ပရိညာသုံးဆင့်

 ပရိညာသုံးဆင့်ဟူသည် ဉာတပရိညာ၊ တီရဏပရိညာ၊ ပဟာနပရိညာဟူ၍ဖြစ်၏။ ပါဠိလိုပြောခြင်းဖြစ်၍ တစ်မျိုးတဖုံထူးဆန်းနေနိုင်၏။ ဉာတပရိညာဟူသည် အသိဖြင့် ဒိဋ္ဌိကိလေသာကို ပယ်ခွါခြင်းဖြစ်၏။ တီရဏပရိညာဟူသည် အကျင့်ဖြင့် ဒိဋ္ဌိကိလေသာကို ပယ်ခွါခြင်းဖြစ်၏။ ပဟာနပရိညာဟူသည် လောကုတ္တရာမဂ်ဖြင့် ဒိဋ္ဌိကိလေသာကို ပယ်ခွါခြင်းဖြစ်၏။ မိုးကုတ်ဆရာတော်ဘုရားကြီးက လွယ်ကူစွာနားလည်နိုင်ရန် ရံခါ “သိကွာ၊ ကျင့်ကွာ၊ ပယ်ကွာ”ဟု သုံးလေ့ရှိ၏။ ရံခါ “သိပြုတ်၊ ပွားပြုတ်၊ ပယ်ပြုတ်”ဟု သုံးလေ့ရှိ၏။ ရံခါ “အသိဉာဏ်၊ အပွားဉာဏ်၊ အပယ်ဉာဏ်”ဟုလည်း သုံးလေ့ရှိ၏။ အပွားနှင့် အကျင့်သည် အဓိပ္ပါယ်တူမြန်မာစကားဖြစ်၏။ ပယ်ဟူသည် ပယ်ခွါမှုကို ဆိုလို၏။ အပါယ်လေးဘုံကိုညွှန်းသည့် စကားလုံးမဟုတ်၊ ထို့ကြောင့် “ပယ်ပြုတ်”ဟူသည် သက္ကာယဒိဋ္ဌိကို အမြစ်ပြတ် ပယ်သတ်သောအားဖြင့် ပြုတ်သည်ကို ရည်ညွှန်း၏။ သက္ကာယဒိဋ္ဌိကို ပယ်သတ်ရန်အတွက် “အသိဖြင့်တစ်မျိုး၊ အပွားဖြင့်တစ်မျိုး၊ အပယ်ဖြင့်တစ်မျိုး” ပယ်နည်းသုံးမျိုးဖြင့် ပယ်သတ်ကြရမည်ကို ဆိုလိုခြင်းဖြစ်၏။ ထိုသုံးမျိုးကို “ပရိညာသုံးပါး” ဟုလည်းခေါ်၏၊ “လုပ်ငန်းစဉ်သုံးရပ်” ဟုလည်း ခေါ်ပါ၏။ ထိုသုံးမျိုးတွင် အသိသည် အပွားကို ကျေးဇူးပြု၏။ အပွားသည် အပယ်ကိုကျေးဇူးပြု၏။ ထင်ရှားအောင် ပြောရလျှင် ခန္ဓာငါးပါးသည် သက္ကာယတရားဖြစ်၏။ ဒိဋ္ဌိမဟုတ်။ ခန္ဓာငါးပါးကို သက္ကာယတရားဟု သိထားရမည်ဖြစ်၏။ ထိုအသိသည် သမ္မာဒိဋ္ဌိဖြင့် သိခြင်းဖြစ်၏။ သက္ကာယ ခန္ဓာငါးပါးဟု ဉာဏ်ဖြင့်သိ၍ သက္ကာယနှင့် သမ္မာဒိဋ္ဌိတွဲမိသွားလျှင် အသိဖြင့်ပြုတ်သွားတော့၏။ သက္ကာယအပေါ်၌ ငါသူ ထင်မြင်နေမှုမရှိတော့။ ခန္ဓာငါးပါးဟုသာ သိနေတော့၏။ ရုပ်နာမ်ဟုသာ သိနေတော့၏။ အရှိရုပ်နာမ်ကို အမှန်သိခြင်းပင် ဖြစ်၏။ နောက်က သက္ကာယဒိဋ္ဌိမလာနိုင်တော့။ ထိုကြောင့် သက္ကာယနှင့် သမ္မာဒိဋ္ဌိ တွဲမိအောင်လုပ်ရ၏ (သက္ကာယ+သမ္မာဒိဋ္ဌိ)။ တစ်သံသရာလုံးက ထိုအမြင်ကို မရခဲ့ကြ၍ သံသရာရှည်နေကြရခြင်းဖြစ်၏။ သက္ကာယခန္ဓာငါးပါးကို ငါ သူ အထင်မှားအမြင်မှား