ဖဿပစ္စယာ ဝေဒနာ

မနေ့က ဖဿ(၆)မျိုး ဖြစ်ပုံကို ပြောခဲ့တယ်။ ဒီနေ့ အဲဒီဖဿ(၆)မျိုးကြောင့် ဝေဒနာ (၆)မျိုးဖြစ်ပုံကို ပြောပြရမယ်။ ဖဿပစ္စယာ ဝေဒနာ- ဖဿကြောင့် ဝေဒနာဖြစ်တယ်။ ဒီမှာ ဝေဒနာ-အရ လောကီဝိပါက် (၃၂)ပါးနှင့်ယှဉ်တဲ့ ဝေဒနာ(၆)မျိုးကို ယူရတယ်။ ဝေဒနာ (၆)မျိုးက- ၁။ စက္ခုသမ္ဖဿဇာဝေဒနာ- မြင်စိတ်ဖဿကြောင့်ဖြစ်တဲ့ဝေဒနာ ၂။ သောတသမ္ဖဿဇာဝေဒနာ- ကြားစိတ်ဖဿကြောင့်ဖြစ်တဲ့ဝေဒနာ ၃။ ဃာနသမ္ဖဿဇာဝေဒနာ- နံစိတ်ဖဿကြောင့်ဖြစ်တဲ့ဝေဒနာ ၄။ ဇိဝှါသမ္ဖဿဇာဝေဒနာ- စားစိတ်ဖဿကြောင့်ဖြစ်တဲ့ဝေဒနာ ၅။ ကာယသမ္ဖဿဇာဝေဒနာ- တွေ့ထိစိတ်ဖဿကြောင့်ဖြစ်တဲ့ဝေဒနာ ၆။ မနောသမ္ဖဿဇာဝေဒနာ- တွေးစိတ်ဖဿကြောင့်ဖြစ်တဲ့ဝေဒနာ စာလာပေလာအတိုင်းပြောရရင်- စက္ခုဝိညာဏ်ဒွေနှင့်ယှဉ်တဲ့ဝေဒနာဟာ စက္ခုသမ္ဖဿဇာဝေဒနာ- မြင်စိတ်နဲ့ယှဉ်တဲ့ဝေဒနာပေါ့။ ဒီအတိုင်းပဲ သောတဝိညာဏ်ဒွေနဲ့ယှဉ်တဲ့ဝေဒနာဟာ သောတသမ္ဖဿဇာဝေဒနာ- ကြားစိတ်နဲ့ယှဉ်တဲ့ဝေဒနာ၊ ဃာနဝိညာဏ်ဒွေနဲ့ယှဉ်တဲ့ဝေဒနာဟာ ဃာနသမ္ဖဿဇာဝေဒနာ- နံစိတ်နဲ့ယှဉ်တဲ့ဝေဒနာ၊ ဇိဝှါဝိညာဏ်ဒွေနဲ့ယှဉ်တဲ့ဝေဒနာဟာ ဇိဝှါသမ္ဖဿဇာဝေဒနာ- စားစိတ်နဲ့ယှဉ်တဲ့ဝေဒနာ၊ ကာယဝိညာဏ်ဒွေနဲ့ယှဉ်တဲ့ဝေဒနာဟာ ကာယသမ္ဖဿဇာဝေဒနာ- တွေ့ထိစိတ်နဲ့ ယှဉ်တဲ့ဝေဒနာ၊ ဒွေပဉ္စဝိညာဏ်(၁၀)မှကြွင်းသော လောကီဝိပါက်စိတ် (၂၂)ပါးနဲ့ယှဉ်တဲ့ဝေဒနာဟာ မနောသမ္ဖဿဇာဝေဒနာ- တွေးစိတ်နဲ့ယှဉ်တဲ့ဝေဒနာလို့ မှတ်လိုက်ပါ။ မြင်စိတ်ဖဿဟာ မျက်စိ၊ အဆင်း၊ မြင်စိတ် ပေါင်းဆုံမိလို့ ပေါ်လာတဲ့ဖဿဆိုတာ မနေ့က ပြောခဲ့တယ်လေ။ အဲဒီမြင်စိတ်ဖဿပေါ်လိုက်တာနဲ့ ဝေဒနာကလည်း ပေါ်လာရော။ ပေါ်တာကတော့ အချိန်ခြားပေါ်တာမဟုတ်ဘူး၊ တစ်ပြိုင်နက်ပေါ်တာပဲ။ သို့သော် ဖဿကြောင့် ဝေဒနာပေါ်ရလို့သာ ဖဿပစ္စယာ ဝေဒနာလို့ ဟောတော်မူထားတာ။ ဖဿမပေါ်ရင် ဝေဒနာလည်း မပေါ်ဘူးပေါ့။ ဖဿပေါ်ပြီဆိုတာနဲ့ ဝေဒနာ ပေါ်လာပြီသာ မှတ်တော့။ ဒီတော့ မြင်စိတ်ပေါ်တာနဲ့ ဖဿလည်းပေါ်၊ ဝေဒနာလည်းပေါ်တယ်လို့သာ မှတ်လိုက်ပါ။ သို့သော်လည်း ဖဿကြောင့်ဝေဒနာဖြစ်ရတယ်။ ဖဿမရှိရင်ဝေဒနာလည်း မရှိ။ ဒီမှာ ဝေဒနာ(၆)မျိုးဟာ ဖဿကြောင့်ပေါ်ရတာဖြစ်လို့ ဖဿ (၆)မျိုးရှိတော့ ဝေဒနာလဲ (၆)မျိုးဖြစ်လာတာ။ ဖဿ-က မျက်စိမှာပေါ်ရင် ဝေဒနာ-ကလည်း မျက်စိမှာပေါ်၊ ဖဿ-က နားမှာဆို ဝေဒနာ-ကလည်း နား၊ ဖဿ-က နှာခေါင်းမှာဆို ဝေဒနာ-ကလည်း နှာခေါင်း၊ ဖဿ-က လျှာမှာဆို ဝေဒနာ-ကလည်း လျှာ၊ ဖဿ-က ကိုယ်မှာဆို ဝေဒနာ-ကလည်း ကိုယ်၊ ဖဿ-က စိတ်မှာဆို ဝေဒနာ-ကလည်း စိတ်မှာပေါ်ရတယ်လို့ ပေါ်ရာဌာနကို ပိုင်းခြားပြလိုက်တာပါ။ ပေါ်ရာဌာနသာ ကွဲသွားတာ၊ ဖဿဆိုတဲ့ နာမည်ကတော့ အတူတူပဲ။ ထို့အတူ ပေါ်ရာဌာနသာ ကွဲသွားတာ ဝေဒနာဆိုတဲ့ နာမည်ကတော့ အတူတူပဲ။ ဒီလိုလည်း နားလည်ထားလိုက်ဦး။ နောက်ပိုင်း ဝေဒနာတွေကို ထပ်ခွဲခြားရဦးမှာလေ။ ဒါကြောင့် ဒီ(၆)မျိုးနဲ့ ရောသွားမှာစိုးလို့။ ဒီတော့ လူ့ခန္ဓာဖြစ်စဉ်နဲ့ပဲ ပြောကြပါစို့။ မျက်စိ အဆင်း မြင်စိတ်သုံးခုဆုံဖြစ်လိုက်တာနဲ့ ဖဿရော ဝေဒနာရော တန်းပေါ်လာတာပဲ။ ဒါကို မပေါ်ပါနဲ့လို့ ဘယ်သူမှ မတားနိုင်ပါဘူး။ ကျန်တာတွေလည်း ဒီအတိုင်းပဲ နားလည်ထားလိုက်တော့။ ဖဿက အာရုံကို ထိခိုက်တာ။ ဝေဒနာဆိုတာက အာရုံကို ခံစားတာ။ အာရုံနဲ့ ထိလိုက်တော့ ခံစားမှုပေါ်ရတယ်။ အာရုံဆိုတာ မြင်စရာအဆင်းဟာလည်း အာရုံ၊ အသံ အနံ့ အရသာ တွေ့ထိစရာ ကြံတွေးစရာတွေဟာလည်း အာရုံပဲ။ ဒီအာရုံတွေနဲ့ တွေ့ထိလိုက်တိုင်း ခံစားမှုတွေ ပေါ်မြဲသာဖြစ်တယ်။ မသိမသာ ပေါ်တာလည်း ရှိမယ်၊ သိသိသာသာပေါ်တာလည်း ရှိမယ်။ ဒါကို ဝေဒနာလို့ ခေါ်တာ။ မျက်စိက ကြည့်စရာ မြင်စရာ အဆင်းအာရုံကိုခံစားတယ်။ နားက ကြားစရာ နားထောင်စရာ အသံအာရုံကိုခံစားတယ်။ နှာခေါင်းက မွှေးစရာ နံစရာ အနံ့အာရုံကို ခံစားတယ်။ လျှာက စားစရာ အရသာအာရုံကိုခံစားတယ်။ ကိုယ်က တွေ့ထိစရာ အာရုံကိုခံစားတယ်။ စိတ်က ကြံတွေးစရာ အာရုံကိုခံစားတယ်။ ဒီလိုခံစားတာဟာ ဝေဒနာပါပဲ။ မြင်တိုင်း မြင်တိုင်းမှာ ဥပေက္ခာဝေဒနာလို့ မှတ်ရမယ်။ မြင်စိတ်ဖြစ်နေတာဟာ ဥပေက္ခာဝေဒနာပဲ။ လမ်းသွားရင်း ရှေ့မှာ မြေညီတာလည်း တွေ့မယ်၊ လမ်းကြမ်းတာလည်း တွေ့မယ်၊ လမ်းကောင်းတာလည်း တွေ့မယ်၊ ခလုပ်ကန်သင်းလည်း တွေ့မယ်၊ ဘေးမှာ တဲတွေ အိမ်တွေ တိုက်တွေလည်း တွေ့မယ်၊ ဈေးဆိုင်တွေလည်း တွေ့မယ်။ အဲလိုတွေ့မြင်နေခိုက်မှာ အခြားဝေဒနာမဟုတ်ဘူး။ ဥပေက္ခာဝေဒနာပေါ်နေတာ။ ဘယ်မှာပေါ်နေတာလဲဆိုတော့ မျက်စိမှာပေါ်နေတာ။ ဘယ်အချိန်မြင်မြင် မြင်ချင်တဲ့အချိန်မြင်၊ ဥပေက္ခာဝေဒနာပေါ်တယ်လို့သာ မှတ်လိုက်ပေါ့။ သွားရင်းလာရင်း ကားဟွန်းသံတွေကြားမယ်၊ ဆိုင်ကယ်သံတွေကြားမယ်၊ လူတွေ စကားပြောသံတွေကြားမယ်၊ ဘယ်အခါကြားကြား၊ ဘယ်အချိန်ကြားကြား ကြားနေချိန်မှာ ဥပေက္ခာဝေဒနာပေါ်နေတာ။ နားမှာပေါ်တာပေါ့။ ထို့အတူ ဘယ်အခါနံနံ ဘာနံ့နံနံ မွှေးသည်ဖြစ်စေ နံသည်ဖြစ်စေ နံစိတ်ပေါ်နေချိန်မှာ ဥပေက္ခာဝေဒနာ နှာခေါင်းမှာ ပေါ်နေတယ်။ ဘယ်အချိန်စားစား ဘာကိုစားစား စားလို့ စားစိတ်ပေါ်ချိန်မှာ ဥပေက္ခာဝေဒနာ လျှာမှာပေါ်နေတယ်။ ကောင်းတဲ့ ဝေဒနာ ချမ်းသာတဲ့ဝေဒနာ ကိုယ့်ခန္ဓာကိုယ်မှာပေါ်လာပြီဆိုရင်တော့ သုခဝေဒနာ ကိုယ်မှာပေါ်တယ်။ မကောင်းတဲ့ဝေဒနာ ဆင်းရဲတဲ့ဝေဒနာ နာကျင်ခံခက်တဲ့ဝေဒနာ ကိုယ့်ခန္ဓာမှာ ပေါ်ပြီဆိုရင်တော့ ဒုက္ခဝေဒနာ ကိုယ်မှာပေါ်နေတယ်။ တွေးချင်ရာတွေး တွေးနေတဲ့အချိန်မှာတော့ ဘာရယ် ညာရယ်မဟုတ်တော့ ဥပေက္ခာဝေဒနာ စိတ်မှာပေါ်နေတယ်။ ဝမ်းသာ ကျေနပ်နေတော့ သောမနဿဝေဒနာ စိတ်မှာပေါ်နေတယ်။ ဝမ်းနည်း မကျေနပ် စိတ်ဆင်းရဲနေတော့ ဒေါမနဿဝေဒနာ စိတ်မှာပေါ်နေတယ်။ ဒါတွေ တူရာပေါင်းလိုက်ရင် သုခ ဒုက္ခ သောမနဿ ဒေါမနဿ ဥပေက္ခာ ဆိုပြီး ဝေဒနာ(၅)မျိုးတွေ့ရမယ်။ ဒီဝေဒနာတွေက ဝိပဿနာရှုရမယ့်ဝေဒနာတွေပါပဲ။ မြင်လိုက်တိုင်း မြင်စိတ်ထင်ရှားနေတိုင်း မျက်စိမှာ ဥပေက္ခာဝေဒနာပေါ်တယ်နော်။ မြင်စိတ်ကမထင်ရှားတော့ဘဲ ကြားစိတ်ကထင်ရှားသွားရင် နားမှာ ဥပေက္ခာဝေဒနာပေါ်မယ်ပေါ့။ ဒီလိုလည်း ခွဲခြားနားလည်ထားရမယ်။ စိတ်က တစ်ခုပဲဖြစ်တာလေ။ နှစ်ခုပြိုင်မဖြစ်ဘူး။ စိတ်ဖြစ်စဉ် အလွန်လျှင်မြန်လို့သာ မြင်တာရော ကြားတာရော နံတာရော တစ်ပြိုင်နက်ဖြစ်နေတယ်လို့ ထင်ချင် ထင်နေရတာ။ တကယ်တော့ မြင်စိတ်ဖြစ်ခိုက် ကြားစိတ်က ငုတ်နေတယ်။ ကြားစိတ်ဖြစ်ခိုက် မြင်စိတ် စတဲ့ ကျန်တဲ့ စိတ်တွေက ငုတ်နေတယ်။ မထင်ရှားဘူးလေ။ တွေးစိတ်ဖြစ်ခိုက် ကျန်စိတ်တွေ ငုတ်နေတယ်။ အတွေးလွန်ပြီးများ လှေကား ဆင်းလိုက်ရင် လှေခါးထစ်ချော်နင်းလို့ လှေကားပေါ်က ချော်ကျတယ်လေ။ မျက်လုံးပါနေတာပဲ။ မြင်စရာလည်း ရှိနေတာပဲ။ ဒါပေမဲ့ အတွေးစိတ်က လွှမ်းနေတော့ မြင်စိတ်ငုတ်နေတာ။ ဘေးကလူက စကားပြောနေတုန်း ကိုယ်က တစ်ခုခု စဉ်းစားနေရင် သူပြောတာကို နားမလည်လိုက်ဘူး။ အတွေးဘက်စိတ်ဖြစ်နေတော့ အမြင် အကြားဘက်မှာ စိတ်က ဘယ်ရှိတော့မလဲ။ သတိမမူ ဂူမမြင်၊ သတိမထား ဆင်အော်လို့တောင် မကြား ဖြစ်တတ်တယ်။ ဒီလို စဉ်းစားတွေးတောစိတ်တွေမှာတော့ သမန်ကာ ရှန်ကာ စဉ်းစားနေရင် ဥပေက္ခာဝေဒနာနဲ့ စဉ်းစားတာပေါ့။ ပျော်စရာ ကြည်နူးစရာ ကျေနပ်စရာစဉ်းစားနေရင် သောမနဿ၊ ဝမ်းနည်းစရာ ပူဆွေးစရာ စိတ်ညစ်စရာ စိတ်ပျက်စရာ ဘာညာစဉ်းစားနေတော့ ဒေါမနဿဝေဒနာ စိတ်မှာ ပေါ်နေမှာပေါ့။ တစ်ခါ မြင်စိတ်နဲ့ ဥပေက္ခာဝေဒနာတွဲဖြစ်တယ်ဆိုတာလည်း မှတ်ထားရမယ်။ မြင်စိတ်ပေါ်ရင် ဥပေက္ခာပေါ်တယ်လို့ တန်းသိရမယ်။ ထို့အတူ ကြားစိတ် နံစိတ် စားစိတ် ပေါ်ရင်လည်း ဥပေက္ခာဝေဒနာပေါ့။ ယားစိတ် ယံစိတ် ကိုယ်မှာ အခံခက်တဲ့စိတ် နာကျင်စိတ် ကိုက်ခဲစိတ် ပေါ်ရင် ဒုက္ခဝေဒနာ၊ ကောင်းစိတ် သာယာစိတ် ချမ်းသာစိတ် ကိုယ်မှာပေါ်ရင်တော့ သုခဝေဒနာနဲ့တွဲပေါ်နေတယ်။ အတွင်းအပြင် အပြောင်းအလှည့်ပေါ်တတ်တာလည်း သိထားရမယ်။ ဥပမာ- မြင်စိတ်ပေါ်တယ်ဆိုပါစို့။ ဥပေက္ခာဝေဒနာပေါ်နေတာပဲ။ မြင်ရင်းနဲ့ပဲ မြင်ရတဲ့အာရုံကို ခံစားတဲ့အနေအထားမှာ မြင်တာလေး၊ တွေ့လိုက်ရတာလေး၊ ကြည့်လိုက်ရတာလေးကို ကျေနပ်လိုက်တော့ စိတ်မှာ သောမနဿဝေဒနာ သွားပေါ်တယ်။ တွေ့လိုက်လို့ မကျေနပ်တော့ ဒေါမနဿဝေဒနာ စိတ်မှာ သွားပေါ်တယ်။ မျက်စိကနေ ဝမ်းထဲ ရောက်သွားတာ။ ဝမ်းထဲ ဆိုတာ မနောဘဝင်စိတ်ကို ပြောတာ။ မြင်လိုက်တာနဲ့ အတွေးစိတ်က ဖျပ်ကနဲ့ဆို ဝင်လာပြီး ဝမ်းထဲက ခံစားလိုက်တာ။ ဝေဒနာက ဝမ်းထဲရောက်သွားတယ်။ ဒီအတိုင်းပဲ ကိုယ့်သားလေး အလုပ်ကောင်းကောင်း ရသွားတယ်တဲ့ ဘာညာ ကြားလိုက်တာလေးက ဥပေက္ခာ၊ သဘောကျနေတာလေးက ပီတိလေးဖြစ်နေတာလေးက မြူးရွှင်နေတာလေးက ဝမ်းထဲမှာပေါ်တဲ့ သောမနဿဝေဒနာ၊ ကိုယ့်သားလေး နိုင်ငံခြားမှာ ပညာသင်နေတာ၊ စာမလိုက်နိုင်လို့ အင်္ဂလိပ်စကားနားမလည်လို့ စိတ်ညစ်နေတယ်လို့ ကြားလိုက်တယ်ဆိုပါတော့၊ စိတ်ထဲမှာ အလိုမကျတာလေး၊ စာမလိုက်နိုင်လို့ မအောင်ရင်တော့ ဘာညာ ဆက်တွေးပြီး စိုးရိမ်မယ်၊ ရင်တမမဖြစ်မယ်ဆိုရင် ဝမ်းထဲက ဒေါမနဿဝေဒနာပေါ်နေတာပေါ့။ နံစိတ်ပေါ်လိုက်တာ၊ စားစိတ်ပေါ်လိုက်တာတွေလည်း ဒီလိုသာ နားလည်လိုက်တော့။ ယား နာ ထုံ ကျင်စိတ်က ကိုယ်မှာပေါ်တာ၊ သုခဝေဒနာ။ ဒါကို အခံခက်တာ၊ စိတ်ဆင်းရဲတာ၊ စိတ်မချမ်းသာတာ၊ စိတ်ကသိကအောက်ဖြစ်တာ၊ အလိုမကျတာ၊ သောကများတာက ဒေါမနဿဝေဒနာ ဝမ်းထဲမှာပေါ်တာ။ ကောင်းစိတ် ချမ်းသာစိတ် ကိုယ်မှာပေါ်တော့ သုခဝေဒနာ။ သဘောကျ နှစ်သက် အလိုကျ ဝမ်းသာ ကျေနပ်တာလေးက သောမနဿဝေဒနာ၊ ဝမ်းထဲမှာ ပေါ်တာ။ အတိအကျသိဖို့ဆိုရင်တော့ ဝီထိတွေနဲ့ ပိုင်းခြားပြရလိမ့်မယ်။ မြင်စိတ်ဖြစ်တယ်ဆိုပါတော့၊ စက္ခုဒွါရိကဝီထိဖြစ်တယ်။ နောက်မှ တဒနုဝတ္တိက မနောဒွါရိကဝီထိတွေဖြစ်လာတယ်။ ဒီဝီတိတွေက မြင်တာက ခွဲခြားသွားမယ်၊ ကိုယ်ကြိုက်နှစ်သက်တာလား မကြိုက်မနှစ်သက်တာလားပေါ့။ ဝီထိတွေကိုတော့ ဒီမှာ ထားခဲ့တော့။ ဝီထိစိတ်ခဏတိုင်းကို ဝိပဿနာရှုလို့ အဆင်မပြေဘူး။ အခုပြောခဲ့တာ တော်တော်စုံသွားပါပြီ။ ဒီတော့ စိတ်ဖြစ်ရင် ဝေဒနာဖြစ်တယ်ဆိုတာလေး သတိထားခဲ့ရမယ်။ စိတ်ဖြစ်နေလို့ အသက်ရှင်နေတာ။ ရှေ့စိတ်ချုပ် နောက်စိတ်မပေါ်တော့ရင် သေတဲ့ စုတိစိတ် လာတော့မှာပဲ။ စိတ်ဖြစ်နေသမျှ အသက်ရှင်နေရတယ်။ ဒီလိုဆို စိတ်ရှိနေသမျှ ဝေဒနာရှိနေတယ်လို့ ဆက်စပ်နားလည်ရမယ်။ ဒီလို နားလည် သဘောပေါက်ထားမှ မိုးကုတ်ဆရာတော်ဘုရားကြီး ဟောတော်မူတဲ့ “ဝေဒနာနဲ့ အသက်ရှင်နေတယ်”ဆိုတာကို သဘောပေါက်မှာ။ အသက်ရှင်နေသမျှ စိတ်မဖြစ်တဲ့အချိန် မရှိသလို ဝေဒနာမဖြစ်တဲ့အချိန်လည်း မရှိဘူး။ ဒါကြောင့် စိတ်ကို ရှုမယ်ဆိုရင်လည်း ရှုစရာတွေ မပြတ်ရှိနေသလို ဝေဒနာကို ရှုမယ်ဆိုရင်လည်း ရှုစရာတွေ မပြတ် ရှိနေမယ်ပေါ့။ ကုန်ဆုံးမသွားနိုင်တဲ့ အရှုခံအာရုံတွေပါပဲ။ ဝေဒနာပေါ်တာကို မသိရင် ရှုစရာ ပျောက်သွားတာမျိုး ဖြစ်တတ်တယ်။ ဒါကြောင့် ဝေဒနာပေါ်ပုံပေါ်နည်းကို နားမလည် လည်အောင် နည်းမျိုးစုံနဲ့ ရှင်းပြပေးလိုက်တာပါ။ အမြင်ချင်းတူပေမယ့် ခံစားပုံချင်းမတူဘူး။ သူလည်း ဒီလူကို မြင်တာပဲ၊ ကိုယ်လည်း ဒီလူကို မြင်တာပဲ။ ဒါပေမဲ့ သူက ဒီလူကို ကြည့်မရဘူးလို့ ခံစားမယ်၊ ကိုယ်က ဒီလူ မဆိုးပါဘူးလို့ ခံစားမယ်။ ဒီတော့ ပေါ်တဲ့ဝေဒနာကလည်း မတူတော့ဘူး။ ကြည့်မရတဲ့သူက မြင်စိတ်မှာ ဥပေက္ခာ၊ ကြည့်မရဘူးလို့ ဝမ်းထဲက ခံစားလိုက်တော့ ဒေါမနဿဝေဒနာ။ ကိုယ်မြင်လိုက်တာက ဥပေက္ခာ၊ မဆိုးပါဘူးလို့ ထင်လိုက်တာက ဝမ်းထဲမှာပေါ်တဲ့ သောမနဿဝေဒနာပေါ့။ ဒီလို မြင်တဲ့အာရုံချင်းတူပေမယ့် ရှုမြင်သုံးသပ်ပုံ မြင်ပုံမတူတော့ ခံစားပုံမတူ၊ ခံစားပုံမတူတော့ ပေါ်တဲ့ ဝေဒနာကလည်း မတူနိုင်ပါဘူး။ ဒါကြောင့် အတူမြင်ပေမယ့် အမြင်မတူကြဘဲဖြစ်နေတာ။ ဥပမာ- အင်္ဂလိပ်တွေက ဘိနပ်ခြေထောက်လျှိုလိုက်တာကို ဘိနပ်ဝတ်တယ်လို့ မြင်တယ်၊ မြန်မာတွေက ဘိနပ်စီးတယ်လို့ မြင်တယ်။ ဒီအတိုင်းပဲ အတူကြားပေမယ့် အကြားမတူကြဘူး။ ဥပမာ- အင်္ဂလိပ်တွေက သေနပ်သံကို ဗိုင်း လို့ကြားတယ်၊ မြန်မာတွေက ဒိုင်း လို့ကြားတယ်။ အတူနံပေမယ့် အနံမတူကြဘူး။ ကုလားတွေက မဆလာနံ့ကို မွှေးတယ်လို့ခံစားတယ်၊ မြန်မာတွေက နံတယ်လို့ ခံစားတယ် စသည် စသည် ချဲ့ထွင် သိပေတော့။ ဒါတွေဟာ ဘာကြောင့် ဒီလိုဖြစ်တာလဲဆိုရင် အာရုံအပေါ် မြင်ပုံ ကြားပုံ စသည် မတူလို့ ခံစားမှုတွေမတူကြတာပါပဲ။ ခံစားမှုချင်းမတူတော့ ဝေဒနာဖြစ်ပုံချင်းလည်း ခြားနားသွားတာတွေ ရှိတတ်တာပေါ့။ သို့သော် အများအားဖြင့်တော့ ကောင်းတဲ့အာရုံကို အကောင်းဘက်ကခံစားတာများပြီး အဆိုးအာရုံကို အဆိုးဘက်က ခံစားတာ များပါတယ်။ အကောင်းအဆိုးမဟုတ်တဲ့အာရုံကိုတော့ အလယ်အလတ်ခံစားမှုနဲ့ ခံစားကြတာပေါ့။ အာရုံကတော့ ဒီအာရုံပဲ၊ ခံစားမှုက ပြောင်းလဲနေတာ၊ မတူကြဘူးလေ။ သူက ငါးပိရေချိုကြိုက်တယ်၊ ကိုယ်က မကြိုက်ဘူး။ ငါးပိရေချိုကတော့ မပြောင်းဘူး။ ခံစားမှုမှာ ပြောင်းသွားတာ။ ကိုယ့်ဘက်ကကြည့်တော့ ငါးပိရေချိုက အနိဋ္ဌာရုံ (အာရုံဆိုး)၊ သူ့ဘက်ကကြည့်တော့ ဣဋ္ဌာရုံ (အာရုံကောင်း)ပေါ့။ ဒါကြောင့် အတူမြင်ကြပေမယ့် အမြင်မတူကြပါလားဆိုတာ သဘောပေါက်လောက်ပါပြီ။ ဒေါက်တာအရှင်ပါရမီ

Comments

Popular posts from this blog

ပဋိစ္စသမုပ္ပါဒ် လမ်းညွှန် (၁)

PhD ကျမ်းပြုနည်း လမ်းညွှန်

သံသရာစက်ဝိုင်း