သင်္ခါရသုံးမျိုး

ပဋိစ္စသမုပ္ပါဒ်ဒေသနာမှာပါတဲ့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ-အရ သင်္ခါရဆိုတာ စေတနာပါပဲ။ စေတနာစေတသိက်က စိတ်(၈၉)ပါးလုံးနဲ့ အတူတွဲဖြစ်သဖြင့်စေတနာ (၈၉)ပါးရှိတာပေါ့။ ဒါပေမဲ့ စေတနာ (၈၉)ပါးလုံးကို သင်္ခါရအရ မယူရပါဘူး။ လောကီ ကုသိုလ် အကုသိုလ်မှာ ယှဉ်တဲ့စေတနာ (၂၉)ပါးကိုပဲ သင်္ခါရလို့ ခေါ်ပါတယ်။ အကုသိုလ်စေတနာ (၁၂)ပါး၊ မဟာကုသိုလ်စေတနာ (၈)ပါး၊ ရူပကုသိုလ်စေတနာ (၅)ပါး၊ အရူပကုသိုလ်စေတနာ (၄)ပါး၊ ပေါင်း စေတနာ(၂၉)ပါးကိုသာ သင်္ခါရလို့ မှတ်ထားရပါမယ်။ ဒီစေတနာ (၂၉)ပါးကို ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရနဲ့ အာနဉ္စာဘိသင်္ခါရဆိုပြီး သင်္ခါရသုံးမျိုးနဲ့ ခွဲခြားပြထားပါတယ်။ သင်္ခါရပစ္စယာ ဝိညာဏံ- သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်ဆိုတာ အဲဒီစေတနာ(၂၉)ပါးကြောင့် ဝိညာဏ်ဆိုတဲ့ ပဋိသန္ဓေစိတ်ဖြစ်တာကိုပြောတာ။ ပုညာဘိသင်္ခါရကြောင့် ဥပေက္ခာသန္တီရဏ (၁)၊ မဟာဝိပါက် (၈)၊ ရူပဝိပါက် (၅)၊ ပေါင်း ပဋိသန္ဓေဝိညာဏ် (၁၄)ပါးဖြစ်ပါတယ်။ အပုညာဘိသင်္ခါရကြောင့် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ (၁)ပါးသာ ပဋိသန္ဓေဝိညာဏ်အဖြစ် ပေါ်လာပါတယ်။ ဒါဟာ အပါယ်ဘုံသားတွေအားလုံးရဲ့ ပဋိသန္ဓေစိတ်ပါပဲ။ အာနဉ္စာဘိသင်္ခါရကြောင့် အရူပဝိပါက် ပဋိသန္ဓေဝိညာဏ် (၄)ပါးဖြစ်ပါတယ်။ ပေါင်းလိုက်ရင် (၁၄+၁+၄) = (၁၉) ပဋိသန္ဓေဝိညာဏ် (၁၉)ပါးတွေ့ရပါမယ်။ ဒါက စာလာပေလာအတိုင်း ပြောလိုက်တာဖြစ်ပါတယ်။ သဘောတရားပိုင်းဆိုင်ရာလေးတွေကို အကုသိုလ်က စပြီး ပြောပြချင်ပါတယ်။ အပုညာဘိသင်္ခါရဆိုတာ အပုည-က အကုသိုလ်၊ အဘိ-က ရှေ့ရှု၊ သင်္ခါရ-က ပြုပြင်တာ။ အကုသိုလ်က ရှေ့ရှုပြုပြင်လိုက်တာ။ ခန္ဓာဖြစ်အောင် ရှေ့ရှုပြုပြင်လိုက်တာကို ပြောတာ။ အကုသိုလ်ကြောင့် ခန္ဓာရတယ်လို့ ပြောလိုတာပါ။ အကုသိုလ်က ပြုပြင်လိုက်တဲ့ ခန္ဓာက အပါယ်ခန္ဓာပေါ့။ လောဘ၊ ဒေါသ၊ မောဟတွေထင်ထင်ပေါ်ပေါ်ဖြစ်လာလို့ အကုသိုလ်စိတ်ဆိုတာ ဖြစ်လာရတာ။ လောဘကြောင့် လောဘမူစိတ်(၈)ပါးဖြစ်သလို ဒေါသကြောင့် ဒေါသမူစိတ်(၂)ပါးဖြစ်တယ်။ ပြီးတော့ မောဟကြောင့် မောဟမူစိတ်(၂)ပါးဖြစ်တယ်။ ပေါင်းလိုက်တော့ အကုသိုလ်စိတ် (၁၂)ပါး။ လောဘဖြစ်တိုင်း မောဟပါသလို ဒေါသဖြစ်တိုင်းလည်း မောဟပါနေတယ်။ ဒီအကုသိုလ်စိတ်တွေနဲ့ယှဉ်တဲ့စေတနာကြောင့် ဒုစရိုက်(၁၀)ပါး ပြစ်မှား ကျူးလွန်ကြတာဖြစ်ပါတယ်။ ဒုစရိုက်(၁၀)ပါးကို အကုသလကမ္မပထတရား (၁၀)ပါးလို့လည်း ခေါ်တယ်။ ကမ္မပထမြောက်သွားတယ်၊ အကုသိုလ်ကံ မြောက်သွားတယ်လို့ ဆိုလိုပါတယ်။ အပါယ်ပဋိသန္ဓေကျိုးကို ဧကန်ပေးနိုင်တဲ့ သတ္တိရှိသွားတယ်။ ကမ္မပထ မမြောက်တဲ့ အကုသိုလ်ကတော့ အပါယ်ပဋိသန္ဓေကျိုးကို ပေးနိုင်တယ်လို့ ကိန်းသေပြောလို့မရဘူး။ အချို့က ပေးနိုင်တယ်၊ အချို့ကတော့ မပေးနိုင်ဘူး။ ကမ္မပထမြောက်သွားတဲ့ အကုသိုလ်ကတော့ အပါယ်ပဋိသန္ဓေကျိုးကို ပေးနိုင်တဲ့အကုသိုလ်ကံ ဖြစ်သွားတယ်။ ဒါကြောင့် အကုသိုလ်စေတနာက အကြောင်း၊ ဒုစရိုက်က အကျိုး။ ဒီလို အကြောင်း အကျိုးအနေနဲ့ ဆက်စပ်ကြည့်လိုက်ပါ။ လောဘဦးစီးပြီး ခိုးမှု၊ ကာမဂုဏ်ပြစ်မှားမှု၊ လိမ်လည်မှု၊ ဂုံးတိုက်မှု၊ ပြိန်ဖျင်းတဲ့စကားပြောဆိုမှု၊ သူတစ်ပါးစည်းစိမ်မတရားသဖြင့်လိုချင်မှု၊ မှားယွင်းစွာယုံကြည်မှုဆိုတဲ့ အကုသိုလ်ကံတွေ ဖြစ်လာရပါတယ်။ ဒေါသဦးစီးပြီး သတ်မှု၊ ခိုးမှု (အမြင်ကတ်လို့ခိုးတာမျိုး)၊ လိမ်လည်မှု၊ ဂုံးတိုက်မှု၊ ကြမ်းကြမ်းတမ်းတမ်းပြောဆိုဆဲရေးမှု၊ ပြိန်ဖျင်းတဲ့စကားကိုပြောဆိုမှု၊ သူတစ်ပါးကို ဒုက္ခရောက်စေလို ပျက်စီးစေလိုမှု၊ အပြိန်အဖျင်း အနှစ်မဲ့စကားပြောဆိုမှုဆိုပြီး အကုသိုလ်ကံတွေ ဖြစ်လာရပါတယ်။ မောဟကတော့ အကုသိုလ်ဖြစ်တိုင်း ပါနေတယ်။ ဒါလေးတွေကို ဘယ်ဟာက လောဘကြောင့်ဖြစ်တယ်၊ ဘယ်ဟာက ဒေါသကြောင့်ဖြစ်တယ်၊ ဘယ်ဟာက လောဘ ဒေါသနှစ်မျိုးကြောင့် ဖြစ်နိုင်တယ်ဆိုတာ အောက်က ဇယားမှာ ကြည့်လိုက်ပေါ့။ မောဟကတော့ အကုသိုလ်ဖြစ်တိုင်း တွဲလျက်ပါနေတာဖြစ်ပါတယ်။ လောဘကြောင့် ဖြစ်တဲ့စိတ်ကို လောဘမူစိတ်၊ ဒေါသကြောင့်ဖြစ်တဲ့စိတ်ကို ဒေါသမူစိတ်၊ လောဘ ဒေါသမပါဘဲ မောဟသက်သက်ကြောင့်ဖြစ်တဲ့စိတ်ကို မောဟမူစိတ်လို့ အဘိဓမ္မာမှာ ဆိုတယ်။ ဒီကမ္မပထတရားတွေထဲမှာ မောဟသက်သက်ကြောင့်သာ ဖြစ်တဲ့ မောဟမူစိတ်နဲ့ဆိုင်တဲ့ ကမ္မပထတရားတော့ မတွေ့ရပါဘူး။ အကုသိုလ်စိတ်တွေဖြစ်လာရင် သူနဲ့ယှဉ်တဲ့စေတနာကြောင့် ကမ္မပထအဆင့်ရောက်သွားတဲ့အခါ အပါယ်ခန္ဓာရဖို့ ပြုပြင်ပေးတော့မယ်။ အပါယ်ခန္ဓာဘက်ကိုရှေ့ရှုနေတယ်၊ ဦးတည်နေတယ်။ ဒါကြောင့် သူ့ကို အပုညာဘိသင်္ခါရလို့ ပါဠိလိုခေါ်တယ်။ ပုညာဘိသင်္ခါရဆိုတာ ပုည-က ကုသိုလ်၊ အဘိ-က ရှေ့ရှု၊ သင်္ခါရ-က ပြုပြင်တာ။ ကုသိုလ်ကနေ ခန္ဓာရဖို့ ရှေ့ရှုပြုပြင်ပေးလိုက်တဲ့တရားပါပဲ။ ပုည- ကုသိုလ်ဆိုတဲ့အထဲမှာ ကာမာဝစရကုသိုလ်နဲ့ ရူပါဝစရကုသိုလ် စေတနာတွေပါဝင်ပါတယ်။ ကုသိုလ်မှန်သမျှ ကောင်းတဲ့တရားတွေချည်းပါပဲ။ သို့သော် ကောင်းတဲ့တရားတွေကလည်း ခန္ဓာဖြစ်ကြောင်းတွေပဲ ဖြစ်နေတော့ သံသရာလွတ်ကြောင်းတော့မဟုတ်သေးဘူး။ ကုသိုလ်ဖြစ်နေခိုက်မှာတော့ မောဟခေါ်တဲ့ အဝိဇ္ဇာက ပါဝင်ခွင့်မရှိပါဘူး။ ကုသိုလ်စိတ်မှာ မောဟ မယှဉ်နိုင်လို့ပါပဲ။ သို့သော် အနုသယအနေနဲ့ ကိန်းနေတဲ့မောဟကတော့ ရှိနေပါတယ်။ သစ္စာလေးပါးမသိသရွေ့ မောဟခေါ်တဲ့ အဝိဇ္ဇာက ကိန်းနေပါတယ်။ ကုသိုလ်စေတနာနဲ့ ပြန်ပြီးယှဉ်တဲ့မောဟလို့လည်း ယူဆလို့ရပါတယ်။ ကုသိုလ်စိတ်က မောဟနဲ့တိုက်ရိုက်မယှဉ်နိုင်ပေမယ့် စေတနာနဲ့ကျတော့ မောဟက ပြန်ပြီးယှဉ်လို့ ရနေတယ်။ ကုသိုလ်စိတ်နဲ့ မောဟတော့ ပေါ်ပေါ်ထင်ထင် ယှဉ်ခွင့် မရှိဘူးဆိုတာလေး မှတ်ထားစေချင်တယ်။ ကာမာဝစရကုသိုလ်မှာ ကမ္မဿကတာဉာဏ်ပါတဲ့ကုသိုလ်နဲ့ မပါတဲ့ကုသိုလ်ဆိုပြီး နှစ်ပိုင်းတွေ့ရပါမယ်။ အနိမ့်ဆုံး ကမ္မဿကတာဉာဏ်၊ ဒါထက်မြင့်တဲ့ ဝိပဿနာဉာဏ်ယှဉ်နိုင်တဲ့ကုသိုလ်ဆိုရင်တော့ ပိုပြီးမြင့်မြတ်တဲ့ကုသိုလ်ကံတွေ ဖြစ်မှာပေါ့။ ဒီကုသိုလ်တွေကြောင့် ကုသလကမ္မပထတရား(၁၀)ပါးဖြစ်ပြီး သို့မဟုတ် ပုညကြိယာဝတ္ထု (၁၀)ပါးဖြစ်ပြီး ကုသိုလ်ကံတွေမြောက်သွားရင် သုဂတိပဋိသန္ဓေကျိုးကို ပေးပါတယ်။ ဒီတော့ သုဂတိခန္ဓာ ရဖို့အကြောင်းတရားတွေဖြစ်လာတာပေါ့။ ရူပါဝစရကုသိုလ်ကတော့ ဉာဏ်ကြောင့်ဖြစ်တဲ့ကုသိုလ်ဖြစ်ပါတယ်။ ဒီကုသိုလ်ကံတွေကလည်း ရူပဘုံမှာ ရူပဗြဟ္မာခန္ဓာရဖို့ အကြောင်းကံတွေဖြစ်နေတာပါပဲ။ နောက်တစ်ခုက အာနဉ္ဇာဘိသင်္ခါရ- သိမ်မွေ့တဲ့အရူပဗြဟ္မာခန္ဓာကိုဖြစ်စေဖို့ ရှေ့ရှုပြုပြင်ပေးတဲ့ကုသိုလ်ကံတွေကို ဆိုလိုပါတယ်။ လောကီကုသိုလ်တွေထဲမှာ အရူပကုသိုလ်က အထက်တန်းကျတယ်။ မတုန်မလှုပ်ခိုင်မြဲတဲ့သဘောရှိတယ်။ ဒါကြောင့် သူ့ကို အာနဉ္ဇာဘိသင်္ခါရဆိုပြီး သီးခြားခွဲထုတ်ထားတာ။ အရူပကုသိုလ်ကလည်း ဉာဏ်ကြောင့် ဖြစ်တဲ့ကုသိုလ်ပါပဲ။ ဉာဏ်မပါရင် ဈာန်တောင်မရဘူးဆိုတာ မှတ်ထားလိုက်ပါ။ သို့သော် ဝိပဿနာဉာဏ်ဟုတ်ချင်မှဟုတ်မယ်၊ အနိမ့်ဆုံး ကမ္မဿကတာသမ္မာဒိဋ္ဌိ၊ ဈာနသမ္မာဒိဋ္ဌိလောက်မှ မပါဘဲ ဈာန်မရနိုင်ပါဘူး။ သမ္မာဒိဋ္ဌိဆိုတာ ဉာဏ်ပါပဲ။ အကျဉ်းချုပ်အားဖြင့် အပုညာဘိသင်္ခါရကြောင့် အပါယ်ပဋိသန္ဓေဝိညာဏ်ဖြစ်ရတယ်။ အပါယ်ခန္ဓာ ရတယ်။ ပုညာဘိသင်္ခါရကြောင့် လူ နတ် ရူပဗြဟ္မာ ပဋိသန္ဓေဝိညာဏ်ဖြစ်ရတယ်။ လူ နတ် ရူပဗြဟ္မာခန္ဓာ ရတယ်။ အာနဉ္စာဘိသင်္ခါရကြောင့် အရူပပဋိသန္ဓေဝိညာဏ်ဖြစ်ရတယ်။ အရူပဗြဟ္မာခန္ဓာ ရတယ်။ သင်္ခါရကြောင့်ခန္ဓာရ၊ ရလာတဲ့ခန္ဓာသည် ဒုက္ခသစ္စာ။ ထို့ကြောင့် အပါယ် လူ နတ် ဗြဟ္မာ မည်သည့်ခန္ဓာ ရသည်ဖြစ်စေ ခန္ဓာမှန်လျှင် ဒုက္ခသစ္စာသာဖြစ်သဖြင့် ခန္ဓာပင်စည်ပေါက်မည့် သင်္ခါရမျိုးစေ့မှန်သမျှ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာသာဖြစ်နေပါတယ်။ သို့ဖြစ်၍ သမုဒယရှိနေသမျှ ဒုက္ခသစ္စာခန္ဓာပင်စည်ပေါက်နေဦးမည်သာဖြစ်သဖြင့် သမုဒယချုပ်ကြောင်း၊ တဏှာ ဥပါဒါန် ကံချုပ်ကြောင်း ဝိပဿနာအလုပ်ကို လုပ်ကြရခြင်းဖြစ်ပါတယ်။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

သံသရာစက်ဝိုင်း