၀ဋ်လည်၏ဟူသည်
ဝဋ်သုံးပါးဟူသည် ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်တို့ဖြစ်၏။ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းတွင် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်(၃)ပါးကိုလည်းကောင်း၊ သင်္ခါရ၊ ကမ္မဘဝ(၂)ပါးကိုလည်းကောင်း ကြိုးနီဖြင့်ဝိုင်းပြထား၏။ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်(၃)ပါးသည် ကိလေသဝဋ်ဖြစ်၏။ သင်္ခါရနှင့် ကမ္မဘဝ(၂)ပါးသည် ကမ္မဝဋ်ဖြစ်၏။ ကျန်သည့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဇာတိ ဇရာမရဏ ဥပပတ္တိဘ၀ (၈)ပါးသည် ဝိပါကဝဋ်ဖြစ်၏။
ဝဋ်ဟူသည် လည်ခြင်းဟု အဓိပ္ပါယ်ရ၏။ သံသရာကို ထိုဝဋ်သုံးပါးက လှည့်နေသဖြင့် လည်နေရခြင်းသဘောဖြစ်၏။ အဝိဇ္ဇာနှင့် တဏှာကြောင့် ခန္ဓာရရှိခဲ့ပုံကို မနေ့က ပြောခဲ့၏။ ထိုအဝိဇ္ဇာ တဏှာတို့သည် ကိလေသဝဋ်ပင်ဖြစ်၏။ အဝိဇ္ဇာက မသိအောင်ဖုံး၊ တဏှာက ဘုံဘဝကို ခင်မင်သဖြင့် သတ္တဝါတိုင်းသည် ကိုယ့်ဘဝကိုယ် ခင်မင်တွယ်တာနေကြသည်သာဖြစ်၏။ မည်မျှဆိုးသည့်ဘဝပင် ဖြစ်နေစေကာမူ ကိုယ့်ဘဝကိုယ်တော့ ခင်မင်နေကြ၏။ ဆင်းရဲသားကလည်း ဆင်းရဲသားဘဝအလိုက် ပြုံးပျော်နေကြ၏။ လူလတ်တန်းစားကလည်း လူလတ်တန်းစားဘဝအလိုက် ပြုံးပျော်နေကြ၏။ လူချမ်းသာကလည်း လူချမ်းသာအလိုက် ပြုံးပျော်နေကြ၏။ ထို့အတူ နတ်ဗြဟ္မာတို့သည်လည်း သူဖြစ်လေရာဘုံဘဝကို သာယာစုံမက်နေကြသကဲ့သို့ အပါယ်ဘုံသားတို့သည်လည်း ဘဝစွဲရှိနေသဖြင့် သူဖြစ်လေရာဘဝခန္ဓာကိုတော့ ခင်မင်နေကြသည်သာဖြစ်၏။ ထိုဘဝခန္ဓာကို ဒုက္ခသစ္စာဟု သိခွင့်မရသဖြင့် ထိုခန္ဓာ့ဝဋ်မှ လွတ်မြောက်လိုစိတ်မရှိကြ။ ထိုသို့ သိခွင့်မရအောင် အဝိဇ္ဇာကဖုံး၊ တဏှာက လှည့်စားထားသဖြင့် ကိုယ့်ခန္ဓာကိုယ်သည်သာ ခင်စရာ မင်စရာ အားကိုးစရာအဖြစ် ထင်မှတ်နေလေ့ရှိကြ၏။
