ဒုက္ခသိမ်းတာ နိဗ္ဗာန်
ဝိပဿနာ ဘယ်လိုများရှုရပါမလဲဆိုရင်တော့ ခန္ဓာဉာဏ်လှည့်လိုက်ပါ။ ခန္ဓာဉာဏ်လှည့်ဆိုတာ ခန္ဓာက ဝေဒနာ ထူးထူးခြားခြားပေါ်တဲ့သူဆိုရင် ဝေဒနာဘက်ကိုလှည့်လိုက်ပေါ့။ စိတ်ထူးထူးခြားခြားပေါ်တဲ့သူဆိုရင် စိတ်ဘက်လှည့်လိုက်ပေါ့။ ဉာဏ်ဆိုတာ သစ္စာသိတဲ့ဉာဏ်။ သစ္စာသိတဲ့ဉာဏ်ဆိုတဲ့ မဂ်ရေသောက်လိုက်ရင် သံသရာစက်ကို လည်စေတတ်တဲ့ ကိလေသာတွေ ပါးပါးသွားတယ်။ ကိုယ်ကြိုက်ရာကိုယ်ရှုလို့ ဝေဒနာဖြစ်ပျက်တွေဆုံး၊ စိတ်ဖြစ်ပျက်တွေဆုံး၊ ရုပ်ဖြစ်ပျက်တွေဆုံးသွားရင် မဂ္ဂင်ရှစ်ပါး ပြည့်တဲ့ မဂ္ဂသစ္စာအစစ်ပေါ်လာတယ်။ တစ်မဂ်ပေါ်ရင် သောတာပန်၊ နောက်တစ်မဂ်ပေါ်ရင် သကဒါဂါမ်၊ နောက်တစ်မဂ်ထပ်ပေါ်တော့ အနာဂါမ်၊ နောက်တစ်မဂ်ထပ်ပေါ်တော့ ရဟန္တာဖြစ်တယ်။ နောက်ခန္ဓာကြီး မလာနိုင်တော့ဘူး။ ရဟန္တာပုဂ္ဂိုလ် စုတိစိတ်ကျတော့ ဒုက္ခတွေ အကုန်သိမ်းသွားတယ်။ လေးမဂ်ရလို့ ရဟန္တာဖြစ်၊ စုတိစိတ်ကျ ပရိနိဗ္ဗာန်စံတော့ ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊ ဗျာဓိဒုက္ခ၊ သောက ပရိဒေ၀ ဒုက္ခဒေါမနဿ ဥပါယာသတွေ အကုန်ချုပ်သွားတယ်။ ဒါကြောင့် ရဟန္တာပုဂ္ဂိုလ် ပရိနိဗ္ဗာန်စံတာသည် ဒုက္ခသိမ်းသွားတာပဲလို့ မှတ်ရမယ်။ ပုထုဇဉ်တွေ သေကြတဲ့အခါကျတော့ ဒုက္ခဆက်သွားတယ်။ ဒုက္ခသိမ်းတဲ့ပုဂ္ဂိုလ်နဲ့ ဒုက္ခဆက်တဲ့ပုဂ္ဂိုလ် ခြားနားသွားအောင် မဂ်က လုပ်ပေးလိုက်တာ။
ရဟန္တာပုဂ္ဂိုလ်သည် စုတိစိတ်ကျပြီးတဲ့နောက် နောင်ခန္ဓာ နောင်ဇာတိတွေမရတော့ဘဲ ဒုက္ခသိမ်းလို့ ဒုက္ခငြိမ်းသွားတယ်။ ပုထုဇဉ်များစုတိစိတ်ကျပြီးရင်တော့ ဒုက္ခဝန်ထုပ်တစ်ခုကိုချပြီး ခန္ဓာဒုက္ခဝန်ထုပ်တစ်ခါပြောင်းထမ်းရတယ်။ ဒုက္ခဝန် ပြောင်းထမ်းတာပဲ။ အသေဒုက္ခပြီး အနေဒုက္ခအသစ်ပြန်ယူလိုက်တာသာဖြစ်တယ်။ ရဟန္တာများမှာ အသေဒုက္ခပြီးတာနဲ့ အနေဒုက္ခ မယူတော့ဘူး။ သူ့ဒုက္ခတွေ ဒီမှာတင် ထားပစ်ခဲ့ပြီး နောက်ဒုက္ခတွေ အကုန်သိမ်းသွားတယ်လို့မှတ်လိုက်စမ်းပါ။ ရဟန္တာပုဂ္ဂိုလ်သည် ဒုက္ခချုပ်ငြိမ်းရုပ်သိမ်းတဲ့ပုဂ္ဂိုလ်၊ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ပဲ။ ဒီလို ဒုက္ခတွေ သိမ်းသွားတာကို နိဗ္ဗာန်လို့ခေါ်တယ်။ အသေဒုက္ခတွေ သိမ်းပြီး အနေဒုက္ခတွေ မလာတာဟာ နိဗ္ဗာန်ပဲ။
ဒီဘဝရဲ့ နောက်ဆုံးပိတ် ဒုက္ခဟာ အသေဒုက္ခပဲ။ ပုထုဇဉ်များမှာ အသေဒုက္ခပြီးတော့ ပဋိသန္ဓေနေရတဲ့ဒုက္ခဆက်တယ်၊ သုဂတိရောက်တဲ့ ဒုက္ခနဲ့လည်း ဆက်တယ်၊ ဒုဂ္ဂတိ အပါယ်ရောက်တဲ့ဒုက္ခနဲ့လည်း ဆက်တယ်၊ ဒုက္ခပြီး ဒုက္ခနဲ့ ပြန်ဆက်နေတယ်။ ရဟန္တာပုဂ္ဂိုလ် သေပြီးနောက် ဘယ်ကြွသွားသလဲ မမေးနဲ့၊ ကြွသွားတယ်ဆိုရင် သဿတဒိဋ္ဌိ၊ ဘယ်မှမကြွဘူးဆိုရင်လည်း ဥစ္ဆေဒဒိဋ္ဌိ၊ နိဗ္ဗာန်ကြွသွားတယ်ဆိုပြန်တော့လည်း သဿတဒိဋ္ဌိပဲ။ ကြွသွားတယ်ဆိုတာ ပုဂ္ဂိုလ်သံပါနေတယ်။ စုတိပြီးတာနဲ့ ဒုက္ခတွေ သိမ်းသွားတာသာဖြစ်တယ်။ ကြွတာ မကြွတာ မပါပါဘူး။ ရဟန္တာပုဂ္ဂိုလ်စုတိပြီးနောက် ဘယ်ကြွသွားလဲဆိုရင် ဒုက္ခသိမ်းသွားတယ်လို့သာ မှတ်လိုက်ပါ။ သူ့ဒုက္ခတွေ သူ့မဂ်ဉာဏ်နဲ့ သူသိမ်းသွားတာသာဖြစ်တယ်။ ရဟန္တာပုဂ္ဂိုလ် စုတိစိတ်ကျတော့ ပြတ်သွားသလားဆိုရင်လည်း ဒုက္ခသိမ်းသွားတာသာဖြစ်တယ်။ ရဟန္တာသေရင် ဒုက္ခခပ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်သဘော ရောက်သွားတယ်။ ဒုက္ခသဘောမှ သုခသဘောသို့ သက်ရောက်သွားတာ၊ ဒုက္ခချုပ်၍ သုခပေါ်လာတာကို နိဗ္ဗာန်လို့ ခေါ်တယ်။ ပုထုဇဉ်ကတော့ ဒီဘ၀ အသေဒုက္ခပြီး အနေဒုက္ခနဲ့ ပြန်ဆက်တယ်။ ဒါဖြင့် ရဟန္တာက ဒုက္ခသိမ်းတဲ့ပုဂ္ဂိုလ်၊ ပုထုဇဉ်က ဒုက္ခဆက်တဲ့ပုဂ္ဂိုလ်လို့ မှတ်လိုက်ပါ။ ဒါကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရအောင်လုပ်နေကြတာဟာ ဒုက္ခသိမ်းချင်လို့၊ ဒုက္ခသိမ်းရာ နိဗ္ဗာန်ကိုရချင် လိုချင်လို့ လုပ်နေကြတာလို့ နားလည်ရမယ်။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.