ဒိဋ္ဌိပြုတ်လို စိတ်ကိုသာ ရှု
ရဟန်းတစ်ပါးက ဘုရားရှင်အား သက္ကာယဒိဋ္ဌိပယ်ပုံဟောပေးတော်မူပါဟု လျှောက်ထားသောကြောင့် ဘုရားရှင်က အကျဉ်းမျှ ဟောတော်မူလိုက်၏။ “ဝိညာဏံ အနိစ္စတော ဇာနတော ပဿတော သက္ကာယဒိဋ္ဌိ ပဟီယတိ”။ လောဘစိတ်ပေါ်လျှင် လောဘစိတ်ရှု၊ ဒေါသစိတ်ပေါ်လျှင် ဒေါသစိတ်ရှု၊ မောဟစိတ်ပေါ်လျှင် မောဟစိတ်ရှု၊ ကုသိုလ်စိတ်ပေါ်လျှင် ကုသိုလ်စိတ်ရှု၊ ပေါ်လာသည့်စိတ်မှန်သမျှ အကုန်ရှု။ ပုထုဇဉ်သန္တာန်တွင် ပုထုဇဉ်စိတ်သာ ပေါ်မည်ဖြစ်၏။ ပေါ်သမျှစိတ်ကို ရှု၍ ဖြစ်ပျက်မြင်လျှင် သက္ကာယဒိဋ္ဌိပယ်၏ဟု ဟောတော်မူရင်းဖြစ်၏။ သစ္စာနုလောမိကဉာဏ်ဖြင့် ပေါ်လာသမျှစိတ်တွေကို ဖြစ်ပျက်မြင်အောင် ရှုလျှင် သက္ကာယဒိဋ္ဌိပယ်နိုင်၏။ ထို့အတူ ဝေဒနာရှု၍ ဖြစ်ပျက်မြင်လျှင်လည်း သက္ကာယဒိဋ္ဌိပယ်သည်သာဖြစ်၏။
စိတ်ကိုရှု၍ ဖြစ်ပျက်မြင်လျှင် ဒိဋ္ဌိဝိပလ္လာသတရား လေးပါးပယ်ကွာသွားတော့၏။ ဒိဋ္ဌိဝိပ္ပလ္လာသတရားလေးပါးမှာ အနိစ္စကို နိစ္စဟု အယူမှား၊ ဒုက္ခကို သုခဟုအယူမှား၊ အနတ္တကို အတ္တဟု အယူမှား၊ အသုဘကို သုဘဟု အယူမှားအားဖြင့် အယူမှားလေးချက်ပင်ဖြစ်၏။ ဒိဋ္ဌိအမြန်ပြုတ်ချင်လျှင် စိတ်ကို ရှုရ၏။ လောဘစိတ်လာလည်း ဖြစ်ပျက်ရှု၊ ဒေါသစိတ်လာလည်း ဖြစ်ပျက်ရှု၊ မည်သည့်စိတ်လာသည်ဖြစ်စေ ဖြစ်ပျက်ရှု၊ ရှု၍ ဖြစ်ပျက်မြင်လျှင် မဂ်ဖြစ်တော့၏။ ထိုမဂ်က ဒိဋ္ဌိဝိပ္ပလ္လာသတရားလေးပါးကို ပယ်ခွါနိုင်၏။ စိတ်ကို ရှုပုံကို ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးက အောက်ပါအတိုင်း မိန့်တော်မူခဲ့ပါ၏။
“မသတိတဲ့ပုဂ္ဂိုလ်တွေအတွက် ဒိဋ္ဌိအဖြုတ်ခက်တယ်၊ သိတဲ့ပုဂ္ဂိုလ်အတွက်မှာဖြင့် ကိုယ့်စိတ်ကို ဖြစ်ပျက်ရှု၊ (မှန်လှပါဘုရား)။ ကိုယ့်စိတ်ကို (ဖြစ်ပျက်ရှုရပါမယ်ဘုရား)။ ဖြစ်ပျက် ရှုပေး၊ (မှန်ပါ့ဘုရား)။”
