သင်္ခါရပစ္စယာ ဝိညာဏံ

အဝိဇ္ဇာပစ္စယာ သင်္ခါရာ-၌ သင်္ခါရအရ လောကီကုသိုလ် အကုသိုလ်စေတနာ (၂၉)ပါးကိုကောက်ယူရမည်ဟု မနေ့က ပြောခဲ့ပါတယ်။ ဒါပေမဲ့ သင်္ခါရပစ္စယာ ဝိညာဏံ- ၌ သင်္ခါရအရကျတော့ ပဋိသန္ဓေအခါ၌ ဥဒ္ဓစ္စစေတနာ၊ ပဋိသန္ဓေအခါ ပဝတ္တိအခါတို့၌ အဘိညာဉ်စေတနာမှတစ်ပါး ကျန်တဲ့လောကီကုသိုလ် အကုသိုလ်စေတနာတို့ကို ကောက်ယူရပါတယ်။ ဝိညာဏပုဒ်အရ- ဘုံသုံးပါး၌ဖြစ်သော ပဋိသန္ဓေဝိညာဏ် (၁၉)ပါး၊ ပဝတ္တဝိညာဏ် လောကီဝိပါက် (၃၂)ပါးကို ကောက်ယူရပါတယ်။ ဒါကြောင့် ဝိညာဏပုဒ်အရ- ပဋိသန္ဓေဝိညာဏ်၊ ပဝတ္တိဝိညာဏ်နှစ်မျိုးလုံးကို ယူရမယ်။ ပဋိသန္ဓေအခါ၌ ပုညာဘိသင်္ခါရကြောင့် အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏ(၁)၊ မဟာဝိပါက် (၈)၊ ရူပဝိပါက် (၅)၊ ပေါင်း ဝိညာဏ် (၁၄)ပါးကို ဖြစ်စေပါတယ်။ ဥဒ္ဓစ္စစေတနာကြဉ်သော အပုညာဘိသင်္ခါရကြောင့် အကုသလဝိပါက် ဥပေက္ခသန္တီရဏ (၁)ပါးသာ ဖြစ်စေပါတယ်။ အာနဉ္စာဘိသင်္ခါရကြောင့် အရူပဝိပါက်ဝိညာဏ်(၄)ပါးကို ဖြစ်စေပါတယ်။ (၁၄+၁+၄=၁၉) ပဝတ္တိအခါ၌ ပုညာဘိသင်္ခါရဖြစ်တဲ့ မဟာကုသိုလ်စေတနာ(၈)ပါးကြောင့် အဟိတ်ကုသလဝိပါက်(၈)ပါး၊ မဟာဝိပါက်(၈)ပါး၊ ပေါင်း ဝိညာဏ် (၁၆)ပါးကို ဖြစ်စေ၍ ရူပါဝစရကုသိုလ်စေတနာ(၅)ပါးကြောင့် ရူပါဝစရဝိပါက်ဝိညာဏ်(၅)ပါးကို ဖြစ်စေပါတယ်။ အပုညာဘိသင်္ခါရကြောင့် အကုသလဝိပါက်ဝိညာဏ် (၇)ပါးကိုဖြစ်စေပါတယ်။ အာနဉ္စာဘိသင်္ခါရကြောင့် အရူပါဝစရဝိပါက်ဝိညာဏ် (၄)ပါးကိုဖြစ်စေပါတယ်။ ဒီလိုကောက်ပြလိုက်တာက အဘိဓမ္မာဒေသနာတော်လာတဲ့နည်းအရ သိအောင်လို့ပါ။ လိုရင်းကတော့ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်။ ဝိညာဏ်အရ ပဋိသန္ဓေဝိညာဏ်နဲ့ ပဝတ္တိဝညာဏ်နှစ်မျိုးရှိမယ်။ ပဝတ္တိဆိုတာကတော့ ပဋိသန္ဓေစိတ်ကနေ စုတိစိတ်အတွင်း ကာလတစ်လျှောက်လုံး တစ်ဘဝတာလုံးကို ပဝတ္တိအခါလို့ မှတ်ထားရမယ်။ ဒီတော့ ပဋိသန္ဓေဖြစ်ပေါ်လာရတာလည်း ကံကြောင့်၊ ပဝတ္တိအခါမှာ ဖြစ်ပေါ်နေတာတွေဟာလည်း ကံကြောင့်လို့ အကြောင်း အကျိုးဆက်နွယ်ပြလိုက်တာပါ။ ဝိညာဏ်သည် ကံရဲ့အကျိုးတရားတွေဖြစ်လို့ ဒီအကျိုးတရားတွေဟာလည်း အကြောင်းမဲ့ သက်သက်ပေါ်လာတာမဟုတ်၊ အကြောင်းကြောင့် ပေါ်လာရတဲ့အကျိုးတရားတွေသာ ဖြစ်တယ်ဆိုတာကို ပြနေတာပါပဲ။ ဒီမှာ ပဋိသန္ဓေစိတ်တွေဟာ ပဋိသန္ဓေအခါ၌ ပေါ်လာရတဲ့ စိတ်တွေပါပဲ။ အဟိတ်ကုသလဝိပါက် ဥပေက္ခသန္တီရဏဆိုတဲ့ စိတ်ဟာ အချို့လူတွေနဲ့ အချို့စတုမဟာရာဇ်နတ်တွေရဲ့ ပဋိသန္ဓေစိတ်ဖြစ်ပါတယ်။ လူစင်မမီတဲ့သူတွေ ကျပ်မပြည့်တဲ့သူတွေ ဆွံ့အ နားမကြားသူတွေဟာ ဒီစိတ်နဲ့ ပဋိသန္ဓေနေခဲ့ရတာဖြစ်လို့ အသိညာဏ်ပြည့်ဝမှုမရှိကြဘူး။ ဒါဟာ ကုသိုလ်ကံကြောင့် လူဖြစ် နတ်ဖြစ်ခဲ့ကြတာမှန်ပေမယ့် သူတို့ပြုတဲ့ကုသိုလ်က တော်တော်ညံ့တဲ့ကုသိုလ် စေတနာသဒ္ဓါတရား အလွန်အားနဲတဲ့ကုသိုလ်စေတနာဆိုတဲ့ သင်္ခါရတွေကြောင့် ဒီလို အဆင့်မမီတဲ့ လူတွေ စတုမဟာရာဇ်နတ်တွေဖြစ်လာကြရတာ။ ကုသိုလ်လုပ်တဲ့အခါ စေတနာလည်းမပါ၊ အသိဉာဏ်လည်းမရှိ၊ အခြေအနေအရ လုပ်လိုက်တဲ့ကုသိုလ်မျိုးတွေလည်း ရှိနေတတ်ပါတယ်။ ဒီကုသိုလ်စေတနာက သေခါနီးမှာ လှမ်းထောက်လိုက်မယ်ဆိုရင်တော့ အဆင့်နိမ့်တဲ့လူ၊ အဆင့်နိမ့်တဲ့ စတုမဟာရာဇ်နတ်တွေ ဖြစ်ကြရပါတယ်။ မလှူခင်ကလည်း အကြောင်းတစ်ခုခုကြောင့် စိတ်တို စိတ်ပျက်၊ လှူလိုက်တဲ့အချိန်မှာလည်း ကုသိုလ်ပြုရင် ကောင်းကျိုးရတယ်ဆိုတဲ့အသိလေးတောင်မှ မပေါ်၊ လှူပြီးနောက်လည်း ပြုလိုက်ရတဲ့အလှူနဲ့ပတ်သက်လို့တွေးလိုက်တိုင်း စိတ်ထဲမှာ ကျေနပ်မှုမရှိဖြစ်နေရင်တော့ ဒီအလှူက ကုသိုလ်ကံ သင်္ခါရတွေဖြစ်ပေမယ့် အကျိုးပေးလိုက်တဲ့အခါ ကျပ်မပြည့်တဲ့လူ့ခန္ဓာကြီး အကျိုးပေးလိုက်တော့ လူ့ဘ၀ ရပင်ရလိုက်ငြားသော်လည်း လူဖြစ်ရကျိုးမနပ်ဖြစ်နေတတ်တယ်။ အပါယ်ရောက်တာနဲ့စာရင် တော်သေးတယ်လို့ ပြောရရုံလောက်ပဲ ရှိမယ်။ ဒါကြောင့် ကုသိုလ်ပြုတဲ့အခါမှာ အထူးသတိထားပြုတတ်ဖို့ အဘိဓမ္မာအသိလေးတွေ လိုအပ်ပါတယ်။ လွန်ခဲ့တဲ့(၁၀)နှစ်လောက်က တောနယ်ဘက် ရွာတစ်ရွာမှာ ချဲ(လောင်းကစား)ဒိုင်လုပ်တဲ့လူတစ်ယောက်က