တရား ဘယ်မှာရှာ
တရားဘယ်မှာ ရှိလဲဆိုတာ သိမှ တရားဘယ်မှာ ရှာရမလဲဆိုတာ သိမယ်။ တရားဆိုတာ ခန္ဓာထဲမှာ ရှိတယ်။ ဒီတော့ ခန္ဓာထဲ ရှာရလိမ့်မယ်ပေါ့။ ခန္ဓာထဲမှာ ရှိတာသိလို့ ခန္ဓာထဲမှာ ကြည့်လိုက်ရင် ခန္ဓာထဲမှာ တရားတွေ့ပါလိမ့်မယ်။ ဒါကြောင့် တရားရှာချင်တယ်ဆိုရင် ဟိုဟိုဒီဒီ ပြေးလွှားနေမယ့်အစား ခန္ဓာထဲမှာ ကြည့်၊ ခန္ဓာထဲမှာ ရှာပါလို့ အဖြေပေးလိုက်ပါတယ်။
ခန္ဓာထဲမှာ ရှာဆိုတာ ခန္ဓာကိုယ်ကြီးကို စောင့်ကြည့်ရတာပါပဲ။ စောင့်ပြီးတော့ အသက်ကလေး မှန်မှန်ရှူပြီးကြည့်ပါ။ အာရုံတွေ တိုက်ချင်ရာက တိုက်ပြီးတော့ ပေါ်ချင်ရာစိတ်တွေ ပေါ်လာပါလိမ့်မယ်။ ဒီလိုပေါ်လာတဲ့စိတ်ကလေးတွေကို စောင့်ပြီးကြည့်ပေးရမယ်။ မျက်လုံးဖွင့်လိုက်တော့ မြင်စိတ်ကလေးပေါ်လာတယ်။ ဒီမြင်စိတ်ကလေးဟာ အရင်ကတည်းက ပေါ်နေတာလား အခုမှ ပေါ်လာတာလားလို့ စောင့်ကြည့် သတိထားကြည့် ဝီရိယစိုက်ကြည့်လိုက်တော့ ဒီမြင်စိတ်ကလေးဟာ အခုမှ အာရုံတိုက်လို့ပေါ်လာတာ။ အခုမှပေါ်လာတဲ့စိတ်ဟာ ပေါ်ဆဲစိတ်လေးပါပဲ၊ ပစ္စုပ္ပန်စိတ်ကလေးပါပဲ။ ဒီစိတ်ကလေးပေါ်တာနဲ့ သတိ သမာဓိ ပညာနဲ့ ချက်ချင်းလိုက်ပါ။ မြင်စိတ်ကလေးပေါ်ပြီး မြင်စိတ်ကလေး မရှိတော့ဘူးဆိုတာ ချက်ချင်း သိလိုက်ပါ။ မြင်စိတ်ပေါ်ရင် အဲဒီမြင်စိတ်ကလေးကို သတိ ပညာနဲ့ ချက်ချင်းလိုက်ပေးလိုက်။ လိုက်လိုက်တဲ့အခါမှာ မြင်စိတ်ကလေးက မရှိတော့ဘူး။ ပေါ်လာတာကိုလည်း တွေ့၊ မရှိတော့တာကိုလည်း တွေ့လိုက်တယ်ဆိုရင် မြင်စိတ်ကလေးဟာ ဖြစ်ပြီးပျက်ရတဲ့တရားလေးပဲလို့ စောင့်နေတဲ့တရားက မြင်တယ်။ ငါမြင်တာလားဆိုရင် ငါမြင်တာမဟုတ်ဘူး၊ မြင်စိတ်ကလေးကမြင်ပြီး မြင်စိတ်ကလေး ပျက်သွားတာပါပဲ။ ဒီတော့ မြင်စိတ်ကဖြစ်ပျက်၊ ရှုတာက မဂ်လို့ မှတ်လိုက်တာပေါ့။ ရှုတာက ဝိပဿနာမဂ်ဖြစ်သွားတယ်။ ဒါဟာ တရားပါပဲ။ ပေါ်လာတဲ့တရား မြင်စိတ်ကလေးကို