ဘဝမှတ်တိုင်များ
ဘဝအသီသီးတွင် မှတ်တိုင် အသီးသီးရှိကြ၏။ အများဆိုင်မှတ်တိုင်အနေဖြင့်မူ လေးခုရှိ၏။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏမှတ်တိုင်များဖြစ်၏။ ထိုမှတ်တိုင် အသီးသီးကို မည်သူမဆို မဖြတ်ကျော်၍ မရ။ ခန္ဓာရထားလမ်းရှိမှတ်တိုင်များဖြစ်၍ ခန္ဓာရထားသည် နောက်ပြန်မဆုတ်သောအားဖြင့် ထွက်လာခဲ့ရာ ခန္ဓာရသူတိုင်း ထိုမှတ်တိုင်လေးခုကို ဖြတ်ကျော်သွားရရိုး ဓမ္မတာပင်ဖြစ်ပါ၏။
ဘဝ၏အစ ဇာတိကဟုဆိုရ၏။ ပစ္စုပ္ပန်ဘဝ၏အစဖြစ်ပါ၏။ ဇာတိသည် အမိဝမ်းခေါင်းတွင် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြင့် ကိန်းအောင်တည်နေ ပဋိသန္ဓေကာလပင်ဖြစ်၏။ ဇာတိသည် ဒုက္ခသစ္စာသာဖြစ်၏။ ထို့ကြောင့် ဘဝကို ဒုက္ခဖြင့် စခဲ့သည်ဟုဆိုလျှင် မမှား။ သို့သော် ပဋိသန္ဓေနေရခြင်း၏ ဆင်းရဲဒုက္ခအစုစုတို့ကို အဝိဇ္ဇာက ပိတ်ကာဖုံးလိုက်သဖြင့် မသိနိုင် မမြင်နိုင်တော့။ မသိသဖြင့် ဇာတိပိ ဒုက္ခာ-ဟု ဆိုငြားသော်လည်း လက်ခံနိုင်လောက်သည်အထိ အသိတရားတို့ ဖြစ်ပေါ်မလာခဲ့။ ထိုဒုက္ခသည် ပြီးဆုံးခဲ့ပြီဖြစ်သဖြင့် ပြန်မသိနိုင်သော်လည်း ဇာတိမှတ်တိုင်ကမူ ထွက်ခွါလာကြရသည်သာ ဖြစ်၏။
ဇာတိမှတ်တိုင် လွန်ပြန်တော့ မွေးဖွား၍ ကြီးရင့်လာသည်နှင့်အမျှ ဇရာမှတ်တိုင်ရှည်ကြီးကို ဖြတ်သန်းနေရခြင်းသာဖြစ်၏။ ဇရာသည်လည်း သုခမဖက် ဒုက္ခတရားစုသက်သက်သာ ဖြစ်၏။ အစကလည်း ဒုက္ခနှင့် စခဲ့ရသကဲ့သို့ အလယ်တွင်လည်း ဒုက္ခနှင့်သာ ဆက်လက် ခရီးနှင်နေရ၏။ ငယ်ရာမှ လူလားမြောက်၊ လူလားမြောက်ရာမှ အသက်ကြီးလာခြင်းသည် ဇရာမှတ်တိုင်ရှည်ကြီးကို ဖြတ်သန်းနေရသည့် ကာလပင်ဖြစ်၏။ ဆံဖြူ ခါးကိုင်း နားထိုင်း သွားကြွေ ပါးရေနားရေတွန့်လိပ်၍ လာသည်မှာ ဇရာ၏လက္ခဏာများသာ ဖြစ်၏။ မွေးတုန်းက ကောင်းနေတဲ့မျက်စိ မျက်မှန်တပ်ကြည့်လို့မှ သဲသဲကွဲကွဲမမြင်နိုင်တော့သည်မှာ ခန္ဓာက ထွက်လာသော ဇရာတရားပင်ဖြစ်၏။ ငယ်မူပျောက်၍ ကြီးမူ အိုမူရောက်လာခြင်းဖြစ်၏။
