ဥပနိဿယနှင့် မဂ္ဂ နှစ်ပစ္စည်းစုံမှ
ဒါနသည် ပေးလှူခြင်းလို့ဆိုသော်လည်း တရားကိုယ်ကောက်လိုက်တော့ ယုံကြည်မှုဦးဆောင်တဲ့ စေတနာပဲ။ စေတနာဟာ အခုပြုလုပ်တဲ့ကံ၊ ကံဟာ ဘဝပါပဲ။ ကမ္မဘဝပစ္စယာ ဇာတိ- ဒီကံက ဇာတိကိုအကျိုးပေးရုံတင်မကဘူး၊ ပဝတ္တအကျိုးကိုလည်း ပေးတယ်လို့ မှတ်ရမယ်။ ပဋိသန္ဓေကျိုးဆိုတာက လူ နတ် အပါယ် ပဋိသန္ဓေကျိုးကိုပေးတာ။ ပဝတ္တိကျိုးကတော့ ပဝတ္တိအခါမှာ ကောင်းကျိုးတွေပေးတာ။ ဒါကြောင့် သဒ္ဓါသည် ဥပနိဿယပစ္စယော- အားကြီးသောအကြောင်းလို့ မှတ်လိုက်ပါ။ သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ သီလံ သမာဒိယတိ ဥပေါသထကမ္မံ ကရောတိ ဈာနံ ဥပ္ပါဒေတိ မဂ္ဂံ ဥပ္ပါဒေတိ-လို့ ပဌာန်းပါဠိတော်မှာ ဟောတော်မူတယ်။ သဒ္ဓါဦးဆောင်တဲ့ ဒါနစေတနာသည် ဈာန်မဂ်ဖိုလ်အထိ အကျိုးပေးနိုင်တယ်လို့ မှတ်ရမယ်။ သူက အကျိုးပေးတာကတော့ ဈာန်တွေ မဂ်တွေ အဘိညာဉ်တွေ သမာပတ်တွေ အကုန် အကျိုးပေးနိုင်တယ်။
ဒီလိုအကျိုးတွေပေးတာ ဘာကြောင့်ပါလိမ့်မလဲဆိုရင် ဥပနိဿယပစ္စည်းတဲ့။ ပကတူပနိဿယပစ္စည်းဆိုတာ ဗလဝသတ္တိရှိတဲ့ပစ္စည်း- အားကြီးသောအကြောင်းသတ္တရှိတဲ့ပစ္စည်း။ အားကြီးသောအကြောင်းသည် မဆုံးနိုင်တဲ့ သံသရာစခန်းသတ်တဲ့အထိအောင် ကျေးဇူးပြုနိုင်တယ်။ ဒါကြောင့် မဂ္ဂံ ဥပ္ပါဒေတိ- မဂ်ကိုလည်း ဖြစ်စေနိုင်တယ်လို့ ဘုရားရှင်ကဟောတော်မူတာ။ မဂ်ရတယ်ဆိုရင် နိဗ္ဗာန်က ပါပြီးသားပဲ။ မဂ်ကိုဖြစ်စေနိုင်တယ်ဆိုပေမယ့် သူကမဂ်ကို ဥပနိဿယအနေနဲ့ ကျေးဇူးပြုမှာ။ မဂ်အလုပ်တွေ လုပ်ဖို့ အကြောင်းညီညွတ်အောင် သူက ကျေးဇူးပြုမှာ။ အကြောင်းညီညွတ်လာတော့ ကိုယ်က မဂ်အလုပ်ကိုလုပ်လိုက်တယ်။ ဖြစ်ပျက်ရှုလိုက်တယ်။ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံးလို့ မဂ်စစ်ဝင်လာတော့ နိဗ္ဗာန်မြင်လာတယ်။ ဒါဟာ အကြောင်းသတ္တိမကင်းပဲကျေးဇူးပြုလိုက်တာဖြစ်တယ်။ မဂ်အလုပ်ကိုလုပ်လိုက်တော့ မဂ္ဂပစ္စယောလည်း ဖြစ်သွားတယ်။ မဂ်အလုပ်လုပ်ဖြစ်နေတာကိုက ရှေးဥပနိဿယ ပါတယ်။ ရှေးဥပနိဿယမပါရင် မလုပ်ဖြစ်ဘူး၊ လူ့ဘဝတောင်မရဘူး။ လူဖြစ်ပြန်တော့လည်း ဆရာကောင်း သမားကောင်းနဲ့ မတွေ့ဘူး။ ဆရာကောင်းသမားကောင်းနဲ့တွေ့ပြန်တော့လည်း လုပ်ချင်တဲ့စိတ် မပေါ်ဘူး။ ဒီလိုအလွဲတွေများစွာထဲကမှ မဂ်အလုပ်ကို လုပ်ဖြစ်အောင် မကြုံ ကြုံအောင် ထောက်ပံ့ပေးတာ ကျေးဇူးပြုပေးတာဟာ ဥပနိဿယပစ္စည်းရဲ့သတ္တိပဲ။ သူက ဆုံပေးလိုက်တော့ ကိုယ်က အားထုတ်ဖြစ်တယ်။
ဒါကြောင့် ကျောင်းဆောက်လှူတယ်၊ ဘုရားတည်တယ်၊ ဆွမ်းလှူတယ် ဘာလှူညာလှူဆိုတာဟာ ဥပနိဿယပစ္စည်း။ ကိုယ်က တရားအလုပ် အားထုတ်ဖြစ်တာက မဂ္ဂပစ္စည်း၊ ဥပနိဿယပစ္စည်းမပါဘဲနဲ့ မဂ္ဂပစ္စည်းမဖြစ်ဘူးလို့ မှတ်လိုက်ပါ။ လူဖြစ်အောင်ပို့ပေးတာ ဥပနိဿယပစ္စည်း၊ လူ့ပြည်ရောက်တော့လည်း စီးပွါးဥစ္စာအဆင်ပြေအောင်ပေးတာကလည်း ဥပနိဿယပစ္စည်း၊ သာသနာထွန်းကားတဲ့နေရာမှာ ဖြစ်ဖို့ကလည်း ဥပနိဿယပစ္စည်း၊ ဟောနိုင်ပြောနိုင်တဲ့ ဆရာသမားနဲ့တွေ့ဖို့ကလည်း ဥပနိဿယပစ္စည်း၊ ထောင်တတ်တဲ့နားပါဖို့ကလည်း ဥပနိဿယပစ္စည်း။ မဂ်အလုပ်ကို လုပ်နိုင်ဖို့ အဆင်ပြေအောင် ထောက်ပံ့ပေးလိုက်တာတွေဟာ ဥပနိဿယပစ္စည်းလို့မှတ်ရမယ်။ ဒါကြောင့် ဈန်မဂ်ဖိုလ်ရအောင် အားထုတ်ရာမှာ ဥပနိဿယပစ္စည်းကင်းရင် မရဘူး။ ဥပနိဿယပစ္စည်းသည် မဂ္ဂပစ္စည်းကို ကူညီပံ့ပိုးတယ်။ မဂ္ဂပစ္စည်းသည် နိဗ္ဗာန်ကို ကျေးဇူးပြုတယ်။
ဒေါက်တာအရှင်ပါရမီ
See also: http://myakyunthar.blogspot.com/?m=1
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.