ကိုယ့်ခန္ဓာကိုယ် ခင်ရင်းဖြင့်ပင် ကာယကံ ဝစီကံ မနောကံဟူသော ကံတို့ကို ပြုလုပ်နေကြပါ၏။ အဝိဇ္ဇာ တဏှာမကင်းဘဲ ပြုလုပ်သမျှကံတို့သည် သင်္ခါရဖြစ်လာရ၏။ ထိုသင်္ခါရဟူသည် ကံကိုဆိုလိုရင်းဖြစ်၏။ ထို့ကြောင့် သင်္ခါရနှင့် ကမ္မဘဝသည် အတူတူပင်ဖြစ်၏။ သင်္ခါရသည် အတိတ်ကံကို ညွှန်းဆို၏။ ကမ္မဘဝသည် ပစ္စုပ္ပန်ကံကို ညွှန်းဆို၏။ ထိုတရားစုကို ကမ္မဝဋ်ဟုခေါ်၏။ ကိလေသဝဋ်ကြောင့် ကမ္မဝဋ်ပေါ်ရခြင်းဖြစ်၏။ ကိလေသာကြောင့် ကံဖြစ်နေ၏။ ထို့ကြောင့် အဝိဇ္ဇာတဏှာရှိနေသရွေ့ သင်္ခါရနှင့်ကမ္မဘဝတို့လည်း ရှိနေမည်သာဖြစ်၏။ ခန္ဓာကိုယ်ကို ဒုက္ခသစ္စာဟုလည်း မသိ၊ ဘဝစွဲ ခန္ဓာစွဲ တဏှာကလည်းရှိသဖြင့် ထိုအဝိဇ္ဇာ တဏှာ တန်းလန်းနှင့် ပြုသမျှအလုပ်၊ ပြောသမျှစကား၊ ကြံသမျှ အကြံတို့သည် ကံဖြစ်လာရခြင်းဖြစ်၏။ ပဋိစ္စသမုပ္ပါဒ်အလို အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံပင် ဖြစ်ပါ၏။ အတိတ်ဘဝတွင် အဝိဇ္ဇာဦးစီးသဖြင့် အဝိဇ္ဇာတစ်လုံးတည်းကို ဆိုရခြင်းဖြစ်၏။ တဏှာသည်လည်း အဖော်အဖြစ်ပါနေသည်သာဖြစ်၏။ အတိတ်ဘဝက အဝိဇ္ဇာခေါင်းဆောင် တဏှာက အဖော်လုပ်လျက် ကောင်းကံ ဆိုးကံတို့ကိုလုပ်ခဲ့ကြသဖြင့် လက်ရှိခန္ဓာကိုယ်ကိုရရှိခြင်းဖြစ်၏။ ကံမှန်သမျှ သင်္ခါရသာဖြစ်၏။ ထိုသင်္ခါရခေါ်သည့် ကံသည် အကျိုးပေးလိုက်တော့ ဝိညာဏ်ဖြစ်လာ၏။ ထိုဝိညာဏ်သည် ယခုဘဝအစ ပဋိသန္ဓေဝိညာဏ်ပင် ဖြစ်၏။ ယခုဘဝ၏အစ ဇာတိဟုလည်း ဆိုရ၏။ ဝိညာဏ်ဟုခေါ်သည်ဖြစ်စေ ဇာတိဟုခေါ်သည်ဖြစ်စေ ဒုက္ခသစ္စာသာဖြစ်၏။ အတိတ်က အဝိဇ္ဇာ တဏှာခေါင်းဆောင်၍ ပြုလုပ်ခဲ့သော ကမ္မဝဋ်၏ အကျိုးပေး ဝိပါကဝဋ်ကို လူနတ်ဗြဟ္မာ ကြိုက်ရာခေါ်နိုင်သော်လည်း ဒုက္ခသစ္စာခန္ဓာငါးပါးသာ ဓမ္မအဖြစ်တွေ့ရ၏။ ဤသည်ပင် အမှန်တရားဖြစ်ပါ၏။
ပဋိသန္ဓေဝိညာဏ်ပေါ်ပြီးသည့်နောက်တွင် ထိုပဋိသန္ဓေစိတ်နှင့် ဆက်စပ်သမျှ စေတသိက်နာမ်များ၊ ရုပ်များလည်း ပေါ်လာမည်သာဖြစ်၏။ စက်ဝိုင်းတွင် နာမ်ရုပ်ဟု တွေ့ရမည်ဖြစ်၏။ ထို့နောက် အချိန်အားလျော်စွာ အာယတနခြောက်ပါး၊ ဖဿ၊ ဝေဒနာတို့ ပေါ်လာမည်သာဖြစ်၏။ ပဋိသန္ဓေဝိညာဏ်စိတ်သည် တစ်ချက်သာဖြစ်ပြီး ပျက်သွားလေတော့၏။ ထိုပဋိသန္ဓေစိတ်တစ်ချက်ကလေးသည် လက်ရှိဘဝခန္ဓာ၏အစဦးစိတ်ကလေး ဖြစ်ပြီး ထိုစိတ်သည်လည်း မမြဲသည့်အားလျော်စွာ ဖြစ်ပြီးပျက်သွားသဖြင့် ပဋိသန္ဓေအခိုက်အတန့်ကို စိတ်ပိုင်းဆိုင်ရာအရ ပိုင်းခြားပြောပြလောက်အောင်ပင် အချိန်မရှိ။ ဖြစ်ပျက်တစ်ချက်သာကြာလိုက်၏။ ထိုပဋိသန္ဓေစိတ်တစ်ချက်ဖြစ်ပြီးနောက်တွင် စိတ်တို့သည် ဆက်လက်ဖြစ်ပေါ်နေသည်သာဖြစ်၏။ စိတ်မရှိလျှင် သေသည်သာဖြစ်သဖြင့် အမိဝမ်းခေါင်းတွင် ကိန်းအောင်းနေစေကာမူ စိတ်များ အစဉ်လိုက် အတန်းလိုက် ဆက်လက်ဖြစ်နေပါ၏။ ဘဝင်စိတ်များသည် အများစုဖြစ်လေ့ရှိ၏။ ပဋိသန္ဓေစိတ်၏ နောက်တွင် ဆက်လက်ဖြစ်ပေါ်နေသော ဝိပါက်စိတ်များကိုမူ ပဝတ္တိဝိညာဏ်ဟု ခေါ်ရ၏။ ထို့ကြောင့် ဝိညာဏ်ကို ပဋိသန္ဓေဝိညာဏ်၊ ပဝတ္တိဝိညာဏ်ဟု နှစ်မျိုး ခွဲခြားနားလည်ထားဖို့ အရေးကြီးပါ၏။ ပဋိသန္ဓေစိတ်နောက်တွင် ပေါ်လာသည့် ဝိပါက်စိတ်မှန်သမျှ သေသည့် စုတိစိတ်မကျမီအထိ ဖြစ်သမျှ စိတ်တို့ကို ပဝတ္တိဝိညာဏ်ဟု ခေါ်ပါ၏။ နောက်ဆုံး သေသည့်စိတ်ကလေးတစ်ချက်ကိုမူ စုတိစိတ်ဟုခေါ်ရ၏။ ထို့ကြောင့် ဘဝတစ်ခုကို စိတ်ဖြင့် ပိုင်းခြားလိုက်က ပဋိသန္ဓေစိတ်၊ ပဝတ္တိစိတ်၊ စုတိစိတ်ဟူ၍ သုံးပိုင်းသာတွေ့ရမည်ဖြစ်၏။
ပဋိသန္ဓေဝိညာဏ်သည် ကံပစ်ချသည့်အားလျော်စွာ ဖြစ်လာရခြင်းဖြစ်၏။ ကိုယ်ပြုခဲ့သည့်ကံအပေါ်မူတည်၍ ပဋိသန္ဓေစိတ်က ကောင်းသည့်ဘဝကျရောက်လျှင် ဘဝကောင်းဖြစ်၍ ဆိုးသည့်ဘဝကျရောက်လျှင် ဘဝဆိုးဖြစ်ရ၏။ ပဋိသန္ဓေစိတ်ပြီးသည်နှင့် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတရားတို့သည်လည်း ပေါ်လာရတော့သည်သာဖြစ်၏။ ခန္ဓာပေါ်လာခြင်းသာဖြစ်၏။ စင်စစ်မှာ ပုဂ္ဂိုလ်ပေါ်လာခြင်းမဟုတ်၊ ခန္ဓာ သို့မဟုတ် ဓမ္မအစုပေါ်လာခြင်းသာဖြစ်၏။ အတိတ်ဓမ္မကြောင့် ပစ္စုပ္ပန်ဓမ္မပေါ်လာခြင်းဖြစ်၏။ သို့သော် လောကမျက်မြင်မှာ ထိုသို့မဟုတ်၊ သားကလေး၊ သမီးကလေး စသည်ဖြင့် မမွေးခင်ကပင် ပုဂ္ဂိုလ်စွဲတင်ပြီးဖြစ်နေလေတော့၏။ သဘောခန္ဓာအစုတစ်ခုပေါ်လာခြင်း၊ ဓမ္မပေါ်လာခြင်းသာဖြစ်သည်ဟု ဉာဏ်မြင်စူးရှထားမှ ပုဂ္ဂိုလ်မဟုတ်သည်ကို ဓမ္မသဘောအရ သိမည်ဖြစ်၏။ ဓမ္မသဘောအရ မြင်ဖို့သည်သာ အရေးကြီး၏။ “မင်း ပုဂ္ဂိုလ်မဟုတ်ဘူးကွ၊ လူမဟုတ်ဘူးကွ၊ နတ်မဟုတ်ဘူးကွ၊ ခန္ဓာငါးပါးကွ” ဤသို့ပြောဆိုနေရမည်မဟုတ်။ “အပြောရှိစေ၊ အထင်တော့မရှိစေနှင့်”ဟု မိုးကုတ်ဆရာတော်ဘုရားကြီး ဆုံးမလေ့ရှိ၏။ ပဋိသန္ဓေဝိညာဏ်က စလာသည့် ခန္ဓာသည် ဝိပါကဝဋ်ပင် ဖြစ်၏။ လူနတ်ဗြဟ္မာ အပါယ်ဘုံသား ကြိုက်သလိုခေါ်နိုင်သော်လည်း တကယ်တရားအစစ်က ခန္ဓာငါးပါးအစုသာဖြစ်၏။ ခန္ဓာမှန်သမျှ ဝိပါကဝဋ်ပင်ဖြစ်၏။ ထို့ကြောင့် “မင်းတော့ ဝဋ်လည်ဦးမှာ” ဟုပြောဆိုနေကြသော်လည်း ပြောဆိုနေသည့်သူကိုယ်တိုင်ကပင် ဝဋ်လည်နေသူဖြစ်၏။ အဝိဇ္ဇာ တဏှာမချုပ်သရွေ့ ကမ္မဝဋ်မချုပ်၊ ကမ္မဝဋ်မချုပ်သရွေ့ ဝိပါကဝဋ်ခန္ဓာ မဖြစ်မနေပေါ်မည်သာဖြစ်၏။ ထို့ကြောင့် အဝိဇ္ဇာ တဏှာမချုပ်သရွေ့ မည်သူမဆို ဝဋ်လည်နေကြရသည်သာဖြစ်၏။
