အလုပ်စဉ် (၄)

ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးဟာ မိမိတို့ ခန္ဓာကိုယ်ကြီး သေလိုက်ဖြစ်လိုက်တွေ ပြနေတာ။ သေပုံကိုလည်း ပြတယ်၊ သေပြီးနောက် ဓမ္မတစ်ခုဖြစ်ပေါ်လာတယ်ဆိုတာကိုလည်း ပြတယ်။ ခန္ဓာ့ဖြစ်စဉ်ကိုပြတယ်လို့ မှတ်ရမယ်။ ဇရာမရဏဆိုတာ ဝိပါကဝဋ်၊ အိုတာနဲ့ သေတာပဲ။ ဒီအိုသေ ဘယ်ကလာတုန်းဆိုတော့ နောက်ဆုတ်တွေးလိုက်ရင် ဇာတိ၊ ပဋိသန္ဓေကလာတယ်။ ပဋိသန္ဓေနေမိလို့ သေရတယ်။ အိုသေသည် ဇာတိ ပဋိသန္ဓေနေတဲ့ပုဂ္ဂိုလ်၏ ကိုယ်ပိုင်ပစ္စည်းလို့ မှတ်ရမယ်။ ဒါကြောင့် ဘုံဘဝဆုတောင်းရင် ဇာတိ ပဋိသန္ဓေပြန်ရမယ်။ ပဋိသန္ဓေပြန်ရရင် အိုသေနဲ့ ဆက်ရလိမ့်မယ်။ အိုသေရရပါလို၏လို့ ဆုတောင်းတာနဲ့ အတူတူပဲ။ ဇာတိဆုတောင်းရင် ဒါတွေရမှာပဲ။ ဇာတိလိုချင်လို့ရှိရင်ဖြင့် အိုသေကိုလည်း မကြိုက်သည်ဖြစ်စေ ကြိုက်သည်ဖြစ်စေ ရလိမ့်မယ်။ ကြိုက်တာက ဇာတိ၊ ရတာက အိုသေ။ ဇာတိကလည်း ဒုက္ခသစ္စာ၊ အိုသေကလည်း ဒုက္ခသစ္စာပါပဲ။ ဒီဒုက္ခသစ္စာကိုမသိတော့ အရမ်းကြိုက် ကြိုက်နေကြတယ်လို့ ဆိုရမယ်။ ဒုက္ခသစ္စာကို ကြိုက်တာပဲ။ ဒုက္ခရောက်ရပါလို၏လို့ ဆုတောင်းယူတာနဲ့ အတူတူပဲ။ လူဖြစ်ရပါလို၏၊ နတ်ဖြစ်ရပါလို၏၊ ဗြဟ္မာဖြစ်ရပါလို၏လို့ ဆုတောင်းယူလိုက်ရင် ဒုက္ခသစ္စာပဲ ရလိမ့်မယ်။ သစ္စာမသိတဲ့အဝိဇ္ဇာနဲ့တောင်းယူခဲ့ကြတော့ အခု ဒုက္ခသစ္စာ ခန္ဓာငါးပါးကြီး ရရှိထားပြီ။ ဇရာမရဏ ဆုတောင်းတွေ ပြည့်ကိုပြည့်တော့မယ်။ ဒီဇရာမရဏ ဘယ်ကလာတာလဲဆိုတော့ ဇာတိကလာတယ်။ ဒါကြောင့် ဘယ်ဇာတိမဆို မတောင်းနဲ့။ တောင်းရင် အိုသေပဲ ရမယ်။ တောင်းယူလို့ရတဲ့တရားကို ကမ္မဘဝနဲ့ ဇာတိအဆက်ကလေးက စပ်ပြတယ်။ ဇာတိ ဘယ်ကလာလဲဆိုတော့ ကာယကံ ဝစီကံနဲ့ ဆုတောင်းတာကလာတယ်။ ကာယကံနဲ့ ရှိခိုး၊ လှူဒါန်း၊ ဝစီကံနဲ့ဆုတောင်းလို့ ဇာတိရတာ။ ဇာတိရဲ့လက်သည်ဟာ ကမ္မဘဝပဲလို့မှတ်လိုက်။ လူဘ၀ လူချမ်းသာဆုတောင်းယူခဲ့ကြလို့ ဇာတိရတာပဲ။ ဒါဖြင့် ကမ္မဘဝဟာဇာတိထက်ကြောက်စရာကောင်းတယ်။ ဘုံဘဝလိုချင်တဲ့ ဒုက္ခသစ္စာလိုချင်တဲ့ ကာယကံ ဝစီကံ ကမ္မဘဝဟာ ဇာတိထက်ကြောက်စရာပဲ။ သူလုပ်လို့ ဇာတိပေါ်တာ၊ သူမလုပ်ရင် ဇာတိမပေါ်ဘူး။ ဒီကမ္မဘဝလက်သည်ရှာတော့ ဥပါဒါန်တဲ့။ ကမ္မဘဝထက် ဥပါဒါန်က ပိုကြောက်စရာကောင်းတယ်။ သမုဒယသစ္စာကိုး။ သမုဒယသစ္စာလုပ်တော့ ဒီဒုက္ခသစ္စာ မရဘဲကို မနေဘူး။ ကျိန်းသေရကိုရရမယ်။ ဥပါဒါန်ထက် တဏှာက ပိုကြောက်စရာကောင်းတယ်။ သူတို့သုံးခုလုံး သမုဒယသစ္စာပဲ။ ဒီသမုဒယသစ္စာသုံးခုရှိတဲ့ပုဂ္ဂိုလ်ဟာ ဟိုဘက်က ဒုက္ခသစ္စာသုံးခု(ဇာတိ ဇရာမရဏ) ရတယ်။ တဏှာဘယ်ကလာသလဲလို့ အကြောင်းဆက်ရှာလိုက်တော့ ဝေဒနာတဲ့။ တဏှာထက် ဝေဒနာက ပိုကြောက်စရာကောင်းတယ်။ ဒါကြောင့် ဝေဒနာကို ဖြစ်ပျက်ရှုပေးရတယ်။ သူ့ကိုဖြစ်ပျက်ရှုလို့ရှိရင် ဒီနောက်က မဂ်ဝင်လာပြီး ဝေဒနာနဲ့ တဏှာအဆက်ပြတ်သွားတယ်။ တဏှာဘက်မကူးတော့ဘူး။ ဝေဒနာကြောင့်တဏှာဖြစ်ရတယ်။ ဝေဒနာသုံးမျိုးလုံးကြောက်စရာကောင်းတာပါပဲ။ ဆင်းရဲတဲ့ပုဂ္ဂိုလ်က ချမ်းသာကို အလိုရှိကြတယ်။ ဆင်းရဲတာက ဒုက္ခဝေဒနာ၊ အလိုရှိတာက တဏှာ။ ချမ်းသာတဲ့ပုဂ္ဂိုလ်ကလည်း ချမ်းသာသည်ထက် ချမ်းသာချင်တာပဲ။ ချမ်းသာတာက သုခဝေဒနာ၊ ပိုချမ်းသာချင်တာက တဏှာ။ ချမ်းသာလည်းမဟုတ် ဆင်းရဲလည်း မဟုတ်တဲ့ပုဂ္ဂိုလ်ကလည်း ချမ်းသာချင်တာပဲ။ အလယ်အလတ် လူလတ်တန်းစားလောက်ဆို ကျေနပ်ပါပြီလို့ မရှိဘူး။ အလယ်အလတ်ချမ်းသာတာက ဥပေက္ခာဝေဒနာ၊ ချမ်းသာချင်တာက တဏှာ။ ဘယ်ဝေဒနာနောက်ကဖြစ်ဖြစ် တဏှာလိုက်ကို လိုက်တယ်။ ဒါကြောင့် ဝေဒနာပစ္စယာ တဏှာ။ ဝေဒနာအကြောင်းကိုမသိတော့ တဏှာဖြစ်မယ်။ တဏှာဖြစ်ရင် သမုဒယသစ္စာလာမယ်။ သမုဒယသစ္စာဖြစ်ရင် ဒုက္ခသစ္စာ ရမယ်။ ဝေဒနာမသိရင် တဏှာလာတယ်။ တစ်လောကလုံးကို ဒီတဏှာက အုပ်ချုပ်နေတာ။ တဏှာခိုင်းသဖြင့် လုပ်ကိုင်ပြေးလွှား ရှာဖွေနေကြရတာ။ တဏှာဟာလည်း ချမ်းသာတဲ့ သုခဝေဒနာကို ကြိုက်လို့ ပေါ်လာတဲ့တဏှာက များတယ်။ လူတိုင်း ချမ်းသာတာ အဆင်ပြေတာ ကောင်းတာကိုအလိုရှိကြတော့ အနားမနေနိုင်ဘဲ အပြေးအလွှား ရှာဖွေနေကြရတာ။ တဏှာခိုင်းတဲ့အတိုင်းလုပ်နေကြရတာ။ တဏှာစေရာ မနေသာ ဖွေရှာဆက်ရသည်တဲ့။ ဒီတဏှာ ဘာကြောင့်ပေါ်လာရတာလဲဆိုတော့ ဝေဒနာကြောင့်။ ဒါဖြင့် ဝေဒနာကို ဝေဒနာအဖြစ်မကြည့်နဲ့၊ အနိစ္စအဖြစ် ကြည့်ပေးလိုက်ပါ။ ကြည့်ပေးလိုက်တော့ ဖြစ်ပျက် မဂ်လာတယ်။ ဖြစ်ပျက်မဂ်ဆိုတော့ ဒီတဏှာ မလာနိုင်တော့ဘူး။ တဏှာမလာရင် ဒီတဏှာသမုဒယကြောင့် ပေါ်မယ့် ဒုက္ခလည်း မလာတော့ဘူး။ ဝေဒနာသည် ဖဿက လာတယ်။ ဒီဖဿကိုလည်း ဖြစ်ပျက်ရှု။ ဖဿရှုချင်ရှု။ သဠာယတနထဲက စက္ခု သောတ ဃာန ဇိဝှာ ကာယ မန ဒါတွေရှုချင်လည်း ရှု။ နာမ်ရှုချင်လည်း ရှု၊ ရုပ်ရှုချင်လည်းရှု။ သူ့အကြောင်းနဲ့ သူ့အကျိုးတွေချည်းပဲ။ ဝိညာဏ်က သင်္ခါရကလာတယ်။ သင်္ခါရဆိုတာက ကုသိုလ်စေတနာနဲ့ အကုသိုလ်စေတနာပဲ။ ဒီသင်္ခါရက အဝိဇ္ဇာကလာတယ်။ ဇာတိ ဇရာမရဏရဲ့ လက်သည်ကို အရင်းကျကျ တွေးလိုက်တော့ ဟောဒီ အဝိဇ္ဇာပဲ။ ဒီအဝိဇ္ဇာချုပ်မှ တစ်တန်းလုံး ပြုတ်မယ်၊ တစ်ဝိုင်းလုံး ပြုတ်မယ်။ ဒီတော့ လောဘစိတ်ပေါ်လာတယ်ဆိုရင် လောဘစိတ်ဖြစ်ပျက်ရှု။ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ရှုတာက မဂ္ဂသစ္စာ။ ဝေဒနာတွေ့လည်း ဖြစ်ပျက်၊ စိတ်တွေ့လည်း ဖြစ်ပျက်။ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ရှုတာကမဂ္ဂသစ္စာ။ ဒါ မဂ်ရလိုက်တာပဲ။ ပုဗ္ဗဘာဂမဂ်။ အရင်ဘဝတွေမှာ ဒီမဂ္ဂသစ္စာ မပေါ်ဘူးခဲ့လို့ ဒီဘ၀ ဒီခန္ဓာ ဒုက္ခသစ္စာ ရလာတာ။ မဂ္ဂသစ္စာမပေါ်တော့ သမုဒယနဲ့ ဒုက္ခသစ္စာ နှစ်ပါးထဲ လှည့်နေတယ်။ ဖြစ်ပျက်ဆိုတဲ့ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာ မရှုခဲ့တော့ ဖြစ်ပျက်လည်း ဉာဏ်ထဲမှာမပေါ်ဘူး။ မပေါ်တော့ မဂ္ဂသစ္စာလည်း မရဘူး။ ဒီတော့ သမုဒယအမှောင် ဒုက္ခသစ္စာအမည်းနဲ့ လည်ခဲ့ကြရတယ်။ အမှောင်ရယ် အမည်းရယ်လှည့်ခဲ့ကြရတယ်။ တစ်သံသရာလုံး အမှောင်နဲ့ အမည်းလှည့်နေခဲ့ကြတော့ ဘုရားတောင် ဝင်လို့မရခဲ့ကြလို့ ဒီဘဝရောက်လာခဲ့ကြတာ။ ဘုရားမှ ဝင်လို့မရတော့ ဘုရားဟောတဲ့ တရားလည်း ဝင်လို့မရခဲ့ဘူးပေါ့။ တစ်သံသရာလုံး ဘယ်တုန်းကမှ မျက်စိနှစ်ကွင်း အလင်းမရခဲ့ကြဘူး။ အမှောင်နဲ့ အမည်းနဲ့ပဲ နေခဲ့ကြရတာ။ မဂ်အလင်း ဘယ်တော့မှ မပါခဲ့ဘူး။ ဒါဖြင့် ဒုက္ခသစ္စာ ရှုဖြစ်အောင် ရှုပါ။ ဖြစ်ပျက်သာရှု၊ ဒါ ဒုက္ခသစ္စာရှုတာပဲ။ ဝေဒနာတွေ့တော့ ဝေဒနာ ဖြစ်ပျက်ရှု၊ စိတ်တွေ့တော့ စိတ်ဖြစ်ပျက်ရှု။ ဒါပေမဲ့ ရောပြီး မရှုနဲ့။ ဝေဒနာနုပဿနာလို့ သီးသန့်ရှိတယ်။ စိတ္တာနုပဿနာလို့ သီးသန့်ရှိတယ်။ ဒီတော့ ဝေဒနာကြိုက်တဲ့ပုဂ္ဂိုလ်က ဝေဒနာငါးမျိုး၊ သုံးမျိုး လှည့်ရှု။ စိတ်ကြိုက်တဲ့ပုဂ္ဂိုလ်က ပေါ်တဲ့စိတ် (၁၃)မျိုး လိုက်ရှု။ ဒါတွေရှုလိုက်ရင် ဖြစ်ပျက် မဂ်တည့်သွားတော့ မဂ်ပေါ်တာပဲ။ ဒီမဂ်ကို ဝိပဿနာမဂ်လို့ မှတ်လိုက်ပါ။ ဒီဝိပဿနာမဂ် ရင့်သွားလို့ရှိရင် လောကုတ္တရာမဂ် ပေါ်မယ်။ ဒီနှစ်မဂ်အထူးကတော့ ဖြစ်ပျက်ကိုမြင်တဲ့မဂ်သည် လောကီမဂ်၊ ဝိပဿနာမဂ်။ ဖြစ်ပျက်မရှိတဲ့ နိဗ္ဗာန်ကိုမြင်တဲ့မဂ်သည် လောကုတ္တရာမဂ်။ ဝိပဿနာမဂ်ရှုဖန်များလို့ ရင့်သန်လာရင် လောကုတ္တရာမဂ် ကူးပြောင်းတာပဲ။ လောကုတ္တရာမဂ် ကူးပြောင်းတာနဲ့ မဂ္ဂင်ငါးပါးက ရှစ်ပါးပြည့်သွားတယ်။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး