သစ္စာသိတဲ့ဉာဏ်
ခန္ဓာငါးပါးထဲက တစ်ပါးပါး ပေါ်ပြီး ပျက်သွားတာဟာ သစ္စာလို့ မှတ်လိုက်ပါ။ ကိုယ့်ခန္ဓာထဲက ပေါ်လာတဲ့ ဖြစ်မှုလေးတွေ ပျက်မှုလေးတွေဟာ သစ္စာပါပဲ။ ဝေဒနာပေါ်လာရင်လည်း ဝေဒနာလေးက ဖြစ်တာလည်း ရှိတယ် ပျက်တာလည်း ရှိတယ်။ စိတ်ပေါ်လာရင်လည်း စိတ်ကလေးက ဖြစ်တာလည်း ရှိတယ် ပျက်တာလည်း ရှိတယ်။ စိတ်ကလေးပေါ်လာတာက ဖြစ်တာ၊ စိတ်ကလေး သူ့သက်တမ်းစေ့လို့ ပျောက်သွားတာလးက ပျက်တာ။ ဒါဟာ ဖြစ်ပျက်- ဒုက္ခသစ္စာပါပဲ။ သစ္စာသိလိုက်တာဟာ ဉာဏ်။ သစ္စာသိတဲ့ဉာဏ်ပေါ့။ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ။ ခန္ဓာကိုယ်မှာ ပေါ်တိုင်းပေါ်တိုင်း ဒီ မဂ္ဂသစ္စာလေးနဲ့ သိသိပေးနေရမယ်။ ဝိပဿနာခေါ်တဲ့ ပုဗ္ဗဘာဂမဂ်ကလေးနဲ့ သိသိပေးနေရမယ်။ ဒီလိုချည်း ခန္ဓာမှာ ပေါ်တိုင်းပေါ်တိုင်း သိသိပေးနေရင် ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ဖြစ်ပျက်ကို ကိုယ်တိုင်မြင်လိုက်တာလေးက မဂ္ဂသစ္စာပါပဲ။
သံသရာတစ်ခွင် ကျင်လည်ခဲ့ကြရတာဟာ ဟောဒီ သစ္စာသိတဲ့ဉာဏ်ကလေး မပေါ်ခဲ့လို့ပါ။ ဒီဉာဏ်ကလေး ပေါ်ခွင့်မရတော့ သံသရာမှာ အိုဘေး နာဘေး သေဘေးတွေနဲ့၊ မွဲဘေး ကွဲဘေး အပါယ်ဘေးတွေနဲ့၊ နိမ့်လိုက် မြင့်လိုက်ဘဝတွေနဲ့ ကျင်လည်ခဲ့ကြရတာပါပဲ။ သစ္စာသိတဲ့ ဉာဏ်လေးရလိုက်ရင် နောင်လာမယ့် ဒုက္ခဝဲလည်နေရတဲ့ စက်ရဟတ်ကြီး ရပ်စဲသွားလိမ့်မယ်။ ဒီဉာဏ်လေး ရလိုက်တာနဲ့ ဒုက္ခစက်ကြီး ရပ်သွားရတယ်ဆိုရင် ဉာဏ်လေး မရလိုက်ပါက ဒုက္ခစက်ကြီးဟာ ကမ္ဘာပေါင်း ထောင်သောင်းမက လည်နေရဦးမယ်။ ဒီလို လည်ရမယ့်သံသရာကို သစ္စာသိတဲ့ ဉာဏ်ပေါ်မှပဲ ကြောက်ရကောင်းမှန်း သိလာတာ။ ဒီဉာဏ်မှ မပေါ်ရင် သံသရာလည်ရမယ့် ဒုက္ခကိုတောင် ကြောက်စရာလို့ မထင်မှတ်တော့ဘူး။ ကြောက်စရာမထင်တော့ လွတ်အောင် လုပ်ဖို့လည်း စိတ်ကူးထဲ မထည့်ဖြစ်တော့ပါဘူး။ ဒီလိုနဲ့ တစ်ဘဝပြီး တစ်ဘ၀ ဆက်နေမှာသာဖြစ်ပြီး ဘဝမှာ ရှိနေမြဲဖြစ်တဲ့ ဒုက္ခတွေတစ်ပုံကြီးနဲ့ ပက်ပင်းတိုးနေကြရမှာသာဖြစ်တယ်။ ဒါကြောင့် ခန္ဓာမှာ ရှိနေတဲ့ အရှိဒုက္ခလေးကို မြင်တဲ့ ဉာဏ်လေးပေါ်ခွင့်ရဖို့ဟာ သိပ်အရေးကြီးပါတယ်။
ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ရှုတဲ့ဉာဏ်က မဂ္ဂသစ္စာလို့ မှတ်လိုက်ပါ။ ရှုတဲ့ဉာဏ်လေး ကိုယ့်ဝမ်းထဲ မရောက်လိုက်တာနဲ့ ဒုက္ခစက်ကြီး လည်ရမယ့်အရေး တွေးကြောက်ပြီး ရှုတဲ့ဉာဏ်လေး ဝမ်းထဲရောက်ဖို့အရေး မိမိတို့ရဲ့ ခန္ဓာပေါ်ကို ဉာဏ်နဲ့ လျှောက်ပြေးကြည့်လိုက်ပါ။ ဉာဏ်နဲ့ လျှောက်ပြေးကြည့်လိုက်တဲ့အခါ ခန္ဓာထဲမှာ ဖြစ်လိုက် ပျက်လိုက် တရားနှစ်ခုသာ ရှိတော့တယ်ဆိုတာ ကိုယ်တိုင် တွေ့သိလာပါလိမ့်မယ်။ ဖြစ်လာတာလေးက သင်္ခါရ၊ ပျက်သွားတာလေးက အနိစ္စ၊ သင်္ခါရနဲ့ အနိစ္စသာ ရှိတယ်ဆိုတာ တွေ့လာပါလိမ့်မယ်။ ခန္ဓာကိုယ်ထဲမှာ ဝေဒနာလေးကြည့်လိုက်လည်း ဖြစ်လိုက် ပျက်လိုက်၊ သညာလေးကြည့်လိုက်လည်း ဖြစ်လိုက် ပျက်လိုက်၊ စိတ်ကလေးကြည့်လိုက်လည်း ဖြစ်လိုက် ပျက်လိုက်။ ဝေဒနာကြိုက်ရင် ဝေဒနာရှု၊ ဝေဒနာ ပေါ်တိုင်းပေါ်တိုင်း ဉာဏ်နဲ့ လိုက်လိုက်ပေးပါ။ စိတ်ကြိုက်ရင် စိတ်ရှု၊ စိတ်ပေါ်တိုင်းပေါ်တိုင်း ဉာဏ်နဲ့ လိုက်လိုက်ပေးပါ။ သစ္စာကြိုက်ရင် သစ္စာနာမည်တပ်ပြီးရှု၊ ဝေဒနာပေါ်ပေါ် ရုပ်ပေါ်ပေါ်၊ စိတ်ပေါ်ပေါ်၊ ပေါ်သမျှ ဖြစ်ပြီး ပျက်ရမြဲဖြစ်လို့ ဒုက္ခသစ္စာပဲ၊ ဒုက္ခသစ္စာပဲလို့သာ ရှုပေးလိုက်ပါ။ ရုပ်ကြိုက်ရင် ရုပ်ရှု၊ ဖောက်ပြန်ပြောင်းလဲမှုလေးတွေ ခန္ဓာမှာ ပေါ်တိုင်းပေါ်တိုင်း ဖောက်ပြန်လာသမျှ ပျက်စီးရမြဲဖြစ်တာကို မြင်အောင်ကြည့်ပေးပါ။ ဒါဟာ ရုပ်ကို ဖြစ်ပျက်ရှုလိုက်တာပါပဲ။ ဒီလိုရှုနေရင် ရှုနေတဲ့ ဉာဏ်လေး၊ သိနေတဲ့ဉာဏ်လေးဟာ မဂ္ဂသစ္စာပါပဲ။ ဒီလိုရှုဖန်များတော့ ဝိပဿနာမဂ်ကလေးက ဝမ်းထဲ ရောက်လာတယ်။ ဝိပဿနာမဂ် ဝမ်းထဲရောက်လာတဲ့အခါ ကိလေသာတွေ တဏှာ ဥပါဒါန် ကံတွေ ပါးပါးသွားရတယ်။ ရှုနေတဲ့ဉာဏ်က ဝိပဿနာမဂ်၊ ဓားလက်နက်ဖြစ်နေတော့ မဂ်ဓားကနေ ကိလေသာထုကြီးကို ခွါခွါချပေးလိုက်တော့ ရှုဖန်များရင် ကိလေသာထုထည်ကြီး နည်းနည်း နည်းနည်းချင်း ပါးပါးသွားရတာပါပဲ။ ကိလေသာထုက ပါးပါးလာတာနဲ့ နောင်ခန္ဓာ ဒုက္ခသစ္စာ ရကြောင်းတွေလည်း ပါးပါးသွားရတယ်။ နောင်ခန္ဓာရကြောင်းပါးသွားတာနဲ့ နောင်ခန္ဓာရကျိုးတွေလည်း ပါးပါးသွားတယ်လို့ မှတ်ရမယ်။ အကြောင်းကိလေသာ ပါးတော့ အကျိုးဒုက္ခလည်း ပါးပါးသွားတော့တာပါပဲ။
ဒါဖြင့် တဏှာစရိုက်အားကြီးတဲ့ပုဂ္ဂိုလ်က ဝေဒနာကို ဖြစ်ပျက်ရှုလိုက်ပါ။ ဟိုဟာမြင် လိုချင်လိုက်၊ ဒီဟာမြင် လိုချင်လိုက်နဲ့ လိုချင်အားကြီးနေတယ်ဆိုရင်၊ သားခင် သမီးခင် ခင်အားသန်နေတယ်ဆိုရင် တဏှာစရိုက်များတာပါပဲ။ ဒိဋ္ဌိစွဲအားကြီးတဲ့ပုဂ္ဂိုလ်က စိတ်ကို ရှုလိုက်ပါ။ ငါ့စိတ်၊ ငါ့ကိုယ်၊ ငါ့သား ငါ့သမီး ငါ့ဇနီး ငါ့စီးပွားဥစ္စာ စသည်ဖြင့် တစ်ငါတည်းငါနေတယ်ဆိုရင်တော့ ဒိဋ္ဌိစွဲအားကြီးနေတယ်လို့ မှတ်လိုက်ပါ။ ပညာအားကြီးတဲ့ ပုဂ္ဂိုလ်က သစ္စာရှုပါ။ ပင်ကိုယ်ဉာဏ်ကောင်းလို့ သိလွယ် တတ်လွယ်တယ်ဆိုရင် ပညာဓာတ်ခံကောင်းတာပါပဲ။ ဉာဏ်လေးလို့ ဉာဏ်ထိုင်းလို့ ဘယ်ဟာမှ လွယ်လွယ်နဲ့ သင်လို့ မတတ်ဘူးဆိုရင်တော့ ရုပ်ကို ရှုပါ။ တဏှာများရင် ဝေဒနာရှု၊ ဒိဋ္ဌိများရင် စိတ်ရှု၊ ပင်ကိုယ်ဉာဏ်ကောင်းရင် သစ္စာရှု၊ ပင်ကိုယ်ဉာဏ်ထိုင်းရင် ရုပ်ရှု။
ရူပက္ခန္ဓာဆိုတာ ရုပ်ပဲ၊ ဝေဒနာက္ခန္ဓာက ဝေဒနာ၊ ဝိညာဏက္ခန္ဓာက စိတ်၊ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာနှစ်ပါးက သစ္စာ- ဓမ္မာနုပဿနာပါပဲ။ ဒီခန္ဓာငါးပါးလုံးဟာ ကိုယ့်ခန္ဓာမှာ ရှိနေတာတွေပါ။ ဒါကြောင့် ဝိပဿနာဆိုတာ ခန္ဓာမှာ ရှုရမယ်လို့ မှတ်ရမယ်။ ခန္ဓာ ဘယ်လိုရှုရမှာလဲဆိုရင် ခန္ဓာဉာဏ်လှည့်။ ခန္ဓာဉာဏ်လှည့်လိုက်လို့ ခန္ဓာက ဝေဒနာ ထူးထူးခြားခြားပေါ်လာတဲ့သူဆိုရင် ဝေဒနာကို လှည့်လိုက်တာပေါ့။ စိတ်ထူးထူးခြားခြား ပေါ်လာတဲ့သူဆိုရင် စိတ်ကို လှည့်လိုက်ပါ။ ဒီလိုလှည့်နေတဲ့ဉာဏ်က ဖြစ်တာကိုလည်း သိသိနေမယ်၊ ပျက်တာကိုလည်း သိသိနေမယ်ဆိုရင် သစ္စာသိတဲ့ဉာဏ်ဖြစ်လာတာပါပဲ။ ဒီဉာဏ်ရလာတာနဲ့ သံသရာလည်စေတတ်တဲ့ ကိလေသာတွေ ပါးပါးသွားပါတယ်။ သမုဒယသစ္စာတွေ ပါးပါးသွားရတယ်။ ဖြစ်တာ ပျက်တာတွေ မြင်လို့ မြင်ဖန်များတာနဲ့ မုန်းဉာဏ်ဝင်လာပြီး ဖြစ်လိုက်ပျက်လိုက် အမြဲနှိပ်စက်ခံနေရတဲ့ ဒီလိုဒုက္ခသစ္စာကြီးကိုတော့ မလိုချင်မရချင်တော့ပါဘူးလို့ ကိုယ်ရှုနေတဲ့ ဉာဏ်က ဆုံးဖြတ်ချက်ချနိုင်လိုက်ပြီဆိုရင် ဖြစ်ပျက်တွေရဲ့ အဆုံး တစ်ချက်မြင်လိုက်တဲ့ ဉာဏ်ပေါ်လာတာနဲ့ တစ်ပြိုင်နက် မဂ္ဂင်ရှစ်ပါးပြည့်တဲ့ မဂ္ဂသစ္စာအစစ် ပေါ်လာတော့တာပါပဲ။ ဒီလို တစ်မဂ် ပေါ်တော့ သောတာပန်၊ နောက်တစ်မဂ် ပေါ်ပြန်တော့ သကဒါဂါမ်၊ နောက်တစ်မဂ် ထပ်ပေါ်ပြန်တော့ အနာဂါမ်၊ နောက်ဆုံးတစ်မဂ် ထပ်ပေါ်လာတဲ့အခါမှာတော့ ရဟန္တာဖြစ်သွားတော့တယ်။ ရဟန္တာဖြစ်တာနဲ့ နောင်ခန္ဓာရကြောင်း ကိလေသာ သမုဒယသစ္စာ အကုန်ချုပ်ငြိမ်းသွားလို့ နောင်ခန္ဓာဖြစ်တဲ့ ဇာတိ ဇရာမရဏ ဒုက္ခသစ္စာတွေ အစပြတ်ချုပ်ငြိမ်းသွားရတယ်။ ရဟန္တာပုဂ္ဂိုလ်မှာ နောင်ဘဝဆိုတာ မရှိတော့ပါဘူး။ ရဟန္တာပုဂ္ဂိုလ် စုတိစိတ်ကျသွားတဲ့အခါ ဘယ်များရောက်သွားလဲဆိုရင် ဘယ်မှမကြွဘူး၊ ကြွစရာလည်း မရှိဘူး၊ ဒုက္ခတွေ သိမ်းသွားပြီလို့သာ မှတ်လိုက်ပါ။ ပဋိစ္စသမုပ္ပါဒ်မှာ ဇာတိက စပြီး ချုပ်သွားလို့ ဇရာမရဏဆိုတာ မလာနိုင်တော့ပါဘူး။ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿတွေလည်း မလာတော့ဘူး။ ဒီလိုမျိုး ဒုက္ခတွေ အကုန်သိမ်းသွားတော့တယ်။ ဒါကြောင့် ရဟန္တာပုဂ္ဂိုလ် ပရိနိဗ္ဗာန်စံတာဟာ ဒုက္ခသိမ်းသွားတာပဲလို့ မှတ်လိုက်ပါ။ ပုထုဇဉ်တွေ သေရင်တော့ ဒုက္ခဆက်သွားတာသာ ဖြစ်တယ်။ နောက်ဘ၀ ဇာတိက ပြန်စရလို့ ဘယ်ဘဝရောက်ရောက် ဒုက္ခရောက်သွားတာ၊ ဒုက္ခရှိရာဘက်သာ ဆက်သွားတယ်လို့ မှတ်လိုက်ပါ။ ပုထုဇဉ်သေတော့ ဒုက္ခဆက်တယ်၊ ရဟန္တာသေတော့ ဒုက္ခပြတ်တယ်။ ဒုက္ခဆက်ရာမှ ဒုက္ခပြတ်ရာကို ရောက်အောင် နောင်လာမယ့်ဒုက္ခစက်ကြီး ရပ်သွားအောင် ဝိပဿနာတရား အားထုတ်ရတာပါလားဆိုတာ သိပြီး နောင်ခန္ဓာ အကျိုးဒုက္ခသစ္စာ ပြတ်ရေးအတွက် နောင်ခန္ဓာရကြောင်း သမုဒယသစ္စာ ကိလေသာတွေ ပါးပါးသွားအောင် ဝိပဿနာတရားကို တတ်နိုင်သလောက် ကြိုးစားပွားများအားထုတ်နိုင်ကြပါစေ။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.