မူလနှစ်ဖြာ
အဝိဇ္ဇာသည် အတိတ်အကြောင်းမူလ၊ တဏှာသည် ပစ္စုပ္ပန်အကြောင်းမူလ လို့ မှတ်လိုက်ပါ။ သံသရာမှာ အနေကြာဖို့ သူတို့နှစ်ပါး တစ်လှည့်စီ ခေါင်းဆောင်နေကြတာဖြစ်တယ်။ အတိတ်ဘဝက အဝိဇ္ဇာခေါင်းဆောင်လုပ် တဏှာက နောက်လိုက်၊ ပစ္စုပ္ပန်ဘဝမှာ တဏှာက ခေါင်းဆောင်လုပ် အဝိဇ္ဇာကနောက်လိုက်၊ ဒီလိုနဲ့ သံသရာကို မရှည် ရှည်အောင် ဆွဲဆန့်တတ်တဲ့တရားနှစ်ပါးဟာ အဝိဇ္ဇာနဲ့ တဏှာပါပဲ။
အဝိဇ္ဇာဟာ အဘိဓမ္မာအရှိတရားအနေနဲ့ ပြောရရင် မောဟ။ မသိတာဟာ မောဟ၊ သို့မဟုတ် အဝိဇ္ဇာ။ သစ္စာလေးပါးကို မသိတာ အဝိဇ္ဇာ။ သစ္စာလေးပါးသိရင် ဝိဇ္ဇာ။ ဒါက လိုရင်းပြောတာ။ အတိအကျပြောရရင် အဝိဇ္ဇာရဲ့ မသိခြင်း (၈)ချက်ရှိတယ်။
၁။ ရှေ့အစွန်းကိုလည်း မသိ (ပုဗ္ဗန္တ)၊
၂။ နောက်အစွန်းကိုလည်း မသိ (အပရန္တ)၊
၃။ ရှေ့အစွန်း နောက်အစွန်းနှစ်ပါးကိုလည်း မသိ (ပုဗ္ဗန္တာပရန္တ)၊
၄။ ပဋိစ္စသမုပ္ပါဒ်ကိုလည်း မသိ၊
၅။ သစ္စာလေးပါးကိုလည်း မသိ။
မှတ်ချက်။ ။ ရှေ့(၄)ချက်နဲ့ သစ္စာလေးပါး မသိခြင်း (၄)ချက်ပေါင်း မသိ(၈)ချက်။
ရှေ့အတိတ်က ဘယ်တရားတွေကြောင့် ပစ္စုပ္ပန်ခန္ဓာရလာတာလဲ ဆိုတာ မသိတာ ရှေ့အစွန်း (ပုဗ္ဗန္တ) ကိုမသိတာပဲ။ ဘဝနဲ့ပြောရရင် ရှေ့ဘဝကို မသိတာ။ စက်ဝိုင်းထောက်ပြရမယ်ဆိုရင် အကွက်နံပါတ် (၁)ကို မသိတာ။ လာမယ့်ဘဝ၊ နောက်ဘဝကို မသိတာ နောက်အစွန်း (အပရန္တ) ကိုမသိတာပါ။ စက်ဝိုင်း အကွက်နံပါတ် (၄)ကို မသိတာ။ ရှေ့ရော နောက်ရော မသိတဲ့အခါကျတော့ ရှေ့အစွန်း နောက်အစွန်း (ပုဗ္ဗန္တာပရန္တ) နှစ်ပါးကို မသိတာပဲ။
စက်ဝိုင်းကို အထက်အောက် အလယ်တည့်တည့်ကနေ ဇောက်ထိုး မြားတစ်ကြောင်း ဆွဲ၊ နှစ်ပိုင်း ခွဲခြားပြီးပြောရမယ်ဆိုရင် အကွက် (၁)နဲ့ (၂)ကတစ်ပိုင်း၊ ဇောက်ထိုး မြားရဲ့ ယာဘက်ကအပိုင်းပေါ့။ အကွက် (၃)နဲ့ (၄)က တစ်ပိုင်း၊ ဇောက်ထိုးမြားရဲ့ ဝဲဘက်အပိုင်းပေါ့။ အကွက် (၁)မှာရှိတဲ့ အဝိဇ္ဇာနဲ့ သင်္ခါရကြောင့် အကွက် (၂)မှာရှိတဲ့ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ ခန္ဓာ ငါးပါးရလာတာ။ ဆိုလိုတာက အဝိဇ္ဇာ သင်္ခါရကြောင့်သာ လက်ရှိ ခန္ဓာကြီးရလာတာ။ ဟောဒီခန္ဓာကြီးဖြစ်ပေါ်ခြင်းရဲ့ အကြောင်းဟာ အဝိဇ္ဇာနဲ့ သင်္ခါရပဲ။ နတ်ကဖန်ဆင်းလိုက်တာလည်း မဟုတ်ဘူး။ ဗြဟ္မာကဖန်ဆင်းလိုက်တာလည်း မဟုတ်ဘူး။ ထာဝရဘုရားက ဖန်ဆင်းလိုက်တာလည်း မဟုတ်ဘူး။ အဝိဇ္ဇာ သင်္ခါရကြောင့် ဖြစ်လာတာ။ အဝိဇ္ဇာ သင်္ခါရကြောင့် လက်ရှိခန္ဓာကြီး ရရှိနေပြီ၊ ပိုင်ဆိုင်နေပြီမို့ အဝိဇ္ဇာ သင်္ခါရဆိုတဲ့ အကွက်(၁)ရယ်၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ အကွက် (၂)ရယ်ကို ပေါင်းပြီး ရှေ့စက် (ပုဗ္ဗန္တစက်) လို့ အမည်ပေးလိုက်ပါ (၁+၂=ရှေ့စက်)။ စက်ဝိုင်းကြီးရဲ့ ယာဘက်ခြမ်းကို ရှေ့စက်လို့ခေါ်တာပါပဲ။ ဟောဒီ ရှေ့စက်ကို မသိတာဟာလည်း အဝိဇ္ဇာပါပဲ (ပုဗ္ဗန္တ)။ ရှေ့စက်မှာ ပထမဦးဆုံးတွေ့ရတဲ့ တရားက ဘယ်သူလဲဆိုရင် အဝိဇ္ဇာ။ ဒါကြောင့် ရှေ့စက်ကို ဘယ်သူဦးဆောင်နေလဲဆိုရင် အဝိဇ္ဇာ ဦးဆောင်နေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ အဝိဇ္ဇာခေါင်းဆောင်ပြီးတော့ ရှေ့သံသရာ အနေကြာအောင် လှည့်ခဲ့ပြီ။ ဒါကြောင့် အဲဒီ အဝိဇ္ဇာကို သံသရာရဲ့ မူလတစ်ဖြာလို့ မှတ်လိုက်ပါ။
ဒီဘဝမှာ ဝေဒနာတွေ ခံစားလို့ တဏှာဘက်အကူးကို ပြတ်အောင် မဖြတ်နိုင်ဘူးဆိုရင် တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝဆိုတဲ့ အကွက်(၃)က ပေါ်လာဦးမှာ အသေအချာပါပဲ။ အကွက် (၃)ပေါ်လို့ ကံတွေ ရှိနေသမျှကာလပတ်လုံး နောက်ဘ၀ မလိုချင်လို့ ရကိုမရပါဘူး။ နောက်ဘ၀ ရတော့ ဇာတိ ဇရာမရဏကလည်း လာကို လာရမှာပါ။ ဒါဆို အကွက် (၄) ပေါ်မှာ သေချာပြီပေါ့။ အကွက် (၃) မပြတ်သရွေ့ အကွက် (၄) မလာဘဲကို နေလို့ မရပါဘူး။ ဒီတော့ တဏှာ၊ ဥပါဒါန်၊ ကမ္မဘ၀ ဆိုတဲ့ (၃)အကွက်ရယ်၊ ဇာတိ ဇရာမရဏဆိုတဲ့ (၄)အကွက်ရယ်ကို နောက်စက် (အပရန္တစက်) လို့အမည်ပေးလိုက်ပါ (၃+၄= နောက်စက်)။ စက်ဝိုင်းကြီးရဲ့ ဝဲဘက်ခြမ်းကို