ဒိဋ္ဌိရှိလျှင် နိဗ္ဗာန်မရ

ဒိဋ္ဌိရှိနေရင်တော့ နိဗ္ဗာန်မရောက်နိုင်ဘူးလို့ မှတ်လိုက်ပါ။ ဒါကြောင့် ဝိပဿနာအလုပ် မလုပ်ခင်မှာ အသိနဲ့ ဒိဋ္ဌိကို အရင်ခွါနိုင်အောင် ကြိုးစားကြရတယ်။ ဒိဋ္ဌိဘာကြောင့် ကပ်နေပါလိမ့်မလဲဆိုရင် ခန္ဓာ့ဖြစ်စဉ်ကို နားမလည်လို့ ကပ်နေတယ်လို့ မှတ်ရမယ်။ ခန္ဓာ့ဖြစ်စဉ်ဆိုတာ ပဋိစ္စသမုပ္ပါဒ်ပါပဲ။ ပဋိစ္စသမုပ္ပါဒ်နားမလည်ရင် ခန္ဓာ့ဖြစ်စဉ်ကို နားမလည်ဘူး။ ခန္ဓာ့ဖြစ်စဉ်နားမလည်ရင် ဒိဋ္ဌိက ကပ်မြဲကပ်နေမှာပဲ။ အနိစ္စ ဒုက္ခ အနတ္တတွေ အာပေါက်အောင် ရွတ်နေပေမယ့် ဒိဋ္ဌိကပ်နေမယ်ဆိုရင် နိဗ္ဗာန်မမြင်နိုင်ပါဘူး။ ဒါကြောင့် ဒိဋ္ဌိဖြုတ်မှုကိုရှေ့ထား၊ ဝိပဿနာရှုမှုကို နောက်ထားဖို့ မိုးကုတ်ဆရာတော်ဘုရားကြီး မကြာခဏမိန့်တော်မူတာ။ အသိနဲ့မှ ဒိဋ္ဌိမပြုတ်လို့ရှိရင် ပွားမှုတွေ ခရီးမရောက်ဖြစ်တတ်တယ်။ အရှင်ဆန္နမထေရ်ဟာ နှစ်ပေါင်းလေးဆယ်ကျော်လောက် အနိစ္စ ဒုက္ခ အနတ္တတွေ ပွားလိုက်တာ၊ ဒိဋ္ဌိမပြုတ်တဲ့အတွက် နိဗ္ဗာန်မရရှာဘူး။ အရှင်အာနန္ဒာက ဒိဋ္ဌိခွါတဲ့နည်းကို ပေးပြီး ဖြစ်ပျက် အားထုတ်ခိုင်းလိုက်တော့မှ နိဗ္ဗာန်ရသွားတယ်။ ဝိပဿနာမှာ အနိစ္စ ဒုက္ခ အနတ္တရှုမှု၊ ဒိဋ္ဌိခွါမှုဆိုပြီး နှစ်မျိုးရှိတယ်။ ဒီနှစ်မျိုးအနက် ဒိဋ္ဌိခွါမှုကို ရှေ့ထားရမယ်လို့ မှတ်လိုက်ပါ။ ပဋိစ္စသမုပ္ပါဒ်နားမလည်တော့ ကြောင်းကျိုး ဆက်တာလည်းမသိခြင်းကြောင့် ဒိဋ္ဌိကပ်ရတယ်။ ပဋိစ္စသမုပ္ပါဒ်မှာ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ- ခန္ဓာ့ဖြစ်စဉ် တစ်ခုလုံး ဒုက္ခသစ္စာပဲလို့ ဟောတော်မူထားတယ်။ ဒီလို ခန္ဓာ့ဖြစ်စဉ် တစ်ခုလုံး ဒုက္ခသစ္စာပဲလို့ မသိတော့ ပုဂ္ဂိုလ် သတ္တဝါ အထင်ရောက်နေတယ်။ ပဋိစ္စသမုပ္ပါဒ်မှာ အတိတ်က အဝိဇ္ဇာ သင်္ခါရလုပ်ခဲ့ပြီး သေတော့ နိဗ္ဗာန်မရသဖြင့် ဒီဘက်မှာ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတွေ ပေါ်လာရတယ်။ ဒါကို ပစ္စုပ္ပန်အကျိုးတစ်လွှာလို့ အမည်ပေးထားတယ်။ ပစ္စုပ္ပန်ခန္ဓာကြီး ပေါ်လာတာပါပဲ။ ဘာကြောင့် ပစ္စုပ္ပန်ခန္ဓာကြီး ပေါ်လာရတာလဲဆိုတော့ အတိတ်အကြောင်းကြောင့် ပေါ်လာရတယ်။ အတိတ်အကြောင်းတွေ ချုပ်ခဲ့သော်လည်း မပြတ်ဘူး၊ ပြတ်မသွားဘူး၊ ဒီဘက်မှာ ပစ္စုပ္ပန်ခန္ဓာပေါ်လာတော့ အကြောင်းကြောင့် ပေါ်တဲ့ အကျိုးတရားဆိုတာ ပဋိစ္စသမုပ္ပါဒ်မှာ အထင်အရှား ဖော်ပြထားတယ်။ အဝိဇ္ဇာ သင်္ခါရနှစ်ခုက အတိတ်အကြောင်း၊ ဒီဘက်က ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ငါးခုက ပစ္စုပ္ပန်အကျိုး၊ ပြတ်မသွားဘူး၊ အကြောင်းအကျိုး ဆက်နေတယ်။ ဒါကို ပြတ်တယ်လို့ ယူဆလိုက်ရင် ဥစ္ဆေဒဒိဋ္ဌိဖြစ်တယ်။ အပြတ်အယူပေါ့။ ဒီဘ၀ ပြီးရင် နောက်ဘဝမရှိတော့ဘူး၊ ဒီဘ၀ ဒီမျှသာပဲလို့ ခံယူထားတာဟာ ဥစ္ဆေဒဒိဋ္ဌိပါပဲ။ ဝိပဿနာအားမထုတ်လို့ရှိရင် ပစ္စုပ္ပန်ခန္ဓာကနေပြီး တဏှာ ဥပါဒါန် ကံတွေ ထပ်ပေါ်ပြန်တယ်။ ပစ္စုပ္ပန်ခန္ဓာကတစ်ဆင့် ထပ်ပေါ်တဲ့ တရားတွေဖြစ်လို့ ပစ္စုပ္ပန်အကျိုးတရားတွေလို့ ခေါ်တယ်။ ဒီတရားတွေက အနာဂတ်ဘဝနဲ့ ဆက်မလို့ ပေါ်လာတာ။ ဒီတရားတွေက အနာဂတ်ဘဝဖြစ်တဲ့ ဇာတိ ဇရာမရဏတွေနဲ့ ဆက်သွားတယ်။ ဒီတရားတွေရှိနေသရွေ့ အနာဂတ်ဘ၀ အနာဂတ်ခန္ဓာ မလာပါနဲ့ဆိုလို့ မရတော့ဘူး။ ဒီလိုနားလည်ထားရင် ပြတ်မသွားဘူးဆိုတာ၊ အနာဂတ်ဘဝနဲ့ အကြောင်းအကျိုး ဆက်နေတယ်ဆိုတာ နားလည်လာမယ်။ နားလည်ထားတော့ အပြတ်အယူ ဥစ္ဆေဒဒိဋ္ဌိစင်သွားတာပေါ့။ မပြတ်ဘူး၊ အကြောင်းအကျိုးတော့ ဆက်နေတယ်။ အတိတ်နဲ့ ပစ္စုပ္ပန်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် အကြောင်းအကျိုးတွေ ဆက်နေတယ်။ ဒီလို နားလည်ထားလိုက်တာနဲ့ နားလည်ထားတဲ့အတိုင်း ဒီလို ခံယူထားလိုက်တာနဲ့ ဥစ္ဆေဒဒိဋ္ဌိ စင်နေတာဟာ အကြောင်း အကျိုး ပဋိစ္စသမုပ္ပါဒ် ခန္ဓာ့ဖြစ်စဉ်ကို နားလည်ထားလို့ပါပဲ။ အတိတ်ဘ၀ ခန္ဓာနဲ့ အဝိဇ္ဇာသင်္ခါရတွေ ပြုလုပ်ခဲ့တယ်။ သေပြီးနောက် ဒီဘက်ဘဝမှာ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတွေ လာပေါ်တယ်။ အဝိဇ္ဇာ သင်္ခါရက ဒီဘက်ကို လိုက်မလာတော့ဘူး။ ဟိုဘက်မှာပဲ ဖြစ်ပျက်ပြီး နေနေခဲ့တယ်။ ဒီဘက်ဘဝကို လိုက်မလာပါဘူး။ ဒီဘက်ဘဝကို လိုက်လာတယ်လို့ ထင်နေရင် သဿတဒိဋ္ဌိဖြစ်တယ်။ မပျက်မစီး မြဲနေတယ်လို့ ထင်နေတဲ့ အယူအဆပေါ့။ ဒီတရားတွေဟာ ဒီဘက်ဘဝကို လိုက်မလာပါဘူး။ အကြောင်းအကျိုး ဆက်ပေးရုံလောက်သာ ဖြစ်ပါတယ်။ ဒီလို အထည်အနေနဲ့တော့ လိုက်မလာဘူး၊ အကြောင်းအကျိုးဆက်ရုံလေး ဆက်နေတယ်လို့ နားလည်လိုက်ရင် သဿတဒိဋ္ဌိစင်သွားတာပေါ့။ အတိတ်တရားက အတိတ်မှာ ချုပ်ခဲ့ပြီ၊ ပစ္စုပ္ပန်ဘက်ကို လိုက်မလာနိုင်ဘူး။ သို့သော် အကြောင်းခံလျက် ချုပ်နေခဲ့တာဖြစ်တော့ အကြောင်းကြောင့် ပစ္စုပ္ပန်မှာ အကျိုးဆက်တွေ လာပေါ်ရတယ်လို့ နားလည်ထားလိုက်ပါ။ ကာလသုံးပါး အစပ်တွေကို ကြည့်လို့ နားလည်သဘောပေါက်ထားရင် မပြတ်လို့ စပ်နေတာဖြစ်တဲ့အတွက် ဥစ္ဆေဒဒိဋ္ဌိစင်နေတယ်။ အတိတ်အကြောင်းတရားက ပစ္စုပ္ပန်ဘဝသို့ မလိုက်၊ ပစ္စုပ္ပန်အကြောင်းတရားက အနာဂတ်ဘဝသို့မလိုက်၊ သူပေါ်တဲ့နေရာမှာ ချုပ်သွားတယ်လို့ သိထားပြန်တော့ မြဲတယ်ထင်နေတဲ့ သဿတဒိဋ္ဌိ စင်နေတယ်။ ဒီလိုသိမထားဘဲနဲ့သာ ဝိပဿနာတရားအားထုတ်နေကြမယ်ဆိုရင် ဒိဋ္ဌိတန်းလန်းနဲ့ဖြစ်နေတော့ ပင်ပန်းရုံသာရှိမယ်။ မဂ်ဖိုလ်နိဗ္ဗာန်မရနိုင်ဘူး။ ကုသိုလ်တော့ ရတယ်၊ နိဗ္ဗာန်တော့မရဘူးတဲ့။ မိုးကုတ်ဆရာတော်ဘုရားကြီး အမိန့်ရှိတဲ့အတိုင်း ပြောလိုက်တာပါ။ ပုဂ္ဂိုလ် သတ္တဝါဆိုတာ တကယ့်အရှိတရားမဟုတ်ဘူး။ အခေါ်အဝေါ်ပညတ်မျှသာဖြစ်တယ်။ ဒါကို အရှိတရားလို့ ထင်ထားလိုက်မယ်ဆိုရင် သဿတဒိဋ္ဌိဖြစ်စေ ဥစ္ဆေဒဒိဋ္ဌိဖြစ်စေ တစ်ခုခုတော့ လာမှာပဲ။ သဿတဒိဋ္ဌိဟာ ပုဂ္ဂိုလ်သတ္တဝါက လာတယ်လို့ မှတ်လိုက်ပါ။ ဥပမာ- ဦးလှတော့ သေသွားပြီဆိုရင် ဦးလှဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက် သေသွားတယ်၊ အသက်ထွက်သွားတယ်ပေါ့။ ပုဂ္ဂိုလ်အနေနဲ့ ထင်မှတ်ထားပြီး သေသွားတယ်၊ အသက်ထွက်သွားတယ်ဆိုတော့ ဒီအသက်ကလေးက မပျက်မစီးဘဲ ဦးလှခန္ဓာထဲက ထွက်သွားတယ်လို့ ယူဆလိုက်တာပါပဲ။ ဒီလို အယူကို သဿတဒိဋ္ဌိလို့ ခေါ်တယ်။ ဘာအသက်မှ ထွက်သွားစရာမရှိပါဘူး။ ဖြစ်ပြီး ပျက်သွားတာပါပဲ။ အသက်ဆိုတာ ရုပ်ဇီဝိတ နာမ်ဇီဝိတကို ခေါ်ပါတယ်။ ဒီရုပ် နာမ်ကလည်း ဒီနေရာမှာဖြစ် ဒီနေရာမှာ ပျက်ရတယ်။ အပြင်ထွက်သွားစရာ မရှိပါဘူး။ ဖြစ်ပျက် အနိစ္စတရားသာ ဖြစ်တယ်။ ဘယ်မှထွက်သွားလို့ ရတဲ့တရားမဟုတ်ပါဘူး။ ဒါပေမဲ့ အသက်ထွက်သွားတယ်ဆိုတော့ သဿတဒိဋ္ဌိ- မပျက်မစီး မြဲနေတဲ့အသက်ကလေး ထွက်သွားတယ်လို့ ယူဆလိုက်တာပါပဲ။ အသက်ထွက်သွားတာ ဘယ်သူလဲ၊ သေသွားတာ ဘယ်သူလဲဆိုတော့ ဦးလှ သေသွားတယ်လို့ ပုဂ္ဂိုလ်သံပေါ်လာတယ်။ ပုဂ္ဂိုလ်ပေါ်လာရင်တော့ အသက်ထွက်တယ်ဆိုတာကလည်း ပေါ်လာဦးမှာပဲ။ အသက်ထွက်တယ်ဆိုတော့ မြဲတဲ့အသက်ကလေး အပြင်ထွက်သွားတာဖြစ်တယ်လို့ ယူဆထားတဲ့အတွက် သဿတဒိဋ္ဌိက ပေါ်လာတယ်။ ဒါကြောင့် ပုဂ္ဂိုလ် သတ္တဝါမဆိတ်သုဉ်းသမျှ သဿတဒိဋ္ဌိ ပေါ်နေဦးမှာပါပဲ။ အတိတ်က အဝိဇ္ဇာ သင်္ခါရ တရားနှစ်ပါးကြောင့် ဒီဘ၀ ပစ္စုပ္ပန်ခန္ဓာ ပေါ်လာရတာပါ၊ ဒီကြားထဲမှာ အသက်ဆိုတာ မပါပါဘူး။ စက်ဝိုင်းကိုကြည့်လိုက်ရင် ရှင်းရှင်းလင်းလင်း မြင်တွေ့ရမှာပါ။ ဒီဘက်ဘဝကို အတိတ် ဝိညာဏ်ကပြောင်းလိုက်လာတာ၊ အတိတ်က အသက်ကလေး ပြောင်းဝင်လာတာ မပါပါဘူး။ ဒီလို အသက်ကောင်လေးက ပြောင်းဝင်လာတယ်လို့ ယူဆနေရင် သဿတဒိဋ္ဌိ၊ အတိတ်တရားက အတိတ်မှာပဲ ဖြစ်ပျက်ပြီး အကြောင်းအကျိုးမျှသာ ဆက်နေတယ်လို့ ရှင်းရှင်း သဘောပေါက်ထားရင် သဿတဒိဋ္ဌိစင်ပါတယ်။ ပုဂ္ဂိုလ် သတ္တဝါဆိုတာ အရင်ဘဝကလည်း မပါသလို ယခုဘဝလည်း မပါဘူး။ နောက်ဘဝလည်းမပါပါဘူး။ ဓမ္မသဘောတရားအစုမျှသာ ဖြစ်ပြီး ပျက်နေကြတယ်။ အကြောင်းအကျိုးဆက်လို့ ပေါ်နေကြတယ်။ ဖြစ်ပြီး ပျက်နေကြတဲ့အတွက် မမြဲဘူး၊ မမြဲတာသိတော့ သဿတဒိဋ္ဌိစင်နေတယ်။ မမြဲပေမယ့် ပြတ်တော့မသွားဘူး၊ အကြောင်းအကျိုးတော့ ဆက်နေသေးတယ်လို့ သိတော့ ဥစ္ဆေဒဒိဋ္ဌိစင်နေတယ်။ အကွက် (၁)တရားတွေကြောင့် (၂) တရားတွေဖြစ်၊ (၂) ကြောင့် (၃)ဖြစ်၊ (၃) ကြောင့် (၄)ဖြစ်တယ်လို့ အကြောင်း အကျိုးဆက်တာကို သဘာဝကျကျ နားလည်ထားမယ်ဆိုရင် ဥစ္ဆေဒဒိဋ္ဌိစင်တယ်။ (၁)က တရားက (၂)ထံ လိုက်မလာဘူး၊ (၂)ကတရားက (၃)ထံ လိုက်မလာဘူး၊ (၃)က တရားက (၄)ထံ လိုက်မလာဘူး၊ သူတို့ပေါ်တဲ့နေရာမှာသာ ပျက်စီးကြရတယ်။ ဒီလို လိုက်မလာတဲ့သဘောတရားလေးတွေကို ဆင်ခြင်နိုင်မယ်ဆိုရင် တည်မြဲအထင်ကင်းလို့ သဿတဒိဋ္ဌိစင်ရတယ်။ ပုဂ္ဂိုလ် သတ္တဝါမရှိ၊ ဓမ္မအစုသာရှိတယ်၊ ရုပ်နာမ်သာရှိတယ်၊ အကြောင်းအကျိုးသာရှိတယ်လို့ နားလည်ထားတော့ သက္ကာယဒိဋ္ဌိ၊ သို့မဟုတ် အတ္တဒိဋ္ဌိစင်နေတယ်။ ဒီလို ပဋိစ္စသမုပ္ပါဒ်ကို ကွင်းဆက်မိမိ သိနားလည်ထားမယ်ဆိုရင် ဒီ ဒိဋ္ဌိတွေ အသိနဲ့စင်နေမယ်။ ဒီလို အသိနဲ့ ဉာဏ်ရှင်းနေပြီဆိုရင်တော့ အနိစ္စ ဒုက္ခ အနတ္တ ဆိုတဲ့ ဖြစ်ပျက်မြင်အောင်လုပ်တဲ့ ဝိပဿနာအလုပ်ကို အားထုတ်ပါတော့။ အသိဉာဏ်ကနေ အပွားဉာဏ်ဝင်လာပါလိမ့်မယ်။ အသိဉာဏ်နဲ့ ဒိဋ္ဌိပယ်တဲ့အဆင့်ကနေ အပွားဉာဏ်နဲ့ ဒိဋ္ဌိပယ်တဲ့အဆင့် ရောက်လာပါလိမ့်မယ်။ အပွားဉာဏ်ကနေ အပယ် (ပယ်ခွါမှု) ဉာဏ်နဲ့ ပယ်ခွါနိုင်မယ်ဆိုရင်တော့ နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါလိမ့်မယ်။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

သံသရာစက်ဝိုင်း