စောင့်မကြည့်ဘူးဆိုရင်ဖြင့် မြင်တာနဲ့ လိုချင်တယ်၊ စွဲလန်းတယ်၊ အားထုတ်တယ်ဆိုတဲ့ တဏှာ ဥပါဒါန် ကံတွေ လိုက်လာမယ်။ ဒီတရားသုံးခုဟာ ပစ္စုပ္ပန်အကျိုးတရားတွေပါပဲ။ ပစ္စုပ္ပန်ခန္ဓာကို ပေါ်ဆဲမရှုမိလိုက်လို့ ဆက်လာတဲ့ အကျိုးဆက်တွေပေါ့။ တစ်နည်းအားဖြင့် အနာဂတ်ခန္ဓာဖြစ်ခြင်းရဲ့ အကြောင်းတွေလည်း ဖြစ်လို့ အနာဂတ်အကြောင်းတရားသုံးပါးလို့လည်း ခေါ်ပါတယ်။ အနာဂတ်အကြောင်းပေါ်ရင် အနာဂတ်အကျိုးဖြစ်တဲ့ ဇာတိ ဇရာ မရဏဆိုတဲ့ တရားသုံးခုကလည်း မလာပါနဲ့လို့ တားလို့မရပါဘူး။ မြင်စိတ်ပေါ်ရင် ပေါ်ဆဲအခိုက်လေး စောင့်ကြည့်လိုက်တော့ တဏှာ ဥပါဒါန် ကံတွေ မလာတော့ဘဲ ချုပ်သွားတယ်။ အနာဂတ်အကြောင်းသုံးခု ချုပ်သွားတယ်။ အနာဂတ်အကြောင်းသုံးခု ချုပ်သွားတဲ့အတွက် သေသည်၏အခြားမဲ့၌ ဇာတိ ဇရာမရဏဆိုတဲ့ အနာဂတ်အကျိုးသုံးခု မလာတော့ဘဲချုပ်သွားတယ်။ ဒါဟာ စောင့်ပြီး ရှုလိုက်ရခြင်းရဲ့ အကျိုးကျေးဇူးတွေပါပဲ။ ဇာတိ ဇရာမရဏဆိုတာ ဒုက္ခသစ္စာသာဖြစ်တယ်။ ဒီဒုက္ခသစ္စာလာမှာစိုးလို့ မြင်စိတ်ပေါ်ရင် မြင်စိတ်ကို ဖြစ်ပျက်ရှုပေးရပါတယ်။ အကြောင်းတိုက်ဆိုင်လို့ပေါ်လာတဲ့ မြင်စိတ်ကလေးဟာ အခုပေါ် အခုပျက်။ ငါမြင်တာလည်း မဟုတ် သူမြင်တာလည်း မဟုတ်၊ မြင်စိတ်ကလေးက မြင်ပြီး မြင်စိတ်ကလေး ပျက်သွားတာ တွေ့လိုက်ပါလိမ့်မယ်။ ဒီတော့ ပေါ်လာတဲ့မြင်စိတ်ကလေးကို ငါလည်း မထင်နဲ့၊ သူလည်း မထင်နဲ့၊ အနိစ္စသာထင်အောင်လုပ်လိုက်ပါ။ အနိစ္စမို့ အနိစ္စလို့ သိအောင်လုပ်ပေးလိုက်တာပါပဲ။ ဒါဖြင့် မြင်စိတ်ပေါ်ရင် မြင်စိတ်ကို ဖြစ်ပျက်ရှု၊ မရှုရင် တဏှာဥပါဒါန် ကံတွေလာမယ်။ သေသည်၏အခြားမဲ့၌ ဇာတိ ဇရာမရဏတွေ ရမယ်။
