ဝေဒနာပစ္စယာ တဏှာ

ဖဿပစ္စယာ ဝေဒနာ-၌ ဝေဒနာအရ လောကီဝိပါက်(၃၂)ပါးနှင့်အတူတွဲဖြစ်တဲ့ ဝေဒနာကို ယူရပါတယ်။ အကျိုးဝိပါက်ဖြစ်စဉ်ကို ဖော်ပြနေတာဖြစ်လို့ လောကီဝိပါက်မှာ ယှဉ်တဲ့ဝေဒနာကို ကောက်ယူရတာဖြစ်တယ်။ ဝေဒနာပစ္စယာ တဏှာ-ဖြစ်စဉ်မှာတော့ အကြောင်းဝေဒနာဖြစ်လို့ တဏှာဖြစ်ကြောင်းဝေဒနာတွေကို ကောက်ယူရမှာဖြစ်တယ်။ ဒါကြောင့် လောကီစိတ်(၈၁)ခုမှာ တွဲဖြစ်တဲ့ ဝေဒနာကို ကောက်ယူရပါတယ်။ တဏှာ-အရ ရူပတဏှာ၊ သဒ္ဒတဏှာ၊ ဂန္ဓတဏှာ၊ ရသတဏှာ၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဓမ္မတဏှာ ဆိုတဲ့ တဏှာ (၆)မျိုးကို ကောက်ယူရပပါတယ်။ တစ်နည်းအားဖြင့် ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာတို့ကို ကောက်ယူနိုင်ပါတယ်။ ဝေဒနာ(၆)မျိုးရှိလို့ တဏှာလည်း (၆)မျိုးရှိတယ်လို့ မှတ်ရမယ်။ မြင်စရာအဆင်းကို သာယာတပ်မက်တဲ့တဏှာပေါ်လာတော့ ရူပတဏှာဖြစ်တယ်။ အသံကို သယာတပ်မက်တော့ သဒ္ဒတဏှာ၊ အနံ့ကို သာယာတပ်မက်တော့ ဂန္ဓတဏှာ၊ အစားအသောက် အရသာအပေါ် သာယာတပ်မက်တော့ ရသတဏှာ၊ အတွေ့အထိအပေါ် သာယာတပ်မက်တော့ ဖောဋ္ဌဗ္ဗတဏှာ၊ အတွေးဓမ္မာရုံကို သာယာတပ်မက်တော့ ဓမ္မတဏှာလို့ မှတ်ရမယ်။ ဒီခြောက်မျိုးကို ပေါင်းရုံးပြီးပြောမယ်ဆိုရင်တော့ ကာမဂုဏ်အာရုံတွေအပေါ်မှာ သာယာတပ်မက်တာက ကာမတဏှာ၊ ဘုံဘဝကိုသာယာတပ်မက်တာက ဘဝတဏှာ၊ တစ်ဘဝပြီး တစ်ဘ၀ တပ်မက်နေမယ့်တဏှာအမျိုးအစားဖြစ်ပါတယ်။ ကိုယ့်ဘဝကို သာယာတပ်မက်ပြီး နောက်နောင်လည်း ဒီလိုဘဝမျိုး ပြန်လိုချင်တဲ့အခင်ဓာတ်လေး ရှိနေပါတယ်။ ဒီလိုသိမ်မွေ့နုညံ့တဲ့တဏှာလေး ကိန်းနေလို့ ဒီဘဝပြီး နောက်ဘဝတွေ ဆက်လိုချင်နေတာလည်း ဖြစ်တယ်၊ ဆက်ရနေရတာလည်းဖြစ်တယ်။ ဒါကြောင့် ဒီတဏှာက ဘဝတွေ တစ်ဘဝပြီး တစ်ဘ၀ ဖြစ်နေတဲ့ဖြစ်စဉ်အရ ဘဝထဲ ခန္ဓာထဲမှာ ကိန်းနေတဲ့ အသက်ကောင်၊ ဝိညာဏ်ကောင်ရှိနေတယ်ဆိုတဲ့ အယူအဆ ပေါ်လာတယ်။ ဒါမျိုးကို သဿတဒိဋ္ဌိလို့ ခေါ်တယ်။ ဘဝကင်းပြတ်တာကို သာယာတပ်မက်တာက ဝိဘဝတဏှာလို့ မှတ်ရမယ်။ ဘဝရှိလို့ ဒုက္ခတွေရှိနေတာ၊ ဘဝမရှိရင် အေးတာပဲဆိုတဲ့ အယူအဆပေါ်လာတော့ ကင်းပြတ်အယူ ဥစ္ဆေဒဒိဋ္ဌိပေါ်လာတယ်။ ချမ်းသာတဲ့အခါမျိုးမှာ သဿတဒိဋ္ဌိဝင်နေတယ်။ ချမ်းသာနေတော့ ဘဝကို သာယာကျေနပ်နေတယ်။ ကျေနပ်နေရုံတင်မကဘူး။ နောက်လည်း ဒီလိုဘဝမျိုးလေးပဲ ထပ်တောင့်တစိတ်က အထင်အရှားမပေါ်တောင်မှ မသိစိတ်ထဲမှာ ကိန်းနေတယ်။ ဒီလိုနဲ့ နောက်ဘဝကောင်းစားရေး ဦးစားပေးပြီးလုပ်၊ နောက်ဘ၀ တောင့်တ၊ ဆုတောင်း၊ ဒီလိုဘဝကောင်းစားရေးကုသိုလ်လုပ်ရင်းနဲ့ ဘဝဆက်တဲ့အယူအဆဝင်လာပြီး သဿတဒိဋ္ဌိဖြစ်ရတယ်။ ငါစွဲသက္ကာယဒိဋ္ဌိ ခံနေပြီး ငါဟာ ဒီဘဝနဲ့ မပြီးသေးဘူး၊ နောက်ဘဝတွေ ရှိသေးတယ်ဆိုပြီး ငါက ဒီဘဝကနေ နောက်ဘဝအထိလိုက်စွဲနေတော့ ဒီဘ၀ ငါနဲ့ နောက်ဘဝငါ လှမ်းဆက်တဲ့ သဿတဒိဋ္ဌိဖြစ်ရတယ်။ တကယ်တော့ ဒီဘက်ဘဝက ရုပ်နာမ်က ဒီဘက်ဘဝတင် ဖြစ်ပြီး ပျက်နေခဲ့တယ်။ နောက်ဘဝသို့ မလိုက်ဘူး။ ငါလည်း လိုက်စရာမရှိသလို အသက်ကောင် ဝိညာဏ်ကောင် လိပ်ပြာလေးကလည်း ဒီဘဝကနေ နောက်ဘ၀ ကူးသွားစရာမရှိပါဘူး။ အကြောင်းကြောင့် အကျိုးဖြစ်တာပဲရှိတယ်။ ငါလည်း မလိုက်ဘူး၊ မပျက်မစီး တည်ရှိနေတယ်လို့ ယူဆထားတဲ့ အသက် လိပ်ပြာ ဝိညာဏ်လည်း မလိုက်ဘူး။ အကြောင်းအကျိုးဆက်ရုံမျှသာဖြစ်တယ်။ ရုပ်လည်းမလိုက် နာမ်လည်းမလိုက် ငါလည်းမလိုက် အသက် လိပ်ပြာ ဝိညာဏ်လည်း မလိုက်၊ အကြောင်းကြောင့် ပေါ်လာတဲ့ အကျိုးတရားမျှသာ ဖြစ်တယ်လို့ သိနားလည်ထားလိုက်မယ်၊ သိတဲ့အတိုင်း ခံယူထားလိုက်မယ်ဆိုရင်တော့ သဿတဒိဋ္ဌိ အသိနဲ့ ပြုတ်ပါတယ်။ ဒီလိုမှမဟုတ်ရင် အသိနဲ့တောင် ပြုတ်ဖို့ မလွယ်လှပါဘူး။ ဆင်းရဲတဲ့အခါမျိုးမှာ ဝိဘဝတဏှာဖြစ်တတ်တယ်။ ငါ့ဘဝကြီး ဆင်းရဲလိုက်တာ၊ သေတာပဲ ကောင်းပါတယ်ဆိုပြီး သေဖို့ကြိုးစားချင်စိတ်တွေပေါ်လာတာ ဒီဝိဘဝတဏှာကြောင့်ပါပဲ။ သေရင် ဒုက္ခတွေ အေးသွားမယ်လို့ ထင်နေတာလေ။ အကြောင်းကြောင့်ပေါ်နေတဲ့ ဆိုးကျိုးတွေ ခံစားနေရတာပဲလို့ မခံယူမိတော့ ဘဝဒုက္ခတွေ ရင်ဆိုင်နေရတာ စိတ်ပျက်ပြီး ငါသေမှအေးမှာ လို့ တွက်ဆတတ်ကြပြန်တယ်။ တကယ်တော့ သေလည်း