နောက်ဆုံးတွင် အိပ်ယာဖျာကပ် မရပ်နိုင်မထိုင်နိုင်တော့သည့်အခြေအနေဆိုက်လာတော့ သင့်တော်ရာ ဆေးဝါးများဖြင့် ရှာဖွေကုသပေးရ၊ ဆရာဝန်များခေါ်ပြရ၊ ဆေးရုံတင်ပို့ရဖြင့် အလုပ်ရှုပ်ရသည်မှာ ဗျာဓိမှတ်တိုင် ဝင်ရောက်သွားခြင်းဖြစ်၏။ ဝေဒနာဒဏ်မခံနိုင်၍ အော်ရ အင်ရ ညည်းရငြူရဖြင့် မရှူနိုင်မကယ်နိုင်ခံစားရသည်မှာ ဗျာဓိဒုက္ခပင်ဖြစ်ပါ၏။ ထိုဗျာဓိ၏ နှိပ်စက်သည့်ဒဏ်ကို မခံမရပ်နိုင်တော့သည့်အဆုံးတွင် မရဏမှတ်တိုင် ဝင်ရတော့လေ၏။ မသေချင်ပါဘဲလျက် သေသွားရသည့် မရဏဒုက္ခပင်ဖြစ်၏။ ထို့ကြောင့် ဘဝတွင် အစကလည်း ဒုက္ခသစ္စာနှင့် စခဲ့ရသကဲ့သို့ အလယ်တွင်လည်း ဒုက္ခမှတ်တိုင်များကိုသာ ဖြတ်သန်းခဲ့ကြရပြီး အဆုံးတွင်လည်း ဒုက္ခသစ္စာနှင့်သာ လမ်းဆုံးရလေ၏။ ဤမှတ်တိုင်များသည် မည်သူမှ မလွန်ဆန်နိုင်သော မှတ်တိုင်များဖြစ်၏။ ထို့ကြောင့် ဘဝ၏မှတ်တိုင်များဟု တင်စား၍ ပြောရခြင်းဖြစ်၏။
အမှုမဲ့အမှတ်မဲ့သာနေကြပါက ထိုမှတ်တိုင်များဖြင့် ဘဝတစ်ခု အဆုံးသတ်ပြီး နောက်တစ်ခါ ဇာတိမှတ်တိုင်က စထွက် မရဏမှတ်တိုင်တွင်ပြန်ဆုံး၊ နောက်တစ်ခါ ဇာတိကပြန်စ၊ ဤသို့ဖြင့် ဘဝရထားသည် သံသရာခရီးလှည့်နေတော့မည်သာဖြစ်၏။ ဇာတိကိုလည်း လွန်ဆန်၍မရ၊ ဇရာ ဗျာဓိ မရဏတရားတို့ကိုလည်း လွန်ဆန်၍ မရသည်ကို နှလုံးသွင်းဆင်ခြင်လိုက်ပါမူ ထိုဒုက္ခများမှ လွတ်မြောက်ရာ ထွက်ရပ်ပေါက်လမ်းကို ရှာလိုစိတ်ဆန္ဒ ပေါ်လာမည်ဖြစ်၏။ ထို့ကြောင့် ထိုမှတ်တိုင်များကို မလွန်ဆန်နိုင်သည်ကို ဖာသိဖာသာ မထားဘဲ “ဇာတိတရားသည်လည်း လွန်ဆန်၍မရပါလား၊ ဇရာတရားသည်လည်း လွန်ဆန်၍ မရပါလား၊ ဗျာဓိတရားသည်လည်း လွန်ဆန်၍မရပါလား၊ မရဏတရားသည်လည်း လွန်ဆန်၍မရပါလား” ဟု ဆင်ခြင်နေမည်ဆိုပါက လွတ်လိုကျွတ်လိုစိတ် သံဝေဂဉာဏ်ရရှိလာမည်ဖြစ်၏။
