စက်ဝိုင်းအကွက် နံပါတ်(၂)

စက်ဝိုင်းအကွက် နံပါတ်(၂)တွင် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟု တရားငါးပါးရှိ၏။ ထိုတရားငါးပါးသည် သူသူငါငါ သတ္တဝါတို့၏ လက်ရှိခန္ဓာငါးပါးဖြစ်စဉ်ပင် ဖြစ်၏။ အကွက်(၁)တွင်ရှိသော အဝိဇ္ဇာ သင်္ခါရကြောင့်ဖြစ်ပေါ်လာရသောတရားအစုသာဖြစ်၏။ အကွက်(၁)က တရားများကြောင့် အကွက်(၂)က တရားများပေါ်လာရခြင်းဖြစ်သည်ဟု ဓမ္မဖြစ်စဉ်အတိုင်း သိမြင်ထားမည်ဆိုလျှင် ဓမ္မကြောင့် ဓမ္မဖြစ်နေသည်ကို ရှင်းလင်းစွာ သဘောပေါက်ထားသဖြင့် ပုဂ္ဂိုလ်သတ္တဝါ ယောက်ျားမိန်းမ ဖြစ်စဉ်မဟုတ်သည်ကိုလည်း သိမြင်နိုင်မည်ဖြစ်၏။ သို့ဖြစ်မူ ယခုလက်ရှိခန္ဓာငါးပါးသည် ပဋိသန္ဓေဝိညာဏ်ကစခဲ့သဖြင့် ထိုပဋိသန္ဓေဝိညာဏ်သည် ဝိညာဏက္ခန္ဓာဖြစ်၏။ ထို့နောက်ပေါ်လာရသော စိတ်အစဉ်သည် ပဝတ္တိဝိညာဏ်ဖြစ်၏။ ထိုပဝတ္တိဝိညာဏ်သည်လည်း ဝိညာဏက္ခန္ဓာပင် ဖြစ်၏။ နာမ်ရုပ်တွင် နာမ်အရ ဝေဒနာ သညာမှကြွင်းသော စေတသိက်(၅၀)သည် သင်္ခါရက္ခန္ဓာဖြစ်၏။ စေတနာခေါင်းဆောင်သဖြင့် စေတနာကို အဦးပြု၍ သင်္ခါရက္ခန္ဓာဟု အမည်ပေးထားခြင်းဖြစ်၏။ ရုပ်သည် ရူပက္ခန္ဓာဖြစ်၏။ မျက်စိ အဆင်းတိုက်သဖြင့် ပေါ်လာသည့် မြင်စိတ်သည် ပဝတ္တိဝိညာဏ်ပင်ဖြစ်သဖြင့် ဝိညာဏက္ခန္ဓာတွင် ထည့်သွင်းရ၏။ ထို့အတူ ကြားစိတ် နံစိတ် စားစိတ် ယားနာကောင်းစိတ် တွေးတောကြံစည်စိတ်တို့သည်လည်း ဝိညာဏက္ခန္ဓာပင်ဖြစ်၏။ ထိုစိတ်တို့နှင့်ယှဉ်တွဲပေါ်လာသည့် သညာသည် သညက္ခန္ဓာဖြစ်၏။ မျက်စိ နား နှာခေါင်း လျှာ ကိုယ်သည် ရူပက္ခန္ဓာဖြစ်၏။ စိတ်သည် ဝိညာဏက္ခန္ဓာဖြစ်၏။ ဖဿသည် စေတသိက်ဖြစ်၍ သင်္ခါရက္ခန္ဓာဖြစ်၏။ ဝေဒနာသည် ဝေဒနာက္ခန္ဓာဖြစ်၏။ ထို့ကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတို့ကို သုတ္တန်နည်းအားဖြင့် ခန္ဓာငါးပါးဟု ဆိုရခြင်းဖြစ်၏။ တူရာပေါင်းကြည့်လိုက်က ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာဟု အဘိဓမ္မာနည်းအားဖြင့် ခန္ဓာငါးပါး ပေါ်လာမည်ဖြစ်၏။ ထိုသို့ ကွဲကွဲပြားပြားသိထားလျှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော်များကို နာယူရသောအခါ ထိထိမိမိ သဘောပေါက်လွယ်၏။ သို့မဟုတ်လျှင် ခန္ဓာငါးပါးဟု ဆိုနေရသော်လည်း ခန္ဓာငါးပါးနှစ်မူဖြစ်နေသဖြင့် ဘဝင်မကျ ဖြစ်နေတတ်၏။ ထို့အပြင် ပစ္စုပ္ပန်တွင်ပေါ်သည့် ခန္ဓာငါးပါးကိုလည်း သဘောပေါက်ထားဖို့ လိုပါ၏။ ပစ္စုပ္ပန်ခန္ဓာငါးပါးသည် အာယတနခြောက်ပါးအပေါ်မူတည်၍ ပေါ်ရရိုးဖြစ်၏။ မျက်လုံးဖွင့်လိုက်၍ သားမြင်မြင် သမီးမြင်မြင် မြင်ချင်ရာမြင်လိုက်သည်နှင့် မြင်စိတ်သည် ပေါ်လာရ၏။ မြင်စိတ်သည် မျက်လုံးမဖွင့်လျှင်လည်း မပေါ်သကဲ့သို့ မြင်စရာမရှိလျှင်လည်း ပေါ်မည်မဟုတ်။ မျက်စိနှစ်ကွင်း အလင်းမရသူ၊ ဝမ်းတွင်းကတည်းက မျက်စိပါမလာသူတို့သန္တာန်တွင် မြင်စိတ် လုံးဝမပေါ်နိုင်။ အကြောင်းမပြည့်စုံ၍ မပေါ်ခြင်းဖြစ်၏။ ထို့ကြောင့် မြင်စိတ်ဖြစ်ဖို့ အဓိကအကြောင်းနှစ်ခုပြည့်စုံဖို့လို၏။ မျက်စိနှင့် အဆင်းဖြစ်၏။ ထိုပင်မအကြောင်းနှစ်ပါး ကင်း၍ မြင်စိတ်လုံးဝမပေါ်နိုင်။ အလင်းရောင်၊ အာရုံစိုက်မှုဟူသော အခြံအရံအကြောင်းများလည်းရှိသေး၏။ သတိမမူ ဂူမမြင်ဆိုသည့်အတိုင်း အာရုံစိုက်မှုမရှိလျှင်လည်း မြင်စိတ်မပေါ်နိုင်။ သို့သော် ယခု ပင်မအကြောင်းတို့ကိုသာ ပြောပြလိုပါ၏။ မျက်စိနှင့် မြင်စရာတွေ့လျှင် မြင်စိတ်ပေါ်၏။ မျက်စိအဆင်းမြင်စိတ် ဤသုံးခုတို့၏ ပေါင်းဆုံတွေ့မိခြင်းသည် ဖဿဖြစ်၏။ မြင်စိတ်က ဝိညာဏ်ဖြစ်၏။ သားကလေး မြင်လိုက်ရ၍ဖြစ်စေ သမီးကလေး မြင်လိုက်ရ၍ဖြစ်စေ ဝမ်းသာသည်က ဝေဒနာဖြစ်၏။ သဠာယတနပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာဟုပင်ဆိုသော်လည်း ထိုသုံးခုသည် တစ်ပြိုင်နက်ပေါ်သောတရားများဖြစ်၏။ ဓမ္မဖြစ်စဉ် ဒေသနာစဉ်အရဟောထားခြင်းသာဖြစ်၏။ မြင်စိတ်ပေါ်လျှင် ဝေဒနာမပေါ်ပါနှင့်ဟု တား၍ဆီး၍မရ၊ သိကြားလည်းမတားနိုင်၊ ဘုရားလည်း မတားနိုင်။ ထိုမြင်ဆဲအခိုက်တွင် ခန္ဓာငါးပါး ပေါ်သည်ကို ပြောလိုပါ၏။ မျက်စိ အဆင်းသည် ရူပက္ခန္ဓာဖြစ်၏။ မြင်လိုက်ရ၍ သယာကျေနပ်မှု မကျေနပ်မှု အလယ်အလတ်ခံစားမှုဟူသော ဝေဒနာသည် ဝေဒနာက္ခန္ဓာဖြစ်၏။ မြင်သည်ကို မှတ်မိသည့် သညာသည် သညက္ခန္ဓာဖြစ်၏။ မြင်စိတ်နှင့်အတူတွဲပေါ်သည့် စေတနာခေါင်းဆောင်သည့် စေတသိက်အစုသည် သင်္ခါရက္ခန္ဓာဖြစ်၏။ အထူးသဖြင့် မြင်စိတ်ပေါ်ဖို့အရေး ကြောင့်ကြစိုက်လှုံ့ဆော်ပေးရသည့်သဘောပင်ဖြစ်၏။ မြင်စိတ်ကလေးသည် ဝိညာဏက္ခန္ဓာဖြစ်၏။ ဤသို့ မြင်စိတ်ပေါ်သည်နှင့် ခန္ဓာငါးပါးပေါ်ပုံကို သဘောပေါက်ထားလျှင် မြင်ခန္ဓာငါးပါးဟုဆိုသည်နှင့် နားလည်သွားမည်ဖြစ်၏။ သို့မဟုတ်လျှင် “မြင်လျှင် မြင်ခန္ဓာငါးပါးပေါ်တယ်”ဟု ဆရာကပြောလိုက်သည့်အခါ “ဘယ်လိုကြီးလဲ၊ ဘယ်လိုများပေါ်တာပါလိမ့်”ဟု သံသယဝိစိကိစ္ဆာဝင်နေမည်သာဖြစ်၏။ ခန္ဓာဉာဏ်ရောက်ဖို့အတွက် ခန္ဓာဉာဏ်ရှင်းဖို့လည်း လိုအပ်ပါ၏။ ခန္ဓာဉာဏ်ရှင်းမှုမရှိလျှင် ခန္ဓာဉာဏ်ရောက်ဖို့အရေး နှောင့်နှေးကြံ့ကြာနေမည်သာဖြစ်၏။ မြင်စိတ်ပေါ်သည်နှင့် မြင်ခန္ဓာငါးပါး ပေါ်ပုံကို သဘောပေါက်လောက်ပြီဖြစ်၏။ ထိုသို့ ရှင်းရှင်းလင်းလင်း သဘောပေါက်ထားမှသာလျှင် မြင်စိတ်ပျက်သည်နှင့် မြင်ခန္ဓာငါးပါးလုံးပျက်ရသည်ကိုလည်း သဘောပေါက်လာမည်ဖြစ်၏။ မျက်စိအကြည်ရုပ်လည်း မြင်ပြီးပျက်၊ မြင်စရာအဆင်းလည်း မြင်ပြီးပျက်၊ မျက်စိ အဆင်း မြင်စိတ်တို့၏တွေ့ထိမှုဖဿလည်း မြင်ပြီးပျက်၊ မှတ်သားမှုသညာလည်းမြင်ပြီးပျက်၊ ဝေဒနာလည်း မြင်ပြီးပျက်သွားရ၏။ မြင်စိတ်ပျက်သည်နှင့် သူနှင့်အတူပေါ်သည့်တရားများ အကုန် အတွဲလိုက်ပျက်သွားသဖြင့် မြင်ခန္ဓာငါးပါးလုံးပျက်သည်ဟု ပြောရခြင်းဖြစ်၏။ မြင်စိတ်ကို အခြေခံပြောပြလိုက်သဖြင့် ကြားစိတ်ပေါ်လျှင်လည်း ကြားခန္ဓာငါးပါး၊ နံစိတ်ပေါ်လျှင် နံခန္ဓာငါးပါး၊ စားစိတ်ပေါ်လျှင် စားခန္ဓာငါးပါး၊ ထိစိတ်ပေါ်လျှင် ထိခန္ဓာငါးပါး၊ တွေးစိတ်ပေါ်လျှင် တွေးခန္ဓာငါးပါး ပေါ်သည်ကို ဉာဏ်ဖြင့် ချဲ့ထွင်သဘောပေါက်နိုင်လိမ့်မည်သာဖြစ်၏။ ထိုခန္ဓာတို့သည် ဝိပဿနာရှုရမည့် ပေါ်ဆဲ ပစ္စုပ္ပန်ခန္ဓာငါးပါးပင်ဖြစ်၏။ မိမိ ခန္ဓာငါးပါးပင်ဖြစ်နေပါ၏။ ထိုခန္ဓာငါးပါးကို အရှုခံထားလျက် ဝိပဿနာရှုကြရမည်သာဖြစ်၏။ ထိုခန္ဓာငါးပါးတွင် ဝေဒနာသည် ပိုမိုထင်ရှားသဖြင့် ဝေဒနာကို ဒေသနာအစဉ်မှာ နောက်ဆုံးထားဟောထားခြင်းဖြစ်၏။ မြင်(ဝိညာဏ်)၊ တွေ့ (ဖဿ)၊ ခံစား (ဝေဒနာ)။ ထို့အတူ ကြား တွေ့ ခံစား၊ နံ တွေ့ ခံစား၊ စား တွေ့ ခံစား၊ ထိ တွေ့ ခံစားဟု ပဋိစ္စသမုပ္ပါဒ်ဒေသနာစဉ်ကို တွေ့ရမည်ဖြစ်၏။ ထိုခံစားမှုဝေဒနာနောက်က တဏှာလာသဖြင့် ဝေဒနာပစ္စယာ တဏှာဟု တတိယအကွက် အကူးအဆက်ကို ပြထားခြင်းဖြစ်၏။ ထိုသို့ ပြထားသည်မှာလည်း အထင်ရှားဆုံးတရားကို ဆက်ပြထားခြင်းသာဖြစ်၏။ ဝေဒနာကြောင့် တဏှာဖြစ်နိုင်သကဲ့သို့ ဖဿကြောင့်လည်း တဏှာဖြစ်နိုင်ပါ၏။ သဠာယတနကြောင့်လည်း တဏှာဖြစ်နိုင်ပါ၏။ နာမ်ရုပ်ကြောင့်လည်း တဏှာဖြစ်နိုင်ပါ၏။ ဝိညာဏ်ကြောင့်လည်း တဏှာဖြစ်နိုင်ပါ၏။ သို့ဖြစ်လျှင် အကွက်(၂)တရားအားလုံးသည် ခန္ဓာငါးပါး၊ ခန္ဓာငါးပါးကြောင့် တဏှာပေါ်သည်ဟု ခြုံငုံနားလည်နိုင်တော့မည်ဖြစ်၏။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

အာဃာတ၀တ္ထု (၁၀)ပါး