အသံတစ်ခုခု ကြားလိုက်တော့ ကြားစိတ်ကလေးပေါ်မယ်။ ပေါ်တဲ့ ကြားစိတ်ကလေးကိုလည်း စောင့်ကြည့်လိုက်ပါ၊ အခုပေါ် အခုပျောက်သွားတာကို တွေ့ရပါလိမ့်မယ်။ မရှုလို့ရှိရင် ငါကြားတယ်၊ ငါမြင်တယ်ဆိုပြီး စိတ်မှာ ဒိဋ္ဌိကပ်လာတယ်။ ရှုလိုက်တာနဲ့ ငါကြားတာမဟုတ်၊ ကြားစိတ်က ကြားပြီး ကြားစိတ်ကလေး ပျက်သွားတာပဲဆိုတာ သိလိုက်တော့ ကြားစိတ်အပေါ်မှာ ငါစွဲဒိဋ္ဌိပြုတ်သွားတယ်။ ဒါကြောင့် ပေါ်သမျှစိတ်ကို လိုက်ပြီး စောင့်ကြည့်နေတာသည် ဒိဋ္ဌိသတ်နေတာပဲလို့လည်း နားလည်ထားလိုက်ပါ။ ဒါကြောင့် နှာခေါင်းထဲ နံစိတ်ကလေးပေါ်လာရင်လည်း ပေါ်ဆဲနံစိတ်ကလေးကို စောင့်ကြည့်လိုက်ပါ။ ငါနံတာမဟုတ်၊ နံစိတ်က နံတာ၊ နံစိတ်ကလေးပဲ ပျက်သွားတာလို့ ရှုနေတော့ သိလာတယ်။ စားစိတ်လေးပေါ်လာတော့လည်း အရင်ကပေါ်တာမဟုတ် အခုမှပေါ်လာတာပဲလို့ သိလိုက်ပါ။ သိတဲ့အတိုင်း ဉာဏ်လိုက်လိုက်တဲ့အခါ စားစိတ်ကလေးကလည်း ဖြစ်ပြီး ပျက်ပြသွားပါလိမ့်မယ်။ အနိစ္စသဘောကို သူပြောသွားပါလိမ့်မယ်။ စားစိတ်ကလေးက စားပြီး စားစိတ်ကလေးပဲ ပျက်သွားတာကို ရှင်းရှင်းမြင်အောင် ကြည့်လိုက်ပါ။ ငါစားတယ်လို့ ထင်နေရင်တော့ ဒိဋ္ဌိကပ်နေမှာပါပဲ။ ရှုနေတဲ့အခါ ငါစားတာမဟုတ်ပါလားဆိုတာ သိနေတော့ ဒိဋ္ဌိအလိုလို သေနေတယ်။ ယားတဲ့ နာတဲ့စိတ်လေးတွေ ပေါ်လာရင်လည်း အရင်ကပေါ်နေတဲ့စိတ်မဟုတ်၊ အခုမှ ပေါ်လာတဲ့စိတ်ကလေးဖြစ်တယ်၊ ငါယားနေတာမဟုတ် ယားစိတ်ကလေးက ယားနေတာ၊ ယားစိတ်ကလေးပဲ ပျက်သွားတာဆိုတာ စောင့်ကြည့်နေရင် သိတယ်၊ သိနေရင် ဒိဋ္ဌိပြုတ်နေတယ်။ အခု ပေါ်သမျှစိတ်တွေလိုက်ကြည့်လိုက်တော့ မြဲတဲ့စိတ် တစ်လုံးမှ မတွေ့ရပါဘူး။ ဖြစ်ပြီးပျက်၊ ပေါ်ပြီး ပျောက်သွားကြတဲ့စိတ်တွေချည်းပဲ တွေ့ရတယ်။ ဒီတော့ ပေါ်သမျှစိတ်တွေဟာ ဖြစ်ပျက်ပဲ၊ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာသာဖြစ်ပါတယ်။ ကိုယ်ပေါ်မှာ ချမ်းသာတဲ့စိတ်ကလေးပေါ်လည်း စောင့်သာကြည့်လိုက်၊ ဒီစိတ်ကလေးဟာ အခုမှပေါ်လာပြီး အခုပဲ ပျက်သွားတာတွေ့ရမယ်။ ဥပမာ- လေလေးတိုက်လာလို့ အေးချမ်းတဲ့စိတ်ကလေး ပေါ်လာတယ်။ ဒီစိတ်ကလေးဟာ အရင်က ရှိနှင့်နေတဲ့စိတ်မဟုတ်ပါဘူး။ အခုမှ လေနဲ့ ကိုယ်နဲ့တွေ့ထိလို့ ပေါ်လာတဲ့စိတ်ကလေး။ ဒီစိတ်ကလေးကလည်း ကြည့်လိုက်တော့ မရှိတော့ဘဲ ပျက်သွားတာပဲ။ မြဲတည်နေတာမဟုတ်ပါဘူး။ ငါအေးနေတာလည်း မဟုတ်၊ သူအေးနေတာလည်း မဟုတ်၊ အေးစိတ်ကလေး ချမ်းသာစိတ်ကလေး ကောင်းစိတ်ကလေးက အေးနေတာပဲဆိုတာ သိလာမယ်။ ဒီစိတ်ကလေးပဲ ပျက်သွားတယ်ဆိုတာ မြင်လာမယ်။ ဒီလိုမြင်နေတဲ့အခိုက် ဒိဋ္ဌိမကပ်နိုင်တော့ဘူး။ ဒီစိတ်အပေါ်မှာ သာယာတဲ့ တဏှာ ဥပါဒါန် ကံတွေလည်း မလိုက်တော့ဘူး။ အနာဂတ်အကြောင်း သုံးပါး ပြတ်တယ်။ အကြောင်းပြတ်ရင် အကျိုးတရားတွေဖြစ်တဲ့ ဇာတိ ဇရာမရဏဆိုတဲ့ နောင်ခန္ဓာလဲ ပြတ်တယ်။
လောဘစိတ်ကလေးပေါ်လာရင်လည်း သတိထားပြီး စိုက်ကြည့်လိုက်တော့ လောဘဟာ လောဘအတိုင်း ဖြစ်ပြီး ပျက်သွားတယ်။ ဥပါဒါန် ကံဘက် မကူးနိုင်တော့ဘူး။ ဒါကြောင့် လောဘစိတ်လာလည်း ဖြစ်ပျက်ရှုပေးလိုက်ပါ။ ဒေါသစိတ်လေး ပေါ်လာလည်း ဖြစ်ပျက် ရှုပေးလိုက်တော့ ဒေါသက ဖြစ်ပျက်၊ ရှုတာက မဂ်ဖြစ်သွားတယ်။ စိတ်ထဲမှာ သံသယစိတ် ဝိစိကိစ္ဆာလာရင်လည်း ဖြစ်ပျက်ရှု။ ပျံ့လွင့်တဲ့စိတ်လာရင်လည်း အနိစ္စပဲလို့ မြင်အောင် စောင့်ကြည့်။ မလိုချင်တဲ့ အလောဘစိတ်ကလေး လာရင်လည်း ဖြစ်ပျက်ရှုပေးပါ။ မေတ္တာပို့လိုတဲ့ အဒေါသစိတ်ကလေးပေါ်လာရင်လည်း ဖြစ်ပျက်သာ ရှုပေးပါ။ ခြုံပြောလိုက်မယ်။ ပေါ်ရာစိတ်ကိုပဲ ဖြစ်ပျက်ရှုပေးလိုက်ပါ။ ဘယ်စိတ်မှ ရှုစရာမထင်ရှားဘူးဆိုရင် သက်စောင့်စိတ်ကလေးကိုပဲ ဖြစ်ပျက်ရှုပေးပါ။ သက်စောင့်စိတ်ဆိုတာ အိမ်သည်စိတ်လို့လည်း ခေါ်တယ်။ လေကို အပြင်ထုတ်တဲ့စိတ် လေကို အတွင်း ရှူသွင်းတဲ့စိတ်ပါပဲ။ ထွက်စိတ် ဝင်စိတ်လို့ အလွယ်မှတ်လိုက်ပေါ့။ လေကိုထွက်အောင်လုပ်တဲ့စိတ်ကလေးနဲ့ လေကို အတွင်းဝင်အောင်လုပ်တဲ့စိတ်ကလေးကို မှန်းပြီး ဖြစ်ပျက်ရှုပေးနေလိုက်ပါ။ ပေါ်ရာစိတ်ကို အကုန်သာ လိုက်ရှုနေလိုက်ရင် စိတ်ကို ရှုနည်း ပိုင်သွားတာပါပဲ။ ဒီလို ပေါ်သမျှ စိတ်ကို ရှုနေတာကို စိတ္တာနုပဿနာလို့ခေါ်ပါတယ်။ ဒီလို စိတ်ကို ရှုတော့ ပေါ်သမျှစိတ်က မတည်မြဲဘဲ ပျက်ပျက်ပြသွားတာ တွေ့နေရလို့ စိတ်ဟာ အနိစ္စပဲဆိုတာ ဆုံးဖြတ်ချက် ချလာနိုင်မယ်။ ငါ့စိတ်လို့ အထင်လည်း ပျောက်တော့ အတ္တဒိဋ္ဌိတွေ၊ နိစ္စဒိဋ္ဌိတွေ ကွာသွားလို့ ဒိဋ္ဌိအမြန်ကွာချင်တယ်ဆိုရင် ပေါ်သမျှစိတ်ကိုသာ လိုက်ပြီး ကြည့်ပေးနေပါ။ ကိုယ့်ခန္ဓာမှာ ပေါ်တဲ့စိတ်တိုင်းဟာ ပေါ်ပြီး ပျက်ပျက်ပြသွားပါလိမ့်မယ်။ ပေါ်ပြီးပျက်ရတယ်ဆိုတာ မမြဲလို့ ပျက်ရတာပဲဆိုတဲ့အသိဉာဏ် လိုက်လာပါလိမ့်မယ်။ မမြဲတဲ့စိတ်ပေါ်ပြီး မမြဲတဲ့စိတ်ကလေးပဲ ပျက်သွားတာကို သိလိုက်ပါလိမ့်မယ်။ မမြဲတဲ့အနိစ္စသဘောမှန်ကို သိနေခိုက်မှာ မြဲတယ်ထင်နေတဲ့ နိစ္စဒိဋ္ဌိ၊ ငါ့စိတ်လို့ထင်နေတဲ့ အတ္တဒိဋ္ဌိတွေ ကွာကွာသွားပါလိမ့်မယ်။ ဒါဟာ ခန္ဓာကိုယ်ကို စောင့်ကြည့်လို့ ပေါ်လာတဲ့တရားပါပဲ။ ခန္ဓာထဲမှာ ရှိနေတဲ့တရားကို ဉာဏ်နဲ့ကြည့်လို့ တွေ့လိုက်ရတဲ့ တရားပါပဲ။ မရှုရင် ပေါ်တဲ့စိတ်နောက်က တဏှာ ဥပါဒါန်ကံတွေလိုက်မယ်။ အနာဂတ်အကြောင်း နောင်ခန္ဓာရကြောင်းတရားတွေ လာမယ်။ ဒါဆို နောင်ခန္ဓာဒုက္ခသစ္စာအကျိုးတရားကိုလည်း မလိုချင်လို့ မရတော့ပါဘူး။ ပေါ်သမျှစိတ်ကို ပေါ်ဆဲအခိုက်မှာ မလွတ်တမ်းရှုပေးနိုင်မယ်ဆိုရင်တော့ အနာဂတ်အကြောင်းတွေလည်း ပြတ်၊ အနာဂတ်ခန္ဓာတွေလည်း မလာနိုင်တော့အောင် နောင်ခန္ဓာတွေကို ရှုတဲ့ဉာဏ်က ဖြတ်ပေးလိုက်ပါတယ်။ ဒါကြောင့် ဝိပဿနာရှုနေတာသည် နောင်ခန္ဓာအစဉ်ကို ဖြတ်နေတာပါပဲ။ နောင်ခန္ဓာသည် ဒုက္ခသစ္စာမို့ အကျိုးဒုက္ခသစ္စာကို ဖြတ်ပေးနေတာဟာ ဝိပဿနာပါပဲ။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.