖြစ်တော့မည်ဟုနှလုံးပိုက်လျက် ဝိသာခက “နှမတော် ထင်သလိုမဟုတ်ဘူးကွယ်။ မောင်တော် တရားထူးတရားမြတ်ရလာခဲ့လို့၊ အနာဂါမ်တည်လာခဲ့လို့ တရားစွမ်းရည်ကြောင့် ငါးပါးအာရုံ ကာမဂုဏ်၊ လူ့ပြည်အာရုံတွေကို သာယာစုံမက်မှု မရှိတော့လို့ပါ။ ဒီအိမ်မှာရှိတဲ့ နှမတော်ဘက်က ပါလာတဲ့ ကုဋေ(၄၀)၊ မောင်တော်ဘက်ကပါလာတဲ့ ကုဋေ(၄၀) ပေါင်းကုဋေ (၈၀)ကို နှမတော် ကြိုက်သလိုသုံးတော့၊ မောင်တော်ကို ထမင်းလောက်သာ ကျွေးချင် ကျွေးထားတော့။ ဒီပစ္စည်းတွေ အားလုံးကို ငါ့ပစ္စည်းလို့ မသတ်မှတ်တော့ဘူး။ ဒါမှမဟုတ် နောက်အိမ်ထောင်ပြုချင်စိတ်ရှိတယ်ဆိုရင်လည်း နှမတော်ဆန္ဒအတိုင်းသာ ပြုပါတော့“ ဆိုပြီး ခရေစေ့တွင်းကျ ဖြေပြောပေးလိုက်လေ၏။ ထိုအခါမှ ဓမ္မဒိန္နာ အနေရ အထိုင်ရ သက်သာသွားရှာလေ၏။ သောကအပူမီးတို့ အေးငြိမ်းခွင့်ရသွားရှာလေ၏။ တရားကျေးဇူး၊ တရားသတ္တိ၊ တရား၏ စွမ်းအားတွေပင်ဖြစ်သည်ဟု သဘောပိုက်မိသွားလေတော့၏။ “မေးပါရစေဦးမောင်တော်၊ မောင်တော်တို့ရတဲ့တရားထူး တရားမြတ်ဆိုတာ ယောက်ျားတွေပဲ အားထုတ်ကောင်းတာလား၊ မိန်းမတွေရော အားမထုတ်ကောင်းဘူးလား” ဆက်မေးရှာလေ၏။ “ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ အားထုတ်မယ်ဆိုရင် ဒီတရားထူးတွေ ရနိုင်တာပဲ။ ယထာဘူတဉာဏ်က စတက်လို့ရှိရင် ရနိုင်ပါတယ်နှမတော်” ဟု ဖြေလိုက်သဖြင့် “ဒါဆို နှမတော် ဘိက္ခုနီမ ဝတ်ပြီး အားထုတ်မယ်၊ မောင်တော်ခွင့်ပြုနိုင်မလား” ဟု ခွင့်တောင်းလိုက်၏။ “ခွင့်ပြုတာပေါ့ နှမတော်ရယ်၊ အဲလို မပြောရက်လို့ အသာနေနေတာ၊ အခုလို နှမတော်က ဆန္ဒရှိလာတော့ မောင်တော် ပိုသဘောကျတာပေါ့” ဟု အသာတကြည် ခွင့်ပြုလိုက်လေ၏။ နောက်နေ့နံနက်တွင် ဝိသာခသူဋ္ဌေးသည် ဘုရင်ဗိမ္ဗိသာရမင်းကြီးနန်းတော်သို့ ဝင်၍ ရွှေထမ်းစင် သွားငှားလေ၏။ ထိုခေတ်က ဘုရင်နှင့် သူဋ္ဌေးတို့သည် အလွန်အမင်း ရင်းနှီးကျွမ်းဝင်လေ့ရှိကြ၏။ ထို့ကြောင့်သာ ငှားရဲခြင်းဖြစ်သည်။ “ကျွန်တော်မျိုး၏ ဇနီး ဓမ္မဒိန္နာ ဘိက္ခုနီ ဝတ်ချင်တယ်ဆိုလို့ ထမ်းစင်လာရောက် ငှားတာပါဘုရား” ဟု သံတော်ဦးတင် လျှောက်ထားလေ၏။ မင်းကြီးကလည်း လှိုက်လှိုက်လှဲလှဲဖြင့် ခွင့်ပြု ငှားရမ်းလိုက်ပါ၏။ ဓမ္မဒိန္ဒာလည်း နံ့သာရေမိုးချိုးပြီး ထိုရွှေထမ်းစင်ကြီးဖြင့် ဆွေတော်မျိုးတော်အပေါင်းခြံရံလျက် စည်ကားသိုက်မြိုက်စွာပင် ဘိက္ခုနီမကျောင်းသို့ ဝင်လေ၏။ ယနေ့ခေတ်အလှူမင်္ဂလာပွဲများ ရှင်လောင်းယူသကဲ့သို့ ဖြစ်ဟန်တူ၏။ ဘိက္ခုနီတို့ကျောင်းရောက်လျှင် ဘိက္ခုနီတို့က “ဓမ္မဒိန္နာ- အသက်အရွယ် ငယ်ငယ်နဲ့ အခုလို ဘိက္ခုနီဝတ်ချင်တာက တစ်ယောက်ယောက်နှင့် မသင့်မြတ် အဆင်မပြေ၍ ဝတ်ခြင်းလား၊ သို့မဟုတ် သဒ္ဓါတရားသက်သက်ဖြင့် ဝတ်ခြင်းလား”ဟု မေးစိစစ်လေ၏။ ငယ်ရွယ်သူဖြစ်၍ သေသေချာချာ မေးစစ်ရခြင်းဖြစ်၏။ ဓမ္မဒိန္နာက သဒ္ဓါတရားသက်သက်ဖြင့် ဝတ်ချင်၍ လာခြင်းဖြစ်ကြောင်းလျှောက်ထားလေ၏။ ထိုအခါမှ ဓမ္မဒိန္နာကို ဝိနည်း ဓမ္မကံအားလျော်စွာ သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်း စီးဖြန်း၊ ဆံပယ်ခေါင်းရိပ်ပြီး ထုံးတမ်းစဉ်လာနှင့်အညီ ဘိက္ခုနီဘောင်သို့ သွတ်သွင်းပေးကြလေ၏။ (ဆက်လက်ဖော်ပြပါမည်။)

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး