ဝေဒနာပစ္စယာ တဏှာ (၂)
ဝေဒနာပစ္စယာ တဏှာ-၌ တဏှာ-အရ တဏှာ(၆)မျိုး ရှိတယ်လို့ မနေ့ကပြောခဲ့တယ်။ ဒီမှာ ရှင်းလင်းပြရမယ်ဆိုရင် မျက်စိနဲ့ အဆင်းနဲ့တိုက်တော့ မြင်စိတ်ပေါ်တယ်။ ဒီသုံးခုပေါင်းဆုံမိခြင်းက ဖဿ၊ အဆင်းကို ခံစားတာက ဝေဒနာ။ ခံစားရတဲ့ အဆင်းကို လိုချင် နှစ်သက် တပ်မက် ခင်မင်တာက တဏှာ။ ဒီတဏှာကို ရူပတဏှာလို့ခေါ်တယ်။ ထို့အတူ ခံစားလိုက်မိတဲ့ အသံကိုတပ်မက်တာက သဒ္ဒတဏှာ၊ ခံစားလိုက်မိတဲ့ အနံ့ကို တပ်မက်တာက ဂန္ဓတဏှာ၊ ခံစားလိုက်မိတဲ့ အရသာကို တပ်မက်တာက ရသတဏှာ၊ ခံစားလိုက်မိတဲ့ အတွေ့အထိကို တပ်မက်တာက ဖောဋ္ဌဗ္ဗတဏှာ၊ ခံစားလိုက်မိတဲ့ အတွေး (ဓမ္မာရုံ)ကို တပ်မက်တာက ဓမ္မတဏှာလို့ တဏှာ (၆)မျိုးဖြစ်လာခြင်းဖြစ်တယ်။ အကျဉ်းချုပ်ပြောလိုက်တော့ ဝေဒနာကြောင့် တဏှာဖြစ်တာပါပဲ။
နောက်ကြောင်း ပြန်ကြည့်ရင် အာယတနကြောင့် ဖဿဖြစ်တယ်၊ ဖဿကြောင့် ဝေဒနာဖြစ်တယ်ဆိုတာ တွေ့ရမယ်။ ဒီဖြစ်စဉ်ကို တားလို့ မရပါဘူး။ ဘယ်လိုအဓိပ္ပါယ်လဲဆိုရင် မျက်စိ အဆင်းတိုက်ရင် မြင်စိတ်ပေါ်တယ်။ ဒီသုံးခုပေါင်းဆုံမိခြင်းကြောင့် ဖဿပေါ်ရတယ်။ ဖဿနောက်က ဝေဒနာမပေါ်ပါနဲ့ ပြောလို့ မရတော့ဘူး။ ဒီဖြစ်စဉ်ကို မဖြစ်ပါနဲ့လို့ မည်သည့်တန်ခိုးရှင်မှ တားလို့မရပါဘူး၊ ဖြတ်လို့လည်း မရပါဘူး။ ဖြတ်ချင်ရင် ဝေဒနာနောက်ကနေ ဖြတ်မှ ရပါတယ်။ ဝေဒနာနောက်က မဂ်ဝင်ပေးလိုက်မှ ပဋိစ္စသမုပ္ပါဒ်လည်လမ်းကနေ ထွက်လမ်းရောက်မှာဖြစ်ပါတယ်။ မဂ်နဲ့ မဖြတ်ဘဲ ဒီအတိုင်းသာ နေမယ်ဆိုရင်တော့ တဏှာကိုလည်း မလာပါနဲ့ပြောလို့ မရပါဘူး။ ဝေဒနာကို အာရုံခံစားမှုအလိုက် (၅)မျိုး ရှိတယ်ဆိုတာ အထက်တုန်းက ပြောထားခဲ့ပါတယ်။ သုခ ဒုက္ခ သောမနဿ ဒေါမနဿ ဥပေက္ခာပေါ့။ ဒီ(၅)မျိုးကို တူရာပေါင်းလိုက်ရင် သောမနဿကို သုခထဲပေါင်း (သုခ + သောမနဿ = သုခ)၊ ဒေါမနဿကို ဒုက္ခထဲပေါင်း (ဒုက္ခ + ဒေါမနဿ = ဒုက္ခ) လိုက်တော့ (၅)မျိုးက (၃)မျိုးသာ ကျန်တော့တယ်။ ဒါကြောင့် ဝေဒနာကို ရံခါ (၅)မျိုးတွေ့ရပါလိမ့်မယ်။ ရံခါ (၃)မျိုးလို့ ဟောထားတာတွေ့ရပါလိမ့်မယ်။
ဝေဒနာနောက်က တဏှာလိုက်တယ်ဆိုရာမှာ သာမန်လိုက်ရိုးလိုက်စဉ်အရ သုခဝေဒနာနောက်က တဏှာလိုက်တယ် (သုခဝေဒနာပစ္စယာ တဏှာ)။ ဒုက္ခဝေဒနာနောက်က ဒေါသလိုက်တယ် (ဒုက္ခဝေဒနာပစ္စယာ ဒေါသော)။ ဥပေက္ခာဝေဒနာနောက်က မောဟလိုက်တယ် (ဥပေက္ခာဝေဒနာပစ္စယာ မောဟော)။ သုခနောက်က တဏှာလိုက်တော့ ဝေဒနာပစ္စယာ တဏှာဆိုပြီး စက်ဝိုင်း အလယ်ကနေ လှည့်သွားတယ်။ ဒုက္ခနောက်က ဒေါသလိုက်တော့ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသ၊ ဒီတရားတွေဟာ အာသဝေါတရားတွေကြောင့်ဖြစ်ရတော့ အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော- အာသဝကြောင့် အဝိဇ္ဇာပြန်ဖြစ်၊ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ဆိုပြီး ပဋိစ္စသမုပ္ပါဒ် အဆုံးကနေပြန်ပတ်တယ်။ ဥပေက္ခာကြောင့် အဝိဇ္ဇာဖြစ်တော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ- ပဋိစ္စသမုပ္ပါဒ် အစက ပြန်ပတ်တယ်။ ဝေဒနာနောက်မှာ မဂ်မဝင်သရွေ့ ပဋိစ္စသမုပ္ပါဒ်ဟာ လည်မြဲလည်နေမယ်။ အလည်ရပ်သွားမှာမဟုတ်ပါဘူး။
အခု ဝေဒနာပစ္စယာ တဏှာမှာ ဝေဒနာနောက်က တဏှာချည်းလိုက်နေတယ်ဆိုတော့ သုခနောက်က တဏှာလိုက်တယ်ဆိုတာ ထင်ရှားပါတယ်။ ကောင်းတဲ့ဝေဒနာကို သာယာတပ်မက်တာ ရှင်းပါတယ်။ သို့သော် ဒုက္ခနောက်က တဏှာ၊ ဥပေက္ခာနောက်က တဏှာ ဘယ်လိုလိုက်နိုင်ပါ့မလဲလို့ စောဒကတက်ဖွယ်ရာရှိပါတယ်။ ဝိသုဒ္ဓိမဂ်မှာ ဖွင့်ပြထားတာက ဒုက္ခဝေဒနာဖြစ်တော့ သုခဝေဒနာကို တောင့်တတယ်တဲ့။ ဆင်းရဲဒုက္ခရောက်နေချိန်မှာ ချမ်းသာချင်စိတ်လေးပေါ်လာတာဟာ သုခဝေဒနာကို တောင့်တတာပါပဲ။ သုခဝေဒနာကို ရချင်တဲ့ တောင့်တတဲ့ တဏှာလေးပေါ်လာတယ်။ ဒုက္ခဝေဒနာကို တပ်မက်တာတော့ မဟုတ်ဘူး။ အဲဒီဒုက္ခဝေဒနာကို အကြောင်းပြုပြီး ဒုက္ခဝေဒနာကင်းတဲ့ သုခဝေဒနာကို