“အေး ဒါကြောင့် ပုထုဇဉ်မှာဆိုလို့ရှိရင်ဖြင့် ဒကာဒကာမတို့၊ လောဘစိတ်လာမယ်၊ ဒေါသစိတ်လာမယ်၊ မောဟစိတ်လာမယ်၊ မလာပေဘူးလား (လာပါတယ်ဘုရား)။ ဣဿာစိတ်တွေကော (လာပါတယ်ဘုရား)။ အဲ- သူတစ်ပါးငြူစူတဲ့စိတ်လာလည်း သူ့ကို ဘာလုပ်ရမလဲ၊ (ဖြစ်ပျက်ရှုရပါမယ်ဘုရား)။ ဒါက ဣဿာစိတ်၊ ဒီက ဖြစ်ပျက်ရှု၊ (မှန်ပါ့ဘုရား)။ မစ္ဆရိယစိတ်လာပြန်ရင်ကော၊ (ဖြစ်ပျက်ရှုရမှာပါဘုရား)။ အကုန်ရှုနော်၊ (မှန်ပါ့)။ ဟာ- နောက်ဆုံးပိတ် ပြောပါရစေတော့ ဒကာဒကာမတို့၊ ကုန်းတိုက်ချင်တဲ့စိတ်ကလေး လာရင် (ဖြစ်ပျက်ရှုရပါမယ်ဘုရား)။ ပျော်ချင်တဲ့စိတ်ကလေး ပေါ်လာပြန်ရင် (ဖြစ်ပျက်ရှုရပါမယ်ဘုရား)။ ရယ်ချင်တဲ့စိတ်ကလေး ပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ်ဘုရား)။ ငိုချင်တဲ့စိတ်ကလေး ပေါ်လာရင် (ဖြစ်ပျက်ရှုရပါမယ်ဘုရား)။ အကုန်သာရှု (မှန်ပါ့ဘုရား)။
ဒါဖြင့် ရှုလိုက်တော့ ဖြစ်ပျက်၊ ရှုတာက မဂ် (မှန်ပါ့ဘုရား)။ သေတာက ဒိဋ္ဌိ (မှန်လှပါဘုရား)။ သဘောကျပလား (ကျပါပြီဘုရား)။ ဖြစ်ပျက်က အနိစ္စ၊ ရှုတာက မဂ်၊ သေတာက ဒိဋ္ဌိ (မှန်ပါ့)။ သက္ကာယဒိဋ္ဌိပြုတ်ပြီ၊ (မှန်လှပါဘုရား)။”
ယင်းသို့ ဖြစ်ပျက်ရှုနိုင်လျှင် ဒိဋ္ဌိပယ်နိုင်၏။ သက္ကာယဒိဋ္ဌိပြုတ်တော့၏။ ဒိဋ္ဌိဝိပ္ပလ္လာသလေးပါး ပြုတ်တော့၏။ သတိ ပညာဖြင့် ပေါ်သည့်စိတ်ကို စောင့်ရှုဖို့သာ အရေးကြီး၏။ ဒိဋ္ဌိကို “ငရဲမျိုးစေ့”ဟု မိုးကုတ်ဆရာတော်ဘုရားကြီးက အမည်ပေးခဲ့၏။ မှန်ပါ၏။ ဒိဋ္ဌိရှိ၍သာ အပါယ်ရောက်ရခြင်းဖြစ်၏။ ထို့ကြောင့် “အပါယ်ရေသောက်မြစ်”ဟုလည်း ရံခါ မိန့်တော်မူ၏။ ထိုဒိဋ္ဌိသာ အမြစ်ပြတ် ပယ်သတ်နိုင်လျှင် အပါယ်လေးဘုံသည် ကိုယ်နှင့်မဆိုင်တော့။ အပါယ်ကြောက်ရသည်ထက် ငရဲမျိုးစေ့ ဒိဋ္ဌိ ဝမ်းထဲရှိမှာကိုသာ ကြောက်ရမည်ဖြစ်၏။ ငရဲမျိုးစေ့ ဒိဋ္ဌိ ဝမ်းထဲတွင် မရှိတော့လျှင် အပါယ်ရောက်စရာအကြောင်းမရှိ။ ထို့ကြောင့် “ဒါဖြင့် ဘုန်းကြီးတို့ ဒကာဒကာမတွေ ငရဲမျိုးစေ့ဖြုတ်ချင်လို့ရှိရင်ဖြင့် မိမိစိတ်ကို