နောက်စက်လို့ ခေါ်တာပါပဲ။ ဟောဒီနောက်စက်ကို မသိတာဟာလည်း အဝိဇ္ဇာပါပဲ (အပရန္တ)။ နောက်စက်မှာ ပထမဦးဆုံးတွေ့ရတဲ့ တရားက ဘယ်သူလဲဆိုရင် တဏှာ၊ ဒါကြောင့် နောက်စက်ကို ဘယ်သူဦးဆောင်နေလဲ ဆိုရင် တဏှာဦးဆောင်နေတာ တွေ့ရပါလိမ့်မယ်။ တဏှာခေါင်းဆောင်ပြီး နောက်သံသရာကို အနေကြာအောင် လှည့်မှာပါ။ ဒါကြောင့် အဲဒီတဏှာကို သံသရာရဲ့ မူလတစ်ဖြာလို့ မှတ်လိုက်ပါ။ အဝိဇ္ဇာက မူလတစ်ဖြာ၊ တဏှာက မူလတစ်ဖြာ။ မူလနှစ်ဖြာ ပြည့်သွားပြီပေါ့။
မသိတာ အဝိဇ္ဇာဆိုတာ အကျဉ်းအားဖြင့် စက်ဝိုင်းကြီးရဲ့ ရှေ့စက်မသိတာ၊ နောက်စက်မသိတာ၊ ရှေ့စက်ရော နောက်စက်ပါမသိတာ၊ ပဋိစ္စသမုပ္ပါဒ်မသိတာ၊ သစ္စာလေးပါးမသိတာပါပဲ။ နောင်အလျဉ်းသင့်တဲ့နေရတွေမှာ ထပ်မံ ရှင်းလင်းပေးမှာပါ။ ဒီနေရာမှာ ထပ်လောင်းဖြည့်စွက်ပေးချင်းတာက မသိတဲ့ အဝိဇ္ဇာရှိသလို သိတဲ့ အဝိဇ္ဇာဆိုတာလည်း တစ်ဘက်တစ်လမ်းက ရှိနေပါတယ်။ သိသင့်တာကို မသိတာဟာ အဝိဇ္ဇာဖြစ်သလို၊ မသိသင့်တာကို သိနေတာဟာလည်း အဝိဇ္ဇာပါပဲ။ ဥပမာအားဖြင့် အမှန်ရှိ ရုပ်နာမ်ကိုသိရမှာ အမှန်အတိုင်းမသိဘဲ ပုဂ္ဂိုလ်အဖြစ်သိနေရင် သိသင့်တာကို မသိတာပါ။ ပုဂ္ဂိုလ်ဖြစ်စဉ်အနေနဲ့တော့ သိတယ်။ ဓမ္မဖြစ်စဉ်အနေနဲ့ မသိဘူး။ သိသင့်သိထိုက်တဲ့ သစ္စာလေးပါးသိရမှာ မသိတာ၊ ပဋိစ္စသမုပ္ပါဒ်တရား သိရမှာ မသိတာမျိုးတွေဟာ သိသင့်တာမသိ၊ ဓမ္မဖြစ်စဉ်ကို မသိတဲ့ အဝိဇ္ဇာပါ။ ဥပမာတစ်မျိုးအနေနဲ့ ပုဂ္ဂိုလ် သတ္တဝါလို့ မသိရဘဲ ရုပ်နာမ်လို့ သိရမှာကို ပုဂ္ဂိုလ် သတ္တဝါလို့ သိနေတာမျိုးဟာ မသိသင့်တာကို သိ၊ ပုဂ္ဂိုလ်ဖြစ်စဉ်အနေနဲ့ သိနေတာပါ။ အဝိဇ္ဇာက မသိဘူးဆိုပေမယ့် သူသိတာရှိတယ်။ အသေမလွတ်တဲ့ လမ်းကို သူ သိတယ်။ အသေလွတ်တဲ့လမ်းကိုတော့ အဝိဇ္ဇာက သိခွင့်မပေးဘူး။ ဖုံးအုပ်ထားတယ်။ အသေလွတ်တဲ့လမ်းကို အဝိဇ္ဇာက ဖုံးအုပ် ကာကွယ်ထားလို့ တစ်သံသရာလုံး အသေလမ်းချည်း လှည့်ခဲ့ရတာ။ အသေလမ်းနဲ့ချည်း ခရီးနှင်ခဲ့ကြရတာ။ ဒါလည်း အဝိဇ္ဇာရဲ့ လှည့်စားချက်တစ်မျိုးပါပဲ။ ဒါကြောင့် မသိတဲ့ အဝိဇ္ဇာ ရှိသလို သိတဲ့ အဝိဇ္ဇာလည်း ရှိတယ်ဆိုတာ မှတ်လိုက်ပါ။ ဘာကိုသိတာလဲဆိုရင် သိသင့်တာ မသိဘဲ မသိသင့်တာကို သိနေတာ၊ ဓမ္မဖြစ်စဉ်ကို မသိဘဲ ပုဂ္ဂိုလ်ဖြစ်စဉ်ကိုသိနေတာ၊ အသေလွတ်တဲ့လမ်းကို မသိဘဲ အသေမလွတ်တဲ့လမ်းကိုသိနေတာဟာ အဝိဇ္ဇာပါပဲ။
ရှေ့စက်ရဲ့ ခေါင်းဆောင်က အဝိဇ္ဇာ၊ နောက်စက်ရဲ့ ခေါင်းဆောင်က တဏှာပေါ့။ စက်နှစ်စက်ရဲ့ နှစ်ဌာနမှာ အသီးသီး တစ်ခုစီရပ်တည်နေကြတဲ့အတွက် လင်္ကာ နောက်ပိုင်းမှာ `နှစ်ရပ်မူလ´ လို့ စပ်ဆိုထားတာတွေ့ရမယ်။ တစ်နည်းအားဖြင့် ရှေ့စက်မှာ အဝိဇ္ဇာဦးဆောင်လို့ မူလနှစ်ဖြာအရ အဝိဇ္ဇာကိုရှေ့ထား၊ နောက်စက်မှာ တဏှာဦးဆောင်လို့ နှစ်ရပ်မူလအရ တဏှာကို ရှေ့ထားတယ်လို့ ယူဆကြတယ်။ လိုရင်းကတော့ အတူတူပါပဲ။
ရှေ့စက်နဲ့ နောက်စက်နှစ်ခု ပေါင်းလိုက်တော့ အဝိုင်းကြီးဖြစ်သွားလို့ `စက်ဝိုင်း´လို့ခေါ်တယ်။ ဒါဖြင့် ရှေ့စက်ကို ဘယ်သူတွေအတွက်ဟောတာလဲဆိုရင် ဒိဋ္ဌိစရိုက်သမားတွေအတွက်ဟောတယ်။ ဘာအတွက် ဟောလဲဆိုရင် ဥစ္ဆေဒဒိဋ္ဌိကို ပယ်ဖို့အတွက်ဟောတယ်။ နောက်စက်ကို ဘယ်လိုလူတွေအတွက် ဟောတာလဲဆိုရင် တဏှာစရိုက်သမားတွေအတွက်ဟောတယ်။ ဘာအတွက် ဟောတာလဲဆိုရင် သဿတဒိဋ္ဌိကို ပယ်ဖို့ဟောတယ်လို့ မှတ်ထားပါ။
စက်ဝိုင်းကြီးကို လေးပိုင်းပိုင်းလိုက်တော့ အကွက်(၄)ကွက်ပေါ်လာတယ်။ အဲဒီမှာ အမှတ်(၁)အကွက်က အဝိဇ္ဇာနဲ့ သင်္ခါရ။ အဝိဇ္ဇာက သစ္စာ(၄)ပါးကို မသိတာ။ ခန္ဓာ ငါးပါးကို ဆင်းရဲခြင်း ဒုက္ခသစ္စာလို့ မသိတာ၊ ဒုက္ခသစ္စာရခြင်းရဲ့အကြောင်းတဏှာ သမုဒယသစ္စာကို မသိတာ၊ ဒုက္ခချုပ်ရာ နိရောဓသစ္စာကိုမသိတာ၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်မဂ္ဂသစ္စာကိုမသိတာ။ ဒီလိုမသိတော့ ခန္ဓာ ရတာ ကောင်းတယ်လို့အမှတ်မှားပြီး ဒိဋ္ဌိဝင် တဏှာနဲ့ နောင်ဘ၀ နောင်ခန္ဓာကိုတောင့်တ၊ ကုသိုလ်တွေလုပ်တော့ သင်္ခါရဆိုတာ ဖြစ်လာတာပေါ့။ ဒါနဲ့ ကိုယ်လိုချင်တဲ့ လူ့ဘ၀ လူ့ခန္ဓာကြီး