မအေးပါဘူး။ အကြောင်းမကောင်းလေသမျှ သေလည်း နောက်ဘဝတွေမှာ ဆိုးဝါးတဲ့ဒုက္ခတွေ ခါးစီးပြီး ခံရဦးမှာပါပဲ။ အပါယ်များကျသွားရင် ဒီဘဝခံစားရတဲ့ ဒုက္ခထက်တောင်ဆိုးဦးမှာ။ ဒီလိုနဲ့ ကိုယ်ဆင်းရဲစိတ်ဆင်းရဲ ကြုံတွေ့ရတဲ့အခါမှာ ဘဝပြတ်ရေးကို တောင့်တလာတယ်၊ ဒီလိုတောင့်တယူဆချက်ကို ဥစ္ဆေဒဒိဋ္ဌိလို့ခေါ်တယ်။ ဘဝပြတ်စဲရေးကို ငြိမ်းချမ်းရေးလို့ထင်လာတယ်။ နောက်ဘဝဆိုတာမရှိ-လို့ ယူဆလိုက်ရင်လည်း ဥစ္ဆေဒဒိဋ္ဌိပဲ။ ဘဝခန္ဓာ ရရှိထားခြင်းသည် အကြောင်းကြောင့်ပေါ်တဲ့ အကျိုးတရားသာဖြစ်တယ်၊ ဒုက္ခသုက္ခတွေ ရင်ဆိုင်နေရတာသည်လည်း အကြောင်းကြောင့်ပေါ်တဲ့အကျိုးတရားသာ ဖြစ်တယ်။ ဒီလို အကြောင်းအကျိုးဆက်တာလေးကို သိထားလိုက်ရင် ဥစ္ဆေဒဒိဋ္ဌိ အသိနဲ့ ပြုတ်ပါတယ်။ ဒီလိုအသိလေးမှ မရှိရင်လည်း ငါသေမှအေးမှာဆိုပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံလိုက်တော့ အထင်နဲ့ ဖြစ်စဉ်က တစ်ခြားစီဖြစ်သွားပါလိမ့်မယ်။ ဘဝဆိုတာ ဒုက္ခနဲ့ အတူနေရတာဖြစ်တယ်၊ ခန္ဓာရှိနေသရွေ့ ဒုက္ခရှိနေတာပဲ။ ဒီဒုက္ခကြီးနဲ့ အတူနေရသမျှ ဘယ်တော့မှ ငြိမ်းချမ်းမှုဆိုတာ မရှိနိုင်ဘူး။ ကိုယ်ဆင်းရဲမှုတွေကလည်း အမျိုးမျိုး၊ စိတ်ဆင်းရဲမှုတွေကလည်း အဖုံဖုံ ကြုံဆုံနေရမှာသာ ဖြစ်တယ်။ ငွေရှိရင် ချမ်းသာမယ်ထင်ပြီး ကြိုးစားပမ်းစား စီးပွားရေးလုပ်လို့ စီးပွါးတိုးတက်ချမ်းသာလာတော့လည်း ကျန်းမာရေးကဖောက်လာတော့ ကိုယ်မျှော်လင့်ထားတာနဲ့က တစ်ခြားစီဖြစ်နေရော။ ချမ်းသာပါလျက် မိသားစုပြဿနာတွေကြောင့် သောကမီးလောင်ကျွမ်းနေရတဲ့ ဒုက္ခသည် သူဋ္ဌေးသူကြွယ်တွေလည်း မရေတွက်နိုင်အောင် ရှိပါတယ်။ စည်းစိမ်ချမ်းသာသူတွေတောင်မှ ဒီလို ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဆိုတာတွေ ရှိနေသေးတယ်ဆိုရင် မရှိဆင်းရဲသားတွေမှာ ဘယ်လောက် ကိုယ်စိတ်ဆင်းရဲဒုက္ခ ကြုံရမလဲဆိုတာ ပြောပြစရာမလိုလောက်အောင်ပါ။ တစ်ချို့က အေးငြိမ်းတဲ့ မိသားစုလေးတွေတွေ့ရင် သူတို့မိသားစုလေးက အေးချမ်းလိုက်တာလို့ ထင်ကြတယ်။ တကယ်တော့ သူ့မိသားစုမှာလည်း မြင်နိုင်တဲ့ ပြဿနာတွေရော မမြင်နိုင်တဲ့ ပြဿနာတွေရော ဖြေရှင်းမရတဲ့ ပြဿနာတွေ ဖြေရှင်းလို့ရနိုင်တဲ့ပြဿနာတွေရော သောကအပူအကြီးနဲ့ အသေးသာ ကွာမယ်၊ သောက ကိုယ်စီရှိနေကြတာပါပဲ။ သူ့ကြည့်တော့ ချမ်းသာနိုးနိုး ကိုယ့်ကြည့်တော့ ချမ်းသာနိုးနိုးနဲ့ တကယ်တော့ ဘယ်သူမှ ချမ်းသာအစစ်အမှန် မပိုင်ဆိုင်နိုင်ဘူးလို့သာ မှတ်လိုက်ပါ။ အေးငြိမ်းတယ်ထင်ရတဲ့သူကိုလည်း အနီးကပ်ပေါင်းကြည့်ပြီး သူ့ရင်ဖွင့်သံကို နားထောင်ကြည့်လိုက်ရင် တိမ်ငုတ်နေတဲ့ မျိုသိပ်ထားရတဲ့ စိတ်မချမ်းသာမှုလေးတွေ ရှိနေတာ တွေ့ရပါလိမ့်မယ်။ ဖွင့်ပြောရမှာ အဆင်မပြေလို့ အုံ့ပုံးစိတ်ဒုက္ခတွေနဲ့ ရင်ဆိုင်နေရသူတွေလည်း လောကမှာ မနည်းလှဘူး။ ဒုက္ခကို ပုံစုံမျိုးစုံ နည်းမျိုးစုံနဲ့ ကြုံတွေ့ခံစားနေကြရတာဟာ တကယ်တော့ ဒုက္ခကိုယ်ထည်ခန္ဓာကြီးနဲ့ အတူနေနေရလို့ပါပဲ။ ဒါကြောင့် ငါ့မှ ဖြစ်ရလေခြင်းဆိုပြီး ယူကျုံးမရ မဖြစ်လိုက်ပါနဲ့။ သူများလည်း ဖြစ်နေကြတာပါပဲ။ ထင်ရှားတာနဲ့ မထင်ရှားတာသာ ကွာပါလိမ့်မယ်။ ဖြစ်သမျှ အကြောင်း အကောင်းချည်းပဲလို့ ကံကိုသာ ဆင်ခြင်ပြီး စိတ်သက်သာရာကို ရှာလိုက်ပါ။ အဆိုးတွေကလွတ်အောင် အကောင်းဘက်ကို ဘယ်လိုလုပ်မလဲဆိုတာကိုပဲ အဖြေရှာဖို့ကြိုးစားလိုက်ပါ။ ဒီလိုမှမဟုတ်ရင် စိတ်ဓာတ်ကျလို့ ငါသေမှအေးမှာဆိုပြီး လုပ်လိုက်ရင်ဖြင့် ဥစ္ဆေဒဒိဋ္ဌိဖြစ်လို့ အေးမယ်လို့အထင်က တကယ်တမ်းမှာ မအေးဘဲ ပိုပူရတဲ့အဖြစ်မျိုးနဲ့ တိုးဖို့သာရှိတော့တယ်။ အလုပ်သင့်ဆုံးက ဒုက္ခထင်ထင်ရှားရှား ရင်ဆိုင်နေရသည်ဖြစ်စေ၊ ရင်မဆိုင်ရသေးသည်ဖြစ်စေ ဒီခန္ဓာရရှိထားမှတော့ ဒုက္ခကို ရှောင်လို့မရဘူးဆိုတာ ဆင်ခြင်ပြီး ဒီခန္ဓာဒုက္ခ သံသရာဒုက္ခမှ ကင်းလွတ်ငြိမ်းချမ်းရာရောက်ကြောင်း အကျင့်ဖြစ်တဲ့ အလုပ်ကို လုပ်ဖို့ပါပဲ။ ခန္ဓာရှိနေသရွေ့ ဒုက္ခတွေက ရှိနေတယ်။ ဒီဒုက္ခတွေကို မကြည့်တော့ မသိ၊ မသိတော့ ဒုက္ခမရှိပါဘူးလို့ထင်မြင်နေကြလေရဲ့။ အရှိဒုက္ခကို အသိနဲ့ လိုက်ပေးနေမယ်ဆိုရင် ခန္ဓာရဲ့သဘောမှန်ကိုသိခွင့်ရလာမယ်။ သဘောမှန်ကို သိလိုက်သည်နှင့် ခန္ဓာကို တွယ်မက်တဲ့ ဘဝတဏှာ၊ ခန္ဓာကို အကြောင်းမဲ့ စွန့်ပစ်လို့ရမယ်လို့ ထင်နေတဲ့ ဝိဘဝတဏှာတွေ မပေါ်နိုင်တော့သလို ကာမဂုဏ်အာရုံတွေအပေါ်မှာလည်း သာယာမက်မောစိတ်တွေကင်းလာတော့ ကာမတဏှာလည်း ကင်းသင့်သလောက် ကင်းလာပါလိမ့်မယ်။ မြင်ခန္ဓာကို ခံစားတဲ့ ဝေဒနာကို စောင့်ကြည့်တော့ မြင်ခန္ဓာအပေါ် သာယာတဲ့ တဏှာမလာတော့ဘူး။ မြင်ခန္ဓာခံစားတဲ့ဝေဒနာဆိုတာ မြင်တာက အဆင်း၊ အဲဒီအဆင်းကို ဝေဒနာက ခံစားတာ။ ဒီတော့ မြင်ခန္ဓာပေါ်တာပေါ့။ ထို့အတူ ကြားခန္ဓာ၊ နံခန္ဓာ၊ စားခန္ဓာ၊ တွေ့ခန္ဓာ၊ တွေးခန္ဓာတွေအပေါ်မှာ ခံစားတဲ့ဝေဒနာတွေလည်း လာချင်ရာလာပါစေ၊ စောင့်ကြည့်လိုက်ရင် ပျက်သွားတာကို သိလိုက်တိုင်း အော် ကိုယ်က မြဲမမယ်ထင်ထားတာ၊ တကယ်ကြည့်လိုက်တော့ ပျက်သွားပါလားလို့ သိသိလာမယ်။ ဒီလိုအသိလေး ဝင်လာရင် တဏှာနဲ့ တွယ်မက်စရာမရှိတော့ဘူး။ မြဲတယ်ထင်နေလို့ တပ်မက်စိတ်တွေဝင်တာ။ မမြဲတာကိုသိလိုက်ရင် ပျက်ပျက်နေသဖြင့် ဆင်းရဲနေတာကို ကိုယ်တိုင်သိလိုက်ရင် ဒီတပ်မက်စိတ်ဟာ အလိုလိုပြေးတယ်။ ဒါကြောင့် ဝေဒနာနဲ့ တဏှာအကူးမှာ ဖြတ်တတ်အောင် ကြိုးစားရခြင်းဖြစ်တယ်။ မဖြတ်သမျှ တဏှာဘက် ကူးနေမှာပဲ။ ဖြတ်တာကလည်း အပြောနဲ့တင်ဖြတ်နေလို့တော့ မရပါဘူး။ အလုပ်နဲ့ဖြတ်မှ ပြတ်မှာ။ မဂ္ဂင်အလုပ်နဲ့ဖြတ်မှပြတ်ပါမယ်။ ဝေဒနာပေါ်လာရင် စောင့်ကြည့်လိုက်တော့ ဖြစ်ပျက်သွားတာလေးတွေ တွေ့လိုက်ရင် ဖြစ်ပျက်က ဒုက္ခသစ္စာ သိတာက မဂ္ဂသစ္စာ၊ ဒီအသိမဂ်လေးနဲ့ ဖြတ်လိုက်မှ ပြတ်ပါလိမ့်မယ်။ မဂ်နဲ့မဖြတ်သမျှ တဏှာ မလာပါနဲ့ တားလို့မရ၊ လာကိုလာမှာ။ မဂ်နဲ့ဖြတ်မှသာလျှင် ဝေဒနာနောက်က မဂ်လိုက်လာတော့ တဏှာလာခွင့်မရတော့ဘဲ ပြတ်သွားမှာဖြစ်လို့ ခန္ဓာဒုက္ခတွေ ပြတ်ဖို့အရေး ဖြတ်ဖို့တွေးမယ်ဆိုရင်တော့ ဝေဒနာနဲ့ တဏှာမကူးနိုင်အောင် ကြားမှာ မဂ်ဝင်ဖြတ်ပေးလိုက်ပါ။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

သံသရာစက်ဝိုင်း