မိမိရှုပါ” ဟုမိုးကုတ်ဆရာတော်ဘုရားကြီး ဆုံးမတော်မူ၏။ ရှုသည့်ဉာဏ်သည် မဂ်ဖြစ်နေ၏။ ထိုမဂ်သည် ဒိဋ္ဌိကိလေသာကို သတ်၏။ စိတ်သည် တစ်စိတ်ပြီး တစ်စိတ် ပေါ်နေမည်သာဖြစ်ပါ၏။ ထိုပေါ်သည့်စိတ်ကို သတိ ပညာဖြင့် စောင့်ကြည့်နေဖို့သာ လိုအပ်၏။ ရှေ့စိတ်သည် ဖြစ်ပြီး ပျက်သွား၏။ ရှေ့စိတ် ဖြစ်ပျက်သွားသည်ကို နောက်စိတ်က သိလိုက်၏။ ထိုအသိသည်ပင် ဉာဏ်ဖြစ်၏။ မဂ်ဉာဏ်ဖြစ်၏။ လောကီမဂ်ဉာဏ်ကိုဆိုလို၏။ ထိုဉာဏ်ကိုပင် သစ္စာနုလောမိကဉာဏ်ဟု ဆိုရ၏။ သစ္စာနှင့်လျော်သောဉာဏ်ပင် ဖြစ်၏။ ဝိပဿနာဉာဏ်ဟုလည်း ဆိုရ၏။
သတ္တဝါတိုင်းသည် စိတ်တစ်ခုနှင့်သာ အသက်ရှင်နေရခြင်းဖြစ်၏။ ထို့ကြောင့် တစ်ယောက်ယောက်၏ သန္တာန်၌ စိတ်နှစ်ခု ပြိုင်ပေါ်ရိုးထုံးစံမရှိ။ သို့ဖြစ်လျှင် တစ်ကြိမ်မှ စိတ်သည် တစ်ခုသာပေါ်မည်ဖြစ်၏။ ထိုပေါ်နေသည့် စိတ်တစ်ခုတည်းကိုသာ သတိ ပညာဖြင့် စောင့်ရှုဖို့လိုပါ၏။ စောင့်ရှုလျှင် စိတ်ကလေး ဖြစ်ပြီး ပျက်သွားသည်ကို သိသော မဂ်ပေါ်နေမည်သာဖြစ်၏။ ထိုရှုသည့်မဂ်ပေါ်နေလျှင် ကျန်သည့်စိတ် ပေါ်ခွင့်မရှိ။ ထိုမဂ်စိတ်ပေါ်ခိုက် မဂ်နှင့်အသက်ရှင်နေသည်ဟုဆိုရ၏။ ထိုပုဂ္ဂိုလ်ကို မဂ်ပုဂ္ဂိုလ်ဟု မိုးကုတ်ဆရာတော်ဘုရားကြီးက ချီးမြှောက်၍ အားတက်ဖွယ်ရာ မိန့်တော်မူခဲ့၏။ ထို့ကြောင့် မဂ်ပုဂ္ဂိုလ်ဖြစ်ချင်လျှင် ဖြစ်ပျက် မဂ်ကိုက်အောင် ပေါ်သမျှစိတ်ကို စောင့်ရှုနေရုံသာ ဖြစ်၏။ ယင်းသို့ မဂ်နှင့် အသက်ရှင်နေလျှင် ဒိဋ္ဌိပြုတ်တော့၏။ ဒိဋ္ဌိပြုတ်လျှင် ငရဲမျိုးစေ့ ဝမ်းထဲမရှိတော့။ ငရဲမျိုးစေ့မရှိလျှင် ငရဲပင် ငရဲဘုံလည်း မပေါက်နိုင်တော့။ ထို့ကြောင့် ငရဲမကြောက်နှင့်၊ ဒိဋ္ဌိရှိမှာကိုသာ ကြောက်ပါဟု ပြောလိုရင်းဖြစ်၏။ ထိုသို့ ဖြစ်ပျက်ရှုပြီး ဒိဋ္ဌိဖြုတ်ခြင်းသည် အပွားဉာဏ်ဖြင့် ဖြုတ်ခြင်းပင် ဖြစ်၏။ ဒိဋ္ဌိကို အသိဉာဏ်ဖြင့်လည်း ပြုတ်အောင်ဖြုတ်ရသကဲ့သို့ အပွားဉာဏ်ဖြင့်လည်း ပြုတ်အောင်ဖြုတ်ရ၏။ နောက်ဆုံး အပယ်ဉာဏ်ဖြင့် အမြစ်ပြတ်ဖြုတ်ဖို့လည်း အရေးကြီးပါ၏။