ရလာရော။ အမှတ် (၂) အကွက်က ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဆိုတဲ့ ခန္ဓာငါးပါးတရားတွေ ဖြစ်ပေါ်လာတော့တာပါပဲ။ ဒါဆို ခန္ဓာငါးပါး ဖြစ်ပေါ်လာရခြင်းရဲ့အကြောင်းဟာ အဝိဇ္ဇာဦးစီးပြီးလုပ်တဲ့ သင်္ခါရဆိုတာ ထင်ရှားပြီ။ အကွက်အနေနဲ့ ပြောရင် (၁)အကွက်ကြောင့် (၂)အကွက် ခန္ဓာငါးပါးရတယ်။ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတာ ဉာဏ်ရှင်းတော့ ဒိဋ္ဌိသေတယ်။ အသိနဲ့ သေတာ။ အကြောင်းထဲမှာလည်း ပုဂ္ဂိုလ်မပါ၊ အကျိုးထဲမှာလည်း ပုဂ္ဂိုလ်မပါ။ ကိုယ့်ကိုယ်ကို ငါ၊ သူတစ်ပါး၊ ပုဂ္ဂိုလ်၊ လူ၊ နတ်လို့ ထင်ခဲ့တာတွေ ပျောက် ခန္ဓာငါးပါး ရုပ်နာမ်တရားပဲလို့ အမှန်အရှိကို သိတော့ သမ္မာဒိဋ္ဌိဖြစ်လာတယ်။
အဝိဇ္ဇာ သင်္ခါရသည် ကာလအနေဖြင့်ကြည့်တော့ အတိတ်ကာလ။ ပြီးခဲ့ပြီ။ အရင်ဘ၀ အရင်ခန္ဓာမှာဖြစ်ခဲ့တဲ့တရားတွေ။ ဒါပေမဲ့ ဖြစ်ပြီး ပျက်၊ ဒီဘက်ဘယ်လိုမှ မဆက်တော့ဘူလားဆိုတော့ ဒီလိုလည်း မဟုတ်ဘူး။ ဖြစ်ပျက်ပြီး ပြတ်မသွားဘူး၊ ဒီဘက်ကို အကြောင်းအဖြစ်နဲ့ လာပံ့ပိုးတော့ ဒီဘ၀ ခန္ဓာငါးပါးရလာတယ်။ အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်မှာ အကျိုးလာပေါ်တယ်လို့ သိလိုက်တဲ့အခါ အော် အရင်ဘ၀ ရုပ်နာမ်ဟာ ဖြစ်ပျက်ပြီး ပြတ်သွားတယ်ထင်ခဲ့ပေမယ့် မပြတ်ဘူး။ ဒီဘက်ဘဝမှာ ဝိညာဏ်အဖြစ်နဲ့ အကျိုးလာပေါ်ပါလားဆိုတဲ့ အသိက အပြတ်လို့ ယူတဲ့ ဥစ္ဆေဒဒိဋ္ဌိကို ပယ်လိုက်တာဖြစ်တယ်။ ဒါကြောင့် ရှေ့စက်ကို ဥစ္ဆေဒဒိဋ္ဌိသမားတွေအတွက် ဟောတယ်လို့ စောစောကပြောခဲ့တာ။ တစ်ဆက်တည်း အကြောင်းထဲမှာ ဉာဏ်ရှင်းတော့ ဝိစိကိစ္ဆာ စင်တယ်။ ဘယ်လိုစင်တာလဲ ဆိုရင် အဝိဇ္ဇာ သင်္ခါရကြောင့် ခန္ဓာရလာတယ်လို့သာ လက်ခံလိုက်ရင် သိကြား ဗြဟ္မာ ဘုရားလာဖန်ဆင်းတာလားဆိုတဲ့ သံသယ ဝိစိကိစ္ဆာ အလိုလိုသေတယ်။
(အရင်တင်ပြီးသား ပို့စ်အဟောင်းကို ပြန်တင်လိုက်သည်။)
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.