ဒိဋ္ဌိနှင့်သာတွဲမိနေလျက်ရှိသောကြောင့် သက္ကာယနှင့် ဒိဋ္ဌိတွဲမိလျက် သက္ကာယဒိဋ္ဌိ တွယ်ငြိနေကြခြင်းဖြစ်၏ (သက္ကာယ+ဒိဋ္ဌိ)။ ထိုသက္ကာယဒိဋ္ဌိပြုတ်ရေးအတွက် သက္ကာယအပေါ် အမှန်မြင်သည့် သမ္မာဒိဋ္ဌိဖြင့် ကြည့်ပေးရ၏။ ဉာဏ်ဖြင့်ကြည့်သည်ဟုလည်း ဆိုနိုင်၏။ သက္ကာယကို ခန္ဓာငါးပါးဟု အမှန်သိနေချိန်တွင် သက္ကာယဒိဋ္ဌိသည် ပြုတ်နေတော့၏။ အသိဖြင့် ပြုတ်ခြင်းပင်ဖြစ်၏။ အသိမျှဖြင့် ပြုတ်ခြင်းဖြစ်သောကြောင့် သိနေခိုက်သာ သူမလာနိုင်ခြင်းဖြစ်၏။ မသိလျှင် ပြန်ဝင်လာမည်သာဖြစ်၏။ ဒုတိယအဆင့်အနေဖြင့် သက္ကာယခန္ဓာငါးပါးထဲက ဝေဒနာဖြစ်စေ စိတ်ဖြစ်စေ ဖြစ်တိုင်း ပျက်တိုင်း ဖြစ်တိုင်း ပျက်တိုင်း ရှုရှုပေးရ၏။ ရှုပေးလိုက်သည့်အခါ ဖြစ်ပျက်နှင့် သမ္မာဒိဋ္ဌိ မဂ် ကိုက်နေလေတော့၏။ ကိုယ်ပေါ်မှာ ဝေဒနာပေါ်လည်း ဖြစ်ပျက်ရှု၊ မျက်လုံးမှာပေါ်လည်း ရှု၊ နားမှာပေါ်လည်း ရှု၊ နှာခေါင်းမှာပေါ်လည်း ရှု၊ လျှာမှာပေါ်လည်း ရှုပေးရ၏။ ဝမ်းထဲတွင်ပေါ်လည်း ရှုပေးရ၏။ ထိုသို့ ဖြစ်ပျက် မြင်အောင်ရှုနေလျှင်လည်း ရှုဖန်များလာလျှင် သက္ကာယဒိဋ္ဌိ ပယ်ပြီးဖြစ်တော့၏။ ဤသည်ကို အပွားဉာဏ်၊ အရှုဉာဏ်ဖြင့် သက္ကာယဒိဋ္ဌိပြုတ်သည် ဟုဆိုရ၏။ ထိုအဆင့်တွင်လည်း ပွားနေခိုက်သာလျှင် ဒိဋ္ဌိသည် ပြုတ်နေမည်ဖြစ်ပါ၏။ မပွားများဘဲနေလျှင် ပြန်ဝင်လာဦးမည်သာဖြစ်၏။ ဝိပဿနာဉာဏ်ကင်းသည့်အချိန်တွင် ပြန်ဝင်လာမည်သာဖြစ်၏။ ထို့ကြောင့် အသိပြုတ်လည်း စိတ်မချရသေးသကဲ့သို့ အပွားပြုတ်လည်း စိတ်မချရသေး။ အမြစ်ပြတ်အောင် ပြုတ်ထွက်သွားမှသာလျှင် စိတ်ချလက်ချ နေနိုင်တော့မည်ဖြစ်၏။ နောက်ဆုံးအဆင့် အပယ်ဉာဏ်ဖြင့်ပြုတ်မှသာလျှင် အမြစ်ပြတ်ပြုတ်မည်ဖြစ်၏။ အမြစ်ပြတ်ပြုတ်ရေးအတွက်လည်း ခန္ဓာငါးပါး တစ်ပါးပါးကို သတိပဋ္ဌာန်လေးပါး တစ်ပါးပါးဖြင့် ရှုလိုက်လျှင် ဖြစ်ပျက် ဒုက္ခသစ္စာသာရှိ၏။ မည်သည့်ခန္ဓာရှုလိုက်သည်ဖြစ်စေ ဖြစ်ပျက်သာ တွေ့ရမည်ဖြစ်၏။ ဖြစ်ပျက်သည် ဒုက္ခသစ္စာပင်ဖြစ်၏။ ယခုပေါ်နေသည့် ခန္ဓာကိုယ်ကို ဉာဏ်ဖြင့်ကြည့်လိုက်တိုင်း ဖြစ်ဆဲဒုက္ခနှင့် ပျက်ဆဲဒုက္ခကိုသာ တွေ့နေရသဖြင့် တစ်ကိုယ်လုံး ဒုက္ခသစ္စာသာရှိ၏၊ သုခသစ္စာဟူ၍ မြူမျှမရှိဟု ဆုံးဖြတ်ချက်ချလိုက်နိုင်သည့် ဉာဏ်တက်လာလျှင် ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင်သိလိုက်ရခြင်းဖြစ်၏။ ကိုယ်ပိုင် ပဋိဝေဓဉာဏ်ဖြင့် ထိုးထွင်း၍ “အဟုတ်ကို ဒုက္ခသစ္စာပဲ” ဟု ပိုင်းခြားသိနိုင်သည့်ဉာဏ်လာသည်နှင့် ဖြစ်ပျက်ဟူသရွေ့ အကုန်ချုပ်သွားလေ၏။ ထိုအခိုက်တွင် ဒိဋ္ဌိဝိပ္ပလ္လာသ လေးမျိုးအကုန်ချုပ်သွားတော့၏။ သက္ကာယဒိဋ္ဌိချုပ်သွားခြင်းပင်ဖြစ်၏။ ဒုက္ခချုပ်သည်နှင့်တစ်ပြိုင်နက် ဒိဋ္ဌိလည်း ချုပ်သွား၏။ ဘယ်တော့မှ မပေါ်သောနည်းဖြင့် ချုပ်ခြင်းပင် ဖြစ်၏။ ရှေ့က ဒုက္ခချုပ် နောက်က သမုဒယ (ဒိဋ္ဌိ)ချုပ်၊ အလယ်က မဂ်ဉာဏ်အစစ်ပေါ်လာသည်နှင့် ရှေ့နောက်နှစ်ချက်ချုပ်သွားခြင်းပင် ဖြစ်၏။ ထိုသို့ သက္ကာယဒိဋ္ဌိပြုတ်သွားသည်ကိုတော့ ပယ်ပြုတ်ဟုဆိုရ၏။ နောင်ပြန်မလာသောအားဖြင့် ပြုတ်သွားသောကြောင့် စိတ်ချရသော ဒိဋ္ဌိပြုတ်ခြင်းပင် ဖြစ်တော့၏။ တရားနာကြားရ၍ စာပေဖတ်မှတ်ရ၍ ဒိဋ္ဌိပြုတ်နေသည်မှာ အသိဖြင့်ပြုတ်ခြင်းပင်ဖြစ်၏။ ရှုမှတ် ပွားများနေချိန်တွင် ပြုတ်သည်ကို ပွားပြုတ်ဟုဆို၏။ ပွားဖန်များ၍ ရှေ့က ဒုက္ခသစ္စာလည်း ဆုံး နောက်က သမုဒယသစ္စာလည်း ဆုံးသွားသည့်အခါ ပြုတ်သွားသည့် ဒိဋ္ဌိကိုမူ ပယ်ပြုတ်ဟုဆိုရ၏။ ပယ်ပြုတ်သည် ကျေးဇူးအများဆုံးသော ပြုတ်နည်းဖြစ်၏။ သက္ကာယဒိဋ္ဌိ ပယ်ပြုတ် ပြုတ်သွားသည်နှင့် အတိတ်ကပါလာခဲ့သော အပါယ်ရောက်မည့် အကုသိုလ်ကံအဟောင်းများလည်း ဒိဋ္ဌိနှင့်ရော၍ ပြုတ်သွားတော့၏။ ယခုဘ၀ မိုက်ခဲ့ မှားခဲ့ ပြစ်မှားခဲ့ဘူးသော အပါယ်ရောက်ကြောင်း အကုသိုလ်ကံများလည်း အတူပြုတ်သွားတော့၏။ နောက်မိုက်လတံ့ အကုသိုလ်အလုပ်မှန်သမျှကိုလည်း လှမ်းဖြတ်လိုက်တော့၏။ အပါယ်ရောက်မည့်အကုသိုလ်မှန်သမျှ အကုန်ဖြတ်ချလိုက်လေတော့၏။ အပါယ်ရောက်ကြောင်းဖြစ်သည့် အတိတ်အကုသိုလ်ကံကိုလည်းဖြတ်၊ ပစ္စုပ္ပန်အကုသိုလ်ကံလည်းဖြတ်၊ နောင်လုပ်မည့် အနာဂတ်အကုသိုလ်ကံလည်းဖြတ်၊ သုံးချက်ပြတ် ပြတ်သွားလေသဖြင့် အပါယ်မျိုးစေ့ မှန်သမျှ အကုန်ထုတ်ပစ်လိုက်ခြင်းပင်ဖြစ်တော့၏။ အပါယ်လေးပါး တံခါးပိတ်နိုင်အောင် စိတ်ချရလေတော့၏။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး