ဘဝပစ္စယာ ဇာတိ
မနေ့က ဥပါဒါန်ကြောင့် ဘဝဖြစ်တယ်ဆိုရာမှာ ကမ္မဘဝနဲ့ ဥပပတ္တိဘဝလို့ နှစ်မျိုးရှိကြောင်း ပြောခဲ့တယ်။ ကမ္မဘဝက ဒီလက်ရှိဘဝမှာ ဖြစ်နေတဲ့ ကံတရားအစုကို ပြောတာပါ။ ဥပပတ္တိဘဝကတော့ နောက်ဘ၀ ရရှိမယ့် ခန္ဓာအစကို ပြောတာပါပဲ။ ဒါကြောင့် ဥပပတ္တိဘဝကို စက်ဝိုင်း အကွက် (၄)မှာ ထည့်သွင်းထားရခြင်းဖြစ်တယ်။ ဖြစ်ပုံအနေအားဖြင့် အကုသိုလ်ကံကြောင့် အပါယ်ခန္ဓာရ၊ ကုသိုလ်ကံကြောင့် ကာမသုဂတိခန္ဓာ၊ ရူပဗြဟ္မာခန္ဓာ၊ အရူပဗြဟ္မာခန္ဓာရတယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။ လက်ရှိဘဝနဲ့ အနာဂတ်ဘ၀ ဆက်စပ်သွားခြင်းဟာ ဥပါဒါန်ကြောင့် ဖြစ်နေသဖြင့် ဥပါဒါနပစ္စယာ ဘဝေါ-အရ ဥပပတ္တိဘဝကိုပါ ထည့်သွင်း ဟောကြားတော်မူရခြင်း ဖြစ်ပါတယ်။
ဥပပတ္တဘဝဆိုတာ ကံကြောင့် ဖြစ်တဲ့ ခန္ဓာတွေကို ပြောတာပါပဲ။ အဘိဓမ္မာအလိုကျပြောမယ်ဆိုရင်တော့ ဝိပါက်စိတ် စေတသိက် ကမ္မဇရုပ်တွေပါ။ ဒါတွေကို ဥပပတ္တိဘဝလို့ ခေါ်တယ်။ ဥပပတ္တိဘဝဆိုတာ ဇာတိပါပဲ။ ဟိုဘ၀ ဒီဘ၀ အစဖြစ်တာကို ဇာတိလို့ ခေါ်တာ။ အကုသိုလ်ကံကြောင့် အပါယ်ဘုံမှာ ပဋိသန္ဓေနေတော့ အပါယ်ပဋိသန္ဓေစိတ် စေတသိက် ရုပ်တွေဖြစ်သွားတယ်။ ဒါဟာ ဥပပတ္တိဘဝပါပဲ။ ထို့အတူ အခြားဘုံတွေမှာ ဖြစ်တဲ့ ပဋိသန္ဓေစိတ် စေတသိက် ရုပ်တွေဟာ ဥပပတ္တိဘဝလို့ နားလည်ထားရမယ်။ အဝိဇ္ဇာက သစ္စာမသိအောင် ဖုံးလွှမ်းထားတော့ တဏှာနဲ့ တပ်မက်၊ ဥပါဒါန်နဲ့ စွဲလမ်း၊ ကောင်းနိုးရာရာတွေ လုပ်ကြတော့ အကျင့်ကောင်းကျင့်မိရင် ကုသိုလ်ကမ္မဘဝဖြစ်ပြီး အကျင့်ဆိုးကျင့်မိရင် အကုသိုလ်ကမ္မဘဝဖြစ်တယ်။ ဒီကမ္မဘဝကြောင့်ပဲ ကံရဲ့အကျိုးဖြစ်တဲ့ ဥပပတ္တဘဝ-ကလည်း ဖြစ်လာမယ်။ ဒါကြောင့် ဥပါဒါန်ကြောင့် ကမ္မဘဝလည်း ဖြစ်၊ ဥပပတ္တိဘဝလည်းဖြစ်တယ်လို့ ဆိုလိုတာ။ ဥပါဒါန်ကြောင့်ပဲ ကုသိုလ်ကံ အကုသိုလ်ကံဖြစ်တယ်။ ဥပါဒါန်ကြောင့်ပဲ ဟိုဘ၀ ဒီဘဝရောက်ရတယ်။ ဒီလိုလည်း ပြောလို့ရတယ်။
စင်စစ်မှာ ကမ္မဘဝကြောင့် ဥပပတ္တိဘဝဖြစ်ပေါ်လာတယ်လို့ ပြောလို့လည်း ရပါတယ်။ ကံကြောင့် အနာဂတ်ခန္ဓာပေါ်ရတယ်ပေါ့။ ဥပပတ္တိဘဝရဲ့ အစဦးဆုံး ဖြစ်ပေါ်မှုသဘောကို ဇာတိလို့ခေါ်ပါတယ်။ ဒါကြောင့် ဘဝပစ္စယာ ဇာတိလို့ ဟောတော်မူခြင်းဖြစ်တယ်။ ဘဝပစ္စယာ ဇာတိ-မှာ ဘဝအရ ကမ္မဘဝတစ်ခုပဲယူရတယ်၊ ဥပပတ္တိဘဝကို ယူလို့မရဘူး။ ဥပပတ္တိဘဝနဲ့ ဇာတိက အတူတူပဲ။ ဘဝတစ်ခုမှာ ပဋိသန္ဓေနေတာကို ဥပပတ္တိဘဝလို့လည်း ပြောလို့ရတယ်၊ ဇာတိလို့လည်း ပြောလို့ရတယ်။ ကမ္မဘဝကြောင့် ဇာတိဖြစ်တယ်လို့ဆိုလိုတယ်။ ဥပပတ္တိဘဝကြောင့် ဇာတိဖြစ်တယ်ဆိုရင် ဇာတိကြောင့် ဇာတိဖြစ်တယ်လို့ပြောတာနဲ့ အတူတူပဲဖြစ်နေလိမ့်မယ်။ ဒါကြောင့် ကမ္မဘဝကြောင့် ဥပပတ္တိဘ၀ သို့မဟုတ် ဇာတိဖြစ်တယ်လို့ ဆိုလိုပါတယ်။ ဇာတိနဲ့ ကမ္မဘဝဟာ တကယ်တော့ အတူတူဖြစ်နေတဲ့အတွက်ကြောင့် စက်ဝိုင်းအကွက် (၄)မှာ ဇာတိအောက်က ဥပပတ္တိဘဝလို့ ရေးပြထားတာကို သတိထားပါ။
ဇာတိကြောင့် အိုမင်းရင့်ရောမှု ဇရာ၊ သေခြင်း မရဏ၊ စိုးရိမ်ပူဆွေးရခြင်း သောက၊ ငိုကြွေးမည်တမ်းရခြင်း ပရိဒေဝ၊ ကိုယ်ဆင်းရဲခြင်း ဒုက္ခ၊ စိတ်ဆင်းရဲခြင်း ဒေါမနဿ၊ စိုးရိမ်ပူဆွေး ငိုကြွေးမည်တမ်းရုံတင်မက ရှိုက်ကြီးတငင်ဖြစ်ခြင်း မေ့မြောသွားခြင်း ဥပါယာသတို့ ဖြစ်ပေါ်လာရပါတယ်။ ဒီမှာ ဇာတိကြောင့် ဇရာမရဏဖြစ်တယ်။ ဇာတိကြောင့် သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသဖြစ်တယ်လို့ ဒီလို နှစ်ပိုင်းခွဲခြားပြီး နားလည်ထားရမယ်။ ဇာတိကြောင့် ဇရာမရဏဖြစ်တယ်ဆိုတာက ရှောင်လွှဲလို့မရတဲ့အကျိုးတရားတွေဖြစ်တယ်။ ဇာတိ ပဋိသန္ဓေနေလိုက်ပြီဆိုကတည်းက ဇရာ အိုမင်းကြီးရင့်ခြင်း လာတော့မယ်။ ဇာတိ ပဋိသန္ဓေအခိုက်လေး ပြီးတာနဲ့ ကျန်တဲ့ အခိုက်အတန့်လေးတွေ ခဏလေးတွေဟာ ဇရာပဲ။ ဆံဖြူသွားကျိုးမှ ဇရာမဟုတ်ဘူး။ ပဋိသန္ဓေစိတ်ချုပ်ပြီးတာနဲ့ နောက်ပေါ်လာတဲ့ ဘဝင်စိတ်တွေက စပြီးတော့ ဇရာအခိုက်အတန့်ဘက်ရောက်လာတာ။ ဒါကြောင့် ဇာတိပြီးရင် ဇရာကို ရှောင်လွှဲလို့မရဘူး။ ဇာတိက အဖြစ်၊ မရဏက အပျက်၊ အဖြစ်ရှိပြီဆိုမှဖြင့် အပျက်ကို ရှောင်လွှဲလို့မရပါဘူး။ ဒါကြောင့် မရဏဆိုတာ လာကိုလာရမယ်ဆိုတာနားလည်လိုက်ပါ။ ဇာတိကြောင့် ဇရာမရဏဖြစ်တယ်ဆိုတာ ရှောင်လွှဲလို့မရတဲ့အကျိုးတရားတွေပဲ ဖြစ်ပါတယ်။ ဧကန်ဖြစ်မယ့်အကျိုးတရားတွေ ဖြစ်ပါတယ်။ အကျိုးရင်းတွေလို့ မှတ်လိုက်ပါ။
သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသ ဒီ(၅)ခုကတော့ များသောအားဖြင့် ဖြစ်တယ်။ အချို့ မဖြစ်ဘဲနေတာလည်း ရှိတယ်။ သူက တိုက်ရိုက်အကျိုးမဟုတ်ဘူး။ အကျိုးဆက်သာဖြစ်တယ်။ အကျိုးရင်းမဟုတ်ဘူး၊ အကျိုးဖျားသာဖြစ်တယ်။ ဘယ်ဘဝမဆို ဇာတိကတော့ မဖြစ်လို့ကို မရပါဘူး၊ ဖြစ်ကိုဖြစ်မယ်။ ဇာတိဖြစ်တော့ ဇရာမရဏ-ကလည်း ဖြစ်ကိုဖြစ်မယ်၊ ရှောင်လို့ မလွတ်ဘူး။ ဒီဇာတိကြောင့်ပဲ သောက ပရိဒေ၀ ဒီတရားတွေက ဖြစ်လေ့ရှိတယ်။ ဒါကျတော့ ဖြစ်တာလည်းရှိ မဖြစ်တာလည်းရှိတယ်။ ဒါဆို သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသမီးတွေ အတောက်လောင်ခံနေကြရတာဟာ ဇာတိ ခန္ဓာကြောင့်ပဲ။ ဇာတိ ခန္ဓာသာ မရှိရင် ဒီလိုဒုက္ခမီးတွေ တောက်လောင်စရာအကြောင်းမရှိတော့ပါဘူး။ ခန္ဓာက လောင်စာတွေ ထင်းတွေ။ သောက စတဲ့တရားတွေက မီးတွေ။ ထင်းနဲ့ မီးနဲ့ တွဲမိပြီးလောင်တာ။ ထင်းနဲ့ မီးမတွဲမိရင်လောင်စရာ မရှိပါဘူး။ ဥပမာ- စိုးရိမ်ကြောင့်ကြမှုကို သောကလို့ခေါ်တယ်။ ဒီသောကဟာ ကိုယ့်ခန္ဓာမှာ ကပ်ပြီးလောင်တယ်။ ကိုယ့်ဆွေမျိုးတစ်ယောက်ယောက် ပျက်စီးသွားတဲ့အခါ သောကဖြစ်တယ်၊ စီးပွားပျက်တဲ့အခါ သောကဖြစ်တယ်၊ သီလပျက်တဲ့အခါ သောကဖြစ်တယ်၊ စသည်ဖြင့်ပေါ့။ သောကဖြစ်စရာတွေက အများကြီးပါပဲ။ အဘိဓမ္မာရှုထောင့်ကကြည့်ရင် သောကဖြစ်နေခိုက် ဒေါမနဿဝေဒနာဖြစ်နေတယ်။ ဒေါမနဿဆိုတာ ဒေါသမူစိတ်ဖြစ်လေတော့ အကုသိုလ်ဖြစ်နေတာပဲ။ ငိုကြွေးတာက ပရိဒေဝ။ အရကောက်လိုက်တော့ စိတ်ဖောက်ပြားလို့ ပေါ်လာတဲ့အသံလေးဖြစ်လို့ စိတ္တဇဝိပ္ပလ္လာသသဒ္ဒလို့ဆိုတယ်။ ဒုက္ခအရ ကာယိကဒုက္ခ- ကိုယ်ဆင်းရဲပင်ပန်းမှုပါပဲ၊ ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ်ပေါ့။ ဒေါမနဿ-က စေတသိကဒုက္ခ- စိတ်ဆင်းရဲပင်ပန်းမှုပေါ့၊ ဒေါမနဿဝေဒနာကိုကောက်။ ပြင်းပြင်းထန်ထန်ပူပင်သောက ရောက်နေလို့ ရှိုက်ကြီးတငင်ဖြစ် မေ့မြောသွားတာက ဥပါယာသလို့ခေါ်တယ်။ ဒေါသစေတသိက်ကို အရကောက်ရတယ်။ ဒီတရားတွေဟာ ဇာတိရှိလာပြီဆိုရင် များသောအားဖြင့် ဖြစ်တယ်။ မဖြစ်နိုင်တဲ့ဘဝမျိုးတွေလည်းရှိတယ်။ ဗြဟ္မာတွေမှာ ဒီတရားတွေ ဖြစ်ခဲတယ်။ ဒါကြောင့် သူတို့က အကျိုးရင်းမဟုတ်၊ အကျိုးဖျားတွေဖြစ်လို့ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ(၁၂)ပါးထဲ ထည့်မထားတာဖြစ်တယ်။
ဒီအင်္ဂါ(၁၂)ပါးနဲ့ လည်နေတဲ့ ဘဝစက်ယန္တယားကြီးဟာ ချမ်းသာမဖက် ဒုက္ခအစုကြီး သက်သက်ပါပဲတဲ့။ ဒါကို ဧဝမေတဿ ကေဝလဿ ဒုက္ခန္ဓဿ သမုဒယော ဟောတိ- လို့ဟောတော်မူလိုက်ပါတယ်။ ဘဝအထွေထွေ ရှိနေပေမယ့် ဒီစက်ရဟတ်အတိုင်း လည်နေကြရတာသာဖြစ်တယ်။ ဒီစက်ကြီးဟာလည်း ဇာတိ ဇရာ မရဏတွေနဲ့သာ လည်နေကြရတော့ ဖြစ်ပြီး ပျက်ကြ မွေးပြီး သေကြရသည်သာဖြစ်လို့ ချမ်းသာသုခရယ်လို့ မြူမျှတောင် ရှာလို့ မတွေ့ပါဘူး၊ ဒုက္ခအစု ဒုက္ခအပုံကြီးသာဖြစ်တယ်လို့ ဘုရားရှင်က ဟောတော်မူလိုက်ခြင်းဖြစ်ပါတယ်။ ခန္ဓာရှိနေသရွေ့ ဇာတိဇရာမရဏစတဲ့ မီးတွေ တောက်လောင်နေမှာသာ ဖြစ်တယ်။ ခန္ဓာက လောင်စာ၊ ကိလေသာက မီး။ လောင်စာနဲ့ မီးတွဲမိနေသမျှ ဒီဒုက္ခအပူမီးတွေက လွတ်လမ်းမမြင်နိုင်ပါဘူး။ ဒါကြောင့် လောင်စာလည်းသိမ်း မီးလည်းငြိမ်းမယ့် မဂ္ဂင်အလုပ်ကို လုပ်မှသာလျှင် မီးဆယ့်တစ်တန် ငြိမ်းရာမှန်သည့် နိဗ္ဗာန်သို့ ရောက်ရှိနိုင်မှာဖြစ်ပါတယ်။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.