ဘဝကပေးသော အမှန်တရား
စက်ဝိုင်းအကွက် နံပါတ်(၁)သည် လက်ရှိခန္ဓာဖြစ်ကြောင်း၊ အကွက်(၂)လက်ရှိခန္ဓာဖြစ်ကျိုးကို ပြထားခြင်းဖြစ်၏။ သို့ဖြစ်လျှင် ပုဂ္ဂိုလ် သတ္တဝါ ခေါ်ဆိုနေကြသည့် ခန္ဓာငါးပါးသည် အကြောင်းကြောင့် ဖြစ်ပေါ်လာရသော အကျိုးပင်ဖြစ်၏။ အကြောင်းတရားတို့တွင် အဝိဇ္ဇာသည် ကိလေသာဖြစ်၍ ကိလေသဝဋ်၊ သင်္ခါရသည် ကံဖြစ်၍ ကမ္မဝဋ်ဖြစ်၏။ လက်ရှိခန္ဓာငါးပါးသည် ထိုဝဋ်နှစ်ပါးကြောင့်ဖြစ်ပေါ်လာရသော အကျိုးတရားဖြစ်၍ ဝိပါကဝဋ်ဖြစ်၏။ ဒေသနာစဉ်အရ ကိလေသဝဋ်ကြောင့် ကမ္မဝဋ်ပေါ်၊ ကမ္မဝဋ်ကြောင့် ဝိပါကဝဋ်ပေါ်လာရခြင်းဖြစ်သည်ဟု ဝဋ်သုံးပါးအမြင်ဖြင့်လည်း သိထားရမည်ဖြစ်၏။
သစ္စာဆိုက်သည့်အသိတရား မပေါ်သေးသရွေ့ အဝိဇ္ဇာ ဦးစီးနေပါ၏။ အဝိဇ္ဇာဦးစီးနေသရွေ့ လုပ်သမျှ ကံဖြစ်နေ၏။ ကံဖြစ်နေသရွေ့ ကံ၏ အကျိုးတရားတို့သည်လည်း ဖြစ်ပေါ်လာမည်မှာ မလွဲဧကန်ဖြစ်၏။ ခေါင်းဆောင်ကိလေသာသည် အဝိဇ္ဇာနှင့် တဏှာဖြစ်၏။ အတိတ်သံသရာတွင် အဝိဇ္ဇာက ခေါင်းဆောင်ခဲ့ပြီး ပစ္စုပ္ပန်သံသရာတွင် တဏှာက ခေါင်းဆောင်နေ၏။ အတိတ်တွင် အဝိဇ္ဇာက ခေါင်းဆောင်၊ တဏှာက နောက်လိုက်ဖြစ်၏။ ပစ္စုပ္ပန်တွင် တဏှာက ခေါင်းဆောင် အဝိဇ္ဇာက နောက်လိုက်ဖြစ်၏။
သဗ္ဗေ သင်္ခါရာ ဒုက္ခာ- အရာရာတိုင်းသည် ဒုက္ခသာဖြစ်၏။ ဖြစ်သည့်တရားတိုင်း ပျက်ရသည်သာ ဖြစ်သောကြောင့် ဒုက္ခဟု ဆိုရခြင်းဖြစ်၏။ ဆင်းရဲပင်ပန်းသမျှကိုသာ ဒုက္ခဟု ဆိုသည်မဟုတ်။ ဖြစ်ပျက်သဘောတရားရှိနေ၍ ဒုက္ခဟုဆိုရခြင်းဖြစ်၏။ အချို့က ဗုဒ္ဓဝါဒသည် အဆိုးမြင်ဝါဒဟု စွတ်စွဲတတ်ကြ၏။ စင်စစ်မှာ အဆိုးမြင်ခြင်းမဟုတ်၊ အမှန်မြင်ခြင်းသာ ဖြစ်၏။ ဖြစ်လာသည့်အရာတိုင်း ပျက်ခြင်းတွင်သာ ဆုံးရ၏။ သစ်နေသည့်အရာတိုင်း ဟောင်းနွမ်းခြင်းတွင်သာ ဆုံးရ၏။ ပေါ်လာသမျှ ပျောက်ခြင်းတွင်သာ အဆုံးရှိ၏။ ဆုံတွေ့နေရသမျှသည်လည်း ခွဲခွါမှုတွင်သာ ဆုံးရ၏။ လူ့အလိုဆန္ဒ နတ်မလိုက်နိုင်။ သိကြားလည်းမလိုက်နိုင်၊ ဘုရားလည်း မလိုက်နိုင်။ သဗ္ဗေ သင်္ခါရာ အနိစ္စာ- အရာရာတိုင်းသည် ဖြစ်ပြီးပျက်နေသောကြောင့် မမြဲ။ လူသားတို့သည် အနိစ္စ- မမြဲသည့်အရာတိုင်းကို အတတ်နိုင်ဆုံး ခိုင်အောင် မြဲအောင် ကြိုးစားနေကြရ၏။ ရာထူးကောင်းကောင်း ရထားလျှင် ထိုရာထူး မြဲဖို့ ကြိုးစားကြရ၏။ အလုပ်ကောင်းကောင်း ရထားလျှင် ထိုအလုပ် မပြုတ်ဖို့ ကြိုးစားကြရ၏။ ကိုယ့်မှာရှိသည့် ကား၊ စက် စသည့် ပစ္စည်းများကိုလည်း အကောင်းအတိုင်းသာ အမြဲရှိနေစေလို၏။ သို့သော် ကိုယ့်ဆန္ဒအတိုင်း ဖြစ်သည်လည်း ရှိသကဲ့သို့ မဖြစ်သည်လည်း ရှိ၏။ နောက်ဆုံးတော့ ကိုယ့်ဆန္ဒကို သွေဖီသွားပြီး သူ့ဆန္ဒအတိုင်း ပျက်စီးခြင်းတွင် အဆုံးသတ်ကြရသည်သာဖြစ်၏။
ဤအရှင် ငယ်စဉ်က ကလေးပျော် ပျော်ခဲ့သည်ကို မှတ်မိနေသေး၏။ မိဘတွေ ညီအစ်ကို မောင်နှမတွေကြားတွင် နေရသဖြင့် စားစရာလည်း မပူရ၊ ဝတ်စရာလည်း မပူရ။ တစ်ကိုယ်ရေ သန့်ရှင်းရေးကအစ အမေက ဂရုစိုက်ပေး၏။ အစ်မတွေက ဂရုစိုက်ပေး၏။ ခေါင်းပင် ကိုယ်တိုင် ဖီးလိမ်းနေစရာမလို။ အင်္ကျီအဝတ်အစားများကိုလည်း သေသေသပ်သပ်ဖြစ်အောင် သူတို့ ဂရုစိုက်ဆင်ပေးကြ၏။ ထိုအလုပ်များသည် ကိုယ်လုပ်ရမည့် အလုပ်လို့ပင် မထင်မှတ်တော့။ ကိုယ်ဝတ်ချင်သည့် အင်္ကျီလေး မလျှော်ရသေးလျှင်ပင် စိတ်တိုလေ့ရှိ၏။ ကိုယ့်စိတ်ဆန္ဒအတိုင်းပင် သူတို့ လျှော်ပေးကြပါ၏။ ဤသို့ မိဘ ညီအစ်ကို မောင်နှမ အသိုက်အအုံကြားမှာ မိသားစု သံယောဇဉ်အပြည့် ချီနှောင်လျက် နေရသည့်ဘဝလေးသည် တစ်နေ့နေ့ ဥတစ်ကွဲ သိုက်တစ်ပျက်ဖြစ်မည်ဟုပင် အတွေးမဝင်ခဲ့။ ဤသည်မှာ မသိစိတ်တွင် စွဲဝင်နေသော အမှန်မမြင်သည့် အဝိဇ္ဇာ၏ ဖုံးကာမှုဟု ဆိုရ၏။ အဝိဇ္ဇာဖုံးကာထားသဖြင့် မိသားစုစုံညီ နေထိုင်ရသည်မှာ ပျော်စရာဟု ထင်ယောင်ထင်မှားဖြစ်အောင် တဏှာက လှည့်စားလိုက်၏။ တဏှာ၏လှည့်ကွက်အောက်တွင် မသိပျော် ပျော်နေရ၏။ တစ်ချိန်ရောက်တော့ ဒုတိယအစ်မတစ်ယောက်က အိမ်ထောင်ကျ၊ အမျိုးသားနောက်လိုက်သွားသည့်အခါ ရင်ထဲတွင် ဟာတာတာ ဖြစ်လာခဲ့၏။ ဘဝအသိုက်အအုံ ပျိုကွဲစပြုနေပါလားဟု စဉ်းစားဉာဏ် တစ်ချက်ဝင်လိုက်ခြင်းဖြစ်၏။ ကလေးဘ၀ မသိစိတ်တွင် အရင်က အနိစ္စကို နိစ္စထင်ထားခဲ့၏။ တစ်နေ့နေ့ တစ်ချိန်ချိန် ဤသို့ တစ်နည်းမဟုတ် တစ်နည်းဖြင့် ခွဲခွါသွားကြမည်ကို ကြိုစဉ်းစားမထားခဲ့။ အထင်နှင့် အမြင်သည် ခြားနားသွားသဖြင့် လျှက်တစ်ပြက် ဉာဏ်တစ်ချက် နှလုံးအိမ်တွင် စတင်ထိမှန်ခဲ့လေသည်။
နောက်နှစ်အနည်းငယ်ကြာလာသောအခါ ဤအရှင်(၈)နှစ်သားအရွယ်တွင် ဤအရှင်၏မျက်စိအောက်၌ အဖေဖြစ်သူ ဆုံးပါးသွားခဲ့ရာ သေခြင်းကို ကိုယ်တိုင်ကိုယ်ကျ ပထမဦးဆုံး မြင်လိုက်ရခြင်းဖြစ်၏။ အဖေ ရောဂါဝေဒနာခံစားနေရ၍ အပြင်းအထန် အမောဆိုက်နေသည်ကို ဘာမသိညာမသိ ငေးမောကြည့်ရှုနေရင်း သနားစိတ်တို့ပေါ်နေသည်မှတစ်ပါး ဘာတစ်ခုမှ မတတ်နိုင်ဘဲ ငေးကြည့်နေခဲ့ဘူး၏။ သူများတွေ သေသည်ကို ကြားလည်းကြားဖူး၏။ မြင်လည်းမြင်ဖူး၏။ သို့သော် သေသေချာချာ မကြည့်ဘူးခဲ့။ ကိုယ့်အဖေ သေတော့မည့်အချိန်ကိုတော့ အနားမှာရှိနေသဖြင့် ကိုယ်တိုင် သေသေချာချာ ကြည့်ဖြစ်ခဲ့၏။ တကယ်သေတော့မည်ဟု သိနေသဖြင့်လည်း ဆောက်တည်ရာမရဖြစ်ခဲ့ရ၏။ အသက်ရှူရပ်၍ မလှုပ်မယှက်ငြိမ်သက်သွားသောအခါ အော်- သေရခြင်းသည် မသက်သာလှပါလားဟု ဉာဏ်မြင်တစ်ချက်ပွင့်လာခဲ့သည်မှာ ထိုစဉ်ကတည်းက ဖြစ်ခဲ့ပါ၏။
အခြားမိသားစုများ သေသည်ကို အတိအကျ စာရင်းမပြနိုင်သော်လည်း ဤအရှင်၏ မိသားစုဝင်များ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားကြသည်ကိုတော့ မှတ်မိနေသေးသည်သာဖြစ်၏။ အဖေဆုံးပြီး တစ်လအကြာတွင် အမေလည်း ဆုံးပါးသွားရှာပြန်၏။ အမေသေပြီး သုံးရက်အကြာတွင် အစ်မဖြစ်သူ မမြလင်းလည်း အသက်(၁၅)နှစ်အရွယ်တွင် ဆုံးပါးသွားရှာ၏။ အနိစ္စဆိုသည့် စကားလုံးကို မသိသေးသော်လည်း မွေးဖွားသူမှန်သမျှ ဤသို့ သေဆုံးရသည်သာဖြစ်၏ဟု အသိတရားတစ်ချက် ကွင်းကွင်းကွက်ကွက် ဒဏ်ရာအဖြစ်ကျန်နေခဲ့တော့၏။ ထို့နောက် တစ်နှစ်ကြာသောအခါ ဤအရှင်အပေါ် အလွန်ချစ်မြတ်နိုး တန်ဖိုးထား အားကိုးရှာသော အဖိုးတစ်ယောက်ဆုံးပါးသွားပြန်၏။ အော်- အသက်ငယ်လည်း သေကြရ၊ အသက်ကြီးလည်း သေကြရပါလားဟု သံဝေဂဟုမသိသော်လည်း ဉာဏ်ကတော့ ဖြစ်ခဲ့မိပါ၏။
ထို့နောက် နှစ်ပေါင်းအတန်ကြာသည့်တိုင်အောင် ဤအရှင်၏ မိသားစုတွင် အသေအပျောက်ရပ်တံ့နေလျက်ရှိ၏။ ၁၉၉၅-ခုနှစ်က ဤအရှင် ရဟန်းဖြစ်ပြီး မန္တလေးမြို့ သာသနာ့တက္ကသိုလ်မှ သာသနာ့တက္ကသီလဓမ္မာစရိယဘွဲ့ရ၍ ပူဇော်ပွဲဖြင့် အောင်ပွဲခံပြီးသည့် နောက်နေ့ ဤအရှင်၏ အစ်မ အစောဆုံးအိမ်ထောင်ကျသွားခဲ့သူ ဒေါ်မဲညိုတစ်ယောက် အနိစ္စရောက်သွားပြန်လေ၏။ ထို့နောက် ၁၉၉၈-ခုနှစ်တွင် ဤအရှင်၏ ညီအငယ်ဆုံး အရှင်ဝိမလသည် သက်တော်(၂၂)နှစ်၊ ဝါတော်(၂)ဝါအရတွင် ကျောက်ကပ်နှစ်လုံး ပျက်စီးသွားသည့်ဝေဒနာကို မချိမဆန့်ခံစားရရင်း မျက်စိအောက်တွင် ပျံတော်မူသွားပြန်ပါ၏။ ၁၉၉၉-ခုနှစ်တွင် ညီအလတ်ဖြစ်သူက ကားမှောက်၍ သေဆုံးသွားပြန်၏။ ၂၀၀၈-ခုနှစ်တွင် အစ်မတစ်ယောက်လည်း ထပ်မံသေဆုံးသွားခဲ့၏။ ဤအသေအပျောက်စာရင်းများသည် ဤအရှင်၏ မိသားစုတွင် တကယ်ဖြစ်ခဲ့သော စာရင်းများသာဖြစ်၏။ ဤသည်မှာ မိသားစု ဘဝက လက်တွေ့ပြပေးနေသော အမှန်တရားများပင် ဖြစ်၏။ အဝိဇ္ဇာက သစ္စာမသိသရွေ့ တဏှာဖြင့် ငြိနေမည့် ဘဝသံယောဇဉ်၊ မိသားစုသံယောဇဉ်သည် ကိလေသာပင်ဖြစ်၏။ ထိုကိလေသာသည် မသိလျှင် မသိသလောက် ပူလောင်မည်သာဖြစ်၏။ ထိုကိလေသာအပူမီးကို ငြိမ်းအေးစေနိုင်သည်မှာ မတည်မြဲခြင်းအနိစ္စကို အမှန်မြင်သည့် ဉာဏ်ဝင်လာမှသာလျှင် သက်သာရာရနိုင်ပါ၏။ ထိုဉာဏ်ဖြင့် မဆင်ခြင်နိုင်သမျှ ဆောက်တည်ရာမဲ့ခံစားခဲ့မှုတွေ ပြင်းထန်စွာရိုက်ခတ်ခံရမည်သာဖြစ်၏။ ခန္ဓာရသူတိုင်း၏ သွားမြဲလမ်းသာဖြစ်သည်ကို သိသဖြင့် ထိုကဲ့သို့သော ခန္ဓာမျိုး နောင်တစ်ဖန်ပြန်မပေါ်လာနိုင်ရေးအတွက် ကိလေသဝဋ် ကမ္မဝဋ်တို့ ကျွတ်မှသာလျှင် ဝိပါကဝဋ်ဖြစ်သည့် ခန္ဓာဒုက္ခ သံသရာဒုက္ခတို့မှ လွန်မြောက်နိုင်မည်ဖြစ်၍ ထိုသို့လွတ်မြောက်ရေးလမ်းစဉ်သည် ဖြစ်ပျက် မဂ်ကိုက်အောင် ဆင်ခြင်သည့် လုပ်ငန်းမှတစ်ပါး အခြားမရှိဟုသာ ပြောလိုပါ၏။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.