အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ

သင်္ခါရသည် အဝိဇ္ဇာကြောင့်ဖြစ်ပေါ်နေတယ်ဆိုတာ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်က သက်သေပြနေပါတယ်။ သို့ဖြစ်လျှင် အဝိဇ္ဇာသည် အဘယ်ကြောင့်ဖြစ်သနည်းဟု မေးလာခဲ့သော် အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော- အာသဝကြောင့် အဝိဇ္ဇာဖြစ်တယ်လို့ မှတ်ရမယ်။ အဝိဇ္ဇာ၏အကြောင်းသည် ဘဝတဏှာလို့ခေါ်တဲ့ အာဝဝေါတရားပါပဲ။ အဝိဇ္ဇာရဲ့အကြောင်းတော့ဟုတ်တယ်၊ အကြောင်းရင်းတော့မဟုတ်ဘူး။ ဘဝတဏှာရဲ့အကြောင်းကို ပြန်ရှာလိုက်ပြန်တော့လည်း အဝိဇ္ဇာပဲ ဖြစ်နေတယ်။ ဒါကြောင့် အဝိဇ္ဇာကို အစဦးဆုံးထားပြီး ပဋိစ္စသမုပ္ပါဒ်ဒေသနာမှာ ဟောတော်မူရတာဖြစ်တယ်။ ဘုံဘဝသည်ဒုက္ခသစ္စာ၊ ခန္ဓာနာမ်ရုပ်သည် ဒုက္ခသစ္စာ၊ ဇာတိပဋိသန္ဓေသည် ဒုက္ခသစ္စာပဲလို့ မသိအောင် အဝိဇ္ဇာက ဖုံးအုပ်ထားသဖြင့် ဘုံဘဝကိုပဲ ပြန်တနေတာ၊ ခန္ဓာရရှိရေးကိုပဲ စိတ်ကတောင့်တနေတာ၊ ဇာတိပဋိသန္ဓေကိုပဲ စိတ်က ညွတ်နေတာ၊ ဒါဟာ ဘဝတဏှာပေါ့။ ဒီ ဘုံဘ၀ ခန္ဓာ နာမ်ရုပ်တောင့်တစိတ် လိုချင်စိတ်နဲ့ လုပ်သမျှတွေက ကံတွေဖြစ်နေတယ်လေ။ ဒါကြောင့် အဝိဇ္ဇာပစ္စယာ သင်္ခါရာလို့ ဟောတော်မူတာပေါ့။ ဘုံဘဝဒုက္ခရယ်လို့မသိတော့ တောင့်တ၊ တောင့်တ လိုချင်နေ ရချင်နေတာဟာ ပုထုဇဉ်တို့ရဲ့သန္တာန်မှာ ပုံမှန်ဖြစ်နေတဲ့စိတ်ပဲ။ ဒီကိန်းစိတ် ငုတ်စိတ်က အဝိဇ္ဇာဖြစ်နေသရွေ့ ဖြစ်နေတယ်လို့မှတ်ထားရမယ်။ ဒါကြောင့် လက်ရှိခန္ဓာကိုလည်း ခင်မင်နေကြတယ်၊ နောင်ခန္ဓာကိုလည်း လိုချင်နေကြတယ်။ ဒီလို ခင်မင် လိုချင်မှုတွေနဲ့ ကုသိုလ်ကံတွေလုပ် အကုသိုလ်ကံတွေလုပ်တော့ လုပ်သမျှ သင်္ခါရတွေချည်း ဖြစ်နေတယ်။ နောင်ခန္ဓာရဖို့အကြောင်းတွေချည်းပဲပေါ့။ သင်္ခါရသုံးမျိုးကို မနေ့ကပြောခဲ့တယ်။ ဒီနေ့လည်း အသေးစိပ်ထပ်ပြောပါ့မယ်။ ပိုမိုတိကျအောင်လို့ပါပဲ။ မဟာကုသိုလ်စေတနာ (၈)ပါး၊ ရူပကုသိုလ်စေတနာ (၅)ပါး၊ ပေါင်း (၁၃)ပါးသည် ကောင်းသောဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ်တို့ကို ဖြစ်စေတတ်၊ ပြုစီရင်တတ်လို့ ပုညာဘိသင်္ခါရလို့ခေါ်ပါတယ်။ အကုသိုလ်စေတနာ (၁၂)ပါးသည် မကောင်းသော ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ်တို့ကို ဖြစ်စေတတ်၊ ပြုစီရင်တတ်လို့ အပုညာဘိသင်္ခါရလို့ခေါ်တယ်။ အရူပကုသိုလ်စေတနာ (၄)ပါးသည် မတုန်မလှုပ်သော အရူပဘဝကို ဖြစ်စေတတ်၊ ပြုစီရင်တတ်လို့ အာနဉ္စာဘိသင်္ခါရလို့ခေါ်တယ်။ တစ်နည်းအားဖြင့် ကာယဝိညတ် သို့မဟုတ် ကာယဒွါရကြောင့်ဖြစ်သော မဟာကုသိုလ်စေတနာ (၈)ပါး၊ အကုသိုလ်စေတနာ (၁၂)ပါး၊ ပေါင်း ကာယကံစေတနာ (၂၀)ကို ကာယသင်္ခါရလို့ခေါ်တယ်။ ဝစီဝိညတ် သို့မဟုတ် ဝစီဒွါရကြောင့်ဖြစ်သော မဟာကုသိုလ်စေတနာ (၈)ပါး၊ အကုသိုလ်စေတနာ (၁၂)ပါး၊ ပေါင်း ဝစီကံစေတနာ (၂၀)ကို ဝစီသင်္ခါရလို့ခေါ်တယ်။ မနောဒွါရကြောင့်ဖြစ်သော အကုသိုလ်စေတနာ (၁၂)ပါး၊ မဟာကုသိုလ်စေတနာ (၈)ပါး၊ မဟဂ္ဂုတ်ကုသိုလ်စေတနာ (၉)ပါး၊ ပေါင်း (၂၉)ပါးကို စိတ္တသင်္ခါရလို့ခေါ်တယ်။ ဒီတော့ စေတနာပေါင်း (၈၉)ပါးရှိသော်လည်း သင်္ခါရဆိုတဲ့နေရာမှာတော့ စေတနာ(၂၉)ပါးကိုသာ သင်္ခါရလို့ခေါ်တယ်လို့မှတ်ရမယ်။ အကုသိုလ်ကံတွေလုပ်တော့ အကုသိုလ်သင်္ခါရဆိုတဲ့ အပုညာဘိသင်္ခါရတွေဖြစ်နေတယ်။ ကုသိုလ်ကံတွေထဲက ကာမာဝစရကုသိုလ်ကံဖြစ်တဲ့ ဆွမ်းလှူ၊ ပန်းကပ်၊ ကျောင်းဆောက်၊ ဘုရားတည်စသည်ဖြင့် ကုသိုလ်တွေလုပ်ပြန်တော့လည်း လူ့ခန္ဓာ နတ်ခန္ဓာရရှိရေး ပုညာဘိသင်္ခါရတွေပဲ ဖြစ်နေသလို ရူပဈာန်တွေရအောင်အားထုတ်လို့ ရူပကုသိုလ်တွေဖြစ်နေပြန်တော့လည်း ရူပဗြဟ္မာ့ခန္ဓာရရှိရေး ပုညာဘိသင်္ခါရတွေပဲဖြစ်နေတယ်။ ရူပဈာန်တင်အားမရဘဲ ရုပ်ကြောင့်ဆင်းရဲနေရတာပဲဆိုတဲ့ ရုပ်ကိုရွံမုန်းတဲ့စိတ်နဲ့ အရူပဈာန်တွေ ရအောင်အားထုတ်ပြန်တော့လည်း အရူပဗြဟ္မာ့ခန္ဓာရရှိရေး အာနဉ္စာဘိသင်္ခါရတွေပဲ ဖြစ်နေတယ်။ ခန္ဓာကို ခင်တွယ်နေတယ်ဆိုတာ ပရမတ္ထအရှိခန္ဓာဟာ ရုပ် နာမ်မျှသာဖြစ်တယ်၊ ငါပိုင် ငါဆိုင်မဟုတ်၊ ငါ ငါ့ဟာ ငါ့ဥစ္စာမဟုတ်လို့ ကျကျနနသိမထားတဲ့အခါ ခင်မင်နေမှာပဲ။ တဏှာနဲ့ခင် မာနနဲ့ခင် ဒိဋ္ဌိနဲ့စွဲနေတော့ ဒီအစွဲတွေကလည်း သံသရာတစ်လျှောက်လုံးက မပြုတ်ခဲ့တဲ့အစွဲတွေဖြစ်နေတော့ လွယ်လွယ်နဲ့ ဖြုတ်လို့တော့ မရပါဘူး။ ဒီလိုငါစွဲတွေကို တဖြည်းဖြည်းချင်း ဖြုတ်သွားပြီး ဒီခန္ဓာကြီးက ငါ့အလိုမလိုက် ငါ့အကြိုက်မပါ သူ့သဘောအတိုင်းသာ ဖြစ်ချင်ရာဖြစ်နေတာပဲလို့ ဆင်ခြင်ပေးနေပါမှ တော်ကာကျမယ်။ နာချင်လည်းနာမယ်၊ ကိုက်ချင်လည်းကိုက်မယ်၊ ဖျားချင်လည်းဖျားမယ်ပေါ့။ ကိုယ်တားလို့မရတဲ့အရာတွေဖြစ်နေတာပါပဲ။ ဒါတွေဟာ ပျောက်အောင်ကုလို့ရနိုင်ပေမယ့် မဖြစ်နဲ့လို့ ပြောလို့ဆိုလို့မှမရတာ။ သူဖြစ်ချင်တဲ့အတိုင်းဖြစ်နတာပဲ။ ဘယ်သူ ကင်ဆာဖြစ်ချင်မလဲ။ ဒါပေမဲ့ ဖြစ်ဖို့အကြောင်းတိုက်ဆိုင်လာတော့ ဖြစ်ရတာပေါ့။ တားမရ ဆီးမရတဲ့ဒုက္ခတွေကို ဆင်ခြင်ပေးနိုင်အောင် လေ့ကျင့်ယူရတယ်။ ငါမပိုင်တဲ့ခန္ဓာက သူဖြစ်ချင်တဲ့အတိုင်းဖြစ် သူပျက်ချင်တဲ့အတိုင်း ပျက်နေတော့ ဒီလို ဖြစ်ပျက်နေတဲ့သဘောအမှန်လေးတွေကို ဉာဏ်နဲ့မြင်အောင် ထိုင်ကြည့်ကြည့် အိပ်ကြည့်ကြည့် ရပ်ကြည့်ကြည့် သွားရင်းလာရင်းကြည့်ကြည့်၊ ကြည့်နေမယ်ဆိုရင် သူဖြစ်ချင်တဲ့အတိုင်းဖြစ်ပြီး သူပျက်ချင်တဲ့အတိုင်း ပျက်နေတာလေးတွေကို တရေးရေးတော့ မြင်စပြုလာပါလိမ့်မယ်။ ဒီလိုမြင်လာတဲ့အခါ ဖြစ်လိုက်ပျက်လိုက်ဖြစ်နေတဲ့သဘောတရားလေးတွေဟာ ကိုယ့်ဆန္ဒအတိုင်းမဖြစ်ဘဲ သူ့သဘောအတိုင်းဖြစ်နေတာပဲလို့ မြင်လာရင် ဒုက္ခသစ္စာအမြင်လေးတွေ ပွင့်လာတယ်။ ဒီလိုနည်းနဲ့ ခန္ဓာမှန်လျှင် ဒုက္ခသစ္စာပဲဆိုတာ ဉာဏ်မြင်နဲ့ သိအောင် အားထုတ်လိုက်မယ်ဆိုရင်တော့ တဒင်္ဂ အဝိဇ္ဇာချုပ်ငြိမ်းနေပါလိမ့်မယ်။ အဝိဇ္ဇာချုပ်နေတဲ့အချိန် င်္သခါရတွေလည်းတဒင်္ဂချုပ်နေမှာပေါ့။ အဝိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရတစ်ကြိမ်ချုပ်ရင် နောင်ခန္ဓာတစ်ကြိမ်ချုပ်မယ်၊ နှစ်ကြိမ်ချုပ်ရင် နှစ်ကြိမ်၊ အကြိမ်ကြိမ်ချုပ်ရင် အကြိမ်ကြိမ်ချုပ်မယ်လို့ အားတင်းယုံကြည်လိုက်ပါ။ အဝိဇ္ဇာအမြစ်ကို တစ်ကြိမ်အပြတ်ဖြတ်နိုင်လိုက်တဲ့အချိန်မှာ ပထမမဂ်ကိုရလို့ သောတာပန်ဆိုတာ ဖြစ်ရတယ်။ သောတာပန်ဖြစ်တော့ နောင်ခန္ဓာအမျိုးမျိုးတွေထဲက အပါယ်ခန္ဓာတွေချုပ်ငြိမ်းရုပ်သိမ်းသွားတယ်။ နှစ်ကြိမ်အပြတ်ဖြတ်နိုင်ရင် သကဒါဂါမ်၊ သူလည်း အပါယ်ခန္ဓာပဲ ချုပ်ငြိမ်းသေးတာ။ သုံးကြိမ်ဖြတ်နိုင်လိုက်တဲ့အချိန်မှာ အနာဂါမ်ဖြစ်သွားတယ်။ လူ့ခန္ဓာ နတ်ခန္ဓာတွေဖြတ်လိုက်တော့ ခန္ဓာ့ဒုက္ခတွေ မဖြစ်စလောက်ပဲ ကျန်တော့တယ်။ ခန္ဓာ့ဒုက္ခ သံသရာဒုက္ခ ဘုံဘဝဒုက္ခကတော့ မလွတ်မြောက်သေးပါဘူး။ ဒါပေမဲ့ ဆိုးဆိုးဝါးဝါး မွေးရ အိုရ နာရ သေရတဲ့ဘုံဘဝဒုက္ခတွေကတော့ ချုပ်ငြိမ်းသွားပြီလေ။ လေးကြိမ်မြောက်ဖြတ်ချလိုက်နိုင်ပြီဆိုရင်တော့ နောက်တစ်ကြိမ်ထပ်ဖြတ်စရာမလိုတော့ဘူး။ နောင်ခန္ဓာဖြစ်ကြောင်း သင်္ခါရတွေ အမြစ်ပြတ်ချုပ်သွားတော့ ပြုသမျှတွေက ကံသင်္ခါရမဖြစ်တော့ဘဲ ကရိယာဖြစ်သွားတယ်။ ဒါဟာ ရဟန္တာတို့ရဲ့စိတ်ပဲ။ ရဟန္တာဖြစ်သွားရင်တော့ ပဋိစ္စသမုပ္ပါဒ် အမြစ်ပြတ် ဖြတ်လိုက်နိုင်လို့ လည်ခွင့်မရှိတော့တဲ့အတွက် ခန္ဓာဒုက္ခကလည်းလွတ် သံသရာဒုက္ခကလည်းလွတ် ဘုံဘဝဒုက္ခကလဲလွတ်မြောက်သွားလို့ ဝိမုတ္တိသုခအစစ်အမှန် နိဗ္ဗာန်ကို ဧကန်ဧက ရရှိသွားပြီလို့မှတ်လိုက်ပါ။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

သံသရာစက်ဝိုင်း