အလှူပေးတယ်။ ဝက်သားဆီပြန်ကျွေးပြီးတော့လှူတယ်။ အလှူရှင်ကိုယ်တိုင် ကြွေးကြော်ထားတာက “ငါက ကုသိုလ်အဓိကမထားဘူး၊ အလှူအဓိက”တဲ့။ ချဲဒိုင်ဆိုတော့ အသိမိတ်ဆွေကလည်း ပေါ၊ ကျွေးမွေးရေးကဏ္ဍမှာ လူဘယ်လောက်လာမယ်ဆိုတာလည်း မသိရတော့ ဝက်သားဘယ်လောက်ကုန်မယ်ဆိုတာလည်း မခန့်မှန်းနိုင်ဘူး။ ဒီတော့ ဝက်အရှင်တွေဝယ်ထားပြီး ခြံခတ်ထားတယ်။ ဝက်သားကုန်ပြီဆိုရင် တစ်ကောင်ထု(သတ်)လိုက်၊ ချက်လိုက်။ ကုန်ပြန် နောက်တစ်ကောင်ထုလိုက် ချက်လိုက်၊ ဒီလိုကို ကျွေးတာ။ သူ့မှာ ကျွေးချင်တဲ့စေတနာလေးကတော့ ကောင်းတယ်။ ဒါပေမဲ့ အသိဉာဏ်က လုံးဝမပါတဲ့အပြင် အကုသိုလ်နဲ့ ရောပြီးလုပ်တော့ ကောင်းတဲ့စေတနာလေးက မဖြစ်စလောက်ပဲ ပါသွားတော့တယ်။ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာဆိုသလို အကုသိုလ်တွေက များနေတယ်။ ဒီလိုကုသိုလ်မျိုးက အကျိုးမပေးတာတော့မဟုတ်ပါဘူး။ ပေးလိုက်ရင် သုဂတိအဟိတ်အကျိုးပေးလိမ့်မယ်။ စကားမပြီတာမျိုး၊ ဆွံ့အတာမျိုး၊ လူစင်မမီတာမျိုးတွေဖြစ်သွားရင် ကိုယ်ပြုတဲ့ကုသိုလ်ကြောင့် ကိုယ်ပဲ မလှမပ မတင့်မတယ် လူရာမဝင်အဖြစ်ဆိုးနဲ့တိုးရတယ်။ ဒါကြောင့် ဒီလိုကုသိုလ်မျိုးတွေ မပြုမိဖို့ သတိထားရှောင်ကြဉ်ကြရမယ်။ မဟာဝိပါက် ဉာဏဝိပ္ပယုတ်(၄)ပါး ပဋိသန္ဓေကလည်း လူတွေ နတ်တွေမှာ ဖြစ်နိုင်တဲ့ပဋိသန္ဓေစိတ်ပါပဲ။ စိတ်ကို ဝိညာဏ်လို့ခေါ်တာကိုလည်း မှတ်ထားလိုက်ဦး။ ဝိညာဏ်ပြောလိုက် စိတ်ပြောလိုက်ဆိုတော့ မျက်စိလည်သွားမှာစိုးလို့။ လူနတ်ပင် ဖြစ်လင့်ကစား အသိဉာဏ်အားနဲတဲ့သူတွေဖြစ်လို့ သူတို့ကို ဒွိဟိတ်ပဋိသန္ဓေလို့ခေါ်တယ်။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုရင် သူလည်း အတိတ်က ကုသိုလ်သင်္ခါရကြောင့် ဖြစ်လာရတာပါပဲ။ အနည်းဆုံး ကမ္မဿကတာဉာဏ်ယှဉ်ပြီးတော့ ကုသိုလ်ပြုတယ်။ ဒါပေမဲ့ ရှေ့နောက် အကုသိုလ်ခြံရံနေမယ်။ ကုသိုလ်မပြုခင်ကလည်း စိတ်တို၊ ကုသိုလ်ပြုပြီးတော့လည်း စိတ်ပျက်ဖြစ်ရတဲ့ကုသိုလ်မျိုးကလည်း ဒီလို