ရချင်တဲ့ တဏှာဖြစ်လာတာ။ သွယ်ဝိုက်သောနည်းနဲ့ တဏှာကို ဖြစ်စေတာ။ ဥပေက္ခာဝေဒနာကတော့ အေးချမ်းတဲ့သဘောရှိတယ်။ ဒီတော့ ဒီအေးချမ်းတဲ့သဘောရှိတဲ့ ဥပေက္ခာဝေဒနာကို သာယာတပ်မက်တဲ့ တဏှာ ပေါ်လာတယ်။ ဒါကြောင့် ဝေဒနာနောက်က တဏှာလာတယ်လို့ စက်ဝိုင်းမှာ ပြထားတာ။ ဝေဒနာ(၃)မျိုးလုံးနောက်က တဏှာလာနိုင်တယ်ဆိုတာ သိစေချင်တာပါပဲ။ ဒါဖြင့် ဝေဒနာကိုမှ ဖြစ်ပျက်မရှုရင် တဏှာ ကျိန်းသေလာမယ်ဆိုတာ မှတ်ထားလိုက်ပါ။
အကွက်(၂)မှာရှိတဲ့ တရား(၅)ပါးကို ယခုလက်ရှိခန္ဓာ (၅)ပါးလို့ အရင်က ပြောခဲ့ပြီးပါပြီ။ အဘိဓမ္မာနည်းအရ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာပေါ့။ ဝေဒနာပစ္စယာ တဏှာ-လို့ အဓိကပြောထားသော်လည်း အကွက်(၂)နောက်က တဏှာလာတယ်ဆိုတာကိုလည်း သဘောပေါက်ထားဖို့လိုပါလိမ့်မယ်။ ဒါမှမဟုတ် အကွက်(၃)မှာ ရှိတဲ့ တဏှာ ဥပါဒါန်တို့သည် ကိလေသာဖြစ်ခြင်းကြောင့် ခန္ဓာငါးပါးကြောင့် ကိလေသာပေါ်တယ်လို့ နားလည်ထားရပါမယ်။ ဒါကြောင့်သာလျှင် စိတ်ကို မရှုရင်လည်း ကိလေသာလာတာပဲ။ စိတ်ဆိုတာ ဝိညာဏက္ခန္ဓာ။ ရုပ်မရှုရင်လည်း ကိလေသာလာတာပဲ။ ရုပ်ဆိုတာ ရူပက္ခန္ဓာ။ ဝေဒနာ သညာ သင်္ခါရတို့ကို မရှုရင်လည်း ကိလေသာ လာတာပဲ။ သူတို့ကိုလည်း ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာလို့ အသီးသီး မှတ်ရမယ်။ ဒီခန္ဓာငါးပါးကို သတိပဋ္ဌာန်နဲ့ ပိုင်းလိုက်တော့-
၁။ ရူပက္ခန္ဓာက ကာယာနုပဿနာသတိပဋ္ဌာန်
၂။ ဝေဒနာက္ခန္ဓာက ဝေဒနာနုပဿနာသတိပဋ္ဌာန်
၃။ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာနှစ်ပါးက ဓမ္မာနုပဿနာသတိပဋ္ဌာန်
၄။ ဝိညာဏက္ခန္ဓာက စိတ္တာနုပဿနာသတိပဋ္ဌာန်လို့ သတိပဋ္ဌာန်အားဖြင့် (၄)ပါးပဲ ရှိပါတယ်။ ခန္ဓာ(၅)ပါးကို သတိပဋ္ဌာန်(၄)ပါးနဲ့ ရှုရမှာဖြစ်ပါတယ်။ သတိပဋ္ဌာန်(၄)ပါး တစ်ပါးပါးနဲ့ (သတိပဋ္ဌာနဘာဝနာ) ဖြစ်ပျက်မြင်အောင် ရှုနိုင်မယ်ဆိုရင် ခန္ဓာ(၅)ပါး တစ်ပါးပါးကို အကြောင်းပြုပြီး နောက်က ကိလေသာ လာခွင့်မရှိတော့ပါဘူး။ ခန္ဓာငါးပါးထဲက ကိလေသာတရားတွေ ထပ်မံပေါက်ဖွားခွင့်မရှိတော့အောင် မဂ်နဲ့ ဖြတ်ပေးလိုက်တာနဲ့ အကွက်(၃)တရားတွေ ပေါ်လာခွင့်မရှိတော့ဘူး။ ဒီအကွက်(၃)တရားတွေ ပေါ်ခွင့်မရှိအောင် ခန္ဓာ(၅)ပါး အရှုခံတရားတို့ကို ဝိပဿနာရှုပေးရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဝေဒနာရှုရင်လည်း ဝေဒနာနောက်မှာ မဂ်ဝင်လာသဖြင့် ကိလေသာပေါ်ခွင့်မရှိ။ ထို့အတူ ရုပ်ရှုရင်လည်း ရုပ်နောက်မှာ မဂ်ဝင်လာသဖြင့် ကိလေသာပေါ်ခွင့်မရှိ။ စိတ်ရှုရင်လည်း စိတ်နောက်မှာ မဂ်ဝင်လာသဖြင့် ကိလေသာပေါ်ခွင့်မရှိ။ ဓမ္မ- သစ္စာရှုရင်လည်း ဓမ္မနောက်မှာ မဂ်ဝင်လာသဖြင့် ကိလေသာပေါ်ခွင့်မရှိ။ ဒါဟာ စက်ဝိုင်းအကွက် (၂)နောက်က (၃)တရားတွေ မပေါ်အောင်လုပ်တဲ့နည်းပါပဲ။ ဒါကို ပဋိစ္စသမုပ္ပါဒ်မှာတော့ သာမန်အားဖြင့် ဝေဒနာပစ္စယာ တဏှာ-လို့သာ ဟောတော်မူထားခြင်းဖြစ်ပါတယ်။ စင်စစ်မှာ ခန္ဓာ(၅)ပါးကြောင့် ကိလေသာပေါ်တယ်လို့ ခြုံငုံမိအောင်နားလည်ထားရမှာဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာ(၅)ပါးနောက်က ကိလေသာ မလိုက်အောင် ခန္ဓာ(၅)ပါး တစ်ပါးပါးကို ဖြစ်ပျက်ရှုပေးခြင်းဖြင့် ခန္ဓာ(၅)ပါးထဲက ရှုလိုက်တဲ့ခန္ဓာက ဖြစ်ပျက်၊ ဖြစ်ပျက်က ဒုက္ခသစ္စာ။ ရှုတဲ့ဉာဏ်လေးက မဂ္ဂသစ္စာ။ မဂ္ဂသစ္စာ- မဂ်ဝင်လာသဖြင့် ပုံမှန်လာနေကျဖြစ်တဲ့ ကိလေသာ လာခွင့်မရှိတော့။ ဝေဒနာနှင့် တဏှာအစပ်ဖြတ်ပေးလိုက်ခြင်းဆိုရာမှာ ခန္ဓာနှင့် ကိလေသာမဆက်အောင်၊ အကွက်(၂)နှင့် (၃) မကူးအောင် ဖြတ်ပေးလိုက်ခြင်းဖြစ်တယ်လို့ လွှမ်းခြုံနားလည်ထားမှ ဝေဒနာနောက်ကသာမက စိတ်၊ ရုပ်၊ ဓမ္မတို့နောက်ကလည်း တဏှာမလိုက်အောင်၊ ကိလေသာမလိုက်အောင် ဖြတ်ပေးနေရခြင်းအဓိပ္ပါယ်ကို သဘောပေါက်နိုင်မှာဖြစ်ပါတယ်။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.