ပဋိစ္စသမုပ္ပါဒ်ထဲက ဘ၀
ပဋိစ္စသမုပ္ပါဒ်သည် ဘဝဖြစ်စဉ်ကို ဖော်ညွှန်းထားခြင်းသာဖြစ်၏။ သို့ဖြစ်၍ ဘဝဖြစ်စဉ်ကို ပဋိစ္စသမုပ္ပါဒ်နှင့် ယှဉ်ကြည့်လိုက်လျှင် အတိတ်ဘ၀ ဖြစ်စဉ်ကိုလည်း တွေ့ရမည်ဖြစ်၏။ ယခု လက်ရှိဘဝဖြစ်စဉ်ကိုလည်း တွေ့ရမည်ဖြစ်၏။ အနာဂါတ်ဘဝဖြစ်စဉ်ကိုလည်းတွေ့ရမည်ဖြစ်၏။ စက်ဝိုင်းအကွက်(၁)က အတိတ်ဘဝ၊ အကွက်(၂)နှင့် (၃)က ပစ္စုပ္ပန်ဘဝ၊ အကွက်(၄)က အနာဂါတ်ဘဝဖြစ်သည်ဟု အကျဉ်းအားဖြင့် ပြောနိုင်ပါ၏။
ယင်းသို့ ဘဝအနေဖြင့် သုံးပိုင်း ပိုင်းပြထားသော်လည်း ပဋိစ္စသမုပ္ပါဒ် မပြတ်သေးသူမှန်သမျှအတွက် ဘဝဖြစ်စဉ်တွေကို ထပ်တူပြုလိုက်လျှင် အတူတူသာ ဖြစ်ပါ၏။
(၁) အတိတ်ဘဝကြည့်လိုက်လျှင်လည်း အဝိဇ္ဇာ သင်္ခါရသာရှိသကဲ့သို့ ပစ္စုပ္ပန်ဘဝ၊ အနာဂတ်ဘဝတွေကိုကြည့်လိုက်လျှင်လည်း အဝိဇ္ဇာ သင်္ခါရသာ ရှိနေမည်ဖြစ်၏။ သစ္စာမသိသေးသရွေ့ အဝိဇ္ဇာခေါင်းဆောင်နေပြီး သစ္စာမသိသူ၏ လုပ်သမျှ ပြောသမျှ ကြံစည်သမျှသည် ကံသင်္ခါရသာ ဖြစ်နေတော့၏။
(၂) အဝိဇ္ဇာ သင်္ခါရမချုပ်သေးသရွေ့ ခန္ဓာငါးပါးရရှိနေဦးမည်သာဖြစ်သဖြင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ တရားငါးခုပေါ်နေမည်သာဖြစ်ပြီး ဝေဒနာနှင့် တဏှာအကူးအဆက် မပြတ်သမျှ တဏှာ ဥပါဒါန် ကံတို့လည်း ဆက်လက်ဖြစ်ပေါ်နေဦးမည်သာဖြစ်၏။ သို့ဖြစ်လျှင် အတိတ်ဘဝကလည်း ထိုတရားတို့သာ ဖြစ်ပေါ်ခဲ့လေသောကြောင့် ယခုဘဝရရှိလာခဲ့ပြီး ယခုဘဝလည်း ထိုတရားတို့ ဖြစ်ပေါ်နေလျှင် အနာဂတ်ဘ၀ မလိုချင်၍ မရ။
(၃) ထို့အတူ ခန္ဓာနာမ်ရုပ်မချုပ်ငြိမ်းသရွေ့ အတိတ်ဘဝကလည်း မွေး အို သေ(ဇာတိ၊ ဇရာမရဏ)တို့သာ ဖြစ်ခဲ့ရသကဲ့သို့ ယခုဘဝ၊ အနာဂတ်ဘဝတွင်လည်း မွေး အို သေပုံသေနည်းအတိုင်း သွားကြရမည်သာဖြစ်၏။ ထိုသဘောတရားကိုအခြေခံ၍ ဘဝကို ညီမျှခြင်းထုတ်ယူလိုက်ပါက-
(ဘ၀ = အဝိဇ္ဇာ၊ သင်္ခါရ)
(ဘ၀ = ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ၊ တဏှာ ဥပါဒါန် ကံ)
(ဘ၀ = ဇာတိ ဇရာမရဏ) ဟုအဖြေထွက်လာမည်ဖြစ်၏။ ထို့ကြောင့် ဘဝဟူသည် အဝိဇ္ဇာ သင်္ခါရသာ ရှိ၏ဟုဆိုလျှင်လည်း မမှားသကဲ့သို့ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ တဏှာ ဥပါဒါန် ကံတို့ကို ဘဝဟုခေါ်မည်ဆိုလျှင်လည်း ခေါ်ဆိုနိုင်သည်သာဖြစ်၏။ ဇာတိ ဇရာမရဏကိုပင် ဘဝဟု တင်စား၍လည်း ပြောဆိုနိုင်မည်သာဖြစ်၏။
မွေးဖွားခြင်းရှိနေလျှင် အိုခြင်း (ကြီးရင့်ခြင်း) သေဆုံးခြင်းတို့သည်လည်း မကွေမကွာ လိုက်နေမည်သာဖြစ်၏။ မွေး အို (နာ) သေ ဖြစ်စဉ်အရ မွေးသူတိုင်း အိုရ နာရ သေရသည်မှာ ဓမ္မသဘောအရ ရှောင်လွှဲ၌မရပေ။ ထိုဓမ္မသဘာဝသည် အကောင်းမဟုတ်၊ အဆိုးအနိဋ္ဌတရားများဖြစ်သဖြင့် မည်သူမျှ မနှစ်သက် မမြတ်နိုးကြ၊ ကြောက်လန့်တုန်လှုပ်ဖွယ်ရာတို့သာဖြစ်၏။ တွေးကြည့်လျှင်လည်း ကြောက်စရာကောင်းသကဲ့သို့ တကယ်ကိုယ်တွေ့ကြုံလျှင်လည်း လန့်စရာကောင်းလှ၏။ မည်မျှပင် ကြောက်လန့်စေကာမူ မွေးလာသူမှန်သမျှ မလွှဲသာမရှောင်သာ လျှောက်လှမ်းရမည့် လမ်းသာဖြစ်၏။ ထို့ကြောင့် ဒုက္ခသစ္စာဟု ဟောတော်မူခြင်းဖြစ်၏။ မွေးဖွားခြင်း ဇာတိသည် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အရ ဒုက္ခသစ္စာအမှန်တရားတစ်ခုဖြစ်၏။ မည်သည့်သတ္တဝါဖြစ်စေ ဇာတိဒုက္ခရသည်မှာ အတူတူသာဖြစ်၏။ သို့သော် တူရာမှ မတူရာကို ရှာဖွေကြည့်လျှင် ဇာတိအမှန်တရားတစ်ခုမှ ထပ်ဆင့်ကွဲပြားလျက် လူ့ဇာတိဖြစ်လာရ၏။ နတ်ဇာတိဖြစ်လာရ၏။ ဗြဟ္မာဇာတိဖြစ်လာရ၏။ ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် ဇာတိဖြစ်လာရ၏။ လူကို ပဓာနထား၍ ပြောရလျှင် လူတိုင်း ဘဝတစ်ခုကို ဇာတိက စခဲ့ရသည်မှန်သော်လည်း တစ်ယောက်နှင့် တစ်ယောက် ဘဝတွေ တူညီမှုရှိပါရဲ့လား။ ဇာတိ တူသော်လည်း ဘဝတွေမတူကြ။ ချမ်းသာသည့်ဘဝ၊ ဆင်းရဲသည့်ဘဝ၊ ရုပ်လှ မလှ၊ ပညာတတ် မတတ်၊ စိတ်သဘောထားကောင်း မကောင်း၊ အသိဉာဏ်ရှိ မရှိ၊ မိတ်ဆွေ အသိုင်းအဝိုင်း ပေါ မပေါ၊ အမျိုးအနွယ် မြတ် မမြတ်စသည်ဖြင့် ဇာတိကို ထပ်တူပြု၍ ရသော်လည်း ဘဝတွေမှာ ထပ်တူပြု၍ မရနိုင်အောင် ကွဲပြားလျက်ရှိနေကြ၏။ ဘဝတွေ ကွဲပြားသဖြင့် အိုရ နာရ သေရခြင်း တူသော်လည်း အိုပုံ နာပုံ သေပုံချင်းကွဲပြားနေကြ၏။ အချို့က ချမ်းချမ်းသာသာ ကြီးပြင်းရ၏။ အချို့က ဆင်းဆင်းရဲရဲ ကြီးပြင်းရ၏။ အချို့မှာ ကျန်းမာရေးမကောင်းသော်လည်း ဆေးကောင်းဝါးကောင်း ဆရာသမားကောင်းဖြင့် ကုသနိုင်ကြ၏။ အချို့မှာ အတော်အသင့် ဆရာဝန်ဖြင့်ပင်ကုသလိုက်ရ၏။ အချို့မှာ တောက်တိုမယ်ရဆေးဝါးလေးဖြင့် ပြီးသွားသည်လည်းရှိ၏။ ဤသို့ မွေးပုံချင်းလည်းမတူ၊ ကြီးပြင်းရပုံချင်းလည်းမတူ၊ အိုရနာရ သေရပုံချင်းလည်းမတူ၊ အရည်အသွေး ဂုဏ်စသည်ဖြင့် ကွာခြားနေကြသည့်အကြောင်းရင်းမှာ ကံမတူသောကြောင့်ဟု ပဋိစ္စသမုပ္ပါဒ်က အဖြေထုတ်ပြထားပါ၏ (ကမ္မဘဝပစ္စယာ ဇာတိ)။ လုပ်ခဲ့သည့် ကံတွေမတူသောကြောင့် ဘဝတစ်ခုနှင့်တစ်ခု ထပ်တူပြု၍ မရခြင်းဖြစ်၏။ ဒါနကံအားကောင်းသည်လည်းရှိ၏၊ ဒါနကံအားနည်းသည်လည်းရှိ၏၊ ဒါနကံလုံးဝမရှိသည်လည်းရှိ၏။ ထို့အတူ သီလကံ သမထ ဝိပဿနာကံ အားကောင်း၊ အားနည်း၊ လုံးဝမရှိဟု ကံတွေကို စစ်တမ်းထုတ်ကြည့်လျှင်တွေ့နိုင်ပါ၏။ အချို့က ကုသိုလ်ရေးရာ အားနည်းပြီး အကုသိုလ်ရေးရာ အားသာနေတတ်ကြ၏။ ထိုသို့ အတိတ်က ပြုလုပ်ခဲ့သည့် ကံတွေ ခြားနားခဲ့သဖြင့် ဘဝတွေ ခြားနားနေကြခြင်းဖြစ်၏။ သို့ဖြစ်လျှင် ယခုလုပ်ထားသည့်ကံတွေသည်လည်း နောက်ဘဝတွင် တစ်ယောက်နှင့်တစ်ယောက် ခြားနားစေဦးမည်မှာ မလွဲဧကန်သာဖြစ်ပါ၏ (ကမ္မံ သတ္တေ ဝိဘဇ္ဇတိ)။ ထို့ကြောင့် ဘဝတွေ မတူညီကြခြင်းသည် ကံမတူသောကြောင့်သာဖြစ်၏။
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ပြုလုပ်သမျှသည် ကံဖြစ်၏။ ကံပင်ဖြစ်လင့်ကစား တစ်ယောက်ကံနှင့် တစ်ယောက်ကံ မတူကြခြင်းမှာ စွဲလန်းမှုတွေ မတူသောကြောင့်သာဖြစ်၏ (ဥပါဒါနပစ္စယာ ကမ္မဘဝေါ)။ အချို့က ဘုရားပန်းလှူရသည်ကို ပိုမိုနှစ်သက်၏။ အချို့က တရားနာရသည်ကိုပိုမိုနှစ်သက်၏။ အချို့က ဆွမ်းလောင်းရသည်ကို ပိုမိုနှစ်သက်၏။ အချို့က သင်္ကန်းလှူရသည်ကို ပိုမိုနှစ်သက်၏။ အချို့က ကထိန်ခင်းရသည်ကို ပိုမိုနှစ်သက်၏။ အချို့က ကျောင်းဆောက်ရသည်ကို ပိုမိုနှစ်သက်၏။ အချို့က ဘုရားတည်ရသည်ကို ပိုမိုနှစ်သက်၏။ ကုသိုလ်ကံဘက်မှာပင် စွဲလန်းပုံချင်းမတူညီကြပေ။ အကုသိုလ်ဘက်မှာလည်း ကိုယ်သန်ရာ သန်ရာ လုပ်နေကြသည်မှာ အထင်အရှားပင်ဖြစ်၏။ လောင်းကစားဝါသနာပါသူ အသောက်အစားဝါသနာပါသူ အပျော်အပါး ဝါသနာပါသူ အသတ်အဖြတ် ဝါသနာပါသူ ခိုးမှုတိုက်မှုဝါသနာပါသူ စသည်ဖြင့် ဝါသနာတွေမတူကြ။ ပိုမိုနှစ်သက်မှု ဝါသနာပါမှုဟူသည် စွဲလန်းမှုပင်ဖြစ်၏။ ကိုယ့်အစွဲနှင့်ကိုယ် ကိုယ်အားသန်ရာ ပြုလုပ်နေကြခြင်းဖြစ်သဖြင့် သူတို့ပြုလုပ်လိုက်သည့် ကံတွေလည်း မတူညီနိုင်ဘဲ ကွဲပြားသွားရလေတော့၏။ သို့ဖြစ်၍ ကံတွေ မတူညီခြင်းသည် အစွဲမတူညီသောကြောင့်သာ ဖြစ်၏ဟု ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အရ နားလည်ရ၏။
အစွဲဘာကြောင့် မတူသနည်း။ အကြိုက်ချင်းမတူကြသောကြောင့်ဖြစ်၏ (တဏှာပစ္စယာ ဥပါဒါနံ)။ အချို့က အမြင်ကို ပိုကြိုက်၏၊ အချို့က အကြားကို ပိုကြိုက်၏။ အချို့က အနံ့ကို ပိုကြိုက်၏။ အချို့က အရသာကို ပိုကြိုက်၏။ အချို့က အတွေ့အထိကို ပိုကြိုက်၏။ အချို့က ဆိုက်ကိုဆန်ဆန် တွေးတောနေရသည်ကိုပိုကြိုက်၏။ အမြင်ကို ကြိုက်သည်ဆိုသော်လည်း သူကြိုက်သည့်အမြင်နှင့် ကိုယ်ကြိုက်သည့်အမြင်ချင်း တူလိမ့်မည်မဟုတ်။ သူက အစိမ်းရောင်ကြိုက်လျှင် ကိုယ်က စိမ်းနုရောင်ကြိုက်။ သူက ရှုပ်ရှုပ်ထွေးထွေး ကြိုက်လျှင် ကိုယ်က ခပ်ရှင်းရှင်း ကြိုက်။ သူက ခေတ်ဆန်ဆန် ဝတ်စားထားတာကြိုက်လျှင် ကိုယ်က မြန်မာဆန်ဆန်ကြိုက်။ သူက ပွဲလမ်းသဘင်ကြိုက်လျှင် ကိုယ်က ရုပ်ရှင်ကြိုက်၊ သူက ဘုရားဖူးရတာကြိုက်လျှင် ကိုယ်က ဘုရားစာဖတ်ရတာကြိုက် စသည်ဖြင့် ကွဲပြားလျက်ရှိနေကြ၏။ အချို့က သာသာယာယာပြောမှကြိုက်၏။ အချို့က ပြတ်ပြတ်သားသား ပြောမှကြိုက်၏။ အချို့က မြှောက်ပင့်ပြောမှ ကြိုက်၏။ အချို့က အမှန်ပြောမှ ကြိုက်၏။ အချို့က တီတီတာတာပြောတတ်မှကြိုက်၏။ အချို့က နှင်းဆီနံ့ပိုကြိုက်၊ အချို့ သနပ်ခါးနံ့ပိုကြိုက်၊ အချို့က ဒူးရင်းနံ့ပိုကြိုက်စသည်ဖြင့် မတူကြ။ အချို့က အငံ၊ အချို့က အခါး၊ အချို့က အချို၊ အချို့က အစပ် စသည်ဖြင့် အကြိုက်ချင်းမတူကြ။ အကြိုက်မတူပုံကို ကိုယ့်ဉာဏ်နှင့် ဖြန့်ကျက်စဉ်းစားကြည့်နိုင်သလောက် ကြည့်လိုက်ပါ။ အကြိုက်မတူ၍ အစွဲမတူခြင်းသာဖြစ်သည်။
အကြိုက်ဘာကြောင့်မတူသနည်း။ ခံစားမှုမတူသောကြောင့်ပင်ဖြစ်၏ (ဝေဒနာပစ္စယာ တဏှာ)။ အချို့က မျက်စိအရသာပိုခံစား၏။ အချို့က နား၊ အချို့ နှာခေါင်း၊ အချို့ လျှာ၊ အချို့က ကိုယ်၊ အချို့က စိတ်အရသာကို ပိုခံစား၏။ မျက်စိအရသာခံစားသူက ကြည့်ကောင်းအောင် အလှဆင်၏။ အလှကြည့်ရသည်ကို အားသာ၏။ အလှခံစားမှုတွင်လည်း တူညီလိမ့်မည်မဟုတ်။ သူလှသည်ဆိုသောအရာသည် ခံစားမှုခြင်း ခြားနားနေသဖြင့် ကိုယ့်အတွက် လှည်ချင်မှလှမည်ဖြစ်၏။ နားအရသာခံစားသူက အသံကောင်းကောင်း ကြားရအောင် ဖန်တီး၏။ ဂီတကို မြတ်နိုးသူများသည် အသံခံစားမှုတွင် အာသာနေသည်မှာ ထင်ရှား၏။ အချို့က သီချင်းနားထောင်ရသည်ကို အားသာ၏။ သီချင်းတွင်လည်း ခံစားမှုချင်းမတူသဖြင့် ကိုယ်ကြိုက်သည့်သီချင်း သူကြိုက်ချင်မှကြိုက်မည်ဖြစ်၏။ ဤသို့ စသည် စသည်။ ထိုသို့ အာရုံခံစားမှုမတူသည်မှာ အာရုံတွေ့ထိမှုမတူသောကြောင့်ပင်ဖြစ်၏ (ဖဿပစ္စယာ ဝေဒနာ)။ အာရုံတွေ့ထိမှုမတူသည်မှာ စိတ်မတူသောကြောင့်ဖြစ်၏ (သဠာယတနပစ္စယာ ဖဿော)။ မြင်ပုံချင်း ကြားပုံချင်းမတူ၊ နံပုံချင်း စားပုံချင်းမတူ၊ တွေထိပုံချင်း တွေးတောကြံစည်ပုံချင်းလည်းမတူ။ ဤသည်ကို စိတ်မတူဟု ဆိုလိုပါ၏။ အချို့က စားပွဲက ရှေ့က၊ နောက်ကထိုင်ခုံ၊ နောက်က ဘီရိုထားလိုက်လျှင် ပိုလှလာမည်ဟု မြင်၏။ အချို့က ဘီရို ထောင့်ကပ်ထားမှ လှမည်ဟုမြင်၏။ အချို့က သေနပ်ပစ်သံကို “ဒိုင်း”ဟုကြား၏။ အချို့က “ဗိုင်း”ဟုကြား၏။ အမြင်ချင်းမတူကြသဖြင့် တည်သည့်ဘုရားပင် တစ်ဆူနှင့်တစ်ဆူမတူ၊ အဆင်ချင်း ကွဲနေကြ၏။ အကြားချင်းမတူကြသဖြင့် ဂီတ သံစဉ်တွေ အမျိုးမျိုး တည်ထွင်နေကြရ၏။ အနံ့ခံပုံချင်းမတူကြသဖြင့် အနံ့မျိုးစုံထုတ်လုပ်နေကြရ၏။ လျှာအတွေ့ချင်းမတူကြသဖြင့် အစားအသောက် မျိုးစုံဖန်တီးနေကြရ၏။ တွေ့ထိပုံချင်းမတူကြသဖြင့် ဇိမ်ခံပစ္စည်းမျိုးစုံ ထုတ်လုပ်နေကြရ၏။ တွေးတောကြံစည်ပုံချင်းမတူကြသဖြင့် ဒဿန၊ ဘာသာအယူဝါဒ၊ ဖလော်ဆော်ဖီမျိုးစုံပေါ်ပေါက်လာရ၏။ ဥပမာ- Shopping Mall တစ်ခုတွင် ဆိုင်ပေါင်းမျိုးစုံ ပစ္စည်းပေါင်းမျိုးစုံ ရူပါရုံတို့ရှိနေရာတွင် ဈေးဝယ်သူတို့က တစ်မျိုးတည်းကိုသာ စုပေါင်းဝယ်ကြသည်မဟုတ်၊ သူကလည်း သူလိုရာ သူကြိုက်ရာ ဝယ်မည်သာဖြစ်၏၊ ကိုယ်ကလည်း ကိုယ်လိုရာ ကိုယ်ကြိုက်ရာ ဝယ်မည်သာဖြစ်၏။ ထိုသို့ အကြိုက်မတူသည်မှာ ခံစားမှုမတူ၊ အမြင်ချင်းမတူကြသောကြောင့်ဖြစ်သည်မှာ ထင်ရှားပါ၏။ ထိုသို့ အမြင်အကြား စသည်မတူညီသောကြောင့် တစ်ယောက်နှင့်တစ်ယောက် စိတ်ဓာတ်ချင်း မတူညီကြ။ စိတ်မတူညီသည်မှာ နာမ်နှင့် ရုပ်မတူညီသောကြောင့်သာဖြစ်၏ (နာမရူပပစ္စယာ သဠာယတနံ)။ နာမ်ရုပ်မတူညီကြသည်မှာ ဇာတိမတူသောကြောင့်သာဖြစ်၏ (ဝိညာဏပစ္စယာ နာမရူပံ)။ ဇာတိမတူညီကြသည်မှာ ကံမတူညီသောကြောင့်သာဖြစ်၏ (သင်္ခါရပစ္စယာ ဝိညာဏံ)။
ဤသို့ ဘဝအမြင်ဖြင့်ကြည့်လျှင် မတူညီသောအရာများကိုသာ တွေ့ရမည်ဖြစ်၏။ ဓမ္မအမြင်ဖြင့် ကြည့်လျှင်မူ တူညီသောတရားတို့ကိုသာ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များအဖြစ်တွေ့ရမည်ဖြစ်၏။ မတူညီသောအရာများစွာမှ တူညီသောဓမ္မတို့ကို ကြောင်းကျိုးဆက်မိအောင် ချိတ်ဆက်ပြထားခြင်းဖြစ်၍ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို ဘဝဖြစ်စဉ်ဟုခေါ်နိုင်ပါ၏။ ပုဂ္ဂိုလ် သတ္တဝါ နာမည်ပညတ် အမျိုးမျိုးတပ်၍ ဘဝဇာတ်စုံဖြစ်နေကြသည့် လောကကြီးကို ဓမ္မလမ်းကြောင်းဖြင့် ကျဉ်းလည်းကျဉ်း ရှင်းလည်းရှင်း မှန်လည်းမှန်ကန်နေသည့်တရားတော်အစဉ်အတန်းသည် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ပင်ဖြစ်၏။ ထိုဒေသနာတော်ထဲမှ ဘဝတွေ မတူကြခြင်းအကြောင်းကို အဖြေရှာကြည့်လျှင်မူ ကံမတူသောကြောင့်ဟုသာ အနှစ်ချုပ်အဖြေထုတ်ယူနိုင်မည်ဖြစ်ပါ၏ (သင်္ခါရပစ္စယာ ဝိညာဏံ၊ ကမ္မဘဝပစ္စယာ ဇာတိ)။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.