ဖြစ်ပျက်ရှု၍ ဒိဋ္ဌိပြုတ်ခြင်းသည် အပွားဉာဏ်ဖြင့်ပြုတ်ခြင်းပင်ဖြစ်၏။ ဖြစ်ပျက် အနိစ္စဟု မဂ်ဖြင့်ပွားလိုက် ပြုတ်လိုက် ပွားလိုက် ပြုတ်လိုက်ဖြင့် ဒိဋ္ဌိသည် ပြုတ်၍ ပြုတ်၍ နေတော့၏။ မပွားသည့်အခါ ဒိဋ္ဌိက ပြန်ရောက်လာပြန်၏။ စိတ်ချလက်ချ နေနိုင်သော အဆင့်အထိ မရောက်သေး။ သို့သော် ထိုကဲ့သို့ အပွားဖြင့်သာ ပြုတ်အောင် လုပ်နေလျှင် အပွားဉာဏ်ရင့်ကျက်လာချိန်၌ မဂ်အစစ်ဖြစ်လာမည်သာ ဖြစ်၏။ ပေါ်သမျှစိတ်ကို ဖြစ်ပျက်မြင်အောင် ရှုမိနေပြီဆိုလျှင် အပွားဉာဏ်ဝင်နေပြီဖြစ်၏။ သစ္စာနုလောမိကဉာဏ်ဖြစ်၏။ မည်သည့်စိတ်လာလာ လာသမျှစိတ်သည် ကိုယ့်ဉာဏ်အောက် ရောက်လာသည်နှင့် ဖြစ်ပျက်သာ တွေ့ရတော့၏။ ထိုသို့ တွေ့နေရသော ဖြစ်ပျက်ကို ဖြစ်ဒုက္ခ ပျက်ဒုက္ခပဲဟု ဆုံးဖြတ်ချက်ချလိုက်ပါ။ ဖြစ်ဒုက္ခ ပျက်ဒုက္ခဟု ဉာဏ်ကို ပြင်ပေးလိုက်ပါ။ “ဖြစ်ဒုက္ခ ပျက်ဒုက္ခကိုဖြင့် မလိုချင်တော့ပါဘူး” ဟု မြင်လာသည့်တိုင် ဉာဏ်ရင့်လာမည်ဖြစ်၏။ ဉာဏ်ရင့်ကျက်လာသည်နှင့် ရှေ့ပိုင်းက ဖြစ်ပျက်မှန်သမျှ အကုန်ချုပ်သွား၏။ ဉာဏ်အောက်တွင် မည်သည့်စိတ်မျှ မလာတော့။ ထိုအချိန်၌ ဖြစ်ဒုက္ခ ပျက်ဒုက္ခကို မတွေ့ရတော့။ ဒုက္ခဆုံးသွားခြင်းဖြစ်၏။ “ဒုက္ခဆုံးတာ နိဗ္ဗာန် (မှန်ပါ့)။ မြင်တာက (မဂ်ဉာဏ်ပါဘုရား)။” မိုးကုတ်ဆရာတော်ဘုရားကြီး၏ မူရင်းစကားပင်ဖြစ်၏။ ထိုဉာဏ်ဝင်လာသည်နှင့် အပါယ်မျိုးစေ့ ငရဲမျိုးစေ့ ဒိဋ္ဌိသည် အမြစ်ပြတ်ပြုတ်ထွက်သွားပြီဖြစ်သဖြင့် ဘယ်တော့မှ ပြန်မပေါ်တော့။ ဒိဋ္ဌိဘယ်တော့မှ ပြန်မပေါ်သဖြင့်လည်း အပါယ်သို့ ဘယ်တော့မှ မရောက်တော့။
