သင်္ခါရပစ္စယာ ဝိညာဏံ (၃)
ရူပါဝစရဈာန်တွေ ရအောင် အားထုတ်မယ်ဆိုရင်တော့ ရူပကုသိုလ်သင်္ခါရတွေ ဖြစ်ပြီး ဒီကုသိုလ်သင်္ခါရကနေ ရူပါဝစရဝိပါက်ဝိညာဏ်(၅)ပါးဖြစ်မယ်။ ဒီငါးပါးထဲက သင့်တော်ရာ တစ်ပါးပါးနဲ့ ပဋိသန္ဓေစိတ်ဖြစ်ပြီး ရူပဗြဟ္မာကြီးတွေ ဖြစ်မယ်။ ရူပပထမဈာန်ကုသိုလ်စိတ်နဲ့ သေသွားရင် ထိုကုသိုလ်စိတ်က ရူပပထမဈာန်ဝိပါက်စိတ်ကို ဖြစ်စေပြီး ပထမဈာန်သုံးဘုံမှာ ရူပဗြဟ္မာဖြစ်ရတယ်။ ဒုတိယဈာန်၊ တတိယဈာန်ဝိပါက်စိတ်က ဒုတိယဈာန်သုံးဘုံ၊ စတုတ္ထဈာန်ဝိပါက်စိတ်က တတိယဈာန်သုံးဘုံ၊ ပဉ္စမဈာန်ဝိပါက်စိတ်က ဝေဟဖ္ဖိုလ်ဘုံနှင့် သုဒ္ဓါဝါသ ငါးဘုံမှာ ကိုယ်ရထားတဲ့ ဈာန်အားလျော်စွာ အသီးသီး ဖြစ်ကြရတယ်။ အသညသတ်ဗြဟ္မာကြီးတွေကတော့ ဇီဝိတနဝကကလာပ်ရုပ်နဲ့ ပဋိသန္ဓေနေရပြီး နာမ်မရှိ၊ ရုပ်သာရှိလေသောကြောင့် သူ့ကိုတော့ ဒီမှာ ခြွင်းချက်အနေနဲ့ ထားခဲ့ရမယ်။ ဝိညာဏံ-ကျော်ပြီး နာမရူပံ-က ရုပ်တရားအထိ တိုက်ရိုက်ရောက်သွားတော့တာပေါ့။ ရူပဈာန်ထက်မြင့်တဲ့ အရူပဈာန်တွေ ရအောင် အားထုတ်ပြန်တော့လည်း အရူပကုသိုလ်သင်္ခါရတွေဖြစ်ပြီး ထိုကုသိုလ်သင်္ခါရ (အာနဉ္စာဘိသင်္ခါရ)ကနေ အကျိုးပေးလိုက်တော့ အရူပဝိပါက်ဝိညာဏ် (၄)ပါး ဆိုင်ရာဆိုင်ရာဝိညာဏ်စိတ်တစ်ပါးပါးနဲ့ ပဋိသန္ဓေစိတ်ကိန်းပြီး အရူပဗြဟ္မာကြီးတွေ ဖြစ်ရတယ်။ ဒီတော့ ခန္ဓာမှန်လျှင် ဒုက္ခသစ္စာပါပဲ၊ သို့သော် ဒုက္ခတွေမှာ သုဂတိဒုက္ခစ္စာနဲ့ ဒုဂ္ဂတိဒုက္ခသစ္စာလို့ နှစ်မျိုးရှိတယ်လို့ မှတ်ထားရမယ်။ ဒုက္ခသစ္စာဆိုမှတော့ ဘယ်ဒုက္ခသစ္စာမှ အကောင်းမပါဘူး။ မကောင်းတဲ့တရားတွေချည်းပဲ၊ ခင်တွယ်စရာ တစ်ခုမှမပါဘူး။ မွေးမယ် အိုမယ် နာမယ် သေမယ်၊ ဘယ်ခန္ဓာရသည်ဖြစ်စေ ဒီဘေးက ပြေးမလွတ်သလို ခန္ဓာရှိရင် ဖြစ်ပျက်ရှိမယ်၊ ဒီဖြစ်ပျက်ကလည်း အမြဲနှိပ်စက်နေလေသောကြောင့် ဆင်းရဲဒုက္ခအစုအပုံကြီးကို ရထားခြင်းမျှသာ ဖြစ်တယ်။
အဝိဇ္ဇာ သင်္ခါရသည် အကြောင်း သမုဒယသစ္စာ၊ ထိုအကြောင်း သမုဒယသစ္စာကြောင့်ပဲ အကျိုး ဒုက္ခသစ္စာခန္ဓာငါးပါးပေါ်လာရတယ်။ ဒါကို သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်လို့ အကျဉ်းချုပ်ပြောခဲ့တယ်။ ဒီလိုပေါ်လာပုံလေးတွေကို စာပေကျမ်းဂန်နဲ့ အညီ ညှိနှိုင်းတိုက်ဆိုင်ပြခဲ့တာ တော်တော်စုံသလောက်ရှိသွားပါပြီ။ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တော့ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီးရလိုက်တာပါပဲ။ လူ့ခန္ဓာလည်း ဒုက္ခသစ္စာ၊ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာလည်း ဒုက္ခသစ္စာ၊ အပါယ်ခန္ဓာလည်း ဒုက္ခသစ္စာ၊ ချုံးလိုက်တော့ (၃၁)ဘုံ အကုန်လုံးမှာ ရှိသမျှ သတ္တဝါအားလုံး၊ ခန္ဓာမှန်သမျှ ဒုက္ခသစ္စာသာ ဖြစ်တယ်။ ထိုဒုက္ခသစ္စာ ခန္ဓာငါးပါးကို ဘယ်သူကဖန်ဆင်းလိုက်တာလဲ၊ ထာဝရဘုရားကလား၊ ကမ္ဘာဦးဗြဟ္မာကြီးတွေကလား၊ စသည်ဖြင့် တွေးတောယုံမှားနေစရာမလိုဘူး။ အဝိဇ္ဇာ သင်္ခါရဆိုတဲ့ အကြောင်း သမုဒယကြောင့် ဒုက္ခခန္ဓာရလာခြင်းသာဖြစ်တယ်။ ဘယ်နတ် ဘယ်ဗြဟ္မာက ဖန်ဆင်းလိုက်တာမှ မဟုတ်ပါဘူး။
အခု ပဋိသန္ဓေဝိညာဏ်ဖြစ်ပုံလေးတွေ ပြောပြပြီးသွားတော့ ပဝတ္တိဝိညာဏ်ဖြစ်ပုံသဘောတရားလေးတွေ အနည်းငယ် ပြောပြချင်ပါတယ်။ အတိတ်က မဟာကုသိုလ်စေတနာ(၈)ပါးကြောင့် ယခုဘ၀ အဟိတ်ကုသလဝိပါက်စိတ်(၈)ပါး၊ မဟာဝိပါက်စိတ်(၈)ပါး ပေါ်လာရတာဖြစ်တယ်။ ဝိပါက်စိတ်ဆိုတာ ပဋိသန္ဓေ၊ ဘဝင်၊ စုတိအခိုက်မှာ အများစု ဖြစ်လေ့ရှိတဲ့စိတ်တွေပေါ့။ ဒါပေမဲ့ အဟိတ်ဝိပါက်စိတ်တွေက ဝီထိစိတ်အစဉ်တိုင်းမှာ အလျဉ်းသင့်သလိုပါဝင်ဖြစ်နေကြတယ်။ စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ်ဆိုတဲ့ ဝိညာဏ်ငါးပါးဟာ အတိတ်အကြောင်းကြောင့်ပေါ်လာရတဲ့ အကျိုးတရားတွေလို့ ဆိုလိုတာဖြစ်တယ်။ မြင်စိတ်ဖြစ်တယ်ဆိုတာ ဝိပါက်စိတ်ဖြစ်တာ၊ ဝိပါက်ဆိုတာ အကျိုးတရားပဲ။ မြင်ရတဲ့နေရာမှာ ကိုယ်ကြည့်ချင်တာ ကြည့်နေရတာ၊ ကိုတွေ့ချင်တာလေးတွေ တွေ့နေရတာ၊ ကိုနှစ်သက်တာလေးတွေနဲ့ တွေ့ကြုံဆုံဆည်းခွင့်ရနေကြတာဟာ ကောင်းကျိုးတရားတွေပဲ။ ကိုချစ်ခင်မြတ်နိုးနိုင်တဲ့ သူတွေနဲ့ တွေ့ခွင့်ကြုံခွင့် ဆုံခွင့်တွေ ရတာဟာ အကောင်းတရားတွေပဲ။ ဒါကို မြင်စိတ်ဝိပါက် အကျိုးတရားပေါ်တယ်လို့ခေါ်တယ်။ အတိတ်က ကုသိုလ်ကြောင့် ဒီလို ကောင်းတဲ့မြင်ကွင်းနဲ့ ကောင်းတဲ့ မြင်စရာအာရုံနဲ့ ကြုံရဆုံရတာ။ အကြောင်းမဲ့ မဟုတ်ဘူး။ ဒီလူက ငါ့အပေါ် တော်တော်ကောင်းတာပဲဆိုရင် သူနဲ့တွေ့ခွင့်ရတာက ကိုယ့်အတိတ်အကြောင်းကောင်း မကင်းခဲ့လို့ပဲ။ လောကကြီးမှာ လူသားတို့ရဲ့ ချမ်းသာဆိုတာကလည်း ကာမဂုဏ်အာရုံငါးပါးပဲလေ။ ဒီငါးပါး စိတ်တိုင်းကျ သုံးဆောင်ခံစားခွင့်ရနေကြတာဟာ အတိတ်အကြောင်းတွေ ကောင်းလို့ပဲလို့ နားလည်ထားလိုက်ပါ။ ဥပမာ- City Mart တွေမှာ သွားရင် လိုချင်စရာ ရူပါရုံပေါင်းများစွာ တွေ့နေ မြင်နေရတာ။ Shopping Mall တွေမှာ သွားလိုက်ရင်လည်း ဒီလိုပဲ။ အဆင့်မြင့် 3Ds ရုပ်ရှင်တွေကြည့်ခွင့်ရတာ၊ ကားအကောင်းစားတွေ ပိုင်ဆိုင်ခွင့်ရတာ တိုက်အကောင်းစားတွေ ပိုင်ဆိုင်ခွင့်ရတာ၊ စိန်ရွှေငွေ ကျောက်သံပတ္တမြား ပေါများပြည့်စုံတာဟာ ရူပါရုံပြည့်စုံနေတာပေါ့။ ပစ္စည်းပစ္စယ ပြည့်စုံမှု ဆိုတာ ရူပါရုံရဲ့ ပြည့်စုံခြင်းပါပဲ။ ရူပါရုံပြည့်စုံတော့ အကောင်းတွေချည်း မြင်နေခွင့်ရနေတာဟာ အတိတ်ကုသိုလ်ကံရဲ့အကျိုးပါ။ တစ်ယောက်နဲ့တစ်ယောက် မြင်ရခွင့်ချင်း မတူကြဘူး။ မြန်မာပြည်အောက်ပိုင်းနှံ့ပြီး အထက်ပိုင်းမရောက်ဘူးသူနဲ့ အထက်အောက် အနှံ့ရောက်ဖူးသူ မတူသလိုပါပဲ။ မြန်မာပြည်တွင်းသာနေပြီး ပြည်ပမရောက်ဘူးသူဟာ ပြည်ပရောက်ဖူးသူလောက် အမြင်အာရုံများများမြင်ခွင့်မရဘူးပေါ့။ ဒီလို ရောက်ဖူးတာနဲ့တင်ကွာနေတာ။ ပိုင်ဆိုင်မှုချင်းလည်း ကွာနေဦးမယ်။ အစစအရာရာ ကွာဟနေကြတာဟာ ကံရဲ့ အကျိုးပေးတွေပဲ ဖြစ်နေပါတယ်။ ဒီအတိုင်းပဲ ကြားစိတ်ပေါ်တာလည်း ကောင်းတဲ့အသံလေးတွေကြားနေရတာ၊ သီချင်းကောင်းကောင်းလေးတွေ နားဆင်ခွင့်ရနေတာ၊ ကိုယ်သဘောကျတဲ့သူရဲ့ စကားသံလေးတွေ အမြဲကြားနေခွင့်ရတာဟာ ကောင်းကျိုးတွေလို့သာ မှတ်လိုက်ပါ။ အနံ့ အရသာ အတွေ့အထိမှာလည်း ဒီအတိုင်းပါပဲ။ အမွှေးနံ့သာ သုံးစွဲနိုင် မသုံးစွဲနိုင်၊ သုံးစွဲနိုင်ဦးတော့ သူက ဘယ်လောက်ကောင်းတဲ့ မိတ်ကပ်သုံးနိုင်တယ်၊ ရေမွှေးသုံးနိုင်တယ်ဆိုတာတွေဟာ မတူကြဘူး။ အစားအသောက်မှာလဲည်း တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းမွန်မွန်စားနိုင်သောက်နိုင်ခွင့်မတူကြဘူး။ အတွေ့အာရုံမှာလည်း ဒီအတိုင်းပါပဲ။ ဇိမ်ခံပစ္စည်းပိုင်ဆိုင်မှုတွေ ကွဲပြားခြားနားကြတာပေါ့။ ဒါတွေအားလုံးဟာ အတိတ်က ကိုယ်ပြုခဲ့တဲ့ မဟာကုသိုလ်စေတနာဆိုတဲ့ သင်္ခါရ (၈)ပါးကြောင့် ဖြစ်ပေါ်နေရတာဖြစ်တယ်လို့ဆိုလိုတယ်။ ဒါကို ပဝတ္တိကျိုးလို့ပြောတာပေါ့။ သို့သော်လည်း အတိတ်ကံသက်သက်ကြောင့်သာ ဖြစ်ပေါ်ရတယ်လို့လည်း တစ်ထစ်ချမှတ်ရမှာ မဟုတ်ပါဘူး။ ပစ္စုပ္ပန်အားထုတ်မှုမရှိလို့လည်း မရတာတွေရှိပါတယ်။ ဒါကြောင့်ပစ္စုပ္ပန်ပယောဂ လုံ့လပြုအားထုတ်မှု ကြိုးစားမှုတွေနဲ့လည်း များစွာ သက်ဆိုင်နေတယ်ဆိုတာကို မှတ်ထားရပါမယ်။ အပြန်အားဖြင့် မကောင်းတာတွေ မြင်ရ တွေ့ရ ကြားရ နံရ စားရ တွေ့ထိခံစားနေရတာဟာ အတိတ်အကုသိုလ်ကံရဲ့ အကျိုးပေးတွေပဲဖြစ်ပါတယ်။ အဲဒါတွေကို အကုသလဝိပါက်စိတ်တွေလို့ခေါ်ပါတယ်။ အကုသိုလ်အကျိုးပေးတွေပေါ့။ လက်ရှိအားထုတ်မှုနဲ့လည်း ဆိုင်ပါတယ်။ ဒီဘဝမှာ လုပ်တဲ့ ကုသိုလ် အကုသိုလ်တွေကလည်း ဒီဝိပါက်စိတ်တွေကို ဖြစ်စေနိုင်တာပါပဲ။ အချို့ကံတွေက ဒီဘဝမှာတင် အကျိုးပေးနိုင်တယ်လေ။ ဒီတော့ ဒီလို အာရုံကောင်းတွေ ပိုင်ဆိုင်ခွင့် တွေ့ကြုံခွင့်ရတာဟာ ကံရဲ့အကျိုးပေးဖြစ်နေသလို မကောင်းတဲ့အာရုံတွေ ပိုင်ဆိုင်ခွင့် တွေ့ကြုံခွင့်ရနေတာဟာလည်း ကံရဲ့အကျိုးပေးဖြစ်နေတယ်ဆိုတာ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အရ ပဝတ္တိကျိုးပေးတယ်လို့သာ လိုရင်းမှတ်လိုက်ပါ။
ကောင်းကျိုး ဆိုးကျိုးတွေဟာ ကံရဲ့အကျိုးတရားတွေသာ ဖြစ်ပါတယ်။ ကံဆိုတာ လုပ်ဆောင်ချက်၊ လုပ်ဆောင်ချက်ရဲ့ ရလာဒ်တွေလို့ပြောလို့လည်း ရပါတယ်။ ဘဝတစ်ခုမှာတင် ကံပေါင်း မရေတွက်နိုင်အောင် ပြုခဲ့ကြတော့ ဘဝပေါင်း များစွာက ပြုခဲ့တဲ့ ကံတွေဟာလည်း ဘယ်လိုမှရေတွက်လို့ မကုန်နိုင်အောင် ကိုယ့်သန္တာန်မှာ ကံတွေ ရှိနေပါတယ်။ ကောင်းတဲ့ကံတွေရော မကောင်းတဲ့ကံတွေရောပေါ့။ ဒီကံတွေက အကျိုးပေးလိုက်၊ ဘုံဘဝတွေမှာ ခန္ဓာရလိုက်၊ ဒီခန္ဓာက ကံအသစ်တွေ ထပ်ပြုလုပ်လိုက်၊ နောက်ခန္ဓာရဖို့အကြောင်းတွေ ပြန်ဖြစ်လိုက်၊ အဲဒီနောက်ခန္ဓာက ပြုတဲ့ကံတွေက အကြောင်းပြန်ဖြစ်လိုက်နဲ့ အကြောင်းကံ သမုဒယဖြစ်လို့ အကျိုးခန္ဓာ ဒုက္ခပေါ်ရင်းနဲ့ သမုဒယနဲ့ ဒုက္ခတွေ လှည့်နေတော့တယ်။ ကံသည်အကြောင်း ခန္ဓာသည် အကျိုး၊ သမုဒယသည်အကြောင်း ဒုက္ခသည်အကျိုး။ ဒီလို အကြောင်းပြီး အကျိုးပေါ်ရင်းနဲ့ အကြောင်းမချုပ်သရွေ့ အကျိုးလည်းမချုပ်သဖြင့် သံသရာက ထွက်ရာလမ်းတွေ့ဖို့ မလွယ်ပါဘူး။ သံသရာက ထွက်မြောက်နိုင်ရေးအတွက် အကြောင်း ချုပ်မှ အကျိုးချုပ်မည်ဖြစ်သောကြောင့် အကြောင်းချုပ်သည့် ဝိပဿနာအလုပ်ကို လုပ်နေကြရခြင်းဖြစ်ပါတယ်။
ဒေါက်တာအရှင်ပါရမီ
Comments
Post a Comment
Without insight meditation, it is incomplete to be a Buddhist.