ဒွိဟိတ်ပဋိသန္ဓေကျိုးကိုပေးပါတယ်။ ကုသိုလ်ပြုနေစဉ်မှာတော့ ဉာဏ်ယှဉ်ပါရဲ့၊ ကုသိုလ်ပြုပြီးနောက် ငါဒီအလှူသာမလုပ်လိုက်ရင် ငါ့အိမ်လေး ပြင်နိုင်တယ်။ အခုတော့ ရှိသမျှစုထားတဲ့ငွေလေးတွေ အလှူထဲ အကုန်ပါသွားပြီဆိုပြီး လှူပြီးကာမှ အလှူအပေါ် ဝမ်းမမြောက်တော့ဘဲ နောင်တတွေရနေတာမျိုးလည်း ဖြစ်တတ်တယ်။ ဒီတော့ အလှူလုပ်တယ်ဆိုတာ စိတ်ပြတ်သားဖို့လိုတယ်။ မပြတ်သားရင် ဒီလိုစိတ်တွေက ပြန်ဝင်လာတတ်တယ်။ မလှူခင်ကတည်းက စိတ်ကို ပိုင်းဖြတ်ထားပြီး ငါဒီအလှူကို လှူလိုက်ရင် ဘယ်လောက်ကုန်မယ်၊ အဲဒီလောက် တတ်နိုင် မတတ်နိုင်ချိန်ဆပြီး တတ်နိုင်တယ်ဆိုမှ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီးလှူလိုက်တော့ နောင်တတစ်ဖန် ပြန်ဝင်စရာအကြောင်းမရှိဘူးပေါ့။ ဒီလိုမပြတ်သားခဲ့ရင် “အလှူလုပ်လိုက်လို့ဟေ့၊ အလှူသာမလုပ်ရင် ကွန်ပျူတာတစ်လုံး ကောင်းကောင်းဝယ်နိုင်တယ်ဟ”ဆိုတော့ နောင်တတွေက ကိုယ့်ကုသိုလ်ကို အားလျော့ သတ္တိညံ့သွားစေတတ်တယ်။ ဒီကုသိုလ်သင်္ခါရက အကျိုးပေးလိုက်တော့ ဒွိဟိတ်ကျိုးနဲ့တိုးလိမ့်မယ်။ နောက်တစ်မျိုးက ကုသိုလ်ပြုစဉ်မှာ ကံယုံကြည်မှုဉာဏ်လေးပင်မဖြစ်။ ရှေ့ရော နောက်ရောတော့ ကုသိုလ်က ခြံရံနေတယ်။ ကုသိုလ်မလုပ်ခင်ကလည်း ကျေကျေနပ်နပ် ရှိသလို အကုသိုလ်အပြစ်လည်း ကင်းနေတယ်။ ကုသိုလ်ပြုပြီးနောက်မှာလည်း ကျေကျေနပ်နပ်ရှိသလို အကုသိုလ်အပြစ်လည်း ကင်းနေတယ်။ သို့သော် ကုသိုလ်ပြုနေစဉ်လေးမှာ ကမ္မဿကတာဉာဏ်လေး သို့မဟုတ် ဝိပဿနာဉာဏ်ကလေးမှ မပေါ်ဘဲနဲ့ ဘာသိဘာသာ ကုသိုလ်လုပ်လိုက်တယ်။ ဒီလိုမျိုးကုသိုလ်သင်္ခါရက အကျိုးပေးလိုက်ပြန်တော့လည်း ဒွိဟိတ်ပဋိသန္ဓေကျိုးပဲ ပေးပါတယ်။ ဒွိဟိတ်ပဋိသန္ဓေနေခဲ့ရသူတွေဟာ လူချင်းတော့ တူပါတယ်။ အသိဉာဏ်အဆင့်မမီဘူး။ ဉာဏ်အရည်အသွေး အဆင့်မမီတော့ ဘုရားနဲ့ပင်တွေ့သော်လည်း သူဟာ ဈာန်လည်းမရနိုင်သလို မဂ်ဖိုလ်လည်း မရနိုင်ဘူး။ ဒီတော့ ဉာဏ်အရည်အသွေး အဆင့်မမီတဲ့သူတွေကို ဒွိဟိတ်ပုဂ္ဂိုလ်လို့ မှတ်လိုက်ပေါ့။ ဒီလိုဖြစ်ခဲ့ရတာဟာ ကုသိုလ်သင်္ခါရကြောင့် ဖြစ်ခဲ့ရတာမှန်သော်လည်း သူပြုခဲ့တဲ့ကုသိုလ်က အားနဲတဲ့ကုသိုလ်ဖြစ်နေလို့ အကျိုးပေးတော့လည်း အပြည့်အဝအကျိုးမပေးဘဲ လူချင်းတူတူ သူချင်းမျှမျှ ဖြစ်ရုံလောက်ပဲ အကျိုးပေးလိုက်တာ။ လူဖြစ် နတ်ဖြစ်ပေမယ့် ဒီဘ၀ အကျွတ်တရားမရနိုင်တဲ့ အဖြစ်ဆိုးနဲ့တိုး ကိုယ်ကျိုးနဲရတယ်။ မဟာဝိပါက်ဉာဏသမ္ပယုတ်စိတ်(၄)ပါးပဋိသန္ဓေဝိညာဏ်ကတော့ တိဟိတ်ပဋိသန္ဓေပါပဲ။ သူကလည်း လူတွေ နတ်တွေပဋိသန္ဓေနေတဲ့စိတ်ပေါ့။ ဉာဏ်အရည်အသွေး အဆင့်မီတဲ့ အဆင့်မြင့်တဲ့ လူတွေ နတ်တွေဟာ ဒီစိတ်လေးပါး တစ်ပါးပါးနဲ့ ပဋိသန္ဓေနေခဲ့ကြတာပါပဲ။ သူတို့ကျတော့ ဈာန်လည်းရနိုင်တယ်၊ မဂ်ဖိုလ်လည်း ရနိုင်တယ်။ ဘုရား ရဟန္တာ သို့မဟုတ် ဆရာကောင်းသမားကောင်းနဲ့တွေ့လို့ ကြိုးစားအားထုတ်လိုက်မယ်ဆိုရင် တရားထူးတရားမြတ်ကို ရနိုင်တဲ့သူတွေဖြစ်တယ်။ ဒီလိုဖြစ်ရတာလည်း ကုသိုလ်ကံသင်္ခါရကြောင့်ဖြစ်ရတာပါပဲ။ ကုသိုလ်ကောင်းမှုပြုစဉ်မှာလည်း ဉာဏ်ပါပါနဲ့ ပြုမယ်။ ကုသိုလ်မပြုခင်ကလည်း ဝမ်းမြောက်၊ အကုသိုလ်အပြစ်ကင်း၊ ကုသိုလ်ပြုပြီးနောက်မှာလည်း ကျေနပ် အကုသိုလ်အပြစ်ကင်းနေတဲ့ကုသိုလ်ကံ သင်္ခါရက အကျိုးပေးလိုက်တာဖြစ်တယ်။ ဒီလိုကုသိုလ်မျိုးက အဆင့်မြင့်တဲ့ကုသိုလ်ဖြစ်တယ်။ တိဟိတ်ဥက္ကဋ္ဌကုသိုလ်လို့ခေါ်တယ်။ ဒီကုသိုလ်မျိုးက အကျိုးပေးလိုက်မယ်ဆိုရင်တော့ လူ့ဘ၀ နတ်ဘဝကို ထိုက်ထိုက်တန်တန်ရလိုက်မှာပါပဲ။ ဒါကြောင့် ကုသိုလ်ကောင်းမှုပြုတယ်ဆိုရင် သာမန်လောက်မပြုဘဲ အလေးအနက်ထားပြီး ပြုတတ်ဖို့ အရေးတကြီးလိုအပ်ပါတယ်။ ကုသိုလ်မပြုခင်ကလည်း အပြစ်ကင်းအောင်နေ၊ စိတ်ကိုရှင်းရှင်းထား။ ကုသိုလ်ပြုနေဆဲမှာလည်း အပြစ်ကင်းအောင်နေ၊ စိတ်ကိုရှင်းရှင်းထား။ ကုသိုလ်ပြုစဉ် ကံကျိုးမြင်သိ ဉာဏ်ယှဉ်ဘိလော့-ဆိုတဲ့အတိုင်း လှူတဲ့အချိန် တန်းတဲ့အချိန်ကလေးမှာ ကမ္မဿကတာဉာဏ် သို့မဟုတ် ဝိပဿနာဉာဏ်တစ်ခုခု ဖြစ်အောင်လုပ်။ ကုသိုလ်ပြုပြီးနောက်မှာလည်း အပြစ်ကင်းအောင်နေ၊ စိတ်ကိုရှင်းရှင်းထား။ ဒါမှ ကိုယ်ပြုတဲ့ကုသိုလ်က တိဟိတ်ဥက္ကဋ္ဌကုသိုလ်ဖြစ်မယ်။ ဒီကုသိုလ်သင်္ခါရက အကျိုးပေးလိုက်မှ တိဟိတ်ပဋိသန္ဓေဝိညာဏ်နဲ့ ပဋိသန္ဓေနေပြီး အဆင့်အတန်းမီတဲ့ လူ နတ်ဖြစ်ရမှာ၊ တိဟိတ်ပုဂ္ဂိုလ်ဖြစ်ရမှာ၊ ဈာန်မဂ်ဖိုလ် ရနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမှာ။ ကုသိုလ်ပြုနည်းကိုနားလည်ပြီး စနစ်တကျ ပြုတတ်ဖို့ဟာ သိပ်အရေးကြီးပါတယ်။ ကုသိုလ်ဆိုတာကလည်း ဒီမှာ ထင်သာမြင်သာအောင်လို့သာ အလှူကို နမူနာပြပြီး ပြောလိုက်တာ။ ပုညကရိယဝတ္ထု(၁၀)ပါးထဲက တစ်ပါးပါးလုပ်တာဟာ ကုသိုလ်ပါပဲ။ ဒါနပြု သီလဆောက်တည် သမထဝိပဿနာဘာဝနာပွားများအားထုတ်ခြင်းစတဲ့ အဘိဓမ္မာလာ ပုညကရိယာဝတ္ထု- ကုသိုလ်ဖြစ်ကြောင်းတရား(၁၀) ပါးထဲက တစ်ပါးပါး လုပ်ဆောင်မယ်ဆိုရင် ကုသိုလ်ပါပဲ။ လိုရင်းမှတ်ရမှာက ကုသိုလ်ပြုစဉ် ဉာဏ်ပါပါစေ၊ ကံ ကံအကျိုးယုံကြည်မှုဉာဏ်၊ အကောင်းဆုံးကတော့ ဝိပဿနာဉာဏ်လေး ပါပါစေ။ မလှူခင် လှူဆဲ လှူပြီး အခါသုံးမျိုးလုံးမှာ စိတ်ကို ရှင်းရှင်းထား၊ ကိုယ်ပြုတဲ့ကုသိုလ်နဲ့ ပတ်သက်လို့ အကုသိုလ်အညစ်အကြေးတွေ မဝင်စေနဲ့။ ဒါဆို တိဟိတ်ဥက္ကဋ္ဌကုသိုလ်ဖြစ်တယ်။ ဒီကုသိုလ်ကအကျိုးပေးလိုက်မှသာလျှင် တိဟိတ်ပဋိသန္ဓေဝိညာဏ်ပေါ်လာပြီး တိဟိတ်ပုဂ္ဂိုလ်ဖြစ်ရမှာပါ။ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ဒွိဟိတ်၊ ဘယ်လိုပုဂ္ဂိုလ်မျိုးကို တိဟိတ်လို့တော့ ခွဲခြားဖို့ တော်တော်ခက်ပါတယ်။ မိုးကုတ်ဆရာတော်ဘုရားကြီးမိန့်တော်မူတာကတော့ ဖြစ်ပျက်မြင်အောင်ကြည့်နိုင်ပြီဆိုရင် ကိုယ့်ကိုယ်ကို တိဟိတ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတဲ့။ ဒီတော့ ကိုယ့်ကိုယ်ကို ဒွိဟိတ်လား၊ တိဟိတ်လားသိချင်ရင် ဖြစ်ပျက်မြင်အောင် အားထုတ်ကြည့်လိုက်ပါ။ မြင်ပြီဆိုရင်တော့ ဒီဘ၀ နည်းမှန်လမ်းမှန် အားထုတ်မယ်ဆိုရင် မဂ်ဖိုလ်ရနိုင်တယ်လို့ ယုံကြည်လိုက်ပေါ့။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

သံသရာစက်ဝိုင်း