အဝိဇ္ဇာ တဏှာကြောင့် ခန္ဓာရဟူသည်

ခန္ဓာ့လက်သည်တရားခံ ရှာကြည့်တော့ အဝိဇ္ဇာနှင့် တဏှာကို တွေ့ရ၏။ အဝိဇ္ဇာ တဏှာကြောင့် လက်ရှိခန္ဓာကြီးရထားသဖြင့် ထိုအဝိဇ္ဇာ တဏှာမပြုတ်သေးသရွေ့ကာလပတ်လုံး အလားတူ ခန္ဓာတွေ ထပ်တလဲလဲ ရနေဦးမည်သာဖြစ်၏။ ခန္ဓာရှိနေ၍ ပူမှု အိုက်မှု အေးမှု ချမ်းမှု ဆာလောင်မွတ်သိပ်မှု မကျန်းမာမှု အိုမှု နာမှု သေမှု အမျိုးမျိုးသောဒုက္ခတို့ကို ခံစားနေရခြင်းဖြစ်၏။ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ စသည့် စိတ်မချမ်းသာမှုတွေကိုလည်း ရှောင်လွှဲ၍ မရ။ ထိုဒုက္ခမှန်သမျှသည် ခန္ဓာမရှိမှ အေးငြိမ်းမည်ဖြစ်၍ ခန္ဓာမရှိသည့် နိဗ္ဗာန်၊ ဒုက္ခခပ်သိမ်းအေးငြိမ်းသည့် နိဗ္ဗာန်ကို လိုချင် ရချင်လျှင် ဝိပဿနာအလုပ် အားထုတ်ကြရမည်ဖြစ်၏။ အဝိဇ္ဇာသည် သစ္စာကိုမသိ။ လက်ရှိခန္ဓာ ဒုက္ခသစ္စာဟူသည်ကို အဝိဇ္ဇာက မသိအောင်ဖုံးထားလိုက်၏။ ခန္ဓာကြီးက နှိပ်စက်နေသည်ကို ဉာဏ်ဖြင့်လည်းမကြည့် သတိလည်းမထားတော့ သိခွင့်မရ။ တကယ် မြင်အောင်ကြည့်လိုက်ပါက ဒုက္ခကို အထင်းသား မြင်တွေ့နေရမည်သာဖြစ်၏။ အပူကြောင့်လည်း ဒုက္ခရောက်နေကြရ၏။ အပူဟူသည် ရုပ်၊ ရူပက္ခန္ဓာက နှိပ်စက်နေခြင်းဖြစ်၏။ အအေးကြောင့်ဒုက္ခရောက်ပြန်တော့လည်း ရူပက္ခန္ဓာကပင် နှိပ်စက်ခြင်းဖြစ်၏။ အပူလွန်ကဲ အိုက်စပ်ပြီး ချွေးသံရွှဲရွှဲထွက်နေပြန်တော့လည်း အာပေါဓာတ်ရူပက္ခန္ဓာ၏ အနှိပ်စက်ခံနေရခြင်းသာ ဖြစ်၏။ ကိုယ်၏ဆင်းရဲခြင်း စိတ်၏ဆင်းရဲခြင်း ကာယိကဒုက္ခ စေတသိကဒုက္ခတို့ကလည်း နှိပ်စက်လျက်ရှိကြပြန်၏။ ထို့ကြောင့် ခန္ဓာသည် နှိပ်စက်တတ်သောတရားဟု ဆိုရ၏။ ထိုသို့ နှိပ်စက်တတ်သောတရားများဖြင့် စုပုံနေ၍ ခန္ဓာဟု ခေါ်၏။ ထိုနှိပ်စက်တတ်သောတရားဖြစ်သည့် ခန္ဓာနှင့် မခွဲမခွါနိုင်သေးသမျှကာလပတ်လုံး ခန္ဓာက ရောက်ရာအရပ်မှာ နှိပ်စက်မည်သာဖြစ်၏။ ဖြစ်ရာဘဝမှာ လိုက်နှိပ်စက်နေမည်သာဖြစ်၏။ ယခုလည်းနှိပ်စက် ဖြစ်ရာဘဝမှာလည်း