“ဖြစ်ပျက်မြင်အောင်ရှု၊ ဖြစ်ပျက်မုန်းအောင်ရှု၊ ဖြစ်ပျက်ဒုက္ခသစ္စာလို့သိပြီး ဆုံးအောင် ရှုလိုက်စမ်းပါ”ဟု မိုးကုတ်ဆရာတော်ဘုရားကြီး မှာတော်မူခဲ့၏။ ဆုံးအောင်ရှုလိုက်သည်နှင့် တစ်ပြိုင်နက် ဒုက္ခသစ္စာလည်း ဆုံးသွားသကဲ့သို့ ဒိဋ္ဌာနုသယ သမုဒယသစ္စာလည်း ဆုံးသွားတော့၏။ ဒုက္ခသစ္စာဟု ပိုင်ပိုင်နိုင်နိုင်သိလိုက်သည်နှင့် ဒုက္ခလည်းချုပ်၊ ဒိဋ္ဌာနုသယဟူသော သမုဒယလည်းချုပ်အောင် မဂ်က အလယ်ကနေ ဖြတ်ချလိုက်ခြင်းဖြစ်၏။ မဂ္ဂင်ရှစ်ပါး သံလျက်ဓားဖြင့် အလယ်ကနေ ဖြတ်ချလိုက်သောအခါ ဒုက္ခလည်း ပြတ်ထွက်သွားတော့၏။ ဒိဋ္ဌိ သမုဒယလည်း ပြတ်ထွက်သွားတော့၏။ ထို့ကြောင့် ဒိဋ္ဌိသည် မဂ္ဂင် ရှစ်ပါးဖြင့် ဖြုတ်မှ အမြစ်ပြတ်ပြုတ်မည်ဖြစ်၏။ မဂ္ဂင်ငါးပါးဖြင့်ဖြုတ်စဉ်ကမူ အပွားပြုတ်သာရှိသေး၏။ အပွားပြုတ်ပြုတ်လျှင် မပွားသည့်အချိန် ဒိဋ္ဌိပြန်ဝင်လာဦးမည်သာဖြစ်၏။ သို့သော်လည်း အပွားပြုတ်ကိုသာ အဓိကလုပ်နေဖို့လိုပါ၏။ အပွားပြုတ်ဖြုတ်ရင်းဖြင့် ပွားဖန်များလာလျှင် ဉာဏ်ရင့်လာပြီး မဂ္ဂင်ငါးပါးက ရှစ်ပါးပြည့်လာချိန်၌ အပယ်ဉာဏ်ဖြင့် ပြုတ်သွားမည်သာဖြစ်၏။ ရှေးဦးစွာ ဒိဋ္ဌိကို အသိဖြင့် ပြုတ်အောင်လုပ်ရ၏။ ထို့နောက် အပွားဖြင့် ပြုတ်အောင်လုပ်ရ၏။ အပွားအလုပ်ကို လုပ်ရင်းဖြင့် ပယ်ပြုတ်အဆင့်ရောက်သွားပြီဆိုလျှင် သောတာပန်တည်တော့၏။ သောတာပန်တည်သည့် ဉာဏ်သည် လောကုတ္တရာမဂ်ဉာဏ် ဖြစ်၏။ ထိုမဂ်ဉာဏ်ပေါ်ချိန်တွင် ရှေ့ပိုင်းက ခန္ဓာပျောက်၊ နောက်ပိုင်းက ဒိဋ္ဌိပျောက်၏။ ခန္ဓာသည် ဖြစ်ပျက်သာဖြစ်၏။ ဖြစ်ပျက်ကို မတွေ့ရတော့။ နောက်က ဒိဋ္ဌိလည်း ရှာမတွေ့တော့။ ထိုမဂ်သည် ဒုက္ခသစ္စာကို ပိုင်းပိုင်းခြားခြားသိပြီး ပယ်ချလိုက်တော့၏။ ဒိဋ္ဌိကိလေသာကိုလည်း ပတ်ချလိုက်တော့၏။ မဂ်က နှစ်ချက်ပယ်၏။ ထိုသို့ ပယ်ချလိုက်သည်နှင့်တစ်ပြိုင်နက် ဒိဋ္ဌိကို ပြန်လည်ခေါင်းမထောင်နိုင်တော့အောင် အမြစ်ပြတ်ပယ်သတ်လိုက်သဖြင့် “စတူဟပါယေဟိစ ဝိပ္ပမုတ္တော” - အပါယ်လေးပါးမှ ကင်းလွတ်သွားလေတော့၏။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.