သဠာယတနပစ္စယာ ဖဿော

နာမရူပပစ္စယာ သဠာယနံ-တုန်းက သဠာယတန-အရ အတွင်းအာယတန(၆)ပါးကိုသာ ယူရတယ်။ သူက အာယတနဖြစ်ပုံကို ပြောခြင်းမျှသာ ဖြစ်တယ်။ သဠာယတနပစ္စယာ ဖဿော-၌ သဠာယတန-အရမှာတော့ အတွင်းအာယတန(၆)ပါး၊ အပြင်အာယတန(၆)ပါးကို ယူရပါတယ်။ ဒီမှာကျတော့ အာယတနပြည့်စုံပြီး ဖဿဖြစ်ဖို့အတွက် အကြောင်းခံတာဖြစ်လို့ အတွင်း အပြင် အာယတနတွေယူရခြင်းဖြစ်တယ်။ အတွင်းအာယတန(၆)ပါးကို အဇ္ဈတ္တိကာယတနလို့ ခေါ်တယ်။ မျက်စိ နား နှာ လျှာ ကိုယ် စိတ် (၆)ပါး။ အပြင်အာယတန(၆)ပါးကို ဗာဟိရာယတနလို့ ခေါ်တယ်။ အဆင်း အသံ အနံ့ အရသာ တွေ့ထိစရာ ကြံတွေးစရာ။ ဒီအတွင်း အပြင် အာယတန (၁၂)ပါး ဟာ သဠာယတနပါပဲ။ ဒီအတွင်း အပြင်အာယတန (၁၂)ပါးက ကျေးဇူးပြုလိုက်လို့ ဖဿဆိုတာ ပေါ်လာရတယ်။ ဖဿ-အရ လောကီဝိပါက်(၃၂)ခုနှင့်ယှဉ်သော ဖဿစေတသိက်ကိုယူရပါတယ်။ ဖဿ-ကလည်း (၆)ပါးရှိတယ်- ၁။ စက္ခုသမ္ဖဿ- စက္ခုပသာဒကို မှီပြီး ဖြစ်တဲ့ဖဿ (မြင်စိတ်ဖဿ) ၂။ သောတသမ္ဖဿ- သောတပသာဒကို မှီပြီး ဖြစ်တဲ့ဖဿ (ကြားစိတ်ဖဿ) ၃။ ဃာနသမ္ဖဿ- ဃာနပသာဒကို မှီပြီး ဖြစ်တဲ့ဖဿ (နံစိတ်ဖဿ) ၄။ ဇိဝှါသမ္ဖဿ- ဇိဝှါပသာဒကို မှီပြီး ဖြစ်တဲ့ဖဿ (စားစိတ်ဖဿ) ၅။ ကာယသမ္ဖဿ- ကာယပသာဒကို မှီပြီး ဖြစ်တဲ့ဖဿ (တွေ့ထိစိတ်ဖဿ) ၆။ မနောသမ္ဖဿ- မနောဘဝင်ကို မှီပြီး ဖြစ်တဲ့ဖဿ (တွေးစိတ်ဖဿ) စိတ်တွေနဲ့ တွဲပြောမယ်ဆိုရင်တော့ စက္ခုဝိညာဏ်ဒွေ၌ယှဉ်သော ဖဿစေတသိက်က စက္ခုသမ္ဖဿ၊ သောတဝိညာဏ်ဒွေ၌ ယှဉ်သော ဖဿစေတသိက်က သောတသမ္ဖဿ၊ ဃာနဝိညာဏ်ဒွေ၌ ယှဉ်သော ဖဿစေတသိက်က ဃာနသမ္ဖဿ၊ ဇိဝှါဝိညာဏ်ဒွေ၌ယှဉ်သော ဖဿစေတသိက်က ဇိဝှါသမ္ဖဿ၊ ကာယဝိညာဏ်ဒွေ၌ယှဉ်သော ဖဿစေတသိက်က ကာယသမ္ဖဿ၊ ကျန်တဲ့ လောကီဝိပါက် (၂၂)ခု၌ ယှဉ်သော ဖဿစေတသိက်က မနောသမ္ဖဿလို့ ဒီလို အသီးသီး ခွဲယူရပါတယ်။ ဒွေပဉ္စဝိညာဏ်(၁၀)မှကြွင်းသော စိတ် (၇၉)ခုနှင့်ယှဉ်သောဖဿစေတသိက်ကို မနောသမ္ဖဿလို့လည်း ယူနိုင်ပါတယ်။ ဒီမှာ စက္ခုဝိညာဏ်ဒွေဆိုတာ အဘိဓမ္မာဝေါဟာရတွေပါ။ မြင်စိတ်နှစ်ပါးကိုပြောတာ။ မြင်စိတ်က ကောင်းတာမြင်ရလို့ ဖြစ်တဲ့စိတ်နဲ့ မကောင်းတာကိုမြင်ရလို့ ဖြစ်တဲ့စိတ်ပေါ့။ ဒီလို အကြမ်းဖျင်းအားဖြင့် မြင်စိတ်နှစ်ပါးကို စက္ခုဝိညာဏ်ဒွေလို့ခေါ်တာ။ ဒီအတိုင်းပဲ ကျန်တဲ့ကြား နံ စား တွေ့ထိစိတ်တွေမှာလည်း ဆိုင်ရာအာရုံကောင်း မကောင်းနှစ်မျိုးစီရှိတယ်လို့ နားလည်ရမယ်။ သဠာယတနကြောင့် ဖဿဖြစ်တယ်ဆိုတာ အာယတနကို အမှီပြုပြီးတော့ ဖဿစေတသိက်ဖြစ်တယ်၊ အာယတနအမှီမရရင် ဖဿစေတသိက်မဖြစ်ဘူးပေါ့။ စက္ခုပသာဒ(မျက်စိ)ကိုမှီပြီး စက္ခုဝိညာဏ်စိတ်၊ မြင်စိတ်ဖြစ်တယ်။ အဲဒီမြင်စိတ်နှင့်ယှဉ်တဲ့ဖဿကို စက္ခုသမ္ဖဿလို့ခေါ်တယ်။ သောတပသာဒ(နား)ကိုမှီပြီး သောတဝိညာဏ်စိတ်၊ ကြားစိတ်ဖြစ်တယ်။ ကြားစိတ်နှင့်ယှဉ်ဖြစ်တဲ့ ဖဿကို သောတသမ္ဖဿလို့ခေါ်တယ်။ ဃာနပသာဒ(နှာခေါင်း)ကိုမှီပြီး ဃာနဝိညာဏ်စိတ်၊ နံစိတ်ဖြစ်တယ်။ နံစိတ်နှင့်ယှဉ်ဖြစ်တဲ့ဖဿကို ဃာနသမ္ဖဿလို့ ခေါ်တယ်။ ဇိဝှါပသာဒ(လျှာ)ကိုမှီပြီး ဇိဝှါဝိညာဏ်စိတ်၊ စားစိတ်ဖြစ်တယ်။ စားစိတ်နှင့်ယှဉ်ဖြစ်တဲ့ ဖဿကို ဇိဝှါသမ္ဖဿလို့ခေါ်တယ်။ ကာယပသာဒ(ကိုယ်)ကိုမှီပြီး ကာယဝိညာဏ်စိတ်၊ ယားနာကောင်းစိတ်ဖြစ်တယ်။ ကာယဝိညာဏ်စိတ်နှင့် ယှဉ်ဖြစ်တဲ့ဖဿကို ကာယသမ္ဖဿလို့ခေါ်တယ်။ မနောဘဝင်ကိုမှီပြီး မနောဝိညာဏ်စိတ်၊ တွေးတောစိတ်ဖြစ်တယ်။ တွေးတောစိတ်၊ ကျန်တဲ့ လောကီဝိပါက်(၂၂)ပါးနှင့်ယှဉ်ဖြစ်တဲ့ ဖဿကို မနောသမ္ဖဿလို့ခေါ်တယ်။ အဘိဓမ္မာအခြေခံမပါတဲ့သူတွေအနေနဲ့တော့ နားလည်ဖို့ နဲနဲခက်သွားမယ်ထင်တယ်။ ဒါပေမဲ့ စိတ်မပျက်ပါနဲ့။ သေသေချာချာဖတ်ရင် အတိအကျမဟုတ်တောင် သဘောတရားတော့ သိလာမှာပါ။ ရှင်းအောင်ပြောရရင် မျက်စိနဲ့ အဆင်းတိုက်လို့ မြင်စိတ်ဖြစ်တယ်။ မြင်စိတ်ဖြစ်လို့ မြင်စိတ်နှင့်ယှဉ်တဲ့ ဖဿဖြစ်တာ။ မျက်စိမရှိရင် မြင်စိတ်မဖြစ်၊ မြင်စိတ်မဖြစ်ရင် မြင်စိတ်ဖဿမဖြစ်ဘူး။ ဒါကြောင့် ဝမ်းတွင်းကတည်းက မျက်စိချို့ယွင်းလာသူ၊ သန္ဓေကန်းမှာ မြင်စိတ် တစ်သက်လုံးဖြစ်ခွင့်မရှိဘူး။ အကြောင်းတစ်ခုခုကြောင့် မျက်စိနှစ်ကွင်း အလင်းမရတော့လျှင်လည်း မြင်စိတ်က လုံး၀ မဖြစ်တော့ဘူး။ ဒါဆို မြင်စိတ်ဖဿလည်း မဖြစ်တော့ဘူး။ သို့သော် ကျန်တဲ့ဖဿတွေတော့ ဖြစ်နေဦးမှာပဲ။ နားကောင်းရင် ကြားစိတ်ဖဿ၊ နှာခေါင်းကောင်းရင် နံစိတ်ဖဿ စသည်ပေါ့။ သူတို့လည်း ဒီအတိုင်းပဲ။ ချို့ယွင်းမယ်ဆိုရင် ချို့ယွင်းတဲ့အာယတနနဲ့ဆိုင်တဲ့ ဖဿဖြစ်ခွင့်မရှိဘူး။ မြင်စိတ်ဖဿနည်းတူ နားနဲ့အသံတိုက်လို့ကြားစိတ်ပေါ်၊ ကြားစိတ်ပေါ်လို့ ကြားစိတ်ဖဿဖြစ်။ နှာခေါင်းနဲ့အနံ့တိုက်လို့နံစိတ်ပေါ်၊ နံစိတ်ပေါ်လို့ နံစိတ်ဖဿဖြစ်။ လျှာနဲ့ အရသာတိုက်လို့စားစိတ်ပေါ်၊ စားစိတ်ပေါ်လို့ စားစိတ်ဖဿဖြစ်။ ကိုယ်နဲ့ တွေ့ထိစရာတိုက်လို့ တွေ့ထိစိတ် (ယားနာကောင်းစိတ်)ပေါ်၊ တွေ့ထိစိတ်ပေါ်လို့ တွေ့ထိစိတ်ဖဿဖြစ်။ မနောဘဝင်အကြည်နဲ့ ကြံတွေးစရာတိုက်လို့ တွေးစိတ်ပေါ်၊ တွေးစိတ်ပေါ်လို့ တွေးစိတ်ဖဿဖြစ်တယ်လို့ နားလည်ရမယ်။ မျက်စိ၊ အဆင်း၊ မြင်စိတ်သုံးခု ပေါင်းဆုံမိတာကို ဖဿလို့ ဘုရားရှင်ကဟောထားပါတယ် (စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော)။ ဖဿ-ရဲ့အဓိပ္ပါယ်ကိုက တွေ့ထိခြင်းပါပဲ။ ဒါပေမဲ့ ပေါင်းဆုံမိတာ တိုက်ဆိုင်မိတာဆိုတဲ့သဘောလောက်ပါ။ ဥပမာ- မြင်စိတ်ဖဿဆိုပါတော့။ မြင်စိတ်ဖဿဟာ မျက်စိမရှိလည်း မဖြစ်၊ အဆင်းမရှိလည်း မဖြစ်၊ မြင်စိတ်မရှိလည်း မဖြစ်။ သူတို့သုံးခုပေါင်းစည်းမိမှ ဖဿက ဖြစ်ရတယ်။ ဒါက မြင်စိတ်ဖဿဖြစ်ပုံပေါ့။ ဒီလို သုံးခုပေါင်းဆုံမိလို့သာ ဆိုင်ရာဆိုင်ရာ ဖဿတွေ ပေါ်တာ။ မပေါင်းဆုံမိရင် ဖဿမပေါ်ဘူးဆိုတာကို နားလည်ထားရမယ်။ ဒီတော့ ဖဿသည် အထူးအခြားမဟုတ်၊ သုံးခုပေါင်းဆုံမိခြင်းသာဖြစ်တယ်လို့ ဆိုရင်လည်း ရတယ်။ ဒီသုံးခုပေါင်းဆုံမိတာနဲ့ ဖဿဖြစ်တာကတော့ တစ်ပြိုင်နက်ပါပဲ။ သို့သော် ပေါင်းဆုံခြင်းကြောင့်သာ ဖဿဖြစ်ရတဲ့အတွက် သဠာယတနပစ္စယာ ဖဿော-လို့ ဟောတော်မူတာ။ မြင်စိတ်ဖဿအတိုင်း- နား အသံ ကြားစိတ် သုံးခုပေါင်းဆုံမိတော့ ကြားစိတ်ဖဿ။ နှာခေါင်း အနံ့ နံစိတ်သုံးခုပေါင်းဆုံမိတော့ နံစိတ်ဖဿ။ လျှာ အရသာ စားစိတ်သုံးခုပေါင်းဆုံမိတော့ စားစိတ်ဖဿ။ ကိုယ် တွေ့ထိစရာ တွေ့ထိစိတ် သုံးခုပေါင်းဆုံမိတော့ တွေ့ထိစိတ်ဖဿ။ မနောဘဝင်အကြည် ကြံတွေးစရာ တွေးတောစိတ် သုံးခုပေါင်းဆုံမိတော့ တွေးတောစိတ်ဖဿဖြစ်တယ်။ ဒီလို ဆိုင်ရာ ဆိုင်ရာ သုံးခု အသီးသီး ပေါင်းဆုံမိခြင်းသည်ပင် ဖဿလို့ မှတ်လိုက်ပါ။ ပေါင်းဆုံမိတာနဲ့ ဖဿမဖြစ်ပါနဲ့လို့ တားလို့မရတော့ဘူး။ ဖြစ်ကိုဖြစ်မှာ။ ဖဿ(၆)မျိုးဖြစ်ပုံ ၁။ မျက်စိ + အဆင်း + မြင်စိတ် = မြင်စိတ်ဖဿ ၂။ နား + အသံ + ကြားစိတ် = ကြားစိတ်ဖဿ ၃။ နှာခေါင်း + အနံ့ + နံစိတ် = နံစိတ်ဖဿ ၄။ လျှာ + အရသာ + စားစိတ် = စားစိတ်ဖဿ ၅။ ကိုယ် + တွေ့ထိစရာ + တွေ့ထိစိတ် = တွေ့ထိစိတ်ဖဿ ၆။ မနော + ကြံတွေးစရာ + တွေးတောစိတ် = တွေးစိတ်ဖဿ ဒေါက်တာအရှင်ပါရမီ

Comments