နီးလျက်နဲ့ ဝေး

ဖြစ်ပျက်ရှုတဲ့မဂ်သည် နိဗ္ဗာန်ပို့တတ်တာပဲရှိတယ်။ နိဗ္ဗာန်ဟာ သူ့ကြောင့်ဖြစ်တာတော့ မဟုတ်ဘူး။ သူလုပ်ထားတာမဟုတ်ဘူး။ နိဗ္ဗာန်သည် ဘုရားပွင့်လည်း ရှိတယ်၊ ဘုရားမပွင့်လည်း ရှိတယ်၊ အချိန်မရွေး ရှိတယ်။ ဘာကြောင့်တုန်းဆိုရင် ဘုရားလုပ်ထားတာမဟုတ်ဘူး။ အတ္ထိ ဘိက္ခေ၀ နိဗ္ဗာနံ- နိဗ္ဗာန်ဆိုတာ ရှိတယ်-တဲ့။ ဒါဘုရား ဟောထားတာ။ နိဗ္ဗာန်ဆိုတာ အဇာတံ- ပဋိသန္ဓေမနေရတဲ့ နိဗ္ဗာန်၊ အဘူတံ- ဘယ်သူမှ မပြုလုပ်တဲ့ နိုဗ္ဗာန်၊ အသင်္ခတံ- ဘယ်သူမှ မပြုပြင်ဘဲနဲ့ သဘာဝဓမ္မအတိုင်း ရှိနေတဲ့နိဗ္ဗာန်ဆိုပြီး ဥဒါန်းပါဠိတော်မှာ ဘုရားရှင် ကိုယ်တိုင်ဟောထားပါတယ် (အတ္ထိ ဘိက္ခေ၀ နိဗ္ဗာနံ အဇာတံ အဘူတံ အသင်္ခတံ)။ ဒါဖြင့် နိဗ္ဗာန်ရှိတာတော့ သေချာပြီ။ ဘယ်သူပြုလုပ်ထားတာလဲဆိုရင်တော့ ဘယ်သူလုပ်ထားတာမှမဟုတ်ဘူးလို့ မှတ်ရမယ် (အပစ္စယာ ဓမ္မာ အသင်္ခတာ ဓမ္မာ)။ နိဗ္ဗာန်ရှိတယ်ဆိုတာ သေချာအောင် ပြတာ။ နိဗ္ဗာန်ရောက်ချင် ရချင်ရင်တော့ ပြုပြင်တဲ့ သင်္ခတနယ်ထဲကထွက် မပြုပြင်တဲ့ အသင်္ခတနယ်ထဲရောအောင်လုပ်ရလိမ့်မယ်။ ပြုပြင်တဲ့ ခန္ဓာကိုယ်က ထွက်ရပါလိမ့်မယ်။ ခန္ဓာကိုယ်ကြီးဟာ အစားနဲ့ ပြုပြင်ရ၊ အဝတ်နဲ့ ပြုပြင်ရ၊ ဆေးဝါးနဲ့ ပြုပြင်ရ၊ ရေမိုးချိုးပြုပြင်ရ၊ ပြုပြင်နေရတာပဲ။ ကံ စိတ် ဥတု အာဟာရဆိုတဲ့ အကြောင်းတရားလေးပါးကလည်း အမြဲတမ်းပြုပြင်နေတယ်။ ဒီပြုပြင်နေတဲ့ အပြုပြင်ခံနေရတဲ့ ခန္ဓာက လွတ်အောင် ထွက်နိုင်မှ နိဗ္ဗာန်ရောက်မယ်။ သင်္ခတာ- ဆိုတာ ပြုပြင်တဲ့ ခန္ဓာငါးပါးကိုပြောတာ။ အသင်္ခတာ-ဆိုတာက ခန္ဓာငါးပါးက လွတ်ပြီး ပြုပြင်ခြင်းမရှိတဲ့ နိဗ္ဗာန်ကို ဆိုလိုတယ်။ နိဗ္ဗာန်သည် သဘာဝဓမ္မအားဖြင့် အမြဲရှိနေပါတယ်။ ဘာကြောင့် ဘုရားပွင့်မှ ရောက်ကြရတာလဲလို့ မေးမယ်ဆိုရင်တော့ နိဗ္ဗာန်ရောက်ကြောင်းကို ဘုရားကမှ ဟောတတ်တာ။ ဘုရားက ရောက်ကြောင်းကိုသာ ဟောပြတာ။ နိဗ္ဗာန်ဖြစ်အောင် လုပ်တာမဟုတ်ဘူး။ အချုပ်အားဖြင့် နိဗ္ဗာန်သည် ပြုပြင်တဲ့အကြောင်းတရားမရှိဘူး။ သဘာဝဓမ္မအားဖြင့်သာ ရှိနေတယ်လို့ မှတ်လိုက်ပါ။ တကယ်ရှိနေတဲ့နိဗ္ဗာန်ကို သတ္တဝါတွေ အများကြီးထဲက တစ်ယောက်မဟုတ် တစ်ယောက်တော့ ကံကြုံရင် တိုးမိနိုင်တယ်လို့လည်း ပြောလို့မရဘူး။ နိဗ္ဗာန်ရောက်မယ့်အလုပ် လုပ်မှ ရောက်မှာ။ မလုပ်ရင် ရောက်ကိုမရောက်နိုင်လို့ပဲ။ သုဂတိ ဒုဂ္ဂတိ ရောက်တဲ့အလုပ်တွေကတော့ ဘုရားမပွင့်လည်း လုပ်လို့ရတယ်။ လုပ်နေကြတာပဲ။ နိဗ္ဗာန်ရောက်မယ့် မဂ်အလုပ်ကိုတော့ ဘုရားပွင့်မှပဲ ဘုရားကဟောပြလို့ လုပ်ခွင့်ရတာ၊ လုပ်နည်းသိတာ။ ဒီမဂ္ဂင်အလုပ်ကိုမှမလုပ်ဘူးဆိုရင်တော့ နိဗ္ဗာန်တိုးမိဖို့ တိုက်မိဖို့ မဖြစ်နိုင်ဘူးလို့သာ မှတ်လိုက်ပါ။ ဘုရားမပွင့်ဘဲနဲ့ ရောက်နိုင်တာ ပစ္စေကဗုဒ္ဓါတွေပဲ ရှိတယ်။ ဒါကြောင့် နိဗ္ဗာန်ရောက်ချင်ရင် မဂ္ဂင်ရထားစီးမှ ရောက်လိမ့်မယ်။ ရောက်ပြီဆိုရင်လည်း တစ်ခါရောက်တစ်ခေါက်ပဲ ပြန်မလာတော့ဘူး။ ပြန်လာချင်လျက်နဲ့ ပြန်လာလို့ မရလို့ပြန်မလာတာလားဆိုရင်လည်း ပြန်ချင်စရာကို မရှိလို့ မပြန်တော့တာ။ နိဗ္ဗာန်ရောက်ချင်ရင်သင်္ခတနယ်ထဲကထွက် အသင်္ခတနယ်ထဲရောက်မှ ရောက်မယ်။ ဒါကြောင့် ဖြစ်လိုက် ပျက်လိုက်တွေ ရှုနေကြရတာ၊ ဒါတွေဟာ သင်္ခတတရားတွေပဲ။ သင်္ခတတရားတွေ မြင်အောင် မြင်ပြီး မုန်းအောင် မုန်းပြီး ဆုံးအောင် ရှုနေကြရတာဖြစ်တယ်။ မုန်းတော့ ဒီသင်္ခတတရားတွေက ထွက်မြောက်သွားတာ၊ အဲဒါ ဖြစ်ပျက်ဆုံးတယ်ခေါ်တာပဲ။ ဒီသင်္ခတနယ်ကထွက်ချင်တဲ့ ဉာဏ်ပေါ်အောင် ဝိပဿနာရှုကြရတာဖြစ်တယ်။ ဒါကြောင့် ဖြစ်ပျက် သင်္ခတတရားကို ဝိပဿနာရှုရတယ်။ သင်္ခတတရား ရှုရုံနဲ့တော့ နိဗ္ဗာန်မရောက်သေးဘူး။ သင်္ခတမုန်းမှ၊ ဆုံးအောင်လိုက်နိုင်မှ အသင်္ခတ နိဗ္ဗာန်ရတယ်လို့ မှတ်ရမယ်။ သင်္ခတအဆုံးမှာ အသင်္ခတ ကပ်နေတယ်။ သင်္ခတဆိုတာ ဖြစ်ပျက်ပဲ။ ဖြစ်ပျက်အဆုံးမှာ အသင်္ခတနိဗ္ဗာန်ရှိတယ်။ ဒါဖြင့် ဒီခန္ဓာ တစ်ကိုယ်လုံးဟာ သင်္ခတ၊ ဒါချုပ်သွားရင် တွေ့ပြီ။ ဒါကြောင့် နိဗ္ဗာန်ဟာ မဝေးဘူး၊ အနီးကလေးပဲ။ တစ်လံမျှလောက်သောခန္ဓာကိုယ်ထဲမှာ ရှာပါလို့ ဟောတော်မူတာ။ နီးလျက်နဲ့ဝေးနေကြရတာဟာ အလိုက်လွဲနေကြလို့သာ ဖြစ်တယ်။ အလိုက်မှန်အောင် ခန္ဓာပေါ်မှာ ဖြစ်ပျက်ကို ရှာရလိမ့်မယ်။ ခန္ဓာမှာ ရှာတော့ ဖြစ်ပျက်တွေပဲ တွေ့နေမယ်ဆိုရင် သင်္ခတတွေ့တာပဲ။ ဒီသင်္ခတကျော်လိုက်ရင် နိဗ္ဗာန်မြင်တော့တာပဲ။ ဒါပေမဲ့ ဒီသင်္ခတ ဖြစ်ပျက်မြင်ဖို့ရာကိုက အတော်ခက်နေကြတယ်။ နိဗ္ဗာန်ကတော့ ရှိတယ်၊ အနိစ္စ ဖြစ်ပျက် သင်္ခတ ဖြစ်ပျက်ကိုမတွေ့လို့ နိစ္စနိဗ္ဗာန်၊ အသင်္ခတနိဗ္ဗာန်ကို မရောက်နိုင်ဘဲ ဖြစ်နေကြတာ။ လူတိုင်းဟာ ကိုယ့်ခန္ဓာကိုယ်ကို ဒုက္ခမှန်း မသိကြ၊ ဒုက္ခရယ်လို့ မထင်ကြတာများတယ်။ ဒုက္ခမှန်းမသိတာကို ဒုက္ခမှန်းသိအောင်လုပ်လိုက်ရင် နိဗ္ဗာန်ဟာ ခဏလေးနဲ့ တွေ့မယ်။ မဂ္ဂင်ရထားပေါ်ရောက်သွားရင် လမ်းမှန်ရောက်သွားတာပဲ။ လမ်းမှန်ရောက်မှတော့ ဒီရထားကပဲ နိဗ္ဗာန်ရောက်အောင် ပို့ပေးပါလိမ့်မယ်။ ဒီမှာ ရထားကလည်း သုံးစင်း ရှိတယ်။ သုဂတိက ဒုဂ္ဂတိသွားတဲ့ရထား၊ ဒုဂ္ဂတိက သုဂတိသွားတဲ့ရထား၊ သုဂတိကနေ နိဗ္ဗာန်သွားတဲ့ ရထားပေါ့။ အားလုံးဟာ မဂ္ဂပစ္စယောချည်းပဲလို့ မှတ်ရမယ်။ တစ်သံသရာလုံး အောက်ရောက်လိုက် အထက်ရောက်လိုက်နဲ့ ရထားစီးလွဲနေကြတာ။ အောက်ဆင်းတဲ့ရထားရယ် အထက်ဆန်တဲ့ ရထားရယ် ဒါပဲ လှည့်စီးနေကြတာ။ ငြိမ်းအေးရာ နိဗ္ဗာန်သွားတဲ့ အလယ်ရထားကိုမစီးမိခဲ့ကြဘူး။ မစီးခဲ့ကြလို့သာ နိဗ္ဗာန်မရောက်ဘဲ အခု လူ့ပြည်ရောက် လူတွေ ဖြစ်လာနေကြတာ။ အလယ်ရထားကိုသာ စီးခဲ့မိရင် နိဗ္ဗာန် ရောက်ကုန်ကြပြီ။ အလယ်ရထားကို စီးတယ်ဆိုတာ ဖြစ်ပျက် မဂ်ကိုက်အောင်လုပ်နေကြတာဖြစ်တယ်။ ဧဟိ ပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကော နဲ့လိုက်တဲ့။ ဧဟိပဿိကောက အခေါ်သမား၊ သန္ဒိဋ္ဌိကောက အလိုက်သမား။ ဧဟိပဿိကောက ငါ့ကိုရှုလှည့်လို့ ခေါ်တာ။ သန္ဒိဋ္ဌိကောက ကိုယ်တိုင်မြင်အောင် ရှုလိုက်တာ။ ယားရင် ယားတဲ့နေရာ လိုက်၊ နာရင် နာတဲ့နေရာ လိုက်၊ အောင့်ရင် အောင့်တဲ့နေရာလိုက်။ ဒီလို ဉာဏ်နဲ့လိုက်လိုက်တော့ ဖြစ်ပျက်မြင်ပြီ။ ဧဟိပဿိကောဆိုတော့ ပေါ်တဲ့တရားလေးက ဖြစ်ပြီးပျက်ပြလိုက်တာ။ သန္ဒိကောက ဒါလေးကို မြင်လိုက်တာ။ ကိုယ်တိုင်မြင်လိုက်တော့ ဖြစ်ပျက်သင်္ခတ သွားတွေ့တယ်။ နိဗ္ဗာန်ကို ဒီသင်္ခတက ဖုံးထားတာ။ ဒါကြောင့် နိဗ္ဗာန်ဖုံးထားတဲ့ သင်္ခတကိုတော့ အခုတွေ့ပြီ။ နောက်တော့ ဒီသင်္ခတရှုပ်နေတာပဲ ဆိုပြီး မုန်းရမယ်။ သင်္ခတဟာ ဒုက္ခသစ္စာ။ ဒီသင်္ခတတွေ ဆုံးရင် ကောင်းတယ်ဆိုပြီး ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင် သိတဲ့အခါ သင်္ခတအဆုံးရောက်သွားတော့ အသင်္ခတ သွားတွေ့တယ်။ ဒီဘက်က သင်္ခတ၊ ဒီသင်္ခတဆုံးသွားတော့ အသင်္ခတ။ အနီးလေးပဲ။ ကျောချင်းကပ်နေတာ။ ဒါဖြင့် သင်္ခတမြင် သင်္ခတမုန်း သင်္ခတဆုံး- အဖုံးသုံးဆင့်လို့ခေါ်တယ်။ သင်္ခတဆိုတာ ဖြစ်ပျက်လို့ မှတ်ထားပါ။ ဒါဖြင့် နိဗ္ဗာန်ကို ဖြစ်ပျက်ဖုံးထားတယ်၊ သင်္ခတဖုံးထားတယ်၊ ဒုက္ခသစ္စာဖုံးထားတယ်လို့ မှတ်လိုက်ပေါ့။ ဒီဒုက္ခသစ္စာကို သိတဲ့ ဉာဏ်ကိုတော့ ဘယ်သူကဖုံးလဲဆိုရင် အဝိဇ္ဇာ တဏှာက ဖုံးထားတယ်။ ဉာဏ်ပေါ်မှာ အဝိဇ္ဇာနဲ့ တဏှာက တစ်ချက်ဖုံး၊ ကိလေသာကဖုံးထားတယ်။ နိဗ္ဗာန်ကို ဒုက္ခက တစ်ချက်ဖုံးလိုက်တယ်။ အပေါ်က အဖုံးနှစ်ချက်ဖွင့်ရပါမယ်။ ကိလေသာအဖုံးတစ်ချက်ဖွင့်၊ ဒုက္ခအဖုံးတစ်ချက်ဖွင့်။ ဒီနှစ်ချက်ဖွင့်လိုက်တော့မှ နိဗ္ဗာန်တွေ့မယ်။ ခန္ဓာပေါ်မှာ တကယ်ရှိနေတဲ့ ဖြစ်ပျက်မတွေ့တာသည် ဉာဏ်ပေါ်မှာ ကိလေသာဖုံးနေလို့။ ဖြစ်ပျက်တွေ့ပြီဆိုရင်တော့ ဉာဏ်ပေါ်က ကိလေသာအဖုံးကွာသွားတယ်။ နိဗ္ဗာန်အဖုံး ဒုက္ခပဲ ကျန်တော့တယ်။ ဒါဖြင့် ကိလေသာဖုံးနေတဲ့သူ ဖြစ်ပျက်မမြင်ဘူး။ ဖြစ်ပျက်တွေ့ပြန်တော့လည်း ဒီဖြစ်ပျက်ကို မမုန်းမချင်း မဆုံးမချင်း နိဗ္ဗာန်ကို မတွေ့သေးဘူး။ မြင် မုန်း ဆုံး သုံးဆင့်ပွင့်အောင် ဖွင့်ရမယ်။ နိဗ္ဗာန်ကို အဖုံးနှစ်ချက်ဖုံးတယ်၊ ကိလေသာအဖုံးရယ် ဒုက္ခသစ္စာအဖုံးရယ်။ ဒီနှစ်ချက်မဖွင့်နိုင်ရင် နိဗ္ဗာန် တွေ့ကိုမတွေ့ဘူး။ ဒါကြောင့် ရှေးဦးစွာ ကိလေသာရန်သူကို အောင်ပွဲယူလိုက်ပါ။ ဒုက္ခသစ္စာကြီးကိုလည်း ဖယ်ရှားနိုင်တဲ့ ဉာဏ်လာအောင်လုပ်ပါ။ ဒါဆိုရင် ဒုက္ခအဆုံး နိဗ္ဗာန်ကိုတွေ့မယ်။ ဖြစ်ပျက် မမြင်သေးဘူးဆိုရင် ကိလေသာ ရန်သူကို မနိုင်သေးဘူး။ ဖြစ်ပျက်မြင်ပြီး နိဗ္ဗာန်မမြင်သေးဘူးဆိုရင်လည်း ဒုက္ခကို မပိုင်းခြားနိုင်သေး၊ ပိုင်ပိုင်နိုင်နိုင် မသိသေးဘူးလို့ မှတ်ရမယ်။ ကိလေသာလည်း နိုင်၊ ဒုက္ခကိုလည်း ပိုင်ပိုင်နိုင်နိုင်သိလိုက်မယ်ဆိုရင် နိဗ္ဗာန်ဟာ အနီးလေးပဲ။ အားထုတ်လို့ ကိလေသာရန်သူနိုင်၊ ဖြစ်ပျက်မြင်လို့ ဒါတွေဟာ ဒုက္ခအစစ်ပဲလို့ ဉာဏ်ထက်အောင်လုပ်လိုက်လို့ရှိရင် ဒုက္ခတွေရဲ့အဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို မြင်ရပါလိမ့်မယ်။ မျက်မှောက်ပြုရပါလိမ့်မယ်။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး