သင်္ခါရပစ္စယာ ဝိညာဏံ (၂)

အတိတ်ကပြုခဲ့တဲ့ စေတနာဆိုတဲ့ ကံသင်္ခါရကြောင့် ဒီဘ၀ ရရှိထားတဲ့ ပဋိသန္ဓေဝိညာဏ်ကို ပြင်လို့ မရတော့ပါဘူး။ စေတနာဟာ အဆင့်အတန်းအမျိုးမျိုး ရှိခဲ့ကြတော့ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ အသိဉာဏ်ပိုင်းဆိုင်ရာမှာလည်း အဆင့်အတန်းတွေ အမျိုးမျိုးကွာခြားနေကြတာပေါ့။ အတိတ်စေတနာ သင်္ခါရပို့ပေးလိုက်တဲ့ပဋိသန္ဓေဝိညာဏ်စိတ်နဲ့ ဒီဘ၀ စခဲ့ရပြီဖြစ်လို့ အဲဒီစိတ်က သတ်မှတ်ပေးလိုက်တဲ့အဆင့်အတန်းအတိုင်းပဲ ဒီဘဝမှာ လျှောက်လှမ်းကြရ ခရီးဆက်ကြရမှာပါပဲ။ အချို့လည်း လူလုံးမလှ ပုံပန်းမကျ၊ အချို့လည်း ဉာဏ်အရည်အဆင့်အတန်းနိမ့်ကျ၊ အချို့လည်း အင်္ဂါချို့ယွင်း၊ ဒီလို ဖောက်ဖောက်ပြန်ပြန်နဲ့ လူ့လောကထဲ ရောက်လာရတာဟာ သူပြုခဲ့တဲ့ သင်္ခါရစေတနာ ပြည့်ဝမှုမရှိခဲ့တဲ့အတွက်ကြောင့်ပါ။ မိဘတိုင်းက သားသမီးကို လူတန်းစေ့ မြင်ချင် တွေ့ချင်ကြတာပါ။ သို့သော် မိဘတွေ ပြင်ပေးလို့မရလောက်အောင် ချို့ယွင်းတဲ့သားသမီးလေးတွေ မွေးလာတာဟာ သူ့ရဲ့ ကံအားလျော်စွာဖြစ်ရတာပါပဲ။ မိဘအချိုးမကျလို့ဖြစ်တယ်ဆိုရင်လည်း ဒီဘက်ကအပိုင်း၊ အဲဒီအချိုးမကျတဲ့မိဘတွေထံမှာ ပဋိသန္ဓေစိတ်ကိန်းနေတာက ကာယကံရှင်ရဲ့အပိုင်းပါပဲ။ မွေးရာပါ ပြင်လို့မရတဲ့ ချို့ယွင်းချက်တွေက အတိတ်သင်္ခါရရဲ့ လုပ်ဆောင်ချက်၊ ကံရဲ့အကျိုးပေးသာဖြစ်တယ်လို့ မှတ်လိုက်ပါ။ မွေးတုန်းက အကောင်း၊ ပြီးတော့မှ အကြောင်းတစ်ခုခုကြောင့် ချို့ယွင်းချက်ဖြစ်ရတာကတော့ ကံကြောင့်ဖြစ်တာလည်း တစ်စိပ်တစ်ပိုင်းက ပါသလို လုံလ ပယောဂအားနဲချက်၊ လုပ်ဆောင်မှုမှားယွင်းချက်ကြောင့် ဖြစ်တာလည်းပါတယ်။ ဒီနေ့ ဆက်လက်ပြောချင်တာက ဥဒ္ဓစ္စစေတနာကြဉ်သော အကုသိုလ် အပုညာဘိသင်္ခါရကြောင့် အကုသလဝိပါက်ဥက္ခောသန္တီရဏဝိညာဏ်စိတ်(၁)ပါးဖြစ်တယ်ဆိုတာပါပဲ။ ဒါကို အဟိတ်ပဋိသန္ဓေလို့ခေါ်ပါတယ်။ အပါယ်ဘုံသားတွေ ပဋိသန္ဓေနေတဲ့စိတ်ပါပဲ။ သုဂတိအဟိတ်၊ ဒုဂ္ဂတိအဟိတ်ဆိုပြီး နှစ်မျိုးမှတ်လိုက်ပေါ့။ လူ့ပြည်မှာ လူစင်မမီတဲ့သူတွေ၊ စတုမာရာဇ်နတ်အညံ့စားတွေဟာ သုဂတိဘုံမှာ အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်နဲ့ ပဋိသန္ဓေနေလို့ သုဂတိအဟိတ်လို့ ခေါ်တယ်။ ဒီအခေါ်လေးကို မနေ့က မပြောခဲ့ရလို့ ဒီမှာ ထပ်ပြောလိုက်တာ။ အပါယ်လေးဘုံ သတ္တဝါအနန္တတွေ ကွဲပြားနေပေမယ့် သူတို့ရဲ့ ပဋိသန္ဓေဝိညာဏ်စိတ်ကတော့ အကုသလဝိပါက်ဥပေက္ခာသန္တီရဏတစ်ပါးတည်းပဲ ရှိတယ်။ အလောဘ အဒေါသ အမောဟ စသည့် ဟိတ်ခြောက်ပါး မည်သည့်ဟိတ်မှမယှဉ်လို့ အဟိတ်လို့ခေါ်တယ်။ အဟိတ်ပဋိသန္ဓေ၊ ဒွိဟိတ်ပဋိသန္ဓေနဲ့ နေခဲ့ရသူတွေဟာ ဈာန်မရ၊ မဂ်ဖိုလ်မရနိုင်ကြဘူး။ ဒွိဟိတ်က အလောဘ အဒေါသဟိတ်နှစ်ပါးသာယှဉ်ပြီး အမောဟဆိုတဲ့ ဉာဏ်မယှဉ်လို့ ဒွိဟိတ်သည်ပင် ဈာန်မဂ်မရနိုင်တော့ သုဂတိအဟိတ်၊ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်တွေမှာ ဘယ်လိုလုပ်ရနိုင်ပါ့မလဲ။ ဈာန် မဂ် ဖိုလ်ဆိုတာ ဉာဏ်ဓာတ်ခံပါမှ ရနိုင်တဲ့တရားထူးတွေဖြစ်တယ်။ ဒါကြောင့် မွေးကတည်းက ဉာဏ်ဓာတ်ခံ ပါမလာတဲ့ပုဂ္ဂိုလ်တွေမှာ တရားထူးရဖို့ အခွင့်အလမ်းမရှိဘူး။ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်တွေဆိုတာ ငရဲသားတွေ၊ တိရစ္ဆာန်တွေ၊ ပြိတ္တာတွေ၊ အသူရကာယ်တွေပေါ့။ သူတို့တွေ အမည်ကွဲနေပေမယ့် ပဋိသန္ဓေစိတ်က အတူတူပါပဲ။ သူတို့ပြုထားတဲ့ အကုသိုလ်စေတနာ သင်္ခါရအားလျော်စွာ ဘုံတွေကွာသွားတော့ ဒုက္ခခံရတာလည်း အပြင်း အပျော့ ကွာခြားသွားတယ်။ ဒီပဋိသန္ဓေမျိုးကို ဘာကအကျိုးပေးလိုက်တာလဲဆိုရင် ကိုယ်ပြုခဲ့တဲ့ အကုသိုလ်စေတနာ သင်္ခါရတွေက အကျိုးပေးလိုက်တာ။ အကုသိုလ်စေတနာ (၁၂)ပါးထဲက ဥဒ္ဓစ္စစေတနာကတော့ အပါယ်ပဋိသန္ဓေကျိုးကိုမပေးတော့ ကျန်တဲ့ စေတနာ(၁၁)ပါး တစ်ပါးပါးက အကျိုးပေးလိုက်ရင် ဒုဂ္ဂတိဘုံရောက်ရတယ်။ အကုသိုလ်ကို ညင်ညင်သာသာလုပ်တာရှိတယ်၊ လိမ်လိမ်မာမာလုပ်တာရှိတယ်၊ ရက်ရက်စက်စက်လုပ်တာရှိတယ်၊ အင်နဲ့အားနဲ့လုပ်တာရှိတယ်၊ စိတ်ပါလက်ပါလုပ်တာရှိတယ်၊ အခြေအနေအရ လုပ်ရတာရှိတယ်၊ ဘယ်လိုပင်လုပ်သည်ဖြစ်စေ ဒုစရိုက်(၁၀)ပါးထဲက တစ်ပါးပါးဖြစ်လို့ ကမ္မပထမြောက်သွားရင်တော့ အပါယ်ပဋိသန္ဓေ အကျိုးပေးဖို့ ထိုက်တန်တဲ့ အကုသိုလ်ဖြစ်သွားတာပဲ။ အကုသိုလ်ပြုတုန်းက ထားခဲ့တဲ့စေတနာ အနိမ့်အမြင့် အနုအကြမ်းအပေါ်မူတည်ပြီး သူနဲ့ သင့်တော်တဲ့အပါယ်ဘုံဘ၀ ပဋိသန္ဓေဝိညာဏ် ရရှိပါလိမ့်မယ်။ ဘဝတစ်ခုမှာ ကံတွေ အမျိုးမျိုးပြုလုပ်ခဲ့ကြတာပါပဲ။ ကိုယ်ပြုတဲ့ကံတွေထဲက ကိုယ်စွဲလန်းမှု ကြီးတဲ့ကံက သေခါနီးမရဏာသန္နဇောနဲ့ မျောနေတဲ့အချိန်မှာ လာပေါ်တယ်။ အဲဒီအချိန်မှာ ကိုယ်က အကုသိုလ်ကံတွေပြန်မြင်နေမယ်၊ ဒါမှမဟုတ် အကုသိုလ်လုပ်တုန်းက မြင်ကွင်းကို ပြန်မြင်နေမယ်၊ ဒါမှမဟုတ် နောက်ရောက်ရှိမယ့် အပါယ်ဘုံ ဘဝပုံသဏ္ဍာန်တွေ ထင်မြင်နေမယ်ဆိုရင်တော့ အပါယ်ဘေး ပြေးမလွတ်တော့ဘူး။ အပုညာဘိသင်္ခါရက အကျိုးပေးပြီသာမှတ်ပေတော့။ အပါယ်ခန္ဓာပြောင်းယူရတော့မယ်သာ မှတ်ပေတော့။ ကံတွေ အကုန်ချုပ်ငြိမ်းရုပ်သိမ်းအောင် အားမထုတ်နိုင်သရွေ့ ဒီအကျိုးပေးတွေက ဆက်နေမှာပဲ။ တစ်ဘဝတာမှာ ပြုခဲ့တဲ့ ကောင်းကံဆိုးကံတွေထဲက သေခါနီးထင်လာတဲ့ ကံက နောက်ဘ၀ ပဋိသန္ဓေကို ချိန်းပြောင်းလုပ်ပေးသွားတာ။ သေခါနီးကာလမှာ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်ကံကိုပြန်ပြောင်းသတိရနေမယ်၊ ဒါမှမဟုတ် ကုသိုလ်ပြုစဉ်က မြင်ကွင်းကို ရုပ်ရှင် ဗွီဒီယိုမှတ်တမ်းပြန်ကြည့်နေရသလို မြင်ယောင်နေမယ်၊ ဒါမှမဟုတ် ကိုယ်ရောက်ရမယ့် သုဂတိဘုံဘဝဆိုင်ရာ နိမိတ်တွေထင်မြင်နေမယ်ဆိုရင်တော့ သုဂတိခန္ဓာ ပြန်ရမှာ သေချာနေပြီပဲ။ ဒီတော့ ကံတွေမချုပ်ငြိမ်းသမျှ ကံရဲ့အကျိုးပေးကို ရှောင်လွှဲလို့မရဘူး။ ကံရဲ့အကျိုးပေးကြောင့် သုဂတိခန္ဓာ၊ ဒုဂ္ဂတိခန္ဓာ ပြောင်းလဲယူနေကြရတာဖြစ်တယ်။ အခုသုဂတိရထားလို့လည်း ဝမ်းသာကျေနပ်နေလို့ မဖြစ်သေးဘူး။ ကံက သေခါနီးမှာ ချိန်းပြောင်းလုပ်ပေးလိုက်လို့ ဒုဂ္ဂတိပြန်ကျသွားရင် ပြန်တက်ဖို့ မလွယ်တော့ပြန်ဘူး။ ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက ခေါင်းပြောင်းတပ်နေရတဲ့ သံသရာဒုက္ခကို မလိုချင်အောင် ဟောတော်မူခဲ့တာ။ ဒီဘဝလူဖြစ်တော့ လူခေါင်းကနေ နောက်ဘဝခွေးဖြစ်တော့ ခွေးခေါင်းပြောင်းတပ်ရတယ်တဲ့။ နွားဖြစ်တော့ နွားခေါင်းပြောင်းတပ်ရတယ်တဲ့။ ခေါင်းပြောင်းတပ်ရတဲ့ဒုက္ခကလည်း မသေးဘူး။ ငရဲကျပြန်တော့ အနှိပ်စက်ခံဘဝနဲ့ နေရ။ တိရစ္ဆာန်ဖြစ်ပြန်တော့ သူများစားဖတ်ဝါးဖတ်အဖြစ်နဲ့သေရ။ သမင်လေးတွေ ဆတ်လေးတွေ ဒရယ်လေးတွေ ယုန်လေးတွေဖြစ်တော့ သနားကမား သတ်သတ်လွတ်စားတဲ့ အကောင်လေးတွေဖြစ်နေပေမယ့် ခြင်္သေ့တို့ ကျားတို့နဲ့တွေ့ရင် အရှင်လတ်လတ်ဝါးစားခံကြရရှာတယ်။ အလွန်အင်မတန် အပြေးမြန်တဲ့ မြင်းကျား၊ အလွန်အင်အားကောင်းတဲ့ နွားနောက်၊ တောကျွဲလိုမျိုးအကောင်တွေတောင်မှ ခြေင်္သေ့၊ သစ်၊ ကျား၊ ဝံပုလွေလိုအကောင်မျိုးတွေက အရအမိဝိုင်းဖမ်း မသေခင် အရှင်လတ်လတ်ကိုက်ဖဲ့ ဝါးစားနေကြတာကို ကြက်သီးထစရာ ဒစ်ကာဗာရီချန်နယ်တွေမှာ တွေ့ရတယ်။ အော် မိုးကုတ်ဆရာတော်ဘုရားကြီးမိန့်တော်မူတဲ့စကားရဲ့ အလွန်အင်မတန် လေးနက်တဲ့အဓိပ္ပါယ်တွေ ဒီတော့မှ ပီပီပြင်ပြင်ပေါ်လွင်လာတယ်။ သူများစားဖတ်ဝါးဖတ်အဖြစ်နဲ့ သေကြရတာတဲ့။ ခန္ဓာနဲ့ဆပ်ကြရတာတဲ့။ ခန္ဓာနဲ့ပေးဆပ်နေကြရတာ။ ကိုယ်လည်း ကံပစ်ချလိုက်လို့ ဒီလိုဘဝရောက်သွားရင် သူတို့လိုပဲ ခန္ဓာနဲ့ ပေးဆပ် စားဖတ်ဝါးဖတ်တွေဖြစ်ရမှာပါပဲ။ ဒီတော့ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်ဆိုတာ ပဋိသန္ဓေဝိညာဏ်ဖြစ်ပေါ်လာတာပါပဲ။ ပဋိသန္ဓေဝိညာဏ်ဖြစ်သည်နှင့်တစ်ပြိုင်နက် ခန္ဓာပေါ်လာရတော့တယ်။ ခန္ဓာမှန်လျှင် အို နာ သေပြေးမလွတ်တော့ ဒုက္ခအောက်မှာပဲ ပျားပျားဝပ်သွားရတယ်။ ဒါကြောင့် ခန္ဓာရခြင်းသည် ဒုက္ခသစ္စာရလိုက်တာပဲ။ လူခန္ဓာ နတ်ခန္ဓာ အပါယ်ခန္ဓာ မည်သည့်ခန္ဓာရသည်ဖြစ်စေ ကံရဲ့အကျိုးပေးသာဖြစ်တယ်။ ကံရဲ့အကျိုးပေးဆိုတဲ့အတိုင်း အကောင်းမပေးဘူး၊ အကျိုးပဲ ပေးတယ်။ ဒုက္ခသစ္စာခန္ဓာကြီးပဲ ပေးလိုက်တာ။ လူ့ဘ၀ လူ့ခန္ဓာရလို့ အကျိုးပေးကောင်းတယ်လို့ ဆိုနိုင်ပေမယ့် အိုနာသေ ဒုက္ခကြီးက ကပ်ပါနေတော့ ကောင်းကွက်ရှာမတွေ့နိုင်ပါဘူး။ ဒါကြောင့် ဒီခန္ဓာနာမ်ရုပ်ချုပ်ငြိမ်းရေးအတွက် သာသနာနှင့်ကြုံခိုက် အားစိုက်ပြီး ခန္ဓာရဲ့အပြစ်၊ ဖြစ်ပျက်ဒုက္ခတွေနှိပ်စက်နေတာကို ဉာဏ်စိုက်လို့ မြင်အောင်ကြိုးစားအားထုတ်လိုက်ကြမယ်ဆိုရင်ဖြင့် တဏှာ ဥပါဒါန် ကံ အကြောင်းချုပ်တော့ အကျိုးပေး ဇာတိပဋိသန္ဓေတွေလည်း ချုပ်ငြိမ်းသွားခဲ့ပါမူ ခန္ဓာဒုက္ခဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းပိုးသည်ဆောင်လှည့်လည်နေရတဲ့ သံသရာခရီးရှည်ကြီးက အပြီးတိုင် ရပ်နားလျက် ငြိမ်းအေးမှုအစစ်အမှန် မြတ်နိဗ္ဗာန်ခိုလှုံခွင့် ရရှိပါလိမ့်မယ်ဆိုတာ တိုက်တွန်းအားပေးလိုက်ပါရစေ။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

သံသရာစက်ဝိုင်း