အတိတ်က ခန္ဓာဒုက္ခသစ္စာကိုမသိခဲ့၍ နောက်ခန္ဓာရရှိရေးအတွက် တဏှာဖြင့်ဆုတောင်းလျက် ကံတွေဆည်းပူးခဲ့ကြ၏။ ထိုကံတို့ကြောင့် ယခုဘ၀ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ခန္ဓာငါးပါး ရရှိလာခြင်းဖြစ်၏။ အဝိဇ္ဇာတဏှာသည် ကိလေသဝဋ်ဖြစ်၏။ ထိုကိလေသဝဋ်ကြောင့် ကံတွေလုပ်တော့ ကမ္မဝဋ်ဖြစ်ရ၏။ ထိုကမ္မဝဋ်က သူ့သတ္တိအားလျော်စွာ အကျိုးပေးလိုက်တော့ ဝိပါကဝဋ်ခန္ဓာငါးပါးရလာ၏။ ထိုလက်ရှိခန္ဓာကိုလည်း ဒုက္ခသစ္စာမှန်းမသိပြန်တော့ အဝိဇ္ဇာပြန်လည်ပေါက်ဖွားလာ၏။ ခန္ဓာခင်မှု ခန္ဓာလိုချင်မှု တဏှာပေါ်လာပြန်၏။ ထိုအခါ နောင်ဘဝကောင်းစားရေး လူချမ်းသာ နတ်ချမ်းသာ ခံစားရရေးအတွက် ကုသိုလ်ကံတွေ ပြုလုပ်ပြန်တော့ ကမ္မဝဋ်ထပ်ဆင့်ပေါက်ဖွားလာပြန်၏။ ထိုကမ္မဝဋ်များသည် နောက်ဘ၀ ပဋိသန္ဓေ ခန္ဓာငါးပါး ဝိပါကဝဋ်ကို ပြန်လည်ဖန်တီးမည်သာဖြစ်၏။ သို့ဖြင့် ကိလေသဝဋ်ကြောင့် ကမ္မဝဋ်ဖြစ်၊ ကမ္မဝဋ်ကြောင့် ဝိပါကဝဋ်ဖြစ်၊ ထိုဝိပါကဝဋ်မှ ကိလေသဝဋ်ပြန်ပေါ်၊ ကမ္မဝဋ်ပြန်လုပ်၊ နောက်ခန္ဓာဝိပါကဝဋ်ပြန်ရ၊ ထိုနောက်ခန္ဓာမှလည်း ကိလေသဝဋ် ကမ္မဝဋ်တို့ပြန်ပေါ်သဖြင့် နောက်ခန္ဓာတစ်ခု အသစ်ရ၊ ဝဋ်သည် ဤသို့ လည်နေခြင်းသာဖြစ်ပါ၏။ ထိုဝဋ်၏ခေါင်းဆောင်သည် အဝိဇ္ဇာနှင့် တဏှာ- ကိလေသဝဋ်ဖြစ်၏။ ဝဋ္ဋသီသ- ဝဋ်၏ဦးခေါင်းဟု ဆိုရ၏။ ထို့ကြောင့် ထိုခေါင်းဆောင်ကိလေသဝဋ်ကို သတ်နိုင်မှ ဝဋ်အလည်ရပ်မည်ဖြစ်၏။ အဝိဇ္ဇာနှင့် တဏှာသည် ကိလေသဝဋ်၊ ထိုကိလေသဝဋ်ကြောင့် ကံပေါ်ရခြင်းဖြစ်၏။ ကံသည် ကိလေသာရှိသောကြောင့်သာ ပေါ်၏၊ ကိလေသာမရှိလျှင် မပေါ်နိုင်။ ကံကိုခေါင်းဆောင်ဟု သာမန်အားဖြင့်ထင်နေကြသော်လည်း စင်စစ်မှာ ကံသည်ခေါင်းဆောင်မဟုတ်၊ ကိလေသာသည်သာခေါင်းဆောင်ဖြစ်၏။ ထို့ကြောင့် ကိလေသာမရှိလျှင် ကံလည်းမရှိ၊ ကံမရှိလျှင် ခန္ဓာလည်းမရ၊ ခန္ဓာမရတော့မှ ခန္ဓာ့ဒုက္ခမှန်သမျှ ကင်းငြိမ်းရာဖြစ်သည့် နိဗ္ဗာန်ကိုရမည် ရောက်မည်ဖြစ်၏။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.