ခန္ဓာရခြင်း ဉာဏ်မြင်ရှင်းအောင်
အရင်နေ့က စက်ဝိုင်းအကွက် နံပါတ်(၂)ကို သဘောတရားပိုင်းဆိုင်ရာ ဆွေးနွေးတင်ပြခဲ့ပြီးဖြစ်ပါ၏။ လူ၊ နတ်၊ ဗြဟ္မာ၊ အပါယ်ဘုံသား မည်သို့ပင် ကွဲပြားနေစေကာမူ ဓမ္မသဘောအရ ကြည့်လျှင် အကွက်(၂)က တရားများသာ ဖြစ်စဉ်ကိုက် တွေ့ရမည်ဖြစ်၏။ ခန္ဓာအားဖြင့် ငါးပါး အကျဉ်းချုပ်တော့ နာမ်နှင့်ရုပ်သာ ရှိ၏။ အတိတ်ဘဝက အဝိဇ္ဇာ သင်္ခါရလက်ချက်ကြောင့် ရရှိထားသော လက်ရှိပစ္စုပ္ပန်ခန္ဓာပင် ဖြစ်ပါ၏။ အဝိဇ္ဇာသင်္ခါရသည် အကြောင်း၊ လက်ရှိခန္ဓာက အကျိုး- အကြောင်းကြောင့် ရရှိသော အကျိုးတရားသာဖြစ်၏။ အကြောင်းဘက်တွင်လည်း ပုဂ္ဂိုလ် သတ္တဝါမပါ၊ အကျိုးဘက်တွင်လည်း ပုဂ္ဂိုလ်သတ္တဝါမပါ၊ ဓမ္မသဘောသက်သက်ဖြစ်စဉ်ကို တွေ့ရမည်ဖြစ်၏။ ထိုဓမ္မဖြစ်စဉ်ကို သဘောပေါက်လျှင် လက်ရှိခန္ဓာသည် ဖန်ဆင်းရှင်တို့က ဖန်ဆင်းလိုက်သည်ဟူသော ထင်မြင်ချက်ပျောက်ကွယ်သွားရ၏။ ပုဂ္ဂိုလ်စွဲ သက္ကာယဒိဋ္ဌိ အသိဖြင့် ပြုတ်သွားခြင်းဖြစ်၏။ ဖန်ဆင်းရှင်တစ်ဦးဦးက ဖန်ဆင်းလိုက်၍ ဖြစ်လာသည့် ခန္ဓာလား၊ သို့မဟုတ် မိဘနှစ်ပါးတို့၏ ပေါင်းဆုံမှုကြောင့်သာ ပေါ်လာရသည့်ခန္ဓာများဖြစ်လေမလားဟူသော သံသယ ဝိစိကိစ္ဆာလည်း စင်သွားတော့၏။ ဤသည်ကို အကြောင်းတွင် ဉာဏ်ရှင်းလျှင် ဝိစိကိစ္ဆာစင်-ဟု ဆိုရိုးပြုရ၏။ ခန္ဓာဖြစ်ခြင်းအကြောင်း အခြားမရှိ၊ မိဘနှစ်ပါးတို့၏ ပေါင်းဆုံမှုကြောင့်သာဖြစ်ရ၏ဟူသော အကြောင်းကင်းမဲ့သည့် အဟေတုကဒိဋ္ဌိလည်း စင်သွားတော့၏။
အကွက်နံပါတ်(၁)တွင် အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ကမ္မဘဝ- အတိတ်အကြောင်းအခြင်းအရာငါးပါးဟု ဖော်ပြထား၏။ ထို့ကြောင့် အတိတ်အကြောင်းအခြင်းအရာငါးပါးကြောင့် လက်ရှိခန္ဓာ ရသည်ဟုလည်း ဆိုရ၏။ ခန္ဓာမှန်လျှင် အို နာ သေမကင်းသဖြင့် ဒုက္ခသစ္စာ၊ ဖြစ်ပျက်မကင်းသဖြင့်လည်း ဒုက္ခသစ္စာသာ ဖြစ်တော့၏။ အတိတ်ကံမျိုးစေ့ကြောင့် ပေါက်လာရသော ခန္ဓာပင်စည်ကြီးဟု ဆိုလျှင်လည်း မလွဲ။ အတိတ်က သစ္စာမသိခဲ့သဖြင့် အဝိဇ္ဇာရှိခဲ့သည်မှာလည်း ငြင်းလို့မရ။ ခန္ဓာဒုက္ခအမှန်တရားကို မသိသဖြင့်လည်း ခန္ဓာကို ခင်တွယ်မြတ်နိုးခဲ့သကဲ့သို့ နောင်လည်း အလားတူခန္ဓာမျိုး တောင့်တမှုတဏှာ မဖြစ်မနေ ပေါ်ခဲ့သည်သာ ဖြစ်၏။ ဝိပဿနာကင်းသူအတွက် တဏှာဖြစ်ပြီဆိုလျှင် ဥပါဒါန်မဖြစ်ပါနှင့်ဟု တားဆီး၍မရ။ အလိုလို ဆက်တိုက်ဖြစ်လာတော့၏။ ကိုယ့်ခန္ဓာကိုယ် ခင်တွယ်မှုဖြစ်လျှင် စွဲလန်းမှုသည်လည်း နောက်က လိုက်လာမြဲသာ ဖြစ်၏။ သို့ဖြင့် လက်ရှိခန္ဓာကိုလည်း ခင်မင်သကဲ့သို့ နောင်ခန္ဓာကိုလည်း လိုချင်သည်မှာ ပုထုဇဉ်တို့၏ ဓမ္မနိယာမသဘောပင် ဖြစ်နေပါ၏။ နောင်ခန္ဓာလိုချင်မှုရှိလာသဖြင့် လှူမှုတန်းမှုကံတွေ၊ သီလဆောက်တည်မှုကံတွေပြုလုပ်လျက် တဏှာဖြင့်ပင် နောက်ဘ၀ လူချမ်းသာ နတ်ချမ်းသာ ရရပါလို၏ စသည်ဖြင့် ဆုတောင်းယူကြသဖြင့် ဆုတောင်းသည့်အတိုင်း ဆုတောင်းပြည့်ခန္ဓာကို ရရှိထားခြင်းပင် ဖြစ်၏။ မကောင်းမှုပင် ပြုလင့်ကစား ကိုယ့်ခန္ဓာကိုယ် ခင်မင်စွဲလန်းမှုကတော့ ဖြစ်မြဲဖြစ်သည်သာ။ သို့ဖြစ်လျှင် မကောင်းမှုပြုသူများ အပါယ်သွားရခြင်းသည် အပါယ်ခန္ဓာကို ဆုတောင်း၍ ရောက်ရပါသလားဟု စောဒကတက်လာနိုင်၏။ စင်စစ်မှာ အပါယ်ရောက်ဖို့အတွက် တမင်တကာ ဆုတောင်းနေစရာမလို၊ အရောက်လွယ်လှ၏။ သုဂတိရောက်ရေးသာလျှင် အထူးတလည် အားထုတ်ယူရ၏။ ဒုဂ္ဂတိရောက်ရေးအတွက် သီးသန့် ကျင့်နေစရာမလို။ လွယ်လွယ်ဖြင့်ရောက်သွားမည်သာဖြစ်၏။ ဒါနကုသိုလ် သီလကုသိုလ် သူမတူအောင်ဖြည့်ကျင့်ထားသည့်ကြားမှပင် ဒုဂ္ဂတိသို့ ခြေချော် လက်ချော်ရောက်သွားရသူများ ကျမ်းဂန်တို့တွင် အထင်အရှားရှိပါ၏။ မလ္လိကာမိဖုရားသည် ပြိုင်စံရှား အသဒိသအလှူကြီးပေးလှူခဲ့ပါလျက် သေခါနီး အာရုံနိမိတ်မှားကြောင့် အဝီစိ ခုနှစ်ရက်ကျခဲ့ရှာသေး၏။ တိဿရဟန်းသည် သီလအခြေခံကောင်းခဲ့ပါလျက် သင်္ကန်း၌ တွယ်ငြိသော ဥပါဒါန်အစွဲကြောင့် သန်းဖြစ်သွားရရှာသေး၏။ သုဂတိနှင့် ဒုဂ္ဂတိ၊ ဒုဂ္ဂတိရောက်ရေးက အလေးသာလျက်ရှိနေပါ၏။ ထို့ကြောင့် ဒုဂ္ဂတိရောက်ရေးအတွက် အထူးကျင့်နေစရာမလိုဟု ပြောလိုက်ခြင်းဖြစ်၏။
သတ္တဝါတိုင်းသည် လက်ရှိခန္ဓာခင်မင်နေသမျှ နောင်ခန္ဓာကိုလည်း လိုချင်စိတ်က ရှိနေမြဲသာဖြစ်၏။ သို့သော် လူဖြစ်သူက လူ့ခန္ဓာမျိုးနောင်ဘ၀ ရချင်သော်လည်း လူ့ဘဝနှင့် ထိုက်တန်သော ကံကို ပြုထားမှသာလျှင် ရရှိမည်ဖြစ်ပါ၏။ အကုသိုလ် ဒုစရိုက်မှု များစွာပြုထားသူတစ်ယောက်က လူ့ဘဝရလိုစိတ်ရှိနေလျှင်မူ ထမင်းဆီဆမ်း ရွှေလင်ပန်းနှင့် ပေးလှည့်ပါဟု ဖိုးလမင်းထံ တောင်းခံနေသူသို့သာ ဖြစ်၏။ လူ့ဘဝနှင့်မထိုက်တန်သော အကုသိုလ်ဒုစရိုက်ကံများကျူးလွန်ထားပါလျက် လူ့ဘဝရရပါစေဟု ဆုတောင်းနေသော်လည်း မထိုက်တန်သဖြင့် လူ့ဘဝကို ရလိမ့်မည်မဟုတ်။ သူပြုသည့်ကံနှင့် တန်ရာတန်ရာ အပါယ်ခန္ဓာသာ ရရှိမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်၏။ လက်ရှိခန္ဓာကိုလည်း ဒုက္ခသစ္စာဟုမသိ၊ နောင်ရမည့်ခန္ဓာကိုလည်း ဒုက္ခသစ္စာဟု မသိသမျှကာလပတ်လုံး နောင်ခန္ဓာအစဉ်သည် ဆက်မြဲဆက်နေမည်သာဖြစ်၏။ အပါယ်နှင့်ထိုက်တန်သည့်ကံသည် အပါယ်ခန္ဓာအကျိုးကို ပေးမည်ဖြစ်ပြီး လူနတ်ဗြဟ္မာနှင့်ထိုက်တန်သောကံသည် လူနတ်ဗြဟ္မာခန္ဓာ အကျိုးကိုသာ ပေးမည်ဖြစ်သည်။ ထို့ကြောင့် လူနတ်ဗြဟ္မာဖြစ်မည့်သူလည်း သူ့ဆိုင်ရာဆိုင်ရာ ခန္ဓာကို ခင်သကဲ့သို့ နောင်ခန္ဓာကိုလည်း လိုချင်ကြသည်သာဖြစ်၏။ အပါယ်ရောက်မည့်သူလည်း သူ့ဆိုင်ရာဆိုင်ရာခန္ဓာကို ခင်သကဲ့သို နောင်ခန္ဓာကိုလည်း လိုချင်မည်သာဖြစ်၏။ သေခါနီး မရဏာသန္နဇောသည် အပါယ်ပဋိသန္ဓေကို အာရုံပြုနေပြီဆိုလျှင် အပါယ်ဘဝကို တပ်မက်သည့် ဘဝတဏှာပေါ်နေခြင်းဖြစ်သဖြင့် ထိုအချိန်တွင် အပါယ်ခန္ဓာကို လိုချင်စိတ် မဖြစ်ပါနှင့်ဟု တား၍မရ။ သူ့ကံအားလျော်စွာ ထိုက်ရာတန်ရာခန္ဓာကို ရရှိဖို့ တာစူနေခြင်းသာဖြစ်၏။ အပါယ်မကျချင်ဘဲနှင့် ကျရသည်မဟုတ်၊ ကျချင်စိတ်ကြောင့်ပင် ကျသွားရခြင်းဖြစ်၏။ သူ့ကံက အပါယ်ရောက်မည့်ကံဖြစ်နေလျှင် သေခါနီး မရဏာသန္နဇောသည် အပါယ်ကိုသာ အာရုံပြုနေလေတော့၏။ ဤသည်မှာ အပါယ်ခန္ဓာလိုချင်မှုပင်ဖြစ်၏။ ထို့ကြောင့် တိရစ္ဆာန်မဖြစ်ချင်ဘဲနှင့် ဖြစ်သွားရသည်မဟုတ်၊ ဖြစ်ချင်၍သာ ဖြစ်သွားရ၏။ ပြိတ္တာမဖြစ်ချင်ဘဲ ဖြစ်သွားရသည်မဟုတ်၊ ဖြစ်ချင်၍သာ ဖြစ်သွားရ၏။ အသူရကာယ်မဖြစ်ချင်ဘဲနှင့် ဖြစ်သွားရသည်မဟုတ်၊ ဖြစ်ချင်၍သာ ဖြစ်သွားရ၏။ ငရဲခန္ဓာ မဖြစ်ချင်ဘဲနှင့် ဖြစ်သွားရသည်မဟုတ်၊ ဖြစ်ချင်၍သာ ဖြစ်သွားရခြင်းဖြစ်၏။ အပါယ်မရောက်ချင်ပါဘူးဟု မည်မျှပင် အားတင်းထားခဲ့စေကာမူ သေခါနီးတွင် သူပြုသည့်ကံက အပါယ်ရောက်ချင်စိတ်ပေါက်အောင် အလိုလို လှည့်ပြောင်းပေးလိုက်သဖြင့် မရဏာသန္နဇော စောနေချိန်တွင် အပါယ်ပဋိသန္ဓေကိုသာ တန်းတန်းစွဲ အာရုံပြုနေလေတော့၏။ ဘဝတဏှာက လူ့ခန္ဓာနှင့် အပါယ်ခန္ဓာကို ဆက်ပေးလိုက်ခြင်းပင်ဖြစ်၏။ သို့ဖြင့် အပါယ်ခန္ဓာကိုလည်း လိုချင်လျက်လာသဖြင့် ထိုလိုချင်မှုတဏှာဆက်ပေးသည့်အတိုင်းပင် အပါယ်သို့ ကျရောက်သွားကြရ၏။ အပါယ်ခန္ဓာပိုင်ရှင်များဖြစ်သွားကြရ၏။ ထို့အပြင် ဖြည့်စွက်ပြောလိုသည်မှာ အပါယ်ရောက်ဖို့ ဆုတောင်းရန်မလိုဟုဆိုသော်လည်း ခွေးတစ်ကောင် ဇိမ်ကျကျ ကောင်းကောင်းစား အိပ်နေရသည်ကိုမြင်၍ ခွေးဘဝက ငြိမ်းပါသေးသည်ဟု ခွေးဘဝကိုအားကျမိသည့်စိတ်ဖြင့်သာ သေသွားပါက ခွေးဖြစ်ပါရစေဟု ဆုတောင်းသကဲ့သို့ပင် နောက်ဘ၀ ကျိန်းသေခွေးဖြစ်မည်သာ ဖြစ်၏။ နွားဘဝကို အားကျက နွားဖြစ်၊ ကြောင်ဘဝကို အားကျက ကြောင်ဖြစ်မည်ဖြစ်၍ တိရစ္ဆာန်လေးများကို အားကျပြီး သူ့လိုဖြစ်ချင်စိတ်မပေါ်မိဖို့လည်း အရေးကြီးလှ၏။
လက်ရှိခန္ဓာကို ခင်မင်သည်ဆိုရာ၌ အပါယ်ဘုံသားတို့သည် သူတို့ခန္ဓာကို ခင်မင်မှု ရှိနိုင်ပါ့မလားဟု ထင်မြင်ဖွယ်ရှိ၏။ စင်စစ်မှာ ခွေးသည်လည်း သူ့ခန္ဓာသူ ခင်သည်သာဖြစ်၏။ ကြောင်သည်လည်း သူ့ခန္ဓာသူ ခင်သည်သာဖြစ်၏။ ခြောက်လျှင် ပြေးကြ၊ ရိုက်လျှင်အော်ကြသည်မှာ သူတို့ခန္ဓာသူတို့ ခင်မင်နေ၍သာဖြစ်၏။ ပြိတ္တာ အသူရကာယ်တို့သည်လည်း သူတို့ခန္ဓာသူတို့ ခင်တွယ်ကြသည်သာဖြစ်၏။ ပြိတ္တာဘဝဆင်းရဲမှ လွတ်စေလိုကျွတ်စေလို၍ ကုသိုလ်ပြုအမျှပေးဝေသော်လည်း သူ့ဘဝသူ ပျော်နေပြီး ထိုဘဝကိုစွဲလန်းနေသည့်ဥပါဒါန်ကြောင့် သာဓုခေါ်နိုင်ပါလျက် မခေါ်ဘဲ နေသည့် ပြိတ္တာများပင် ရှိ၏။ ဤသည်မှာ သူ့ခန္ဓာသူ ခင်နေခြင်းသာဖြစ်၏။ ထို့အတူ ငရဲသားများသည်လည်း သူတို့ မည်မျှပင် ဆင်းရဲဒုက္ခခံစားနေရစေကာမူ သူတို့ခန္ဓာကိုတော့ ခင်နေကြသည်သာဖြစ်၏။ ဆင်းရဲခြင်းကို သူတို့သိကြပါ၏။ သို့သော် သစ္စာအမြင်ဖြင့်သိခြင်းမျိုးမဟုတ်။ ထင်ရှားသည့်ပင်ပန်းဆင်းရဲမှု ပါကဋဒုက္ခကိုသာ သိနေခြင်းဖြစ်၏။ အဆုံးစွန်ဆင်းရဲဒုက္ခရောက်နေကြသော်လည်း အော်ရုံအင်ရုံကလွဲလို့ သူတို့သန္တာန်တွင် ဘာဉာဏ်မှ ဖြစ်ပေါ်ခွင့်မရှိ။ မဂ်ဉာဏ်ဖိုလ်ဉာဏ်မဆိုထားနှင့်၊ သံဝေဂဉာဏ်မျှပင် မရရှိနိုင်ကြ။ ထို့ကြောင့် မည်မျှပင် ဆင်းရဲဒုက္ခခံနေကြရစေကာမူ ခန္ဓာခင်မှုက မပြတ်ပေါ်နေသည်သာဖြစ်၏။ ထိုခန္ဓာခင်မှုကြောင့်ပင် ငရဲ၌ကျရောက်ပြီး အနှိပ်စက်ခံရ၍ သေသွားသော်လည်း ထိုငရဲ၌ပင် ပြန်ဖြစ်နေရကြရ၏။ အကုသိုလ်ကံကြွေးမကုန်သေးသရွေ့ ခန္ဓာနှင့် ပေးဆပ်နေရခြင်းသာဖြစ်၏။
လက်ရှိခန္ဓာကိုလည်း ခင်မင်၊ နောင်ခန္ဓာကိုလည်း လိုချင်သည်မှာ သတ္တဝါတိုင်း၏ နိယာမသဘောကဲ့သို့ဖြစ်နေ၏။ ထိုနိယာမအတိုင်းပင် လက်ရှိခန္ဓာစွန့်လိုက်ရပါသော်လည်း နောက်ခန္ဓာက တစ်မျိုးမဟုတ်တစ်မျိုး ပေါ်မည်သာဖြစ်၏။ ခန္ဓာမှန်သမျှဒုက္ခသစ္စာသာဖြစ်၏။ သုဂတိဒုက္ခသစ္စာနှင့် ဒုဂ္ဂတိဒုက္ခသစ္စာသာ ကွာခြား၏။ ခန္ဓာသည် စင်စစ်ဒုက္ခသစ္စာဟု ထိုးထွင်းမြင်နိုင်သည့် ဉာဏ်မရောက်သေးသရွေ့ကာလပတ်လုံး အဝိဇ္ဇာဖုံးအုပ်နေသည်ဟု ဆိုရ၏။ အဝိဇ္ဇာအဖုံးမခွါနိုင်သေးသမျှ နောင်ခန္ဓာလိုချင်သည့် တဏှာကလည်း ပေါ်နေမည်သာဖြစ်၏။ နောင်ဘဝညွတ်သည့်တဏှာဟု ပြောနိုင်ပါ၏။ နောက်ဘဝညွတ်သည့်တဏှာဖြင့်ပင် ကုသိုလ်ကံလည်းပြုကြ၏၊ အကုသိုလ်ကံလည်းပြုကြ၏။ ကံမှန်သမျှ သင်္ခါရ၊ ကောင်းသည့်ကံဖြစ်စေ ဆိုးသည့်ကံဖြစ်စေ မသိမှုအဝိဇ္ဇာခေါင်းဆောင်သည့်ကံသာ ဖြစ်၏။ ထိုကံတို့က အကျိုးပေးလိုက်တော့ ယခုလက်ရှိဘ၀ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီးကို သိမ်းပိုက်လိုက်ရ၏။ လူကောင်ဟုဆိုဆို နတ်ကောင်ဟုဆိုဆို အပါယ်ကောင်ဟုဆိုဆို ခန္ဓာငါးပါး ရုပ်နာမ်တရားအစုသာဖြစ်၏။ ဒုက္ခသစ္စာသာဖြစ်၏။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.