ထိုမှတ်တိုင်သံသရာမှ ထွက်ရပ်လမ်းရှာမည်ဆိုလျှင် ဇာတိမှတ်တိုင် ဖြတ်သန်းနေချိန်တွင်လည်း အမိဝမ်းခေါင်းတွင် ကိန်းအောင်နေရသည်ဖြစ်၍ မည်သို့မျှ ရှာလို့မရ။ မွေးဖွားလို့ လူလားမြောက် ကြီးပြင်းလာသောအခါ ဇရာမှတ်တိုင် စနေပြီဖြစ်၏။ မွေးဖွားသည့်နောက် ဗျာဓိမှတ်တိုင်၊ မရဏမှတ်တိုင်ဆီသို့ အတင်းခုတ်မောင်းနေလေ၏။ ထွက်ရပ်ပေါက်လမ်းရှာလိုလျှင် ဇရာကာလတွင်သာရှာဖို့ အဆင်အပြေဆုံးအချိန်ဖြစ်၏။ ဇရာမှတ်တိုင်သည် အရှည်ဆုံးမှတ်တိုင်ဖြစ်၏။ ဗျာဓိ မရဏရောက်မှ ရှာနေမည်ဆိုလျှင် အချိန်နှောင်းသွားပြီဖြစ်သဖြင့် ထွက်ရပ်လမ်းကို တွေ့တော့မည်မဟုတ်။ ထို့ကြောင့် ဇရာမှတ်တိုင်က ဗျာဓိမှတ်တိုင်မရောက်ခင်မှာ ကြိုတင်၍ ထွက်ရာလမ်းကို ရှာကြရမည်ဖြစ်၏။ ထိုသို့မရှာဘဲ ငြင်းဆန်မရအတူတူ ထိုမှတ်တိုင်များကိုပဲ တစ်ခုပြီး တစ်ခု ကျော်ဖြတ်နေတော့မည်ဆိုပါက ထိုမှတ်တိုင်လေးခုဆုံးသည်နှင့် နောက်တစ်ခါ ဇာတိကပြန်စသဖြင့် ထိုလမ်းရိုးအတိုင်းပင် ဆက်လက်လည်ပတ်နေရမည်သာဖြစ်၏။ မှတ်တိုင်အားလုံးသည်လည်း ဒုက္ခသစ္စာမှတ်တိုင်များသာဖြစ်နေသဖြင့် ဒုက္ခသစ္စာ တစ်ခုပြီးတစ်ခု ကျော်ဖြတ်၍ မဆုံးနိုင်အောင်သာ ဖြစ်နေတော့၏။ လူဖြစ်စေ နတ်ဖြစ်စေ သိကြား ဗြဟ္မာဖြစ်စေ အပါယ်ဘုံသားဖြစ်စေ ထိုမှတ်တိုင်လေးခုကို ဖြတ်ကျော်နေရသည်သာဖြစ်သဖြင့် ဒုက္ခလေးခု လှည့်ခံနေရသည်သာဖြစ်၏။ အရင်ဘဝက လူဖြစ်ခဲ့သည် ခွေးဖြစ်ခဲ့သည်မသိနိုင်သော်လည်း ထိုဒုက္ခလေးခု ဖြတ်ကျော်ခဲ့ရသည်ကတော့ အမှန်ပင်ဖြစ်၏။ နောက်ဘဝတွင်လည်း ဘာဖြစ်မည် ညာဖြစ်မည် မပြောနိုင်သော်လည်း ထိုဒုက္ခမှတ်တိုင်လေးမျိုးဖြတ်သန်းနေရမည်သာဖြစ်၏။ ထွက်မြောက်ရာလမ်းမရှာသရွေ့ ထိုလမ်းရိုးအတိုင်းသာ မှတ်တိုင်တစ်တိုင်ပြီးတစ်တိုင် ကျော်ဖြတ်ရင်းဖြင့် သံသရာရထားခရီးစဉ် နားချိန်မရှိ အပြေးနှင်နေရမည်သာဖြစ်၏။ ဇာတိပြီး ဇရာ၊ ဇရာပြီး ဗျာဓိ၊ ဗျာဓိပြီး မရဏ- ဒုက္ခမှတ်တိုင်များသာ လှည့်နေမည်ဖြစ်၏။ မရဏပြီးပြန်တော့လည်း ဇာတိကပြန်စဦးမည်ဖြစ်ရာ ဒုက္ခစက် တစ်ခါပြန်လှည့်ပြန်ပါ၏။
ခန္ဓာသည် အိုဘေး နာဘေး သေဘေးတို့ဖြင့် ပြည့်နေသည်သာဖြစ်၏။ ထိုအိုဘေးနာဘေး သေဘေးတို့ကို ထမ်းပြီး လျှောက်လှမ်းနေရခြင်းသာဖြစ်၏။ ဇာတိကနေ ဇရာ၊ ဇရာကနေ ဗျာဓိ၊ ဗျာဓိကနေ မရဏဆီသို့ လျှောက်လှမ်းနေကြရသည်သာဖြစ်၏။ ထိုသို့ ခန္ဓာ့ဝန်အကြီးစားတွေ ကိုယ်စီထမ်းလျက် လျှောက်လှမ်းနေရသည့်ကြားမှပင် သားဝန် သမီးဝန် ဇနီးဝန် မယားဝန် မင်းဝန် စိုးဝန် စသည်ဖြင့် ဝန်မှန်သမျှ ထမ်းနေရသဖြင့် ဝန်ထမ်းရင်းဖြင့်ပင် မှတ်တိုင်များတစ်ခုပြီးတစ်ခုလွန်၍ ဗျာဓိမှတ်တိုင်ရောက်ပြီဆိုမှ လွတ်ရာကျွတ်ရာလမ်းကို ရှာချင်ပါ၏ဟု အကြံပေါက်ခဲ့သော် အချိန်မီနည်းမှန်လမ်းမှန် ရှာနိုင်ဖို့ မလွယ်ကူတော့။ အနီးကပ် သွန်သင်ပေးမည့် ဆရာသမားကောင်းနှင့် တွေ့ဖို့ အချိန်မရှိတော့။ ထို့ကြောင့် ဗျာဓိမှတ်တိုင်မရောက်မီ ဇရာမှတ်တိုင်အတွင်း ဖြတ်သန်းနေချိန်မှာသာ လွတ်မြောက်ရာလမ်းကို ရှာရမည့်အချိန်ဖြစ်၏။ လွတ်မြောက်ရာလမ်းသည် မဂ္ဂင်လမ်းပင်ဖြစ်၏။ ထိုမဂ္ဂင်လမ်းကိုမှ မလိုက်ဘူးဆိုလျှင် လမ်းရိုးအတိုင်း မှတ်တိုင်လေးခု တစ်ခုပြီးတစ်ခု ကျော်ဖြတ်နေရသည့် ဘဝရထားသည် ခရီးအဆုံးမရှိဘဲ မရဏဆုံး ဇာတိကပြန်စ၍ ပဋိစ္စသမုပ္ပါဒ်လည်မြဲတိုင်း လည်နေမည်သာဖြစ်သဖြင့် ထိုဒုက္ခမှတ်တိုင်များသည် ဒုက္ခပေးဖို့ စောင့်နေကြဦးမည်သာဖြစ်၏။ ထိုဒုက္ခမှတ်တိုင်များကိုတော့ဖြင့် မဖြတ်လိုတော့ပါဘူးဟု ဉာဏ်မြင်သံဝေဂယူလျက် မှတ်တိုင်ကင်းမဲ့သည့် ထွက်ရပ်လမ်း- မဂ္ဂင်လမ်းကို ဆရာဝန်အကူအညီမယူမဖြစ်တော့သည့် ဗျာဓိမှတ်တိုင်မရောက်မီ ကြိုတင်၍ ရှာဖွေမှသာလျှင် တကယ့်မှတ်တိုင်လွန်နယ်မြေနိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်မည်ဖြစ်ပါ၏။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.