နှိပ်စက်နေသည်ကို မသိခြင်းသည် ဒုက္ခသစ္စာကိုမသိခြင်း အဝိဇ္ဇာပင်ဖြစ်၏။ ယခုလက်ရှိခန္ဓာကြီးက နှိပ်စက်နေသည်ကိုမသိသဖြင့် နောင်ရမည့်ခန္ဓာကလည်း နှိပ်စက်လိမ့်မည်ဟု မသိနိုင်။ ထိုသို့မသိသောကြောင့် နောင်ခန္ဓာရလိုရေး ကုသိုလ်လုပ်လျက် ဆုတောင်းယူနေကြခြင်းဖြစ်၏။ ဆုတောင်းယူသည့်အတိုင်းပင် နှိပ်စက်မည့်ခန္ဓာကိုသာ ပြန်လည်ရရှိမည်သာဖြစ်၏။ နှိပ်စက်တတ်သည့်ခန္ဓာကြီး ယခုပိုင်ဆိုင်ရရှိထားသည်ကိုလည်းမသိ၊ နောင်ခန္ဓာရလျှင်လည်း နှိပ်စက်လိမ့်မည်ဟုမသိသဖြင့်လည်း နောင်ခန္ဓာ နောင်ဘဝကောင်းစားရေးကိုလုပ်၍ မရ အရကြိုးစားယူနေကြသည်မှာ မသိမှုအဝိဇ္ဇာကြောင့်ပင်ဖြစ်တော့၏။ ထို့ကြောင့် သစ္စာမသိ၍ ခန္ဓာရသည်ဟုဆိုရခြင်းဖြစ်၏။ ပစ္စုပ္ပန်ဒုက္ခကိုလည်းမသိ၊ အနာဂတ်ဒုက္ခကိုလည်းမသိသည်မှာ အဝိဇ္ဇာပင်ဖြစ်၏။ ထိုအဝိဇ္ဇာကြောင့် ခန္ဓာရလာခြင်းဖြစ်၏။ လက်ရှိခန္ဓာကိုယ်ကြီးသည် အဝိဇ္ဇာ၏မသိမှုကြောင့် ရရှိခဲ့သည့်အားလျော်စွာ ထိုမသိမှုအဝိဇ္ဇာကြောင့်ပင် နောက် အနာဂတ်ခန္ဓာကိုလည်း ဆက်လက်၍ လိုချင်တောင့်တမြဲဖြစ်နေလေတော့၏။ နောက်ဘဝတွင်လည်း လူဖြစ်လိုစိတ် နတ်ဖြစ်လိုစိတ်များ ပေါ်လာသည်မှာ တဏှာပင် ဖြစ်၏။ ထိုတဏှာဖြင့် ခန္ဓာရရှိရေးအတွက် ကုသိုလ်ပြုပြီး လူချမ်းသာ နတ်ချမ်းသာ ဆုတောင်းယူကြလေတော့၏။ အဝိဇ္ဇာက ဖုံး၊ တဏှာကဆုတောင်း (တောင့်တ)သဖြင့် ကံက ဒုက္ခသစ္စာခန္ဓာအိမ်ကြီးကို တည်ဆောက်လိုက်လေ၏။ အတိတ်ကံက ထိုသို့ တည်ဆောက်ခဲ့သောကြောင့် ယခုလက်ရှိ ခန္ဓာရရှိလာသကဲ့သို့ နောင်အနာဂတ်တွင်လည်း ထိုသို့ပင် ဆက်လက်တည်ဆောက်ဦးမည်ဖြစ်ရာ ဒုက္ခသစ္စာခန္ဓာမှတစ်ပါး အခြားရစရာမရှိ။ မသိလို့ဆုတောင်း၊ ဆုတောင်းလို့ ဒုက္ခသစ္စာ ခန္ဓာငါးပါးရရှိခြင်းပင် ဖြစ်ပါ၏။ ထိုခန္ဓာကြီးသည် အပူလာလည်း လက်ခံရ၏၊ အအေးလာလည်း လက်ခံရ၏၊ အနာမျိုး (၉၆)ပါးလာလည်း လက်ခံရ၏။ ဝေဒနာပေါင်းစုံလက်ခံတတ်သည့်ခန္ဓာ၊ နှိပ်စက်တတ်သည့်ခန္ဓာကြီးပင်ဖြစ်၏။ ထိုသို့ လက်ခံတတ်၊ နှိပ်စက်တတ်ပါသော်လည်း ဒုက္ခသစ္စာဟူ၍ကား မသိ။ လက်ရှိခန္ဓာကိုလည်း တွယ်တာခင်မင်နေကြသည်သာဖြစ်၏။ ယခုခန္ဓာကဲ့သို့ နောင်ခန္ဓာကိုလည်း လိုချင်နေကြသည်သာဖြစ်၏။ လိုချင်သောကြောင့်ပင် ကာယကံ ဝစီကံဖြင့် ဒါန သီလကုသိုလ်ပြုပြီး ဆုတောင်းယူနေကြခြင်းဖြစ်၏။ တောင်းသည့်အတိုင်း ခန္ဓာကြီးရရှိလာသောအခါ ကျွေးရ မွေးရ ပြင်ရ ဆင်ရ ရေချိုးရ ဖီးလိမ်းရဖြင့် ခန္ဓာ့ကျွန်ခံနေရသည်နှင့်ပင် အားချိန်မရှိ။ ထို့အပြင် အိုဘေး နာဘေး သေဘေးတို့ဖြင့်လည်း နှိပ်စက်မည်သာဖြစ်၏။ ထိုသို့ ဆင်ခြင်လိုက်ပါက ဒုက္ခသစ္စာ ခန္ဓာကိုယ်ကြီးအဖြစ် ပေါ်လာတော့၏။ ခန္ဓာဘက် ဉာဏ်လှည့်လိုက်လျှင် ပူခြင်းဖြင့်လည်း ခန္ဓာကိုယ်က နှိပ်စက်ပြ၏၊ အိုက်ခြင်းဖြင့်လည်း နှိပ်စက်ပြ၏၊ အေးခြင်းဖြင့်လည်း နှိပ်စက်ပြ၏၊ နာကျင်ကိုက်ခဲခြင်းဖြင့်လည်း နှိပ်စက်ပြ၏၊ ဆာလောင်မွတ်သိပ်ခြင်းဖြင့်လည်း နှိပ်စက်ပြ၏၊ မကျန်းမာခြင်းဖြင့်လည်း နှိပ်စက်ပြ၏၊ နည်းမျိုးစုံဖြင့် နှိပ်စက်ပြနေမည်သာဖြစ်၏။ ယခုနှိပ်စက်သကဲ့သို့ ဖြစ်လေရာ ဘဝတွင်လည်း လိုက်လံနှိပ်စက်နေမည်သာဖြစ်၏။ ထိုသို့ အမြဲမပြတ် နှိပ်စက်နေသောကြောင့် ဒုက္ခသစ္စာ ခန္ဓာကိုယ်ဟုဆိုရခြင်းဖြစ်၏။ ခန္ဓာရှိနေသမျှ ဒုက္ခနှင့် အတူနေရသည်သာဖြစ်၏။ မည်သည့်အချိန်မျှ ဒုက္ခနှင့် ကင်းသည်ဟူ၍ မရှိ။ ထို ဒုက္ခသစ္စာ ခန္ဓာကိုယ်ကြီးကို မသိလို့လိုချင်၍ ရရှိခဲ့ခြင်းဖြစ်သဖြင့် မသိသည်က အဝိဇ္ဇာ၊ လိုချင်သည်က တဏှာ၊ ထို အဝိဇ္ဇာ တဏှာတို့ကြောင့် ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုရ၏။ ထို့ကြောင့် ထိုအဝိဇ္ဇာ တဏှာ မကင်းသရွေ့ ဒုက္ခသစ္စာ ခန္ဓာမှလည်း ကင်းလိမ့်မည်မဟုတ်။ သို့ဖြစ်လျှင် အဝိဇ္ဇာနှင့် တဏှာကို သတ်မှ ဒုက္ခသစ္စာ ခန္ဓာ့ဝဋ်မှ လွတ်မြောက်နိုင်မည်ဖြစ်၏။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး