ဘဝဆက်ပြဿနာ

အနမတဂ္ဂေါယံ ဘိက္ခေ၀ သံသာရော- သံသရာ၏အစကို မသိနိုင်ဟု ဘုရားရှင်ဟောတော်မူခဲ့၏။ သတ္တဝါတစ်ဦး၏ ခန္ဓာ့ဖြစ်စဉ်ကို နောက်ပြန် ပြန်တွေးကြည့်လိုက်မည်ဆိုပါက အရင်ဘဝက လူဖြစ်ခဲ့သည်၊ ထို့အရင်ဘဝက နတ်ဖြစ်ခဲ့သည်၊ ထို့အရင်ဘဝက ခွေးဖြစ်ခဲ့သည် စသည်ဖြင့် မီးခိုးမဆုံး မိုးမဆုံး ဖြစ်နေလေသဖြင့် ဘုရားရှင်က ယင်းသို့ မိန့်တော်မူခြင်းဖြစ်၏။ ဘုရားရှင်၏ အလွန်လျှင်မြန်ထက်မြက်သော သဗ္ဗညုတဉာဏ်တော်ဖြင့် သတ္တဝါတစ်ဦးတစ်ယောက်၏ ဘဝဖြစ်စဉ်ကို ကုန်စဉ်အောင် ပြန်တွေးတော၍ ကြည့်မည်ဆိုလျှင်ပင် ဘုရားရှင် (၄၅)ဝါ သက်တမ်းကုန်သွားသော်မှ သတ္တဝါတစ်ဦးတစ်ယောက်၏ ဘဝဖြစ်ပုံ ကကြိုးစုံကို ကုန်စဉ်အောင် ပြန်လည်ကြည့်ရှု၍ မပြီးနိုင်။ မရေမတွက်နိုင်လှသော သတ္တဝါတို့၏ အစကို မည်သို့လျှင် ကုန်စဉ်အောင် ပြန်လည်ကြည့်ရှုပေးနိုင်ပါမည်နည်း။ ထိုမျှလောက် ဘဝအသင်္ချေ အနေ အသေထပ်ခဲ့ရသဖြင့် သံသရာ၏အစကို ဘုရားရှင်သည် ရှာပြတော်မမူခဲ့ခြင်းဖြစ်၏။ ပြန်လည်ကြည့်ရှုပြနေ၍လည်း မဂ်ဖိုလ်ရရေးအတွက် အထောက်အပံ့မဖြစ်။ ပင်ပန်းရုံသာရှိမည်ဖြစ်၏။ သို့သော် ဓမ္မ၏ အစကိုတော့ ဘုရားရှင်က ထုတ်ပြတော်မူခဲ့ပါ၏။ အဝိဇ္ဇာ- သစ္စာမသိမှုက စခဲ့သည်ဟု ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်တွင် အတိအလင်း ဖော်ပြတော်မူခဲ့၏။ သတ္တဝါဖြစ်စဉ်ကို မသိနိုင်သော်လည်း ဓမ္မဖြစ်စဉ်ကိုတော့ သိတော်မူပါ၏။ အဝိဇ္ဇာဦးစီးလျက် ကံသင်္ခါရတွေပြုခဲ့သဖြင့် ကံက လှည့်သလို သံသရာတွင် ခန္ဓာအစဉ် ပေါ်နေရခြင်းသာဖြစ်၏။ ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း အကွက်(၁)တွင် အဝိဇ္ဇာ သင်္ခါရနှစ်လုံးကို ထင်ရှားစွာ ဖော်ပြထားခြင်းဖြစ်၏။ အတိတ်ဘဝက လူဖြစ်ခဲ့သည် နတ်ဖြစ်ခဲ့သည်ကိုတော့ မသိ၊ အဝိဇ္ဇာနှင့် သင်္ခါရဖြစ်ခဲ့သည်ကတော့ ဓမ္မသဘောအရ အမှန်တရားဖြစ်၏။ အဝိဇ္ဇာကြောင့် ပြုသမျှ ကံတို့ သင်္ခါရဖြစ်၊ သင်္ခါရကြောင့် ယခုလက်ရှိဘ၀ ခန္ဓာငါးပါး ရရှိပိုင်ဆိုင်ထားခြင်းသာဖြစ်၏။ ဓမ္မဖြစ်စဉ်တွင် အတိတ်ဘဝက အဝိဇ္ဇာသည်လည်း အတိတ်ဘဝတွင် ချုပ်ခဲ့ပြီးဖြစ်၏။ သင်္ခါရသည်လည်း အတိတ်ဘဝတွင် ချုပ်ခဲ့ပြီးဖြစ်၏။ ယခုဘဝသို့ လိုက်မလာကြ။ ယခုဘ၀ ပဋိသန္ဓေဝိညာဏ်မှ စခဲ့ရပြီး ခန္ဓာငါးပါးဖြစ်တည်လာခဲ့သော်လည်း အတိတ်ဘဝက တရားများ တစ်ခုမှ ပါမလာခဲ့။ ထိုသို့ပါမလာခဲ့သည်ကိုသိနားလည်လျှင် မြဲသည်ဟု ပြောဆို ယူဆစရာမရှိ။ ဝိညာဏ်ကလေးက သေလျှင် ခန္ဓာဟောင်းစွန့်ပြီး ခန္ဓာအသစ် ကူးပြောင်းသွားသည်ဟု ယူဆနေကြသည်မှာ ပဋိစ္စသမုပ္ပါဒ်ကို ထိုသို့ ဂဃနဏ မသိကြသောကြောင့်သာဖြစ်၏။ ဝိညာဉ်ကောင် လိပ်ပြာလေးသည် သေသူခန္ဓာမှထွက်၍ အိမ်တွင် (၇)ရက်နေသေးသည်၊ သို့မဟုတ် နောက်ခန္ဓာအိမ်အသစ်သို့ ကူးပြောင်းသွားသည်ဆိုလျှင် မမြဲသည့်ရုပ်နာမ်ထဲတွင် မြဲသည့် ဝိညာဏ်၊ လိပ်ပြာကောင်၊ အသက်ကောင်လေး ရှိနေသည်ဟု ယူဆလိုက်ခြင်းဖြစ်သဖြင့် သဿတဒိဋ္ဌိအယူဖြစ်၏။ ထိုကဲ့သို့သော သဿတအယူသည် ဗုဒ္ဓဘာသာဝင်တို့တွင် ဖြစ်လေ့ဖြစ်ထရှိသောအယူဖြစ်၏။ “အသက်ထွက်သွားသည်” ဟုပြောသောစကားသည်ပင် အသက်ကောင်လေး ထွက်သွားသည်ဟု ကိန်းနေသောအယူရှိနေ၍ပြောကြခြင်းဖြစ်၏။ “ဘဝတစ်ပါးသို့ ပြောင်းသွားရှာသော”ဟုပင် ဆိုတော်မူကြသေး၏။ ဘဝတစ်ပါးသို့ ဝိညာဏ် သို့မဟုတ် အသက်က ပြောင်းသွားသည်ဟု ရည်ရွယ်နေသဖြင့် ထိုရည်ရွယ်သည့်အတိုင်း စိတ်ထဲတွင် ခံယူမိလျှင် သဿတဒိဋ္ဌိဖြစ်နေလေ၏။ “ကွယ်လွန်သူ”ဟု ပြောမှ မှန်ကန်ပေလိမ့်မည်။ တစ်ယောက်ယောက် သေလျှင် လိပ်ပြာစစ်သည်၊ လိပ်ပြာခွဲသည်ဟု လုပ်လေ့လုပ်ထရှိကြ၏။ ထိုသို့မလုပ်လျှင် သေသူက ကျန်ရစ်သူသားသမီးများကို လိပ်ပြာနှုတ်သွားမည်၊ ခေါ်မည်ဟု ယုံကြည်ထားကြသောကြောင့် လုပ်ကြခြင်းဖြစ်၏။ စင်စစ်မှာ သေဆုံးသူသည် မိနစ် စက္ကန့်မျှ မခြားဘဲ နောက်ခန္ဓာသို့ ပဋိသန္ဓေဆက်လက် တည်သွားပြီဖြစ်၏။ ထို့ကြောင့် အတိတ်ရုပ်နာမ်သည် အတိတ်တွင် ဖြစ်ပြီး ချုပ်ခဲ့သည်သာဖြစ်၏။ ယခုဘဝဘက်သို့ ဘာတစ်ခုမျှ လိုက်မလာခဲ့။ လိုက်လာခဲ့သည်ဟု ထင်လျှင် သဿတဒိဋ္ဌိဖြစ်၏။ ထိုထင်မြင်ချက်ပျောက်အောင် ဉာဏ်ရှင်းမှ သဿတဒိဋ္ဌိစင်၏။ ယခုဘဝရုပ်နာမ်သည် မိုကျရွှေကိုယ်ရုပ်နာမ်လား၊ အကြောင်းမဲ့ဖြစ်တည်လာခြင်းလားဟုဆိုသော် ထိုသို့လည်းမဟုတ်။ အတိတ်ဘဝက ပြုခဲ့သည့် ကံသင်္ခါရသည် အကြောင်း၊ ထိုအကြောင်းသင်္ခါရကြောင့်ပေါ်လာရသော အကျိုးရုပ်နာမ်သာဖြစ်၏။ အတိတ်ဘဝကတစ်ခြား၊ ယခုဘဝကတစ်ခြားဟု လုံးဝအဆက်အစပ်ကင်းမဲ့လျက် ခြားကွာသွားခြင်းမျိုးလည်းမဟုတ်။ အကြောင်း အကျိုးတော့ ဆက်စပ်လျက်ရှိ၏။ လက်ရှိခန္ဓာသည် အကြောင်းကြောင့်ပေါ်လာရသော အကျိုးသာဖြစ်၏။ အကြောင်းသည် အကျိုးမဟုတ်၊ အကြောင်းကံသည် ဖြစ်သည့်နေရာတွင် ပျက်ခဲ့ရ၏။ ဤဘဝသို့ လိုက်မလာခဲ့။ သို့သော် ထိုအကြောင်းကံကြောင့် လက်ရှိခန္ဓာပေါ်လာရခြင်းဖြစ်၍ အတိတ်ဘဝက ရုပ်နာမ်များ လိုက်မလာနိုင်၍ လိုက်မလာခဲ့သော်လည်း အကြောင်း အကျိုးတော့ ဆက်စပ်လျက်ရှိ၏ဟု ဉာဏ်မြင်ရှင်းလျှင် ပြတ်သည်ဟုထင်မြင်ယူဆထားသော ဥစ္ဆေဒဒိဋ္ဌိသေ၏။ “ဒီဘဝပြီး ပြီးတာပဲ၊ နောက်ဘဝတွေ ဘာတွေ ထည့်တွက်နေစရာမလိုဘူး”ဟု တစ်ချို့ ခံယူထားလေ့ရှိကြ၏။ အပြတ်သမား ဥစ္ဆေဒသမားများသာဖြစ်၏။ နောက်ဘဝမရှိဟု ယူဆသူများသည်လည်း ဥစ္ဆေဒအယူသာဖြစ်၏။ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အရ အတိတ်ကံသင်္ခါရကြောင့် ယခုဘဝခန္ဓာ ရရှိလာခြင်းဖြစ်သည်ဟု အကြောင်း အကျိုးဆက်စပ်နားလည်လိုက်မည်ဆိုလျှင် ဘဝတစ်ခုနှင့် တစ်ခု အကြောင်းအကျိုး ဆက်စပ်နေပါလားဟု ဉာဏ်ရှင်းသွားသဖြင့် ဥစ္ဆေဒဒိဋ္ဌိစင်သွားတော့၏။ အတိတ်ဘဝက ရုပ်နာမ်များ လိုက်လာသည်ဟု ယူဆလျှင် သဿတဒိဋ္ဌိ၊ အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင်လေးက ခန္ဓာအိမ်ဟောင်းက ခန္ဓာအိမ်အသစ်ပြောင်းသည်ဟု ယူဆလျှင်လည်း သဿတဒိဋ္ဌိ။ ထိုဒိဋ္ဌိစင်ဖို့အတွက် အတိတ်ရုပ်နာမ်သည် အတိတ်တွင်သာ ဖြစ်ပျက်ခဲ့၏၊ ယခုဘဝသို့ ဘာတစ်ခုမျှ လိုက်မလာခဲ့ဟု ဉာဏ်ရှင်းအောင် လုပ်ထားရမည်ဖြစ်၏။ လိုက်သည်ဟု ထင်မြင်နေလျှင် သဿတဒိဋ္ဌိမပြုတ်၊ လုံးဝမလိုက်ဟု ရှင်းလင်းစွာ သဘောပေါက်ထားမှ သဿတဒိဋ္ဌိပြုတ်မည်ဖြစ်၏။ မလိုက်သော်လည်း အကြောင်းမဲ့ဖြစ်သည်မဟုတ်၊ အကြောင်းအကျိုးတော့ ဆက်သေးသည်ဟု သိထားလျှင် ဥစ္ဆေဒဒိဋ္ဌိပြုတ်၏။ ထို့ကြောင့် စက်ဝိုင်းအကွက်(၁)နှင့် (၂)အစပ်ကို အတိတ်ဘ၀ ရုပ်နာမ်က လက်ရှိဘဝသို့ မလိုက်၊ အကြောင်းအကျိုးသာ ဆက်စပ်လျက်ရှိ၏ဟု ဉာဏ်တွင် ရှင်းနေအောင် ဆင်ခြင်ကြည့်လိုက်ပါ။ အတိတ်ဘဝနှင့် ယခုဘဝသည် အနန္တရပစ္စည်းဖြင့် အခြားမရှိကျေးဇူးပြုလာခဲ့သော ရုပ်နာမ်အစဉ်သာ ဖြစ်၏။ ရုပ်နာမ်မှန်သမျှ ဖြစ်ပြီး ပျက်စီးသွားရမြဲ ဓမ္မတာပင်ဖြစ်၏။ သို့သော် ရှေ့ရုပ်နာမ်ပျက်မှ နောက်ရုပ်နာမ်အသစ်က အစားထိုးနေရာယူနိုင်ခြင်းဖြစ်၏။ နောက်ရုပ်နာမ်အစားထိုးနေရာယူဖို့အတွက် ရှေ့ရုပ်နာမ်က ပျက်စီးပြီး မရှိတော့သောအားဖြင့် ဖယ်ရှားပေးလိုက်ရ၏။ နတ္ထိပစ္စည်းဖြင့်လည်း ကျေးဇူးပြုပေးခြင်း ဖြစ်၏။ ရှေ့ရုပ်နာမ်မရှိတော့သောအားဖြင့် နောက်ရုပ်နာမ်ပေါ်ခွင့်ကို ကျေးဇူးပြုပေးလိုက်၏။ သို့ဖြစ်၍ ရုပ်နာမ်အစဉ်အတန်းသည် ဖြစ်လိုက်ပျက်လိုက်ဖြင့် ဘဝတစ်ခု ချုပ်ငြိမ်းရုပ်သိမ်းသွားသော်လည်း ပြတ်စဲသွားခြင်းမရှိ။ နောက်ဘဝအတွက် အ ကြောင်းကံ သင်္ခါရတွေ ရှိနေသမျှ နောက်နောက် အသစ်အသစ် ရုပ်နာမ်တို့ ပေါ်နေဦးမည်သာဖြစ်၏။ ဖြစ်ပြီးပျက်၊ ပျက်ပြီးဖြစ်၍သာ စဉ်တန်းနေသည်ဟု နားလည်ရမည်။ သို့မှသာ မပျက်မစီး တည်မြဲနေသည်ဟူသော ထင်မြင်ယူဆချက် သဿတစင်မည်ဖြစ်၏။ ဖြစ်ပျက်နေသော်လည်း အကြောင်း အကျိုးအနေဖြင့် ဆက်စပ်လျက်ရှိနေသည်ဟု သဘောဉာဏ်မိဖို့လည်း လိုအပ်လှသည်။ သို့မှသာလျှင် “ပျက်သွားရင် ပြီးတာပဲ”ဟု အပြတ်အယူ ဥစ္ဆေဒဒိဋ္ဌိ စင်မည်ဖြစ်၏။ သတ္တဝါတစ်ဦး၏ ရုပ်နာမ်အစဉ်သည် အခြားသတ္တဝါတစ်ဦး၏ ရုပ်နာမ်အစဉ်သို့လည်း ချော်ငေါ့ပြီး ကြောင်းကျိုးဆက် လွဲမှားသွားခြင်းမျိုးမရှိ။ ယင်းသို့လွဲမှားသွားသည်ဟု ယူဆလိုက်လျှင်လည်း “ကိုယ်အပြစ် သူတစ်ပါးက ခံရသည်”ဟု ယူဆသည့် ဥစ္ဆေဒဒိဋ္ဌိ ဝင်လာပြန်၏။ “ကိုယ်လုပ်သမျှ ဘုရားရှင်ထံ တောင်းပန်ဝန်ချလိုက်လျှင် ပျောက်သည်”ဟူသော အယူအဆသည် ဥစ္ဆေဒဒိဋ္ဌိအယူအဆဖြစ်၏။ ကိုယ့်ရုပ်နာမ်အစဉ်၏ ကြောင်းကျိုးကွင်းဆက်သည် ကိုယ့်ရုပ်နာမ်အစဉ်သို့သာ ကျေးဇူးပြုနေမည်ဖြစ်၏။ အခြားသူထံသို့ ကြောင်းကျိုးကွင်းဆက် တိုက်ရိုက် သက်ရောက်သွားလိမ့်မည်မဟုတ်။ ထိုသို့ ရုပ်နာမ်ဖြစ်ပျက် အစဉ်သာရှိသည်ဟု ရေလည်စွာ သဘောပေါက်ထားလျှင် တည်မြဲအယူ သဿတအစွန်းမှလည်းလွတ်၏၊ အပြတ်အယူ ဥစ္ဆေဒအစွန်းမှလည်းလွတ်၏။ ပုဂ္ဂိုလ် သတ္တဝါမဖက် ရုပ်နာမ်သက်သက်သာရှိ၏ဟုသိသဖြင့်လည်း သက္ကာယဒိဋ္ဌိစင်၏။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

သံသရာစက်ဝိုင်း